News @ M-Media
Blog
  • အိမ်ထောင်ရေးဖောက်ပြန်မှု ဥပဒေကို တောင်ကိုရီးယား ပယ်ဖျက်
    အိမ်ထောင်ရေးဖောက်ပြန်မှု ဥပဒေကို တောင်ကိုရီးယား ပယ်ဖျက်
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅
    M-Media
    skorea
    – အိမ်ထောင်ရေးဖောက်ပြန်ပါက ထောင်ဒဏ် ၂ နှစ်အထိ အပြစ်ပေး၍ရသည့် ဥပဒေကို တောင်ကိုရီးယား အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ယနေ့တွင် ပယ်ဖျက်ခဲ့သည်ဟု သိရသည်။
    ၁၉၅၃ ခုနှစ်က ပြဌာန်းထားသည့် အဆိုပါဥပဒေမှာ အခြေခံဥပဒေနှင့် မညီညွတ်ဟုဆိုကာ တရားသူကြီး ၉ ဦးပါ အဆိုပါခုံရုံးက ထောက်ခံမဲ ၇ မဲ ကန့်ကွက်မဲ ၂ မဲဖြင့် ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။
    “အိမ်ထောင်ရေးဖောက်ပြန်တာကို ကိုယ်ကျင့်တရားမကောင်းတဲ့ လုပ်ရပ်အဖြစ် ရှုတ်ချသင့်ပေမယ့် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဘ၀တွေနဲ့ပတ်သက်လို့ နိုင်ငံတော်အာဏာက ၀င်ရောက်မစွက်ဖက်သင့်ပါဘူး” ဟု အခြေခံဥပဒေခုံရုံး ဥက္ကဌ တရားသူကြီး ပက်ဟန် ချူလ်က ပြောကြားခဲ့သည်။
    အိမ်ထောင်ရေးဖောက်ဖြန်မှုကို ရာဇ၀တ်မှုအဖြစ်သတ်မှတ်ချက်အတွက် အခြေခံဥပဒဆိုင်ရာ တရားဝင်မှုနှင့် ပတ်သက်၍ ခုံရုံးက စဉ်းစားခဲ့သည်မှာ ယခုအချိန်သည် ပဥ္ဒမအကြိမ်မြောက်ဖြစ်ပြီး ယခုတွင်မှ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
    ၂၀၁၄ ခုနှစ်က လူပေါင်း ၉၀၀ အပါအ၀င် လွန်ခဲ့သည့် ၆ နှစ်အတွင်း အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် တောင်ကိုရီးယားတွင် တရားစွဲဆိုခြင်းခံရသူမှာ ၅၅၀၀ နီးပါး ရှိသည်။ ၂၀၀၄ ခုနှစ်တွင် ထိုဥပဒေဖြင့် ထောင်ဒဏ်ကျခံခဲ့ရသူ ၂၁၆ ဦး ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၄၂ ဦးသာရှိခဲ့ကာ ထိုအချိန်မှစ၍ ယနေ့အထိ စုစုပေါင်း ၂၂ ဦးသာ ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။
    Ref: aljazeera
  • မန်ယူနှင့်ပွဲမှ အမှားများကို ပြင်ဆင်ခဲ့သောကြောင့် ပိုကောင်းလာခြင်းဟု လီဗာပူးတိုက်စစ်မှူး စတာလင်ဆို
    မန်ယူနှင့်ပွဲမှ အမှားများကို ပြင်ဆင်ခဲ့သောကြောင့် ပိုကောင်းလာခြင်းဟု လီဗာပူးတိုက်စစ်မှူး စတာလင်ဆို
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅
    M-Media
    stl
    – အိုးထရက်ဖို့ဒ်တွင် မန်ယူအား ရှုံးနိမ့်ခဲ့သည့်ပွဲ၌ မိမိ၏ အဆုံးသတ်မသေချာမှုများကို ပြင်ဆင်ခဲ့ပြီးနောက် ယခုကဲ့သို့ ပိုကောင်းလာခြင်းဖြစ်သည်ဟု လီဗာပူးလ် တိုက်စစ်မှူး စတာလင်က ပြောကြားလိုက်သည်။
    ဒီဇင်ဘာ ၁၄ ရက်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် စတာလင်၏ အပိုင်ဂိုးသွင်းခွင့် လွဲချော်မှုများနှင့်အတူ လီဗာပူးလ်က ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ စတာလင်ကမူ ထိုပွဲတွင် ကျူးလွန်ခဲ့သည့် မိမိ၏အမှားများကို နောက်ပိုင်းတွင် ဗီဒီယိုဖြင့် ပြန်ကြည့်ခဲ့ပြီး ပြင်ဆင်ခဲ့သည်ဟု ဆိုသည်။
    “အဲဒီနေ့က ကျွန်တော့်အတွက် တော်တော်ဆိုးတဲ့နေ့ပါပဲ။ ကျွန်တော်တို့ နိုင်သွားနိုင်တဲ့ အခွင့်အရေးတစ်ချို့ကို ကျွန်တော်ရခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ ကျွန်တော် စိတ်ပျက်သွားပြီး အိမ်ရောက်တဲ့အခါ အဲဒီဗီဒီယိုကို ထပ်ခါတလဲလဲ ပြန်ကြည့်ခဲ့ပါတယ်။ ကျွန်တော်ဘာတွေ ပိုကောင်းအောင် လုပ်ရမလဲဆိုတာ သိဖို့ ကြည့်ခဲ့တာပါ” ဟု စတာလင်က ပြောကြားခဲ့သည်။
    ထိုပွဲပြီးနောက် ကစားခဲ့သည့် ဘုန်းမောက်နှင့် လိဂ်ဖလား ကွာတားဖိုင်နယ်တွင် စတာလင်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်နေ့က ကစားခဲ့သည့် ဘန်လေနှင့်ပွဲတွင်လည်း ဂိုးထပ်သွင်းနိုင်ခဲ့ကာ လီဗာပူးလ်၏ အားထားရသည့် တိုက်စစ်မှူး ဖြစ်လာခဲ့သည်။
    “ကျွန်တော့်ရဲ့ပုံစံက နည်းနည်းလေး တန့်သွားသလို ရှိပါတယ်။ ဒါပေမယ့် ဒါဟာ လူငယ်ကစားသမားတစ်ယောက်အတွက် ဖြစ်တတ်တဲ့သဘာဝပါပဲ။ တကယ်လို့များ ကျွန်တော်ဟာ နောက်ထပ်အဆင့်တစ်ခုကို ရောက်ချင်တယ်ဆိုရင်တော့ ကျွန်တော် တည်ငြိမ်ဖို့ လိုပါတယ်”
    Ref: Dailymail
  • ၀ါရှင်တန်ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး ဖျက်ဆီးခံရ
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅
    M-Media
    us
    – မွတ်စလင်များကို ပစ်မှတ်ထားသော နောက်ဆုံးတိုက်ခိုက်မှုအဖြစ် ၀ါရှင်တန် ဒီစီ အရှေ့မြောက်ပိုင်းရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။
    Ivy City Mosque ဟု အမည်ရသည့် အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ပြီးခဲ့သည့် တနင်္လာနေ့က တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ တိုက်ခိုက်သူမှာ ကုရ်အာန်ကျမ်းစာအုပ်များအား ဆုတ်ဖြဲခဲ့ကာ ဗလီအတွင်းရှိ အရာဝတ္ထုများကို ဖျက်ဆီးခဲ့ပြီး ပြတင်းပေါက်များကိုလည်း ရိုက်ခွဲခဲ့သည်။
    “လူတွေဝတ်ပြုနေတာကို ကင်မရာနဲ့ ရိုက်ထားတာ ကျွန်တော် မကြိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို စပြီးလုပ်ရတော့မယ်လို့ ထင်ပါတယ်။ လုံခြုံရေးတွေ ထားပြီး၊ ကင်မရာတွေ ဗလီမှာ တပ်ရတော့မှာပါ” ဟု အဆိုပါ ဗလီဝတ်ကျောင်းတော်ကို စတင်တည်ထောင်ခဲ့သည့် မိုဟာမက် မိုဘိုင်ဒင်က ပြောကြားခဲ့သည်။
    ထိုတိုက်ခိုက်မှုမှာ အမုန်းတရားကြောင့်ဖြစ်သော တိုက်ခိုက်မှုဟု ပြောဆိုမှုများကို ရဲတပ်ဖွဲ့က ငြင်းဆိုခဲ့ပြီး အဆိုပါမြို့တွင် တစ်ချိန်တည်းလိုလို ဖြစ်ပွားခဲ့သည့် ကားတစ်စီနှင့် အိမ်တစ်လုံး ဖျက်ဆီးခံရမှုကိုထောက်ပြခဲ့သည်။
    “ဒီလူကို ဖမ်းမိစေချင်ပါတယ်။ ဒါပေမယ့် တရားတော့ မစွဲပါဘူး။ သူဘာ့ကြောင့် ဒီလိုလုပ်တာလဲဆိုတာ ကျွန်တော်တို့သိချင်ပါတယ်” ဟု မိုဘိုင်ဒင်က ထည့်သွင်းပြောကြားခဲ့သည်။
    တရားဝင်မှတ်တမ်းများ မရှိသော်လည်း အမေရိကန်တွင် အစ္စလာမ်ဘာသာဝင်ဦးရေ ၆ သန်းမှ ၈ သန်းအထိ ရှိမည်ဟု ခန့်မှန်းထားသည်။
    မြောက်ကယ်ရိုလိုင်းနားရှိ ချက်ပဲဟေးလ်တွင် မွတ်စလင်လူငယ် ၃ ဦး အသတ်ခံရမှု၊ တက္ကဆက်ပြည်နယ် ဟူစတန်မြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး မီးရှို့ခံရမှုနှင့် အခြားသော တိုက်ခိုက်မှု သတင်းများကြောင့် အမေရိကန်မွတ်စလင်များက ၎င်းတို့မှာ နိုင်ငံအတွင်းတွင် ပစ်မှတ်ထားခြင်းခံနေရသည်ဟု ခံစားနေရသည်။
    စစ်တမ်းကောက်ယူမှုတစ်ခုအရ အမေရိကန်နိုင်ငံသားများ၏ ၄၃ ရာခိုင်နှုန်းမှာ အစ္စလာမ်အကြောင်းကို မသိလောက်ဖြစ်နေပြီး အစ္စလာမ်ဘာသာဝင်များနှင့် ပတ်သက်၍ မလိုမုန်းထားမှု အနည်းငယ်ရှိသည်ဟု ၀န်ခံခဲ့ကြသည်။
    အခြား စစ်တမ်းကောက်ယူမှုတစ်ခုဖြစ်သော Economist/YouGov poll အရ အမေရိကန်နိုင်ငံသား အများစုက အမေရိကန်မွတ်စလင်များမှာ ခွဲခြားခံရမှု၏ သားကောင်များဖြစ်နေသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
    Ref: onislam
  • အာဆင်နယ်ထက် မိမိတို့က အသင်းလိုက်ပိုကောင်းသည်ဟု မိုနာကိုနည်းပြဆို
    အာဆင်နယ်ထက် မိမိတို့က အသင်းလိုက်ပိုကောင်းသည်ဟု မိုနာကိုနည်းပြဆို
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅
    M-Media
    arsnl
    – တစ်ဦးချင်းတွင် အာဆင်နယ်အသင်းက ကောင်းသော်လည်း အသင်းလိုက်ပုံစံတွင် မိမိတို့အသင်းက ပိုကောင်းခဲ့သည်ဟု မိုနာကိုအသင်း၏ ပေါ်တူဂီနည်းပြ လီယိုနာဒို ဂျာဒင်မ်က ပြောကြားလိုက်သည်။
    ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ဂျာဒင်မ်၏အသင်းမှာ အီမရိတ်ကွင်းတွင် အာဆင်နယ်အား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်တက်ရေး အခြေအနေ ကောင်းသွားပြီဖြစ်သည်။
    ဂျာဒင်မ်ကမူ အာဆင်နယ်အသင်း ထိပ်တန်းတိုက်စစ်မှူးများ၏ ခြိမ်းခြောက်မှုများကို ကာကွယ်နိုင်ခဲ့သည့် အသင်းသားများအား ချီးကျူးခဲ့သော်လည်း ထိုနိုင်ပွဲမှာ ယခုနှစ်ရာသီ အရေးပါသည့် နိုင်ပွဲမဟုတ်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အာဆင်နယ်အသင်းမှာ တစ်ဦးချင်းကောင်းသော်လည်း မိမိတို့အသင်းက အသင်းလိုက်ပိုကောင်းခဲ့သည်ဟု ဆိုသည်။
    “ပထမပိုင်းမှာ အာဆင်နယ်က တော်တော်လေးမာပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ နည်းနည်း ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ ပထမပိုင်းမှာ ခံစစ်တောင့်ခဲ့ပြီး အဲဒီနောက်မှာတော့ နေရာလွတ်တွေကို အသုံးချခဲ့ပါတယ်။ အာဆင်နယ်မှာ ကစားသမားကောင်းတွေရှိပါတယ်။ ဒါပေမယ့် ဒါဟာ အသင်းလိုက်အားကစားဖြစ်ပြီး ကျွန်တော်တို့ ထိခိုက်မှုမရှိဘဲ တန်ပြန်ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အရမ်း စုစည်းခဲ့ရုံသာမက အရည်အသွေးအပြည့်နဲ့ တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်” ဟု ပွဲအပြီးတွင် ဂျာဒင်မ်က ပြောကြားခဲ့သည်။
    အာဆင်ဝင်းဂါးကမူ ထိုပွဲတွင် မိမိတို့အသင်းခံစစ်မှာ ပလိုင်းပေါက်ဖြစ်ခဲ့ပြီး နောက်တစ်ဆင့်တက်ရေးအတွက် မလွယ်တော့ဟု ပွဲအပြီးတွင် ၀န်ခံခဲ့သည်။
    Ref: goal.com
  • မုံရွာရှိ ကြက်ခြံမှ ကြက်အချို့ကို ငှက်တုပ်ကွေးကြောင့် သီးသန့်ခွဲထားရ
    မုံရွာရှိ ကြက်ခြံမှ ကြက်အချို့ကို ငှက်တုပ်ကွေးကြောင့် သီးသန့်ခွဲထားရ
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅
    M-Media
    chicken
    – H5N1 ငှက်တုတ်ကွေး ပြန့်ပွားမှုကို ထိးန်ချုပ်ရန်တွက် မြန်မာနိုင်ငံ မုံရွာမြို့ရှိ ဥစားကြက်ခြံမှ ကြက်ကောင်ရေ ထောင်ပေါင်းများစွာကို သီးသန့်ခွဲထားလိုက်ရသည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။
    ၂၀၀၆ ခုနှစ် H5N1 ရောဂါ စတင်စဉ်ကလည်း မုံရွာမြို့ကပင် စတင်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံး တွေ့ရှိခဲ့ရသည့်နေရာမှာ ရခိုင်ပြည်နယ်ဖြစ်ကာ ၂၀၁၁ ခုနှစ်တွင် ဖြစ်သည်။ သို့သော်လည်း ရောဂါပိုးအား ထိန်းချုပ်ထားနိုင်ခဲ့ပြီး လူသားအပေါ်သို့ ကူးစက်ခြင်း မရှိခဲ့ချေ။
    တာဝန်ရှိသူများကမူ မုံရွာမြို့တွင် ယခုလအစောပိုင်းမှစ၍ ကြက်ကောင်ရေပေါင်း ၁၄၀၀ နှင့် ငုံးကောင်ရေ ၁၀၀၀၀ ခန့်မှာ အဆိုပါ H5N1 ရောဂါပိုးကြောင့် သေဆုံးခဲ့ရပြီး ထိုအချိန်မှစ၍ ကြက်ကောင်ရေ ၁၅၀၀ နှင့် ငုံးကောင်ရေ ၂၀၀၀၀ ကို သီးသန့်ခွဲထားလိုက်သည်ဟု ဆိုသည်။
    H5N1 ဗိုင်းရပ်စ်ပိုးမှာ ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်နိုင်ငံ၌ စတင်ကာ လူသားဆီသို့ ကူးစက်ခဲ့ပြီး ထို့နောက် အာရှနှင့် အာဖရိကတစ်ဝှမ်းသို့ ပြန့်နှံခဲ့သည်။ အချို့သောနိုင်ငံများရှိ ကြက်မွေးမြူရေးလုပ်ငန်းများတွင် ကြက်ကောင်ရေ သန်းနှင့်ချီ၍ ရောဂါပိုး ကူးစက်ခဲ့ကာ လူ ရာပေါင်းများစွာ သေဆုံးခဲ့သည်။
    Ref: channelnewsasia