News @ M-Media

Blog

  • ရော်နယ်ဒို ဂိုးမသွင်းနိုင်မှုအတွက် မစိုးရိမ်ဟု အန်ဆယ်လော့တီပြော

    ရော်နယ်ဒို ဂိုးမသွင်းနိုင်မှုအတွက် မစိုးရိမ်ဟု အန်ဆယ်လော့တီပြော

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅
    M-Media

    aclt

    – ယခုသီတင်းပတ်များအတွင်း ဂိုးမသွင်းနိုင်မှုကြောင့် ဝေဖန်မှုများနှင့် ကြုံတွေ့နေရသည့် တိုက်စစ်မှူး ရော်နယ်ဒိုအား ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ကာကွယ်ခဲ့ပြီး ရော်နယ်ဒိုဂိုး မသွင်းနိုင်မှုအတွက် မစိုးရိမ်ဟု ပြောကြားခဲ့သည်။

    ဇန်န၀ါရီ ၁၈ ရက်နေ့ ဂီတာဖေးအသင်းအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ပွဲနောက်ပိုင်း ရော်နယ်ဒိုမှာ ဂိုးပေါက်ပျောက်နေခဲ့ပြီး ဝေဖန်မှုများကို ခံနေရကာ ပြီးခဲ့သည့်တစ်ပတ် အက်သလက်တီကိုအား ၄ ဂိုး ပြတ်ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပြီးနောက် မွေးနေ့ပွဲပြုလုပ်ခဲ့မှုကလည်း ပရိတ်သတ်များအား မကျေမနပ်ဖြစ်စေခဲ့သည်။

    သို့သော်လည်း အန်ဆယ်လော့တီကမူ ရော်နယ်ဒိုဂိုးမသွင်းနိုင်မှုအတွက် မစိုးရိမ်ဘဲ ယမန်နေ့က ကစားခဲ့သည့် ဒီပို့တီဗိုအား
    အနိုင်ရသည်ပွဲ ခြေစွမ်းအတွက် ချီးကျူးပြောဆိုခဲ့သည်။

    “ခရစ္စတီယာနိုက ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပွဲတစ်လျှောက်လုံး တစ်ဖက်အသင်းကို အန္တရာယ်ရှိအောင် လုပ်နိုင်ခဲ့ပါတယ်။ တစ်ဂိုး
    ဖန်တီးပေးခဲ့ပြီး ဖြတ်တင်ဘောတွေကလည်း မလွဲခဲ့ပါဘူး။ ဒီပွဲဟာ လွယ်ကူတဲ့ပွဲမဟုတ်ပါဘူး” ဟု ထိုပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    မြို့ခံပြိုက်ဘက် အက်သလက်တီကိုအား ရှုံးနိမ့်ခဲ့ပြီးနောက် ရီးယဲလ်ပရိတ်သတ်များက အန်ဆယ်လော့တီနှင့် အသင်း၏ ကစားသမားများကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြီး ဒီပို့တီဗိုနှင့်ပွဲတွင် အန်ဆယ်လော့တီနှင့် အသင်းခေါင်းဆောင်
    ကာဆီးလက်တို့၏ အမည်ကို ကြေညာရာ၌ ရီးယဲလ်ပရိတ်သတ်များက လှောင်ပြောင်ခဲ့ကြသည်။

    အန်ဆယ်လော့တီကမူ ပရိတ်သတ်များအနေဖြင့် အသင်းအားဝေဖန်နိုင်သည့် အခွင့်အရေးရှိပြီး မိမိတို့အနေနှင့် နားလည်ပါကြောင်း၊ အသင်းအား အားပေးမှုအတွက် ပရိတ်သတ်များကို ကျေးဇူးတင်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: goal.com

  • ချက်ပဲလ်ဟေးတွင် မွတ်စလင်လူငယ် ၃ ဦး အသတ်ခံရမှု အမေရိကန်သမ္မတ ရှုတ်ချ

    ချက်ပဲလ်ဟေးတွင် မွတ်စလင်လူငယ် ၃ ဦး အသတ်ခံရမှု အမေရိကန်သမ္မတ ရှုတ်ချ

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅
    M-Media

    U.S. President Barack Obama delivers remarks before signing the Clay Hunt Suicide Prevention for American Veterans Act into law at the White House in Washington

    – ပြီးခဲ့သည့်တစ်ပတ် အင်္ဂါနေ့က မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချက်ပဲလ်ဟေးမြို့တွင် မွတ်စလင်လူငယ် ၃ ဦး အသတ်ခံရမှုမှာ ကြမ်းကြုတ်၍ လက်ခံနိုင်စရာမရှိသည့် လုပ်ရပ်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် မည်သူတစ်ဦးတစ်ယောက်မှ ဘာသာရေးကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခံရမှု မရှိစေရဟု သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    သောကြာနေ့က တရားရေးဌာနမှ ထုတ်ပြန်သော သမ္မတ၏ ကြေညာချက်တွင် ထိုကဲ့သို့ ရှုတ်ချခဲ့ခြင်းဖြစ်ပြီး မိမိတို့ ရားရေးဌာနအနေဖြင့် ပြစ်မှုကျူးလွန်သူမှာ အမုန်းတရားကြောင့်ဖြစ်သော ရာဇ၀တ်မှုဆိုင်ရာ ဥပဒေအပါအ၀င် ပြည်ထောင်စု ဥပဒေများကို ချိုးဖောက်ခြင်း ရှိ၊ မရှိကို FBI ၏ ကနဦး စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖော်ပြခဲ့သည်။

    “အမေရိကန်ပြည်ထောင်စုမှာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူတို့ဘယ်သူလဲ၊ ဘယ်လိုလူမျိုးလဲ ဒါမှမဟုတ် ဘယ်ဘာသာလဲ ဆိုတာကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခံရတာမျိုး လုံးဝ ရှိလို့မရပါဘူး” ဟု အိုဘားမားက အဆိုပါ ကြေညာချက်တွင် ဖော်ပြထားပြီး မိမိအနေဖြင့် သေဆုံးသွားသူများ၏ မိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    သေဆုံးသွားသူများ၏ မိသားစုများကမူ ပြစ်မှုကျူးလွန်သူ အသက် ၄၆ နှစ်အရွယ် ခရေ့ဂ်ျ စတီဖင် ဟစ်က်၏ ထိုလုပ်ရပ်မှာ ဘာသာရေးတွန်းအားကြောင့် ဟုတ်၊ မဟုတ်ဆိုသည်ကို အာဏာပိုင်များက စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။

    သေဆုံးသွားသူများမှာ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်တွင် သွားဘက်ဆိုင်ရာ အထူးပြုဖြင့် ကျောင်းတက်နေသူ အသက် ၂၃နှစ်အရွယ် ဒီယာ ရှက်ဒီ ဘရကသ်၊ ၎င်း၏ ဇနီး အသက် ၂၁ နှစ်အရွယ် ယူဆိုးရ် မိုဟာမက် အဘူဆက်လ်ဟာနှင့် ယူဆိုးရ်၏ ညီမဖြစ်သူ အသက် ၁၉ နှစ်အရွယ် ရာဇန် မိုဟာမက် အဘူ ဆလ်ဟာတို့ ဖြစ်ကြသည်။ ၎င်းတို့ သုံးဦးမှာ လူမှုအကျိုးပြုလုပ်ငန်းများကို တက်တက်ကြွကြွ လုပ်ကိုင်နေကြသူများဟု ၎င်းတို့၏ အတန်းဖော်များနှင့် ပတ်ဝန်းကျင်မှ ပြောကြားခဲ့ကြသည်။

    ထိုအဖြစ်အပျက်အတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် အခြားအမေရိကန်ခေါင်းဆောင်များ လျင်မြန်စွာ ရှုတ်ချမှု မပြုလုပ်သည့်အတွက် တူရကီသမ္မတ တိုင်ယစ်ပ် အာဒိုဂန်က ကြာသာပတေးနေ့တွင် ပြစ်တင်ပြောကြားခဲ့သည်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကလည်း သေဆုံးသွားသူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးပေးမှုများအတွက် သောကြောနေ့တွင် ချီးကျူးပြောဆိုခဲ့ပြီး ကမ္ဘာ့နိုင်ငံသားဆိုသည့် အကောင်းဆုံးတန်ဖိုးကို ၎င်းတို့က ကိုယ်စားပြုခဲ့ကြောင်း ၎င်းတို့အတွက် အမေရိကန်ပြည်သူ ထောင်ပေါင်းများစွာက ၀မ်းနည်းကြေကွဲမှုကို ကြည့်၍ မိမိအနေဖြင့် ခံစားရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ဒေသတွင်း ရဲတပ်ဖွဲ့ကမူ အဆိုပါပစ်ခတ်မှုမှာ ကားပါကင်ကိစ္စအတွက် ဖြစ်ပွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း လူ့အခွင့်အရေးအဖွဲ့ မြောက်ကယ်ရိုလိုင်းနားဆိုင်ရာ အမေရိကန် တရားရုံးချုပ်အဖွဲ့နှင့် FBI တို့ ပူးပေါင်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အမေရိကန် တရားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    Ref: alarabiya

  • ပါလက်စတိုင်းလွတ်မြောက်ရေး အနုပညာရှင်များက အစ္စရေးအား သပိတ်မှောက်မည်

    ပါလက်စတိုင်းလွတ်မြောက်ရေး အနုပညာရှင်များက အစ္စရေးအား သပိတ်မှောက်မည်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅
    M-Media

    Morocco Palestine

    – ပါလက်စတိုင်းတို့အား ကိုလိုနီဆန်စွာ ဖိနှိပ်ချုပ်ချယ်မှုများကို အဆုံးသတ်ရေး အစ္စရေးအစိုးရအား ဖိအားပေးရန်အတွက်
    ကမ္ဘာတစ်ဝှမ်းရှိ အနုပညာရှင်များက သပိတ်မှောက်မည်ဟု ကြေညာလိုက်သည်။

    “အခြားသော အနုပညာရှင် ၆၀၀ ကျော်နဲ့အတူ ကနေ့ကျွန်တော်တို့ ကြေညာချင်တာက ကျွန်တော်တို့ဟာ အစ္စရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေ၊ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးတွေကို ဆောင်ရွက်တော့မှာ မဟုတ်ဘူး ဆိုတာပါပဲ။ အစ္စရေးရဲ့ ဖိတ်ခေါ်မှုတွေ၊ အစ္စရေးအစိုးရနဲ့ ဆက်သွယ်ထားတဲ့ ဘယ်လိုအဖွဲ့အစည်းမျိုးကမှ ထောက်ပံ့မှုတွေကို ကျွန်တော်တို့ လက်ခံတော့မှာ မဟုတ်ပါဘူး” ဟု သပိတ်မှောက်မည့် အနုပညာရှင်များအဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    သပိတ်မှောက်မည့် အဆိုပါဖွဲ့တွင် Brian Eno၊ Alexei Sayle၊ Richard Ashcroft၊ Riz Ahmed၊ Miriam Margolyes နှင့် Ken Loach ကဲ့သို့ အနုပညာနယ်ပယ်ပေါင်းစုံမှ အဖွဲ့များပါဝင်ပြီး ၎င်းတို့က ၂၀၁၄ ခုနှစ်တွင် လူပေါင်း ၂၁၀၀ ကျော် သေဆုံးခဲ့သည့် ဂါဇာကမ်းမြှောင်အား အစ္စရေးက ကျူးကျော်တိုက်ခိုက်မှုနှင့် ထိုစစ်ပွဲတွင် ပါလက်စတိုင်းတို့၏ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦးများကို ဖျက်ဆီးမှုတို့ကြောင့် ယခုကဲ့သို့ သပိတ်မှောက်ရခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “အစ္စရေးရဲ့ စစ်ပွဲဟာ ယဉ်ကျေးမှုဆိုင်ရာ တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ သူတို့စစ်တပ်ဟာ ပါလက်စတိုင်း ယဉ်ကျေးမှုအဖွဲ့အစည်း အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ ပြီးတော့ အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုကိုလည်း ဟန့်တားခဲ့ပါတယ်။ အစ္စရေးရဲ့ ဇာတ်ရုံထောင်တဲ့ ကုမ္ပဏီတွေဟာ (ကျူးကျော်သိမ်းပိုက်ထားတဲ့) အနောက်ဘက်ကမ်းခြေက ဂျူအခြေချ နေထိုင်သူတွေကို ဖျော်ဖြေနေတယ်။ ပြီးတော့ ဒီကုမ္ပဏီတွေကပဲ ယဉ်ကျေးမှု ကိုယ်စားလှယ်တွေပုံစံနဲ့ ကမ္ဘာပတ်ပြီး အစ္စရေးကို လော်ဘီလုပ်ပေးနေပါတယ်” ဟု အဆိုပါ အနုပညာရှင်များက ပြောကြားခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းတို့အား အစ္စရေး၏ ဖိနှိပ်ချုပ်ချယ်မှုကို တောက်အာဖရိက လူဖြူ၊ လူမဲ ခွဲခြားမှုနှင့် ခိုင်းနှိုင်းပြောဆိုခဲ့ပြီး ထိုစဉ်က ထိုစနစ်ကို ဆန့်ကျင်ရန် တောင်အာဖရိကရှိ အနုပညာရှင်များ သပိတ်မှောက်သကဲ့သို့ မိမိတို့လည်း ထိုသို့ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “တောင်အာဖရိက လူမျိုးရေးခွဲခြားမှုအချိန်အတွင်းက ဂီတပညာရှင်တွေက သူတို့အနေနဲ့ ဆန်းစီးတီးမြို့ (ဖျော်ဖြေရေးနှင့် အပန်းဖြေမြို့တော်) ကို သွားမှာမဟုတ်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။ အခုကျွန်တော်တို့လည်း တလ်အဗီး၊ နေတန်ညာ၊ အက်ရှ်ကီလွန် ဒါမှမဟုတ် အေရီယဲလ်မြို့တွေမှာ ဂီတဖျော်ဖြေပွဲတွေ ပြုလုပ်မှာမဟုတ်တော့ပါဘူး။ ပြီးတော့ သူတို့ဆီက ဆုတွေ၊ ပြပွဲနဲ့ အခမ်းအနား ဖိတ်ကြားမှုတွေ ဒါမှမဟုတ် ညီလာခံဖိတ်တာမျိုးတွေကိုလည်း လက်ခံမှာမဟုတ်တော့ပါဘူး။ ပြီးတော့ အစ္စရေးက နိုင်ငံတကာ ဥပဒေတွေကို မလေးစားမချင်း၊ ပါလက်စတိုင်းတွေကို ကိုလိုနီဆန်ဆန် ဖိနှိပ်ချုပ်ချယ်မှုကို အဆုံးမသတ်မချင်း ကျွန်တော်တို့က သင်ကြားရေးတွေ၊ အလုပ်ရုံဆွေးနွေးပွဲကိုလည်း လုပ်တော့မှာ မဟုတ်ပါဘူး”

    Ref: alarabiya

  • အမေရိကန်တွင် ၆ ရက်သားကလေးအား ပထမဆုံး နှလုံးအစားထိုးကုသမှု အောင်မြင်

    အမေရိကန်တွင် ၆ ရက်သားကလေးအား ပထမဆုံး နှလုံးအစားထိုးကုသမှု အောင်မြင်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅
    M-Media

    baby

    – အမေရိကန်ပြည်ထောင်စုတွင် အသက် ၆ ရက်သားကလေးငယ်ကို နှလုံးအစားထိုးကုသမှုပြုလုပ်ခဲ့ကာ အောင်မြင်မှု ရရှိခဲ့သည်ဟု ဆရာဝန်များနှင့် ကလေးငယ်၏ မိသားစုများက ပြောကြားခဲ့သည်။

    အိုလီဗာ ကရောဖို့ဒ်ဆိုသည့် ကလေးငယ်တစ်ဦးဖြစ်ပြီး အရီဇိုနားပြည်နယ် ဖီးနစ်မြို့ရှိ ကလေးဆေးရုံတွင် သတ်မှတ်ထားသည့်ရက်ထက် ၇ ပတ်စော မွေးလာခဲ့သည်။ ထို့ပြင်အဆိုပါကလေးငယ်မှာ နှလုံးအားနည်းသည့် ရောဂါလည်း ပါလာခဲ့ပြီး မိဘများက အသက်ရှင်ရန်ပင် မျှော်လင့်မထားခဲ့ပေ။

    ကလေးငယ်၏ နှလုံးချို့တဲ့မှုကို ကိုယ်ဝန်ဆောင်သက် သီတင်းပတ် ၂၀ အရောက်တွင် စတင်တွေ့ခဲ့ရခြင်းဖြစ်သည်။ ဇန်န၀ါရီ ၅ ရက်နေ့တွင် ထိုကလေးအား မွေးဖွားခဲ့ပြီးနောက် နှလုံးအစားထိုးကုသမှုကို ခံနိုင်သည့် ကျန်းမာရေး ရှိ၊ မရှိ ဆရာဝန်များက စောင့်ကြည့်ခဲ့ကြသည်။ ၉ ရက်နေ့တွင် အစားထိုးကုသမည့် နှလုံးကို ရရှိခဲ့ပြီး ၁၁ ရက်နေ့တွင် အစားထိုးကုမှု စတင်ခဲ့ကာ ခွဲစိတ်မှုမှာ ၁၀ နာရီခန့်ကြာမြင့်ခဲ့သည်။

    “ကျွန်မတို့သိသလောက် အိုလီဗာလေးဟာ နိုင်ငံအတွင်းမှာ အသက်အငယ်ဆုံး နှလုံးအစားထိုးကုမှု ခံယူခဲ့သူဖြစ်ပါတယ်။ သူဟာ ကိုယ်ဝန်ဆောင်ပြီး ၃၄ ပတ်နဲ့ ၃ ရက်အကြာမှာ နှလုံးအစားထိုးကုသမှု ခံယူခဲ့ရတာဖြစ်ပါတယ်” ဟု ၎င်း၏ မိခင်ဖြစ်သူက ပြောကြားခဲ့သည်။

    ၆ ပေါင် ၁အောင်စရှိသည့် အဆိုပါကလေးငယ်မှာ အဆုတ်အားနည်းမှုကြောင့် ဆေးရုံ၌သာရှိနေသေးပြီး အခြေအနေကောင်းမွန်သည်ဟု ဆေးရုံမှထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    Ref: alarabyia

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၁၄၊ ၂၁၀၅)

    ဖေဖော်ဝါရီ ၁၄၊ ၂၁၀၅
    M-Media

    – အမေရိကန်၏ ဆိုက်ဘာလုံခြုံရေးအားနည်းမှုကို ဖြေရှင်းရန်အတွက် မိမိတို့အစိုးရတစ်ခုတည်းက ဆောင်ရွက်၍ မရဘဲ နည်းပညာကုမ္ပဏီများက အချင်းချင်းသော်လည်းကောင်း၊ အစိုးရနှင့်သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်ကြရန် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    – နိုက်ဂျီးရီးယားမြောက်ပိုင်းတွင် အခြေစိုက်သည့် ဘိုကိုဟရမ်အဖွဲ့မှာ အိမ်နီးချင်း ချဒ်နိုင်ငံအတွင်းရှိ တံငါရွာတစ်ခုသို့ ယမန်နေ့က နံနက်ပိုင်းက ၀င်ရောက်တိုက်ခိုက်ပြီးခဲ့ပြီး နေအိမ်များကို မီးရှိုးဖျက်ဆီးခဲ့သောကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပြီး ချဒ်စစ်တပ်က ၎င်းတို့အား ပြန်လည်တိုက်ထုတ်နိုင်ခဲ့သည်။

    – ပြီးခဲ့သည့်နှစ် အောက်တိုဘာလက သမ္မတအိုဘားမား၏ ပေးပို့သောစာကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံ၏ အဓိပတိ အယာတိုလာခါမေနီက အိုဘားမားထံသို့ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း စာတစ်စောင် ပြန်လည်ပေးပို့ခဲ့သည်ဟု Wall Street ဂျာနယ်က ဖော်ပြခဲ့သည်။ အိုဘားမား ပေးပို့သောစာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် IS အား ပူးပေါင်းတိုက်ခိုက်ရေးတို့ ပါဝင်ပြီး ခိုမေနီမှ ပြန်လည်ပေးပို့လိုက်သည့်စာတွင် နှစ်နိုင်ငံ ပူးပေါင်းရေးမှာ အပြန်အလှန်ယုံကြည်မှုပေါ်တွင်မူတည်သည်ဟု ဖော်ပြထားသည်။ သေးစိတ်ကိုမှု နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့ရှိ ကူဗာအစ္စလာမ့်စင်တာမှာ သောကြာနေ့ နံနက်စောစောပိုင်းက မီးလောင်ခဲ့ပြီး မည်သည့်အကြောင်းအရင်းကြောင့် မီးလောင်ခဲ့သည်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ အဆိုပါစင်တာမှ တာဝန်ရှိသူများကမူ အဆိုပါ အစ္စလာမ့်စင်တာအဖွဲ့ဝင်များနှင့် မြို့တွင်းမှ အစ္စလာမ့်လူ့အဖွဲ့အစည်းအား စုံးစမ်းစစ်ဆေးမှုများမပြီးခင် မည်သည့် အပြစ်တင်မှုမျိုးမှ မပြုလုပ်ရန် ၎င်းတို့၏ ဆိုရှယ်စာမျက်နှာမှတစ်ဆင့် တိုက်တွန်းထားသည်။

    – ဒေလီအုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်ပွဲတွင် အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP အား အပြတ်အသတ်အနိုင်ရခဲ့သည့် AAP ပါတီခေါင်းဆောင် အာဗင်ဒ် ကဂ်ျရီဝါလ်က ဒေလီပြည်နယ်အား အိန္ဒိယ၏ ပထမဆုံး လာဘ်ပေးလာဘ်ယူကင်းစင်သည့် ပြည်နယ်အဖြစ် ပြုလုပ်သွားမည်ဟု ယနေ့တွင် ပြုလုပ်သော ကျမ်းကျိန်ပွဲတွင် ပြောကြားလိုက်သည်။

    – အပြေးလောကတွင် စံချိန်ပေါင်းများစွာတင်ခဲ့ပြီး အိုလံပစ်ရွှေတံဆိပ် ၆ ဆုရှင် ဂျမေကာနိုင်ငံသား အပြေးသမား အူစိန်ဘော့က ၂၀၁၇ ခုနှစ် လန်ဒန်တွင်ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲပြီးနောက် ကစားသမားဘ၀မှ အနားယူတော့မည်ဟု ကြေညာလိုက်သည်။

    Ref: news agencies