News @ M-Media

Blog

  • အာဖရိကနိုင်ငံများဖလား လက်ခံကျင်းပရန် ငြင်းဆိုသော မော်ရိုကို လာမည့် ၂ ကြိမ် ပါဝင်ခွင့်မရတော့

    အာဖရိကနိုင်ငံများဖလား လက်ခံကျင်းပရန် ငြင်းဆိုသော မော်ရိုကို လာမည့် ၂ ကြိမ် ပါဝင်ခွင့်မရတော့

    ဖေဖော်ဝါရီ ၇၊ ၂၀၁၅
    M-Media

    mrc

    – အီဘိုလာကူးစက်မည်ကို စိုးရိမ်သောကြောင့် ၂၀၁၅ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို လက်ခံကျင်းပရန် ငြင်းဆိုခဲ့သည့် မော်ရိုကိုအား လာမည့် အာဖရိကဖလားပြိုင်ပွဲ ၂ ကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကို အာဖရိက ဘောလုံးအဖွဲ့ချုပ် CAF က ပိတ်ပင်လိုက်သည်ဟု သိရသည်။

    မော်ရိုကိုမှာ ယခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပရန် ယခင်က တာဝန်ယူခဲ့သော်လည်း အာဖရိကအနောက်ခြမ်းတွင် ကူးစက်ပြန့်ပွားခဲ့သည့် အီဘိုလာရောဂါကြောင့် နိုင်ငံအတွင်း ကူးစက်ပြန့်ပွားမည်ကို စိုးရိမ်ရသည်ဟုဆိုကာ ပြိုင်ပွဲကျင်းပရန် နီးကပ်လာချိန်တွင် ငြင်းဆိုခဲ့သည်။

    CAF မှ ယမန်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် မော်ရိုကိုဘောလုံးအဖွဲ့ချုပ်၏ ထိုသို့ ငြင်းဆိုမှုမှာ အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးအတွက် လက်ခံ၍မရနိုင်ဟု ယူဆခဲ့ပြီး ၂၀၁၇ နှင့် ၂၀၁၉ တွင် ပြုလုပ်မည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်ခွင့်မပြုရန် ဆုံးဖြတ်ချက်ချခဲ့သည်ဟု ဖော်ပြခဲ့သည်။

    ထို့ပြင် CAF မှာ မော်ရိုကိုအား ဒဏ်ငွေ ပေါင် ၆သိန်း ၂ သောင်း ဒဏ်ရိုက်ခဲ့ပြီး ပြိုင်ပွဲမကျင်းပသောကြောင့် နစ်နာခဲ့ရသူများအတွက် နစ်နာကြေးအဖြစ် ပေါင် ၅.၉ သန်းပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

    မော်ရိုကိုက အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် ငြင်းဆိုခဲ့သောကြောင့် ၂၀၁၅ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို အီကွေတိုရီယဲလ် ဂီနီနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည်။

    Ref:goal.com

  • အာဆီယံဒေသတွင် စံတော်ချိန်တစ်ခုတည်းထားရန် အစီအစဉ်ရှိနေ

    အာဆီယံဒေသတွင် စံတော်ချိန်တစ်ခုတည်းထားရန် အစီအစဉ်ရှိနေ

    ဖေဖော်ဝါရီ ၇၊ ၂၀၁၅
    M-Media

    asean

    – အာဆီယံဒေသအား စံတော်ချိန်တစ်ခုတည်းအဖြစ် သတ်မှတ်ရေး ဒေသတွင်းနိုင်ငံများအားလုံးကို ဆွဲဆောင်ရန် အင်ဒိုနီးရှားနှင့် မလေးရှားခေါင်းဆောင်များက ယမန်နေ့တွင် သဘောတူညီခဲ့သည်ဟု သိရသည်။

    အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကို ကွာလာလမ်ပူတွင် တွေ့ဆုံစဉ်အတွင်း ထိုကဲ့သို့ သဘောတူခဲ့ခြင်းဖြစ်ပြီး ထိုစိတ်ကူးက အာဆီယံစည်းလုံးညီညွတ်မှုစိတ်ဓာတ်ကို တိုးပွားစေလိမ့်မည်ဟု ၎င်းတို့က သတင်းထောက်များအား ပြောကြားခဲ့သည်။

    လက်ရှိ အာဆီယံဒေသတွင် မတူညီသော စံတော်ချိန်သုံးခုရှိပြီး အနောက်ခြမ်း မြန်မာနိုင်ငံမှ အရှေ့ခြမ်း စင်ကာပူနှင့် မလေးရှားအထိ အချိန်ကွာဟမှုမှာ မိနစ် ၉၀ ရှိနေသည်။ အင်ဒိုနီးရှားနိုင်ငံအား စံတော်ချိန်တစ်ခုတည်းအဖြစ် ဆောင်ရွက်ရန် ယခင်က စီစဉ်ခဲ့သော်လည်း လက်ရှိအချိန်တွင် တစ်နိုင်ငံတည်းတွင်ပင် စံတော်ချိန် ၃ ခု ဖြစ်နေသည်။

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ကေ ရှန်မူဂမ်ကလည်း ထိုအစီအစဉ်ကိုထောက်ခံသည်ဟု ယခင်က ပြောကြားဖူးပြီး ဇန်န၀ါရီ ၂၈ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီများအစည်းအဝေးတွင် ၎င်းက ထည့်သွင်း ဆွေးနွေးခဲ့သည်။

    ထိုအဆိုအား ထောက်ခံသူများလည်းရှိပြီး ၎င်းတို့ကမူ ဒေသတွင်း စံတော်ချိန်တစ်ခုတည်း ပြုလုပ်လိုက်ခြင်းဖြင့် ဘဏ်လုပ်ငန်းများကို ပိုမိုလွယ်ကူစေပြီး ဘဏ်ဖွင့်ချိန်နှင့် စတော့ဈေးကွက်ဖွင့်ချိန်များကို ညှိနှိုင်းဆောင်ရွက်နိုင်မည်ဟု ပြောကြားခဲ့သည်။

    Ref: channelnewsasia

  • မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု စီမံကိန်းသစ်တစ်ခု မြန်မာနိုင်ငံတွင် ဖော်ဆောင်မည်

    မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု စီမံကိန်းသစ်တစ်ခု မြန်မာနိုင်ငံတွင် ဖော်ဆောင်မည်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၅
    M-Media

    mate

    – မြန်မာနိုင်ငံအတွင်းရှိ မိခင်နှင့် ကလေးငယ် သန်းပေါင်းများစွာအတွက် ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ရေး စီမံကိန်းသစ်ဖော်ဆောင်ရန် သဘောတူညီချက်တစ်ခုကို မြန်မာအစိုးရနှင့် ကမ္ဘာ့ဘဏ်တို့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင်
    လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    ထိုစီမံကိန်းကို “အဓိကကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်မှုစီမံကိန်း”ဟု အမည်ပေးထားပြီး ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၁၀၀ သုံးစွဲသွားမည်ဖြစ်ကာ မြန်မာနိုင်ငံတစ်ဝှမ်း မြို့နယ်ပေါင်း ၃၃၀ တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာရေး လုပ်ဆောင်သွားမည်ဖြစ်သည်။ ကမ္ဘာ့ဘဏ် အမှုဆောင်ဒါရိုက်တာများဘုတ်အဖွဲ့က ၂၀၁၄ အောက်တိုဘာလကတည်းက အတည်ပြုခဲ့သော အဆိုပါ စီမံကိန်းမှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ် ၄ သန်းကျော်အတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်။

ုထိုစီမံကိန်းအောက်တွင် ပြည်သူများမှာ ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိမည်ဖြစ်ပြီး ပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ် ဖော်ဆောင်ခြင်းအတွက် ထောက်ပံ့မှု၊ ကျန်းမာရေးရင်းမြစ်များအား စီမံခန့်ခွဲမှု၊ ပြည်သူများ၏ ကျန်းမာရေးအမြင် တိုးပွားအောင်ဆောင်ရွက်မှုနှင့် ပြည်သူလူထုအတွင်း စေ့စပ်ဆောင်ရွက်ပေးမှုတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။

    “မြန်မာနိုင်ငံက လူအားလုံးအတွက် အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံနိုင်တဲ့အတွက် ကျွန်မတို့ ပီတိဖြစ်မိပါတယ်။ ပိုကောင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဟာ မိခင်တွေနဲ့ သူတို့ရဲ့ ကလေးငယ်တွေအတွက် ကျန်းမာတဲ့ဘ၀ကို ရရှိစေပါလိမ့်မယ်။ ပြီးတော့ ကမ္ဘာ့ကျန်းမာရေးလွှမ်းခြုံစနစ်အောင်မြင်အောင်ဆောင်ရွက်ရာမှာလည်း ကျွန်မတို့ ပိုမိုနီးကပ်စွာ ပါဝင်လာစေပါလိ့မ်မယ်” ဟု မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးက ပြောကြားခဲ့သည်။

    ကျေးလက်တောရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှုစင်တာများ ဖွင့်လှစ်ခြင်းမှာလည်း အဆိုပါစီမံကိန်းတွင် ပါဝင်မည်ဖြစ်ပြီး ၀မ်းဆွဲသည်များကဲ့သို့ အခြေခံကျန်းမာရေးဝန်ထမ်းများမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ လသားကလေးများနှင့် ကလေးငယ်များရှိရာ နေအိမ်များသို့ မကြာခဏ သွားရောက်ကြည့်ရှုကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အချိန်အလိုက် ကာကွယ်ဆေးထိုးခြင်း၊ မိသားစုများအား အဟာရနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးသင်တန်းများပေးခြင်း စသည်တို့ကိုလည်း လုပ်ဆောင်သွားမည်ဖြစ်သည်။

    ကမ္ဘာ့ကျန်းမာရေးလွှမ်းခြုံစနစ် UHC တွင် မြန်မာနိုင်ငံပါဝင်နိုင်ရေး ကမ္ဘာ့ဘဏ်၏ ကူညီမှုမှာ ၂၀၁၄ ခုနှစ်က ကမ္ဘာ့ဘဏ်ဥက္ကဌ ဂျင်မ် ယွန် ကင်မ် မြန်မာနိုင်ငံသို့လာရောက်စဉ် ကတိပြုခဲ့သော ကန်ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

    Ref: worldbank.org

  • နိုင်ငံတကာ သတင်းတို  (ဖေဖော်ဝါရီ ၆၊ ၂၀၁၅)

    နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၆၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၆၊ ၂၀၁၅
    M-Media

    ၁။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ကိုလံဘီယာမြို့ရှိ ကယ်လီဖိုးနီးယား တောင်ပိုင်း တက္ကသိုလ် ပရဝုဏ်အတွင်း ယမန်နေ့က သေနတ်ပစ်ခတ်မှုနှစ်ခု သီးခြားစီဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးခဲ့သည်။

    ၂။ ၂၀၁၁ မတ်လအတွင်းက ဖူကူရှီမားဒါအီချီ နျူကလီးယားဓာတ်ပေါင်းဖို ဓာတ်ရောင်ခြည် ယိုစိမ့်မှု ဖြစ်ပွားပြီးနောက် နိုင်ငံ အတွင်းရှိ ဓာတ်ပေါင်းဖို ၄၈ ခုစလုံးကို ပိတ်ထားသော ဂျပန်နိုင်ငံတွင် လာမည့်ဇွန်လမှစ၍ ဓာတ်ပေါင်းဖိုများကို ပြန်လည်ဖွင့်လှစ်ရန် အစိုးရက စီစဉ်နေသည်။ ဂျပန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် နျူကလီးယား ဓာတ်ပေါင်းဖို တတိယမြောက် အများဆုံး အသုံးပြုသည့် နိုင်ငံလည်းဖြစ်သည်။

    ၃။ ယခင်က ဆီးရီးယားရှိ IS အဖွဲ့များကိုသာ တိုက်ခိုက်ခဲ့သော ဂျော်ဒန်လေတပ်မှာ ယမန်နေ့မှစ၍ တိုက်လေယာဉ် ဒါဇင်ပေါင်း များစွာဖြင့် အီရတ်နိုင်ငံရှိ IS ၏ ပစ်မှတ်များကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆိုပါ အကြမ်းဖက်အဖွဲ့ ရှုံးနိမ့်သွားသည် အထိ ဆက်လက် တိုက်ခိုက်သွားမည်ဟု ဂျော်ဒန် အစိုးရက ကတိပြုပြောဆိုခဲ့သည်။

    ၄။ နှစ်နိုင်ငံဆက်ဆံရေးကို ခလုတ်ကန်သင်းဖြစ်စေသည့် ဘိုနီယိုကျွန်း အရှေ့ဘက် ကမ်းရိုးတန်းရှိ ရေပိုင်နက် အငြင်းပွားမှုအတွက် အဖြေတစ်ခုရရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇတ်နှင့် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုတို့က ကွာလာလမ်ပူမြို့တွင် ယနေ့ပြုလုပ်သော တွေ့ဆုံမှုတွင် ကတိပြုပြောကြားလိုက်သည်။

    ၅။ ယခုတစ်ပတ်တွင် ကျရောက်သည့် “ကမ္ဘာ့ဘာသာပေါင်းစုံ ညီညွတ်ရေး သီတင်းပတ်” ကို ဂုဏ်ပြုသောအားဖြင့် ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ဘာသာပေါင်းစုံ ဟောပြောပွဲ အခမ်းအနားတစ်ခုကို ယမန်နေ့တွင် ပြုလုပ်ခဲ့ပြီး ဂျူး၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာတို့မှ ဘုန်းတော်ကြီးများ တက်ရောက်ကာ တရားဒေသနာတော်များကို ဟောကြားခဲ့ကြသည်။

    ၆ ယမန်နေ့က အီကွေတိုရီယဲလ် ဂီနီနိုင်ငံတွင် ကစားခဲ့သည့် အာဖရိကဖလား ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် ပွဲပြီးကာနီးတွင် အိမ်ရှင်ပရိတ်သတ်များမှ ရုန်းရင်း ဆန်ခတ်မှုများ ပြုလုပ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က ဂါနာ ပရိတ်သတ်နှင့် ဂါနာ ကစားသမားများအား ကာကွယ်ပေး ခဲ့ရကာ မျက်ရည်ယိုဗုံးများ၊ ရဟတ်ယာဉ်များကို အသုံးပြု၍ လူစုခွဲခဲ့ရသည်။ ထို့ကြင် အချိန်ပြည့်ရန် အနည်းငယ် လိုသေးသော်လည်း ဒိုင်လူကြီးက ပွဲအား ရပ်နားခဲ့ပြီး ထိုအချိန်တွင် ဂါနာမှာ ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

    Ref: news agencies

  • ကနေဒါမှ မွတ်စလင်အုပ်ချုပ်ရေးမှူးတစ်ဦး ကမ္ဘာ့အုပ်ချုပ်ရေးမှူးဆုရရှိ

    ကနေဒါမှ မွတ်စလင်အုပ်ချုပ်ရေးမှူးတစ်ဦး ကမ္ဘာ့အုပ်ချုပ်ရေးမှူးဆုရရှိ

    ဖေဖော်ဝါရီ ၆၊ ၂၀၁၅
    M-Media

    nen shi

    – ကနေဒါနိုင်ငံ အလ်ဘာတာပြည်နယ် ကာလ်ဂရီမြို့၏ မွတ်စလင်အုပ်ချုပ်ရေးမှူးဖြစ်သူ နန်ရှီမှာ ၎င်း၏
    ပြောင်မြောက်သောစွမ်းရည်များကြောင့် “ကမ္ဘာ့အုပ်ချုပ်ရေမှူးဆု” ကို ရရှိခဲ့သည်ဟု သိရသည်။

    “သူ(နန်ရှီ) ဟာ မြို့ပြအမြင်ရှိတဲ့သူတစ်ဦးဖြစ်ပြီး ဒေသတွင်းအုပ်ချုပ်ရေး အခြေအနေကိုလည်း လစ်လျူရှုမထားခဲ့ပါဘူး။
    ဆုံးဖြတ်ချက်ပြတ်သားတဲ့ စီမံခန့်ခွဲမှု၊ ခြုံငုံသုံးသပ်နိုင်မှုနဲ့ ဆန်းသစ်တဲ့ တွေးခေါ်မှုတွေအတွက်ဆိုရင်တော့
    မြောက်အမေရိက က မြို့အများအပြားနဲ့ ဥရောပမြို့တွေအတွက် နန်ရှီဟာ စံပြ အုပ်ချုပ်ရေးမှူးကောင်း တစ်ယောက်ပါပဲ”
    ဟု လန်ဒန်အခြေစိုက် နိုင်ငံတကာ အုပ်ချုပ်ရေးမှူးများ ဖောင်ဒေးရှင်းက ယမန်နေ့တွင်ပြောကြားခဲ့သည်။

    နန်ရှီမှာ အဆိုပါဆုကို ပထမဆုံးရရှိခဲ့သည့် ကနေဒါမှ အုပ်ချုပ်ရေးမှူးဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံ ဂန့်မြို့ အုပ်ချုပ်ရေးမှူး ဒန်နီယဲလ် တာမွန့်က ဒုတိယ၊ အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမြို့ အုပ်ချုပ်ရေးမှူး ထရီ ရစ်ရှ်မာဟာရီနီက တတိယ အသီးသီး ရရှိခဲ့သည်။

    မြို့အတွင်းရှိ ပြည်သူများ၏ အားပေးထောက်ခံမှုကို အကဲဖြတ်၍ ချီးမြှင့်သည့် အဆိုပါဆုကို ၂ နှစ်တစ်ကြိမ် ပေးအပ်ခြင်းဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး အုပ်ချုပ်ရေးမှူး ၁၀ ဦးစာရင်းကိုလည်း ထုတ်ပြန်ခဲ့သည်။

    “အံ့သြလောက်စရာဖြစ်ပြီး ကမ္ဘာ့အုပ်ချုပ်ရေးမှူးအဖွဲ့ကြီးရဲ့ မျှော်လင့်မထားတဲ့ ဂုဏ်ပြုမှုပါပဲ။ ဒီဆုအတွက် ကျွန်တော့်ကိုမဲပေးဖို့ အချိန်ပေးခဲ့ကြတဲ့ ကာလ်ဂရီပြည်သူတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။ ဒါဟာ လူတိုင်းအတွက် အခွင့်အလမ်းတွေရှိတဲ့ နေရာကောင်းအဖြစ် ကျွန်တော်တို့မြို့ကို တည်ဆောက်ရာမှာ နိုင်ငံသားတွေဖြစ်တဲ့ သူတို့တွေရဲ့ ကိုယ်တိုင်ပါဝင်မှုကို ဖော်ပြနေပါတယ်” ဟု နန်ရှီက ပြောကြားခဲ့သည်။

    ထို့ပြင် မည်သည့် နိုင်ငံရေးသမားမဆို ၎င်းတို့၏ အောင်မြင်မှုကို ဖော်ပြသည့် အရေးပါဆုံးအမှတ်အသားမှာ ၎င်းတို့ ကိုယ်စားပြုသည့် ပြည်သူများ၏ ဘ၀နေထိုင်မှု တိုးတက်ခြင်းပင်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ကာလ်ဂရီမြို့အား ပိုမိုကောင်းမွန်သောမြို့ဖြစ်အောင် ဆက်လက်၍ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း နန်ရှီက ထပ်လောင်းပြောကြားခဲ့သည်။

    နန်ရှီမှာ ၂၀၁၀ ခုနှစ်ကတည်းက ကာလ်ဂရီအုပ်ချုပ်ရေးမှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ကနေဒါ၏ ပထမဆုံး မွတ်စလင်အုပ်ချုပ်ရေးမှူးလည်းဖြစ်ကာ ကာလ်ဂရီမြို့သူမြို့သားများ၏ ထောက်ခံမှုကို အပြည့်အ၀ ရရှိထားသူဖြစ်သည်။ ထို့ပြင် ကာလ်ဂရီမြို့၏ ၃၆ ဦးမြောက် အုပ်ချုပ်ရေးမှူးအဖြစ် ဒုတိယသက်တမ်းကို တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်။

    တိုရွန်တိုမြို့တွင်မွေးဖွားခဲ့သည့် နန်ရှီမှာ ဟားဗတ်တက္ကသိုလ်မှ ၁၉၉၃ ခုနှစ်တွင် ကုန်သွယ်မှုဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး အသက် ၂၂ နှစ်အရွယ်မှာပင် ကမ္ဘာ့ထိပ်တန်းအကြံပေး ကုမ္ပဏီဖြစ်သည့် McKinsey & Company တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၈ နှစ်ကြာပြီးနောက်တွင် နန်ရှီမှာ ထိုကုမ္ပဏီမှ ထွက်ကာ ကုလသမဂ္ဂတွင်လည်းကောင်း၊ Mount Royal တက္ကသိုလ်တွင် ပါမောက္ခအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပြီးနောက် နိုင်ငံရေးလောကထဲသို့ ၀င်ရောက်ကာ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ခြင်းဖြစ်သည်။

    Ref: onislam