ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅
M-Media
– ယူကရိန်းပြဿနာအား ဖြေရှင်းရန်အတွက် ရွေးချယ်မှုအားလုံးကို စဉ်စားနေပြီး ထိုအထဲတွင် ယူကရိန်းစစ်တပ်များအား လက်နက်များထောက်ပံ့ရန်အတွက် အစီအစဉ်လည်း ပါဝင်သည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။ ယူကရိန်းပြဿနာအတွက် ဂျာမနီ၊ ပြင်သစ်နှင့် ရုရှားတို့ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး မည်သည့် သဘောတူညီချက်မှ မရရှိခဲ့ပေ။ ရုရှားသမ္မတ ပူတင်ကမူ ယူကရိန်းပြဿနာမှာ အနောက်နိုင်ငံများကြောင့် ဖြစ်ပွားခြင်းဖြစ်သည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။
– ၂၀၁၄ ခုနှစ် ဇန်န၀ါရီလက အင်တာနက်စာမျက်နှာပေါ်တွင် ပြန့်နှံ့ခဲ့သည့် အင်ဒိုနီးရှားအိမ်ဖော်အမျိုးသမီး ဒဏ်ရာရနေသော ဓာတ်ပုံများကြောင့် တရားစွဲဆိုခြင်း ခံနေရသည့် ဟောင်ကောင်အိမ်ရှင်အမျိုးသမီးကို အပြစ်ရှိသည်ဟု တရားရုံးက ယနေ့တွင် ဆုံးဖြတ်လိုက်ပြီး အမိန့်ချမှတ်မှုကို ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပြုလုပ်မည်ဟု ပြောကြားခဲ့သည်။ အမှုပေါင်း ၂၀ ဖြင့် တရားစွဲဆိုခံထားရသည့် အဆိုပါအမျိုးသမီးမှာ အမှု ၁၈ ခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အထိ ကျခံရဖွယ်ရှိနေသည်။
– အိန္ဒိယနိုင်ငံ ဒေလီပြည်နယ်အစိုးရ ရွေးကောက်ပွဲတွင် အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ၏ အတိုက်အခံဖြစ်သော ချစားမှုတိုက်ဖျက်ရေး လှုပ်ရှားသူ အာဗင်း ကက်ဂ်ျရီဝါလ်၏ ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး ၀န်ကြီးချုပ် နရန်ဒရာ
မိုဒီကလည်း ၎င်းတို့ပါတီရှုံးနိမ့်ကြောင်း ယနေ့တွင် ၀န်ခံခဲ့သည်။
– တူရကီနိုင်ငံ၏ တရားစီရင်ရေးစနစ်မှာ နိုင်ငံရေးအာဏာပိုင်များ၏ လက်အောက်တွင် မကျေနပ်သူများအား လက်စားချေသည့် လက်နက်တစ်ခု ဖြစ်လာနေသည်ဟု တူရကီတရားသူကြီးချုပ်က ယနေ့တွင် ပြောကြားလိုက်သည်။
Ref: news agencies
Leave a Reply
You must be logged in to post a comment.