News @ M-Media

Blog

  • ရာဇဝတ်မှုလုပ်ရပ်များကို အစ္စရေးက ဖုံးကွယ်ဖို့ကြိုးစားနေကြောင်း အီရန်ဝေဖန်

    ရာဇဝတ်မှုလုပ်ရပ်များကို အစ္စရေးက ဖုံးကွယ်ဖို့ကြိုးစားနေကြောင်း အီရန်ဝေဖန်

    စက်တင်ဘာ ၂၈၊ ၂၀၂၁
    M-Media

    အစ္စရေးဝန်ကြီးချုပ် နက်ဖက်တာလီ ဘန်းနက်

    -အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်ဟာ ‘အီရန်ကြောက်ရောဂါ’ ဖြန့်ကာ ဒေသတွင်းက သူတို့ရဲ့ ရာဇဝတ်လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ ကုလဆိုင်ရာ အီရန်သံအမတ်က ပြောကြားလိုက်ပါတယ်။

    ကုလသမဂ္ဂ အထွေထွေညီလာခံကို ပေးပို့တဲ့ ဘန်းနက်ရဲ့ မိန့်ခွန်းထဲမှာ အီရန်ကို ဝေဖန်ပြစ်တင်ထားမှုအတွက် အီရန်သံအမတ် မာဂျစ် တက် ရာဗန်ချီက Twitter စာမျက်နှာကနေ အခုလို တုန့်ပြန်လိုက်တာပါ။

    ဘန်းနက်က အီရန်ရဲ့ လုပ်ရပ်တွေကို ဝေဖန်ခဲ့ပြီး၊ အစ္စရေးကိုဆန့်ကျင်တဲ့ ဒေသတွင်း လှုပ်ရှားမှုတွေကို အီရန်က ပံ့ပိုးကူညီပေးနေကြောင်း၊ အီရန်ရဲ့ နျူကလီးယားစီမံကိန်းဟာ စည်းအားလုံးကို ဖောက်နေပြီး အရေးကြီးတဲ့ အချိန်ကို ရောက်ရှိနေကြောင်း မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အစ္စရေးဟာ ဒေသတွင်းမှာ မုန်တိုင်းထန်တဲ့ ပင်လယ်ပြင်က မီးပြတိုက်သဖွယ်ဖြစ်နေတယ်လို့လည်း ဘန်းနက်က ဆိုပါတယ်။

    ကုလက အီရန်အမြဲတမ်းကိုယ်စားလှယ် မာဂျစ် တက် ရာဗန်ချီက အစ္စရေးဝန်ကြီးချုပ်ရဲ့ ပြောကြားမှုဟာ မုသာဝါဒတွေလို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

    “နျူထိပ်ဖူး ရာနဲ့ချီရှိနေတဲ့ အစ္စရေးအစိုးရက ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းတဲ့ နျူစီမံကိန်းကို ဝေဖန်စရာ ဘာအကြောင်းမှ မရှိပါဘူး”

    ဘန်းနက်ရဲ့ မိန့်ခွန်းမှာ ပါလက်စတိုင်းကိစ္စ လုံး၀ မပါတာဟာ ပါလက်စတိုင်းတွေရဲ့အခွင့်အရေးကို ဆက်လက်ချိုးဖောက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာကို ပြသနေကြောင်းလည်း အီရန်သံအမတ်က ဝေဖန်ခဲ့ပါတယ်။

    ကုလသမဂ္ဂ အီရန်ကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အစ္စရေးဝန်ကြီးချုပ်ရဲ့ ပြောကြားမှု​တွေဟာ အခြေအမြစ်မရှိကြောင်း၊ အစ္စရေးကပဲ အပြစ်မဲ့သယောင်ယောင် လှည့်စားဝါဒဖြန့်တာသာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    “သူ့ရဲ့ ကြီးမားတဲ့ရည်ရွယ်ချက်က ရှင်းပါတယ်။ ပြီးခဲ့တဲ့ နှစ် ၇၀ အတွင်း ဒေသတွင်းမှာ အစ္စရေးရဲ့ ကျူးကျော်ဖျက်ဆီးတဲ့ မူဝါဒတွေ၊ ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ ဖြစ်ပါတယ်”

    အစ္စရေးဟာ နယ်ချဲ့တိုင်းပြည်ဖြစ်ပြီး၊ ဂါဇာကမ်းမြှောင်ကို ကမ္ဘာ့အကြီးဆုံး အမိုးဖွင့်ထောင်အဖြစ် ပြုလုပ်ထားကြောင်း၊ အစ္စရေးခေါင်းဆောင် အဆက်ဆက်ကလည်း ဒေသတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့ကြောင်း အီရန်ကိုယ်စားလှယ်အဖွဲ့ရဲ့ ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    ကမ္ဘာလုံးဆိုင်ရာ နျူကလီးယား ​မပြန့်ပွားရေးစာချုပ်မှာ အစ္စရေးက လက်မှတ်မထိုးတာ၊ နျူလက်နက်တွေ အမြောက်အများ ထုတ်လုပ်နေတာတွေနဲ့ပတ်သက်ပြီးလည်း ကိုယ်စားလှယ်အဖွဲ့က ဝေဖန်ထားပါတယ်။

    Ref: Aljazeera

  • နောက်ဆုံးပေါ် လေယာဥ်များပြသမည့် တရုတ်လေကြောင်းပြပွဲ စတင်

    နောက်ဆုံးပေါ် လေယာဥ်များပြသမည့် တရုတ်လေကြောင်းပြပွဲ စတင်

    စက်တင်ဘာ ၂၈၊ ၂၀၂၁
    M-Media

    -တစ်နှစ်ကြာရွှေ့ဆိုင်းခဲ့ရတဲ့ လေကြောင်းပြပွဲ Airshow China ကို တရုတ်က ဒီကနေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းဖြစ် နည်းပညာမြင့် လေယာဉ်တွေ၊ ဒရုန်းတွေ ပြသသွားမယ်လို့ သိရပါတယ်။

    ဒီလေကြောင်းပြပွဲဟာ ၆ ရက်တာ ကြာမြင့်မှာပါ။ ရန်သူရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို ဖောက်ထွက်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ နာမည်ကြီးတဲ့ ပြည်တွင်းဖြစ် J-16D တိုက်လေယာဉ်ကို ဒီလေကြောင်းပြပွဲမှာ တရုတ်က ထုတ်ပြဖို့ ရှိပါတယ်။

    မျိုးဆက်သစ် H-20 ကိုယ်ပျောက် ဗုံးကြဲလေယာဉ်ကိုလည်း လက်နက်ရေးရာ ကျွင်းကျင်သူတွေက စောင့်မျှော်နေကြပါတယ်။ အဖွင့်နေ့ အလှပြပျံသန်းမှုမှာ J-20 ကိုယ်ပျောက်တိုက်လေယာဉ်လည်း ပါဝင်ပါတယ်။

    တရုတ်ဟာ ဒီလေကြောင်းပြပွဲမှာ WZ-8၊ CH-4 နဲ့ WL-10 လို ဒရုန်းသစ်တွေ၊ အာကာသယာဉ် လွှတ်တင်ရာမှာ အသုံးပြုတဲ့ Long March ဒုံးပျံတွေ၊ လသွားမယ့် စီမံကိန်း၊ CM-401 သင်္ဘောဖျက်ဒုံးကျည်တွေ အပြင် ပြည်တွင်းဖြစ် လေယာဉ်မျိုးစုံ၊ ဒရုန်းမျိုးစုံကို ပြသသွားမှာဖြစ်ပါတယ်။

    Ref: Reuters

  • ရုရှား၏ S400 ဒုံးခွင်းစနစ် ထပ်ဝယ်မည်ဟု တူရကီပြော

    ရုရှား၏ S400 ဒုံးခွင်းစနစ် ထပ်ဝယ်မည်ဟု တူရကီပြော

    စက်တင်ဘာ ၂၇၊ ၂၀၂၁
    M-Media

    -နေတိုးအဖွဲ့ရဲ့ မဟာမိတ် အမေရိကန်က အပြင်းအထန် ကန့်ကွက်နေပေမယ့် ရုရှားထံကနေ S400 ဒုံးခွင်းစနစ် ထပ်မံဝယ်ယူဖို့ စဉ်းစားနေတယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။

    လက်ရှိမှာ တူရကီဟာ S400 ဒုံးခွင်းစနစ် တစ်ခုကို ဝယ်ယူထားပြီးဖြစ်ပါတယ်။ နေတိုးမဟာမိတ်အဖွဲ့အတွင်း ဒီစနစ်ကို အသုံးပြုတာဟာ F35 တိုက်လေယာဉ်တွေအတွက် ခြိမ်းခြောက်မှုဖြစ်တယ်လို့ အမေရိကန်က ယူဆထားတဲ့ အပြင်းအထန် ကန့်ကွက်ခဲ့တာပါ။

    F35 တိုက်လေယာဉ် ရောင်းချမယ့် အစီအစဉ်ကနေ အမေရိကန်က တူရကီကို ဖယ်ရှားလိုက်သလို ကာကွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

    တူရကီသမ္မတ အာဒိုဂန်က မိမိတို့ဟာ အမေရိကန်ရဲ့ ပက်ထရီယော့ဒုံးခွင်းစနစ်ကို ဝယ်ယူဖို့ အခွင့်အရေးမရတဲ့အတွက် S400 ကို ဝယ်ယူတာဖြစ်ပြီး ဒီစနစ်ကို နေတိုးအဖွဲ့ ကာကွယ်ရေး စနစ်မှာ ထည့်သွင်း သုံးစွဲမှာမဟုတ်ဘူးလို့ အရင်က ပြောကြားဖူးပါတယ်။

    အမေရိကန်သတင်းဌာန CBS နဲ့ လတ်တလော အင်တာဗျူးမှာ အာဒိုဂန်က S400 ဒုံးခွင်းစနစ် နောက်ထပ်တစ်ခုကို ဝယ်ယူဖို့ စဉ်းစားနေပြီး တူရကီဟာ ကိုယ့်ရဲ့ ကာကွယ်ရေးစနစ်ကို လွတ်လပ်စွာ ဆုံးဖြတ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

    ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် နယူးယောက်ကိုမသွားခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဒိုဂန်က ဂျိုးဘိုင်ဒန်အစိုးရနဲ့ တူရကီတို့ရဲ့ ဆက်ဆံရေးဟာ ကောင်းတယ်လို့ ပြောလို့မရသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။

    လိုအပ်မယ်ဆိုရင် တူရကီက ဒုံးခွင်းစနစ်တွေကို ထပ်မံဝယ်ယူတာ၊ ဒါမှမဟုတ် ကိုယ်တိုင်ထုတ်လုပ်တာတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း အာဒိုဂန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး ၄ သန်း မြန်မာကို ထပ်ရောက်

    တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး ၄ သန်း မြန်မာကို ထပ်ရောက်

    စက်တင်ဘာ ၂၇၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံကနေ ဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေး Sinopharm အလုံးရေ ၄ သန်း မနေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံဟာ တရုတ်ထုတ်ကာကွယ်ဆေး စုစုပေါင်း အလုံးရေ ၁၆.၆ သန်း ရရှိထားပြီး အဲဒီအထဲက ၃.၉ သန်းကို တရုတ်နိုင်ငံက လှူဒါန်းတာလို့ မြန်မာနိုင်ငံ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    စစ်ကောင်စီရဲ့ မှတ်တမ်းတွေအရ နိုင်ငံတစ်ဝှမ်း ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်စလုံးထိုးပြီးသူ ၃.၇၂ သန်း ရှိနေပြီး တစ်ကြိမ်ထိုးထားသူက ၃.၄၇ သန်း ရှိတယ်လို့ ဆိုပါတယ်။

    NLD အစိုးရလက်ထက်က ဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ၊ ပြည်သူလူထုက လှူဒါန်းထားတဲ့ ကာကွယ်ဆေးဝယ်ဖို့ အလှူငွေတွေကို ဘယ်လို သုံးစွဲသလဲဆိုတာတွေနဲ့ပတ်သက်လို့ အာဏာသိမ်းပြီး ၉ လအထိ စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    Ref: CGTN

  • အကြမ်းဖက်နိုင်ငံ၊ ဖက်ဆစ်နိုင်ငံဟု အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြန်အလှန် စွပ်စွဲပြောဆို

    အကြမ်းဖက်နိုင်ငံ၊ ဖက်ဆစ်နိုင်ငံဟု အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြန်အလှန် စွပ်စွဲပြောဆို

    စက်တင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -တောင်အာရှ ရန်ဘက်နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အပြန်အလှန် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

    သောကြာနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီဟာ နိုင်ငံအတွင်းက မွတ်စလင်တွေကို ‘မျိုးဖြုတ်ဖို့ စီစဉ်နေတယ်’ လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

    ဒါ့အပြင် မိုဒီဦးဆောင်တဲ့ အိန္ဒိယအစိုးရကို ‘ဖက်ဆစ်’ လို့လည်း သမုတ်ခဲ့ပါတယ်။

    “အစ္စလာမ်ကြောက်ရောဂါ ဆိုးဆိုးရွားရွား ဖိစီးနေတဲ့သူက လက်ရှိမှာ အိန္ဒိယကို အုပ်စိုးနေတယ်။ ဖက်ဆစ်အဖွဲ့ RSS-BJP က ဖြန့်ဖြူးပြီး အမုန်းပြည့်နေတဲ့ Hindutva အတွေးအခေါ်ဟာ အိန္ဒိယက သန်းပေါင်း ၂၀၀ သော မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် အကြမ်းဖက်မှု၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို မွေးဖွားပေးလိုက်တာပါ ”

    BJP ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီဖြစ်ပြီး၊ RSS ဟာ BJP ရဲ့ အတွေးအခေါ်ပိုင်းကို မွေးဖွားပေးတဲ့ ဟိန္ဒူအစွန်းရောက်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

    BJP အာဏာရခဲ့တဲ့ ၂၀၁၄ ခုနှစ် ခုနှစ်ကစပြီး အိန္ဒိယမှာ ဟိန္ဒူအစွန်းရောက်တွေ ခေါင်းထောင်ထလာကာ ဒါလစ်ဇာတ်နိမ့်၊ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။

    အိန္ဒိယက တုန့်ပြန်

    စနေနေ့က ကုလအထွေထွေညီလာခံမိန့်ခွန်းမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီက အာဖဂန်နစ္စတန်မှာဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေအပေါ် ဘယ်နိုင်ငံကမှ အမြတ်ထုတ်လို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။

    အာဖဂန်က အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ လူနည်းစုတွေကို ကူညီပေးဖို့ မိုဒီက နိုင်ငံတကာအသိုင်းအ၀ိုင်းကို တောင်းဆိုခဲ့ပြီး၊ တစ်ချို့နိုင်ငံတွေက ကိုယ့်အကျိုးစီးပွားအတွက် အာဖဂန်နစ္စတန်ကို အမြတ်ထုတ်မယ့်အရေး သတိထားဖို့ လိုအပ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

    ဒါဟာ ပါကစ္စတန်ကို ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    အိန္ဒိယရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့က တာဝန်ရှိသူ စနီဟာ ဒူဘီက အလ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ကို ခိုလှုံခွင့်ပေးခဲ့တာကို ထောက်ပြခဲ့ပြီး ပါကစ္စတန်ဟာ အကြမ်းဖက်တွေကို မွေးထုတ်ပေးတဲ့နိုင်ငံဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးစစ်ပွဲမှာ ဘင်္ဂါလီတွေကို ဘာသာရေး၊ ယာဉ်ကျေးမှု မျိုးတုန်းအောင် လုပ်ဆောင်ခဲ့ကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera