News @ M-Media

Blog

  • အစ္စရေးက တိုက်ခိုက်ဖျက်ဆီးခဲ့သည့် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း လာမည့်လတွင် စတင်မည်

    အစ္စရေးက တိုက်ခိုက်ဖျက်ဆီးခဲ့သည့် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း လာမည့်လတွင် စတင်မည်

    စက်တင်ဘာ ၂၆၊ ၂၀၂၁

    M-Media

    -အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေကြောင့် အကြီးအကျယ် ပျက်ဆီးခဲ့ရတဲ့ ဂါဇာကမ်းမြှောင်ဒေသ ပြန်လည်တည်ဆောက်ရေး ပထမအဆင့်လုပ်ငန်းတွေကို မကြာခင် စတင်တော့မယ်လို့ သိရပါတယ်။

    အစ္စရေးဟာ ဂါဇာဒေသကို မကြာခဏ လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးလေ့ရှိပါတယ်။ ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်ကို တိုက်ခိုက်တာလို့ အကြောင်းပြပေမယ့် ထိခိုက်သေဆုံးမှုအများစုက အရပ်သားတွေပါ။ အစ္စရေးဟာ ဂါဇာက လူနေတိုက်တာတွေ အခြေခံအဆောက်အဦးတွေကိုလည်း ပစ်မှတ်ထား ဖျက်ဆီးလေ့ရှိပါတယ်။

    ပြီးခဲ့တဲ့မေလ ၁၁ ရက်ကြာမြင့်တဲ့ အစ္စရေးရဲ့ နောက်ဆုံးတိုက်ခိုက်မှုအတွင်း ကလေးငယ် ၆၆ ဦးအပါအ၀င် ပါလက်စတိုင်းအရပ်သား ၂၆၀ ကျော် သေဆုံးခဲ့ပါတယ်။

    လူနေအိမ်ပေါင်း ၂၀၀၀ လောက် လုံး၀ ဖျက်ဆီးခံလိုက်ရပြီး၊ တစ်စိတ်တစ်ပိုင်း ပျက်ဆီးသွားတဲ့ နေအိမ်ပေါင်း ၂၂၀၀၀ ကျော် ရှိပါတယ်။ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    အထပ်မြင့်အဆောက်အဦး ၄ ခု၊ စာသင်ကျောင်း၊ ဆေးရုံတို့အပါအ၀င် အများပြည်သူဆိုင်ရာ အဆောက်အဦး ၇၄ ခုကိုလည်း အစ္စရေးက တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။

    ဒီတိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာ အနည်းဆုံး ကန်ဒေါ်လာ ၅၀၀ ဖိုးလောက် ပျက်ဆီးဆုံးရှုံးခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ဂါဇာ အိုးအိမ်ဌာန၊ ကာတာရဲ့ ဂါဇာ ပြန်လည်တည်ဆောက်ရေးကော်မတီ၊ အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး လာမယ့်လမှာ စတင်မှာပါ။

    ကာတာက လူနေအိမ်တွေတည်ဆောက်ဖို့ ဒေါ်လာ သန်း ၅၀၀ ကူညီပေးမှာ ဖြစ်ပြီး၊ အီဂျစ်က လမ်းတံတားတွေအတွက် ဒေါ်လာသန်း ၅၀၀ ထောက်ပံ့မှာ ဖြစ်ပါတယ်။

    အစ္စရေးဟာ ဂါဇာဒေသကို ဆောက်လုပ်ရေးပစ္စည်းတွေ လုံး၀ တင်သွင်းခွင့်မပြုဘဲ၊ အီဂျစ်ကလည်း ဂါဇာနယ်စပ်ကို ၁၄ နှစ်ကြာ ပိတ်ထားခဲ့တာပါ။

    ဂါဇာကမ်းမြှောင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းမှာ အဆင့် ၃ ဆင့် ပါ၀င်မှာဖြစ်ပြီး ပထမအဆင့်မှာ လူနေအိမ်တွေကို စတင်ဆောက်လုပ်ပေးမှာ ဖြစ်ပါတယ်။ ကူ၀ိတ်က ဖျက်ဆီးခံလိုက်ရတဲ့ အထပ်မြင့်အဆောက်အဦး ပြန်လည်ဆောက်လုပ်ပေးမယ်လို့ အစောပိုင်းမှာ ကတိပြုထားပေမယ့် နောက်ဆုံးသဘောတူညီချက် ထွက်မလာသေးပါဘူး။

    ဂါဇာအိုးအိမ်ဌာန တာ၀န်ရှိသူ နာဂျီ ဆာရ်ဟန်က ပြန်လည်တည်ဆောက်ရေးလုပ်ငန်းမှာ ပင်လယ်ကွေ့နိုင်ငံများအဖွဲ့(GCC)၊ ဥရောပသမဂ္ဂတို့ အပါအ၀င် အခြားတိုင်းပြည်တွေ၊ နိုင်ငံကတာအဖွဲ့အစည်းတွေ ပါ၀င်ကူညီပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းပိုင်နက်မှ တစ်နှစ်အတွင်းထွက်သွားရန် အစ္စရေးကို သမ္မတအဘတ်စ် ရာဇသံပေး

    ပါလက်စတိုင်းပိုင်နက်မှ တစ်နှစ်အတွင်းထွက်သွားရန် အစ္စရေးကို သမ္မတအဘတ်စ် ရာဇသံပေး

    စက်တင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -ကျူးကျော်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေကနေ တစ်နှစ်အတွင်း ထွက်သွားဖို့ အစ္စရေးကို ပါလက်စတိုင်း သမ္မတ အမဟ်မူးဒ် အဘတ်စ်က ရာဇသံပေးလိုက်ပါတယ်။

    ၁၉၆၇ ခုနှစ်က နယ်နမိတ်အတိုင်း ပါလက်စတိုင်းနိုင်ငံ တည်ထောင်ဖို့နဲ့ အပြန်အလှန်အားဖြင့် အစ္စရေးကို ပါလက်စတိုင်းက အသိအမှတ်ပြုဖို့ ၁၉၉၃ ခုနှစ်မှာ ပါလက်စတိုင်းနဲ့ အစ္စရေးတို့ သဘောတူညီခဲ့ကြတာပါ။ သဘောတူညီချက်အတိုင်း ပါလက်စတိုင်းက အစ္စရေးကို အသိအမှတ်ပြုခဲ့ပေမယ့် အစ္စရေးက အခုအချိန်အထိ ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်နေတာ ဖြစ်ပါတယ်။

    မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံကို ပေးပို့တဲ့မိန့်ခွန်းမှာ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ကျူးကျော်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေကနေ တစ်နှစ်အတွင်း မထွက်သွားဘူးဆိုရင် အစ္စရေးကို အသိအမှတ်ပြုမှု ရပ်ဆိုင်းမယ်လို့ သတိပေးခဲ့ပါတယ်။

    “အရှေ့ဂျေရုစလင် အပါအဝင် ၁၉၆၇ ခုနှစ်ကတည်းက ကျူးကျော်သိမ်းပိုက်လာတဲ့ ပိုင်နက်တွေကနေ တစ်နှစ်အတွင်း ထွက်သွားဖို့ ကျူးကျော်သူ အစ္စရေးကို ပြောလိုပါတယ်။ တကယ်လို့ ဒါမျိုး မလုပ်ဘူးဆိုရင် ၁၉၆၇ ခုနှစ် နယ်နမိတ်အတိုင်း အစ္စရေးကို ဘာ့ကြောင့် ကျွန်တော်တို့ အသိအမှတ်ပြုတော့မလဲ”

    ပါလက်စတိုင်းကိစ္စ နိုင်ငံတကာ ငြိမ်းချမ်းရေ ညီလာခံကျငးပဖို့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို အဘတ်စ်က တိုက်တွန်းခဲ့ပြီး၊ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ ဆုံးဖြတ်ချက်တွေအတိုင်း အစ္စရေး၊ ပါလက်စတိုင်းပြဿနာကို အပြီးသတ်ဖြေရှင်းဖို့ စိတ်ဆန္ဒရှိတယ်လို့လည်း ဆိုပါတယ်။

    အဘတ်စ်ရဲ့ ကုလမိန့်ခွန်းမှာ အစ္စရေးက ပါလက်စတိုင်းနေမြေတွေကို ဆက်လက်ကျူးကျော် သိမ်းပိုက်နေတာတွေကို ရှုတ်ချခဲ့ပြီး အစ္စရေးဟာ ပါလက်စတိုင်းတွေအပေါ် ‘လူမျိုးစုလိုက် ရှင်းလင်းသုတ်သင်မှု’ လုပ်ဆောင်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အစ္စရေးရဲ့ နယ်မြေကျူးကျော်မှု ပိုမိုထင်ရှားစေဖို့အတွက် နိုင်ငံကာခုံသမာဓိရုံး (ICJ) အထိသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ အဘတ်စ်က ဆိုပါတယ်။

    ကုလဆိုင်ရာ အစ္စရေးသံအမတ် ဂီလဒ် အာရ်ဒန်က ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးညှိနှိုင်းမှုကို လိုလားသူတွေဟာ အဘတ်စ် ကုလမှာ ပြောခဲ့တဲ့မိန့်ခွန်းလို ဖြစ်နိုင်ဖွယ်မရှိတဲ့ ခြိမ်းခြောက်ရာဇသံတွေ ပေးမှာမဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • ရိုဟင်ဂျာများ မြန်မာနိုင်ငံပြန်နိုင်ရေး ကူညီပေးရန် ဥရောပသမဂ္ဂကို ဘင်္ဂလားဒေ့ရှ် တောင်းဆို

    ရိုဟင်ဂျာများ မြန်မာနိုင်ငံပြန်နိုင်ရေး ကူညီပေးရန် ဥရောပသမဂ္ဂကို ဘင်္ဂလားဒေ့ရှ် တောင်းဆို

    စက်တင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ဒုက္ခသည်စခန်း

    -နိုင်ငံအတွင်းရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော် နေရပ် မြန်မာနိုင်ငံကို ပြန်နိုင်ရေး ဥရောသမဂ္ဂက ပိုမိုကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

    လူသားချင်းစာနာထောက်ထားမှုအရ ဒီဒုက္ခသည်တွေကို လက်ခံထားရတာဟာ တိုင်းပြည်အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အေကေ အဘ်ဒူလ်မိုဟန်က ဥရောပသမဂ္ဂ နိုင်ငံခြားရေးအကြီးအကဲ ဂျိုးဆပ် ဘော်ရဲလ်ကို ပြောခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဝန်ကြီးနှစ်ဦးဟာ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံအပြီး ကြာသာပတေးနေ့က တွေ့ဆုံခဲ့ကြတာပါ။ ရိုဟင်ဂျာတွေ နေရပ်ပြန်ပြီး အတည်တကျ ပြန်လည်နေထိုင်နိုင်မယ့် အခြေအနေတစ်ခု ပေါ်ပေါက်လာရေးမှာ ဥရောပသမဂ္ဂက ပိုမိုထိရောက်တဲ့ ပူးပေါင်းပါဝင်မှုမျိုး လုပ်ဆောင်ပေးဖို့ မိုဟန်က မေတ္တာရပ်ခံခဲ့ပါတယ်။

    မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဟာ ၁၉၆၀ ပြည့်နှစ်တွေကစတင်ပြီး စစ်အာဏာရှင်အဆက်ဆက်ရဲ့ ညှင်းပမ်းနှိပ်စက်မှု၊ သတ်ဖြတ်မောင်းထုတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို မကြာခဏ ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

    ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာထောင်ချီ အသတ်ခံရပြီး ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထပ်မံထွက်ပြေးခဲ့ရကာ ဒီကိစ္စကို ကမ္ဘာတစ်ဝှမ်းက အာရုံစိုက်လာခဲ့ပါတယ်။

    ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်လောက်ကို လက်ခံထားရတာဟာ လူမှုရေး၊ စီးပွားရေးနဲ့ သဘာ၀ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စတွေမှာ ဘင်္ဂလားဒေ့ရှ်ကို အများကြီး ထိခိုက်စေတယ်လို့လည်း အဘ်ဒူလ်မိုဟန်က ဆိုပါတယ်။

    ဥရောပသမဂ္ဂ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲ ဂျိုးဆပ် ဘော်ရဲလ်က ရိုဟင်ဂျာတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျေးဇူးတင်ရှိပြီး၊ ရိုဟင်ဂျာတွေ နေရပ် မြန်မာနိုင်ငံကို ပြန်နိုင်ရေးကိုလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Anadolu

  • အိန္ဒိယမှ နာမည်ကြီးလူဆိုးဂိုဏ်းခေါင်းဆောင် တရားခွင်တွင် ပစ်သတ်ခံရ

    အိန္ဒိယမှ နာမည်ကြီးလူဆိုးဂိုဏ်းခေါင်းဆောင် တရားခွင်တွင် ပစ်သတ်ခံရ

    စက်တင်ဘာ ၂၄၊ ၂၀၂၁
    M-Media

    -အိန္ဒိယနိုင်ငံမှာ လူသတ်မှု ပြန်ပေးဆွဲမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ နာမည်ကြီး လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ဦးဟာ ဒီကနေ့ တရားခွင်မှာ လူ ၂ ဦးရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံလိုက်ရပါတယ်။

    ဂျီတန်ဒါ မာအန် ဂိုဂီဆိုတဲ့ အဲဒီ လူဆိုးဂိုဏ်းခေါင်းဆောင် ဒေလီမြို့က တရားရုံးတစ်ခုမှာ အမှုရင်ဆိုင်ဖို့ ရှိနေစဥ် ရှေ့နေဝတ်စုံဝတ်ထားပြီး ဝင်လာတဲ့ လူ ၂ ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတ်ဖြတ်မှုကို ပြိုင်ဘက်လူဆိုးဂိုဏ်းက လုပ်ဆောင်တာဖြစ်ပြီး ကျူးလွန်သူတွေကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒေလီရဲတပ်ဖွဲ့က ပြောပါတယ်။

    ဂိုဂီဟာ ဒေလီရဲတပ်ဖွဲ့က အလိုအရှိဆုံး လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်း လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ လိမ်လည်မှုပေါင်းများစွာ ကျူးလွန်ထားသူပါ။ ပြိုင်ဘက် လူဆိုးဂိုဏ်းတွေကလည်း ဂိုဂီကို ရှင်းလင်းဖို့ အပြိုင်ကြိုးစားနေကြတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် မတ်လမှာ ဂိုဂီကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး တရားစွဲဆိုခဲ့တာပါ။

    ဂိုဂီဟာ ဆယ်ကျော်သက်ဘ၀ကတည်းက ရာဇဝတ်မှုတွေကို ကျူးလွန်တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဟာရာနာပြည်နယ်က နာမည်ကြီးအဆိုတော်တစ်ဦးအပါအဝင် နာမည်ကျော် သတ်ဖြတ်မှုတော်တော်များများကို ကျူးလွန်ခဲ့သူဖြစ်ပါတယ်။

    အခုအဖြစ်အပျက်ကြောင့် ဒေလီရဲတပ်ဖွဲ့ရဲ့ တရားခွင်လုံခြုံရေးဆောင်ရွက်မှုအပေါ် ဝေဖန်မှုတွေလည်း ပေါ်ထွက်လာပါတယ်။

    Ref: BBC

  • အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ ကျူးလွန်မှုများ စစ်ရာဇဝတ်မှုမြောက်နေ

    အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ ကျူးလွန်မှုများ စစ်ရာဇဝတ်မှုမြောက်နေ

    စက်တင်ဘာ ၂၄၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တဲ့အနေအထားမှာ ရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြီးအကဲ မီရှဲ ဘာချလက်က ကြာသာပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက နိုင်ငံတစ်ဝှမ်း လူပေါင်း ၁၁၂၀ ကျော် သတ်​ဖြတ်ခဲ့တာ၊ ဖမ်းဆီးခံရသူ ၈ ထောင်ရှိပြီး ဖမ်းဆီးထားစဉ်အတွင်း သတ်ဖြတ်မှု ၁၂၀ လောက် ရှိနေတာ၊ လူ ၂ သိန်း ၃ သောင်းကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေကို ဘာချလတ်ရဲ့ လူ့အခွင့်အရေးကောင်စီကိုတင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ပြည်သူလူထုရဲ့ အသက်ရှင်ရပ်တည်ခွင့်၊ လွတ်လပ်ခွင့်၊ လုံခြုံရေး၊ မျှတစွာ တရားစီရင်မှု၊ လွတ်လပ်စွာပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့် စတာတွေအပါအဝင် နိုင်ငံတကာ လူ့ခွင့်အရေး စံချိန်စံညွှန်းတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သတ်မှတ်ချက်တွေကို စစ်ကောင်စီတပ်တွေက ချိုးဖောက်နေတာကို မှတ်တမ်းရယူထားတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

    ပဋိပက္ခ၊ ဆင်းရဲမွဲတေမှု၊ ကိုဗစ်ကပ်ရောဂါတွေ၊ စစ်တပ်ရဲ့ အကြမ်းဖက်မှု၊ စီးပွားရေးပြိုလဲမှု စတာတွေကြောင့် မြန်မာပြည်သူတွေဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ပိုမို ကြုံတွေ့ရနိုင်တယ်လို့ ဘာချလက်က သတိပေးခဲ့ပါတယ်။

    “မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့နဲ့ ပဋိပက္ခတွေ အခုထက်ပိုပြီး မကျယ်ပြန့်ခင် တားဆီးဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက နှစ်ဆလောက် ကြိုးပမ်းအားထုတ်ဖို့ လိုအပ်နေပါတယ်”

    စစ်ကောင်စီတပ်တွေဟာ စစ်ပွဲမှာ အသုံးပြုတဲ့ လက်နက်ခဲယမ်းတွေကို ပြည်သူတွေအပေါ်မှာ အသုံးပြုနေပြီး လေကြောင်း၊ လက်နက်ကြီးတွေနဲ့လည်း အရပ်သား၊ လက်နက်ကိုင် မခွဲခြားဘဲ ပစ်ခတ်နေတယ်လို့ ဘာချလက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု

    မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက စစ်ကောင်စီတပ်တွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ လုပ်ဆောင်နေပြီး ဒါတွေကို တားဆီးဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြိုးပမ်းမှုတွေ အလုပ်မဖြစ်ဘူးလို့ ဆိုပါတယ်။

    ဖမ်းလိုသူတွေကို မတွေ့ရင် ၅ လကလေးအပါအဝင် ​မိသားစုတွေ၊ ဆွေမျိုးတွေကို စစ်တပ်က ပြန်ပေးဆွဲပြီး ညှင်းပမ်းတာ၊ တစ်နှစ်ကျော်အရွယ်ကနေ ၁၇ နှစ်အရွယ်ရှိတဲ့ ကလေးငယ် အနည်းဆုံး ၇၅ ဦး သတ်ဖြတ်ခံရတာတွေကို တွမ်အန်ဒရူးက ဗုဒ္ဓဟူးနေ့ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံမှုမှာ ထည့်သွင်းပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ကျူးလွန်မှု မှတ်တမ်းမှတ်ရာတွေကို ရရှိထားတယ်လို့လည်း ဆိုပါတယ်။

    Ref: Vatican News