News @ M-Media

Blog

  • ရိုဟင်ဂျာများကို အကြမ်းဖက်ရန်လှုံ့ဆော်ခဲ့သည့် အကောင့်များကို လွှဲပေးရန် Facebook ကို အမေရိကန်တရားရုံးတစ်ခု ညွှန်ကြား

    ရိုဟင်ဂျာများကို အကြမ်းဖက်ရန်လှုံ့ဆော်ခဲ့သည့် အကောင့်များကို လွှဲပေးရန် Facebook ကို အမေရိကန်တရားရုံးတစ်ခု ညွှန်ကြား

    စက်တင်ဘာ ၂၄၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ဆက်နွယ်ပြီး ဖယ်ရှားခဲ့တဲ့ အကောင့်တွေမှာ ရေးသားခဲ့တဲ့ မှတ်တမ်းတွေကို ပေးအပ်ဖို့ ဆိုရှယ်မီဒီယာကုမ္ပဏီ Facebook ကို အမေရိကန်တရားရုံးတစ်ခုက ညွှန်ကြားလိုက်ပါတယ်။

    အရင်က ဒီလိုတောင်းဆိုမှုမျိုး ရှိပေမယ့် အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ထုတ်ပေးတာဟာ အမေရိကန်ရဲ့ ဆက်သွယ်ရေးဥပဒေကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး Facebook က တုန့်ပြန်ထားတာပါ။

    ဗုဒ္ဓဟူးနေ့ ဝါရှင်တန်တရားရုံးတစ်ခုရဲ့ ညွှန်ကြားမှုမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် စုံစမ်းဆေးဖို့ ဆောင်ရွက်မှုအတွင်း Facebook က ပူးပေါင်းဆောင်ရွက်မှု မရှိတာကို ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေးဥပဒေရဲ့ တားမြစ်ထားချက်ဟာ ရိုဟင်ဂျာတွေအပေါ် အမုန်းစကားပြောတာ၊ အကြမ်းဖက်ဖို့ လှုံဆော်တာတွေအတွက် အကြုံးမဝင်ဘဲ၊ ဒီအချက်အလက်တွေကို ထုတ်မပေးတာက ‘ရိုဟင်ဂျာတွေ ခံစားခံရတဲ့ ဖြစ်ရပ်ဆိုးမှာ ပူးပေါင်းပါဝင်သလို’ ဖြစ်သွားစေတယ်လို့ တရားရုံးက ဆိုပါတယ်။

    Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ကုလရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အချက်အလက်တွေပေးကာ ပူးပေါင်းဆောင်ရွက်နေပြီး ဝါရှင်တန်တရားရုံးက အခုညွှန်ကြားမှုအတွက် သုံးသပ်နေတယ်လို့ ပြောပါတယ်။

    မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေဟာ ၁၉၆၀ ပြည့်နှစ်တွေကတည်းက စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ညှင်းပမ်း​ မောင်းထုတ်မှုကို ခံခဲ့ရတာပါ။ ၂၀၁၇ ခုနှစ် ဩဂုတ်လ စစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေးအတွင်း ရိုဟင်ဂျာ ထောင်ချီ အသတ်ခံခဲ့ရပြီး ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထပ်မံ ထွက်ပြေးခဲ့ရပါတယ်။

    မြန်မာစစ်တပ်ဟာ ရိုဟင်ရွာပေါင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသမီးတွေကို အဓမ္မကျင့်တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ခိုးဆိုးလုယက်တာတွေလို ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

    စစ်တပ်နဲ့ အဲဒီအချိန်က မြန်မာအစိုးရက ဒီသတင်းတွေကို ငြင်းဆိုပြီး ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ အာဆာရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တာသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၂ ခုနှစ်ကလည်း မဘသအစွန်းရောက်တွေဟာ အဓမ္မကျင့်သတ်ဖြတ်မှုတစ်ခုကို အသုံးချပြီး ဆူပူအောင်လှုံဆော်ခဲ့တာကြောင့် ရိုဟင်ဂျာ၊ ကမန်နဲ့ အခြားအစ္စလာမ်ဘာသာဝင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေ ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့ပြီး၊ ဒီမီးပွားဟာ ပြည်မကိုပါ ကူးစက်ကာ အစ္စလာမ်ဘာသာဝင်တွေ တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာနိုင်ငံမှာပြန့်နှံ့ခဲ့တဲ့ ရိုဟင်ဂျာနဲ့ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ Facebook ဟာ အဓိကကျခဲ့တယ်လို့ ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်ပါတယ်။

    ရိုက်တာသတင်းဌာနရဲ့ စုံစမ်းဖော်ထုတ်မှုတစ်ခုမှာလည်း ရိုဟင်ဂျာနဲ့ မွတ်စလင်တွေကို ခွေးတွေ၊ မုဒိမ်းကောင်တွေ၊ လောက်တွေနဲ့ နှိုင်းကာ အမုန်းစကားပြောဆိုတဲ့၊ သတ်ဖြတ်ဖို့လှုံ့ဆော်တဲ့ Facebook က ပို့စ်ပေါင်း တစ်ထောင်ကျော်ကို ကိုးကားခဲ့ပါတယ်။

    မြန်မာနိုင်ငံက မွတ်စလင်မုန်းတီးရေးလှုပ်ရှားမှုမှာ Facebook က အရေးယူဆောင်ရွက်မှု အလွန်နှေးကွေးတယ်လို့ ဝေဖန်ခံခဲ့ရပြီးတဲ့နောက် Facebook ဟာ ရိုဟင်ဂျာဆန့်ကျင်ရေး၊ မွတ်စလင်ဆန့်ကျင်ရေး အကောင့်တွေ၊ Group တွေကို ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ ဖယ်ရှားခဲ့ပါတယ်။

    Ref : Reuters

  • တရုတ်ရန်ကို ကာကွယ်ရန် ဂျပန်နှင့် ဗီယက်နမ် စစ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်

    တရုတ်ရန်ကို ကာကွယ်ရန် ဂျပန်နှင့် ဗီယက်နမ် စစ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်

    စက်တင်ဘာ ၂၂၊ ၂၀၂၁
    M-Media

    ဗီယက်နမ်သမ္မတ Nguyen Xuan Phuc နှင့် ဂျပန်ကာကွယ်ရေးဝန်ကြီး ကီရှီ

    -ဒေသတွင်းမှာ အင်အားကြီးပြီး အန္တရာယ်ရှိလာတဲ့ တရုတ်ကို တန်ပြန်မယ့် ခြေလှမ်းအတွက် ဂျပန်ဟာ ဗီယက်နမ်နိုင်ငံနဲ့ ထူးခြားတဲ့ ကာကွယ်ရေးဆိုင်ရာ စာချုပ်တွေကို ချုပ်ဆိုလိုက်ပါတယ်။

    ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ ပြီးခဲ့တဲ့တစ်ပတ် ဂျပန် ကာကွယ်ရေးဝန်ကြီး နိုဘူအို ကီရှီနဲ့ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး ဖန်ဗန်ဂန်တို့ နှစ်နိုင်ငံစစ်တပ်အကြား လက်နက်ရောင်းချဖို့၊ ကာကွယ်ရေးနည်းပညာ အပြန်အလှန်ဖလှယ်ဖို့အတွက် သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

    သဘောတူညီချက်တွေထဲမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဖို့၊ ဆိုက်ဘာလုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့အပြင် နှစ်နိုင်ငံဆက်ဆံရေး အဆင့်တစ်ခုကို တက်လှမ်းဖို့ စတာတွေလည်း ပါဝင်ပါတယ်။ အထူးခြားဆုံးက သိပ်မကြာခင်ကာလမှာ ဗီယက်နမ်ဟာ ဂျပန်ထုတ် ရေတပ်သင်္ဘောတွေ ရရှိမယ့် လမ်းကြောင်းမျိုး ဖောက်လိုက်တာပါ။

    ၂၀၂၀ ခုနှစ် မတ်လကလည်း ဂျပန်နဲ့ ဗီယက်နမ်တို့ဟာ ရေတပ်သင်္ဘောတည်ဆောက်တဲ့ နည်းပညာမျှဝေရေး၊ နှစ်ဖက်ကြည်းတပ်တွေ ပူး​ပေါင်းဆောင်ရွက်ရေး၊ ဂျပန်က စစ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေ ဗီယက်နမ်ကို သွားရောက်ရေး သဘောတူညီခဲ့ကြပြီး အခုတစ်ခေါက်က နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနွေးထွေးစေမှာ ဖြစ်ပါတယ်။

    ဂျပန်ဟာ တရုတ်ရန်ကို သတိထားနေရတဲ့နိုင်ငံဖြစ်ပြီး ဗီယက်နမ်ကလည်း တောင်တရုတ်ပင်လယ်ကိစ္စမှာ တရုတ်နဲ့ ပိုင်နက်အငြင်းပွားမှု ရှိနေပါတယ်။

    ဟနွိုင်းခရီးစဉ်မှာ ဂျပန်ကာကွယ်ရေးဝန်ကြီး ကီရှီက ဒေသတွင်း လက်ရှိအနေအထားကို အတင်းအကြပ်ပြောင်းလဲတဲ့ တစ်ဖက်သက် ဆောင်ရွက်ချက်မျိုး မိမိတို့ လက်ခံမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ဒါဟာ တရုတ်ကို ရည်ညွှန်းတယ်ဆိုတာ ထင်ရှားပါတယ်။

    ဗီယက်နမ်လို ဒေသတွင်း အင်အားရှိတဲ့ နိုင်ငံမျိုးတွေနဲ့ ပူးပေါင်းပြီး လုံခြုံရေးဆိုင်ရာ လွှမ်းမိုးမှုကို ချဲ့ထွင်ဖို့ ကီရှီက စိတ်ဆန္ဒရှိနေတာပါ။ အခုလို ဗီယက်နမ်နဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိတာဟာ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးအခြေခံကို အားကောင်းစေဖို့နဲ့ နိုင်ငံလုံခြုံရေးကို တိုးမြှင့်ဖို့ဖြစ်တယ်လို့လည်း ကီရှီက ဆိုပါတယ်။

    ဂျပန်နဲ့ ဗီယက်နမ်တို့ဟာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်လုပ်ဆောင်ထားပါတယ်။

    Ref: Asia Times

  • အာဖဂန်နစ္စတန်တွင် ပြည်တွင်းစစ် ဖြစ်လာနိုင်ဟု ပါကစ္စတန်ဝန်ကြီးချုပ် သတိပေး

    အာဖဂန်နစ္စတန်တွင် ပြည်တွင်းစစ် ဖြစ်လာနိုင်ဟု ပါကစ္စတန်ဝန်ကြီးချုပ် သတိပေး

    စက်တင်ဘာ ၂၂၊ ၂၀၂၁
    M-Media

    -တာလီဘန်အနေနဲ့ အားလုံး ပူးပေါင်းပါဝင်တဲ့ အစိုးရမျိုး မဖွဲ့စည်းနိုင်ဘူးဆိုရင် ပြည်တွင်းစစ်ဖြစ်ကာ ပါကစ္စတန်ကိုပါ ရိုက်ခတ်လာနိုင်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက သတိပေးလိုက်ပါတယ်။

    ဩဂုတ်လ အလယ်ပိုင်းမှာ တစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ တာလီဘန်ဟာ အခုလအစောပိုင်းမှာ အစိုးရအဖွဲ့ကို ကြေငြာခဲ့ပေမယ့် နိုင်ငံအတွင်းက လူမျိုးစုတွေ မပါဝင်ပါဘူး။ အခုတစ်ပတ်အစောပိုင်း ဒုဝန်ကြီးတွေ ခန့်အပ်ရာမှာလည်း လူနည်းစုတွေထဲက ၃ ဦးကို ထည့်ထားပေမယ့် ပါဝင်သင့်သလောက် မပါဝင်လာဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

    မနေ့က BBC သတင်းဌာနနဲ့ အင်တာဗျူးမှာ အင်မရန်းခန်းက တာလီဘန်အနေနဲ့ ​အားလုံးပါဝင်တဲ့အစိုးရမျိုး မဖွဲ့စည်းနိုင်ဘူးဆိုရင် ပြည်တွင်းစစ်ဖြစ်လာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    “အားလုံးပါဝင်တဲ့ အစိုးရမျိုး မဖွဲ့စည်းနိုင်ဘူး၊ မတူညီတဲ့အဖွဲ့အစည်းတွေကလူတွေကို မထည့်ဘူးဆိုရင် တစ်ဖြည်းဖြည်းနဲ့ ပြည်တွင်းစစ်ဖြစ်လာမယ်။ အဲဒီပြည်တွင်းစစ်က ပါကစ္စတန်ကို ထိခိုက်လာပါလိမ့်မယ်”

    အာဖဂန်နစ္စတန်မှာ ပြည်တွင်းစစ်ဖြစ်လာရင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေ၊ ဒုက္ခသည်ပြဿနာတွေ ဖြစ်လာမှာနဲ့ အာဖဂန်မြေကိုအသုံးချပြီး ပါကစ္စတန်အစိုးရကို တိုက်ခိုက်မယ့် လက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါ်လာမှာ စိုးရိမ်တယ်လို့လည်း အင်မရန်းခန်းက ပြောပါတယ်။

    လက်ရှိ တာလီဘန်အစိုးရကို ပြင်ဆင်ဖွဲ့စည်းဖို့ အင်မရန်းခန်းက တိုက်တွန်းဆော်ဩဖူးပြီး တာလီဘန်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မိုဟာမက် မိုဘင်းက အားလုံးပူးပေါင်းပါဝင်တဲ့အစိုးရ ဖွဲ့စည်းရေး တိုက်တွန်းဖို့ ဘယ်သူ့ကိုမှ မိမိတို့အဖွဲ့က အခွင့်အရေး မပေးထားဘူးလို့ တုန့်ပြန်ထားပါတယ်။

    ၁၉၉၆-၂၀၀၁ ခုနှစ်က တာလီဘန်အုပ်စိုးမှုတုန်းကလို အာဖဂန်နစ္စတန်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိမှာကို နိုင်ငံကာအသိုင်းအ၀ိုင်းက စိုးရိမ်နေပြီး တာလီဘန်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွတ်လာ မူဂျာဟစ်က မိမိတို့ကို နိုင်ငံကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုပြီးနောက်ပိုင်းမှ ဒီစိုးရိမ်မှုတွေအတွက် အဖြေပေးမယ်လို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဖိနှိပ်ခံ ရိုဟင်ဂျာနှင့် အာဖဂန်ပြည်သူများကို ကူညီမည်ဟု ဖိလစ်ပိုင်သမ္မတ ကတိပြု

    ဖိနှိပ်ခံ ရိုဟင်ဂျာနှင့် အာဖဂန်ပြည်သူများကို ကူညီမည်ဟု ဖိလစ်ပိုင်သမ္မတ ကတိပြု

    စက်တင်ဘာ ၂၂၊ ၂၀၂၁
    M-Media

    -ဖိနှိပ်ခံရမှုကြောင့် ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေနဲ့ အာဖဂန်ပြည်သူတွေကို အကူညီပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ပြောကြားလိုက်ပါတယ်။

    ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို ပေးပို့တဲ့ ဗီဒီယိုသတင်းစကားမှာ ဒူတာတေးက ပြောလိုက်တာပါ။ ဒီလိုကူညီပေးဖို့ မိမိတို့မှာ ရင်းမြစ်တွေ အကန့်အသတ်ရှိပေမယ့် လူသားတန်ဖိုးကို မြှင့်တင်ပေးဖို့ အကောင်းဆုံးဆောင်ရွက်သွားမယ်လို့လည်း သူက ဆိုပါတယ်။

    “ကိုယ်လိုချင်သလို သူများကို သွတ်သွင်းတာဟာ ဘယ်လောက်ပဲ ရည်ရွယ်ချက်ကောင်းနေပါစေ အလုပ်မဖြစ်ပါဘူး။ အတိတ်ကလည်း ဒါမျိုး အလုပ်မဖြစ်သလို၊ အနာဂတ်မှာလည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး”

    မြန်မာနိုင်ငံမှာ စစ်ပွဲတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ဆက်လက် လက်ခံသွားမယ်လို့ ဒူတာတေးက မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက လုပ်ဆောင်ပေးနိုင်တဲ့ အကန့်အသတ်နဲ့အညီ ရိုဟင်ဂျာတစ်ချို့ကို လက်ခံနိုင်ရေး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့ UNHCR နဲ့ အနီးကပ်ဆောင်ရွက်ဖို့ တရားရေးဌာနကို ညွှန်ကြားထားပြီးဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    အာဖဂန်နစ္စတန်ကနေ ထွက်ပြေးလာတဲ့ အာဖဂန် ဒုက္ခသည်တစ်ချို့ကို ကြိုဆိုလက်ခံထားတယ်လို့ စက်တင်ဘာ ၈ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။

    ဒူတာတေးက တာလီဘန်ရန်​ကြောင့် ထွက်ပြေးလာတဲ့ အာဖဂန်ပြည်သူတွေအတွက် တံခါးတွေ ဆက်လက်ဖွင့်ထားတယ်လို့ ဆိုပါတယ်။

    “အရင်ကတည်းကရှိခဲ့တဲ့ ဖိလစ်ပိုင်ရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဓလေ့ထုံးတမ်းအရ အာဖဂန်ပြည်သူတွေအတွက် တံခါးတွေ ဖွင့်ထားပါတယ်။ အထူးသဖြင့် ပဋိပက္ခတွေကြောင့် ထွက်ပြေးလာရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက်ပါ”

    ဖိလစ်ပိုင်ဟာ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ ၁၉၄၀ တရုတ်ပြည်တွင်းစစ်၊ ဗီယက်နမ်စစ် စတဲ့ စစ်ပွဲတွေ၊ပဋိပက္ခတွေမှာ ထွက်ပြေးလာရသူတွေကို လက်ခံကူညီပေးတဲ့ သမိုင်းတွေ ရှိနေပါတယ်။

    ဒူတာတေးရဲ့ မူးယစ်နှိမ်နှင်းရေးစစ်ပွဲအတွင်း လူထောင်ချီသေဆုံးခဲ့တဲ့ကိစ္စအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က စုံစမ်းစစ်ဆေးဖို့ ဆောင်ရွက်နေတဲ့အချိန် ဒူတာတေးရဲ့ ဒီလိုပြောကြားမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    Ref: Reuters

  • IS နှင့် အလ်ကိုင်းဒါးအဖွဲ့များကို မိမိတို့ လက်ခံထားမည်မဟုတ်ဟု တာလီဘန်ပြော

    IS နှင့် အလ်ကိုင်းဒါးအဖွဲ့များကို မိမိတို့ လက်ခံထားမည်မဟုတ်ဟု တာလီဘန်ပြော

    စက်တင်ဘာ ၂၁၊ ၂၀၂၁
    M-Media

    တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွတ်လာ မူဂျာဟစ်

    -အာဖဂန်နစ္စတန်မှာ IS နဲ့ အလ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေတယ်ဆိုတဲ့သတင်းကို တာလီဘန်အဖွဲ့က ငြင်းဆိုလိုက်ပြီး ဒီအဖွဲ့အစည်းတွေကို လက်ခံထားမှာမဟုတ်ဘူးလို့ ထပ်မံပြောကြားလိုက်ပါတယ်။

    နိုင်ငံအရှေ့ပိုင်း ဂျလာလာဘတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တာလီဘန်အဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ခိုရာဆန်ဒေသ IS အကြမ်းဖက်အဖွဲ့က ကြေငြာပြီးတဲ့နောက်ပိုင်း တာလီဘန်ရဲ့ ဒီပြောဆိုချက် ထွက်ပေါ်လာတာပါ။

    တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွလ္လာ မူဂျာဟစ်က အာဖဂန်နစ္စတန်မှာ အလ်ကိုင်းဒါးနဲ့ IS လို စစ်သွေးကြွအဖွဲ့အစည်းတွေ ရှိမနေဘဲ နောက်လည်း လက်ခံသွားမှာမဟုတ်ကြောင်း၊ ဒီလိုအဖွဲ့အစည်းတွေက အာဖဂန်မြေကို အသုံးပြုပြီး အခြားနိုင်ငံတွေအပေါ် တိုက်ခိုက်တာကို ခွင့်ပြုမှာမဟုတ်ဘူးဆိုတဲ့ အရင်က ကတိကဝတ်ကို ဆက်လက်စောင့်ထိန်းသွားမှာဖြစ်ကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    တာလီဘန်ဟာ အရင်က အာဖဂန်နစ္စတန်မှာ အလ်ကိုင်းဒါးအဖွဲ့ကို လက်ခံထားဖူးပြီး ၂၀၀၁ ခုနှစ် ၉/၁၁ တိုက်ခိုက်မှုအတွက် အလ်ကိုင်းဒါးခေါင်းဆောင်ကို အမေရိကန်က တောင်းရာမှာ ဖမ်းမပေးတဲ့အတွက် အာဖဂန်ကို အမေရိကန်က ဝင်ရောက် ကျူးကျော် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    လက်ရှိ တာလီဘန်က အာဖဂန်ကို အုပ်စိုးထားတာကြောင့် IS နဲ့ အလ်ကိုင်းဒါးလို အဖွဲ့အစည်းတွေဟာ အာဖဂန်နစ္စတန်ကို ခြေကုပ်ယူပြီး ကမ္ဘာတစ်ဝှမ်းမှာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်မှာကို နိုင်ငံတကာအသိုင်းအ၀ိုင်းက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

    Ref: Alarabiya