News @ M-Media

Blog

  • ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘ၀က ဦးနှောက်နှင့်ပတ်သက်သည့် ရောဂါများကိုကာကွယ်တားဆီးနိုင်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၄
    M-Media

    960227_815159988526473_2812039524928958661_n

    – ကျန်းမာရေးနှင့် ညီညွတ်သော အခြေခံလူနေမှုဘ၀ ပြောင်းလဲခြင်းက အယ်လ်ဇိုင်းမားရောဂါ အပါအ၀င် အခြားသော ဦးနှောက်နှင့်ဆိုင်သည့် ရောဂါများဖြစ်ပွားမှုကို ဟန့်တားရာ၌ အထောက်အကူ ပြုနိုင်သည်ဟု လေ့လာမှုများအရ သိရသည်။

    အဆိုပါလေ့လာမှုကို ဗြိတိန်ကျန်းမာရေးအဖွဲ့ Age UK မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး
    မှတ်ဥာဏ်ဆုံးရှုံးခြင်း၊ အသက်အရွယ်အရ စဉ်းစားမှုစွမ်းရည် လျော့ကျခြင်းတို့၏ ၇၆ ရာခိုင်နှုန်းမှာ လူနေမှုဘ၀နှင့် ပညာရေးအပါအ၀င် အခြားသော
    သဘာဝပတ်ဝန်းကျင်ကိစ္စရပ်များနှင့် သက်ဆိုင်နေသည်ကို တွေ့ရှိခဲ့ရသည်။

    ထို့ပြင် ဦးနှောက်ကျန်းမာရေးအား ထိန်းသိမ်းရန်နှင့် မှတ်ဥာဏ်ထိခိုက်မှု အန္တရာယ်ကို လျော့ကျစေရန်အတွက် ရိုးရှင်းထိရောက်သည့် အချက် ၅ ချက်ကို အဆိုပါ လေ့လာမှုတွင် အကြံပြုခဲ့ပြီး ၎င်းတို့မှာ ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်များ စားသောက်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်းနှင့် အရက် အလွန်အကျွံမသောက်ခြင်းတို့ ဖြစ်သည်။

    အဆိုပါ အချက် ၅ ခုမှ အားလုံး သို့မဟုတ် ၄ ခုကို နှစ်ပေါင်း ၃၀ ခန့် ဆောင်ရွက်ကျင့်သုံးခဲ့သည့် အသက် ၄၅ နှစ်မှ ၅၉ နှစ်အရွယ် ဗြိတိန်အမျိုးသားများကို Age UK က လေ့လာခဲ့ရာ ၎င်းတို့တွင်
    ဦးနှောက်ထိခိုက်မှုနှင့် မှတ်ဥာဏ်ဆုံးရှုံးမှုကို ၃၆ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

    Age UK ၏ ထိုတွေ့ရှိချက်များက ဦးနှောက်ထိခိုက်မှုနှင့် မှတ်ဥာဏ်ဆုံးရှုံးမှုများကို
    ကာကွယ်တားဆီးပေးမည့် လူနေမှု ဘ၀ပုံစံများအား ပြောင်းလဲကျင့်သုံးရန် ပြည်သူများအတွက် တွန်းအားဖြစ်စေမည်ဖြစ်သည်။

    Ref : Xinhua

  • အမေရိကန် ပြည်ထောင်စု မစ်ဇူရီတွင် လူဖြူရဲက လူမည်းလူငယ်အား သေနတ်ဖြင့် ပစ်သတ်မှု ထပ်ဖြစ်ပြန်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၄
    M-Media

    10294429_814951471880658_4734232389255613418_n

    – အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်ရှိ ဖာဂူဆန်မြို့အနီးတွင် လူမည်းလူငယ်တစ်ဦးအား လူဖြူရဲအရာရှိက သေနတ်ဖြင့် ပစ်သတ်မှုတစ်ခု အင်္ဂါနေ့က ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

    သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ အသက် ၁၈ နှစ်အရွယ်ရှိ အန်တိုနီယို မာတင်ဆိုသူဖြစ်ပြီး ဘာကလေမြို့ရှိ ဓာတ်ဆီဆိုင်တစ်ခုအား ရဲတပ်ဖွဲ့ဝင်များက ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နေစဉ် ၎င်းက တပ်ဖွဲ့ဝင်တစ်ဦးကို သေနတ်ဖြင့် ချိန်ရာမှ ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

    တာဝန်ရှိသူများက ပြောကြားရာတွင် အဆိုပါ ရဲအရာရှိမှာ ၎င်း၏ သေနတ်ကိုထုတ်ကာ အနောက်သို့ ဒယီးဒယိုင်လျှောက်လာခဲ့ပြီးနောက် ၃ ချက်ပစ်ခဲ့ရာ မာတင်အား ၁ ချက်သာထိခဲ့ကြောင်း ပြောကြားခဲ့ပြီး ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများကမူ မာတင်မှာ အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်ဖြစ်ပွားမှုကို မကျေနပ်သည့်အတွက် ဒေသခံ ၃၀၀ ခန့်မှာ ဘာကလေရှိ အဆိုပါဓာတ်ဆီဆိုင်ရှေ့တွင် ယမန်နေ့က ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုနေရာတွင် ရဲတပ်ဖွဲ့အင်အား ၅၀ ခန့်ရှိနေပြီး ဆန္ဒပြသူများမှာ ရဲတပ်ဖွဲ့ဝင်များအား အုတ်ခဲကျိုးများ၊ မီရှူးမီးပန်းများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

    အဆိုပါ ဘာကလေမြို့နှင့် ကီလိုမီတာအနည်းငယ်သာဝေးသည့် ဖာဂူဆန်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လက လူမည်းလူငယ် မိုက်ကယ်ဘရောင်းအား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့မှုကြောင့် ပြည်သူများနှင့် ရဲတပ်ဖွဲ့အကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

    ဘာကလေအုပ်ချုပ်ရေးမှူးကမူ ၎င်းတို့အနေဖြင့် အခြေအနေကို ထိန်းသိမ်းနေကြာင်း၊ မိုကယ်ဘရောင်းကိစ္စနှင့် မာတင်တို့ ကိစ္စမှာ လုံးဝမတူညီကြောင်း ပြောကြားခဲ့သည်။

    Source: Al Jazeera and agencies

  • လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်လွန်းသည်ဟုဆိုကာ အာဂျင်တီးနားမြို့တစ်မြို့တွင် အလှမယ်ပြိုင်ပွဲများအား ပိတ်ပင်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၄
    M-Media

    1798750_815160615193077_1208585368777126053_n

    – ဒေသတွင်းပြုလုပ်သော မယ်ပြိုင်ပွဲများတွင် အလှမယ်များမှာ လိင်ပိုင်းဆိုင်ရာ
    ဆွဲဆောင်လွန်းသည်ဟုဆိုကာ အာဂျင်တီးနားရှိ မြို့တစ်မြို့တွင် အလှမယ် ပြိုင်ပွဲများကို ပိတ်ပင်လိုက်သည်ဟု သိရသည်။

    မြို့တော်ဗျူနိုအေရီးစ်နယ်နမိတ်တွင်ရှိသော ချီဗီလ်ကွိုင်မြို့ရှိ မြို့တော်ကောင်စီက ထိုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး အလှမယ်ပြိုင်ပွဲများမှာ အမျိုးသမီးများကို သမရိုးကျပုံစံ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာတစ်ခုတည်းဖြင့်သာ တန်ဖိုးဖြတ်ရမည်ဟူသော အယူအဆကို အားပေးကြောင်း၊
    အလှမယ်များမှာ ခွဲခြားဆက်ဆံခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အသားပေးဆွဲဆောင်ခြင်းကို လုပ်ဆောင်ကြကြောင်း၊ ထိုလုပ်ရပ်များမှာ အမျိုးသမီးများနှင့် ကလေးများအပေါ် အကြမ်းဖက်ခြင်း လုပ်ရပ်ဖြစ်ကြောင်း အဆိုပါ ကောင်စီမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အာဂျင်တီးနားရှိ မြို့များတွင် နှစ်စဉ်နှစ်တိုင်း နှစ်ကုန်ကာနီးအချိန်၌ မြို့၏ အလှဘုရင်မ တစ်ဦးကို ရွေးချယ်လေ့ရှိကြပြီး ထိုပြိုင်ပွဲများတွင် ရေကူးဝတ်စုံများအပါအ၀င် မတူညီသော အ၀တ်အစားများဖြင့် ယှဉ်ပြိုင်လေ့ရှိကြသည်။

    မယ်ပြိုင်ပွဲများပိတ်ပင်ရန် အဆိုပါအယူအဆကို အာဂျင်တိုင်းအလုပ်သမား အစည်းအရုံး CTA ၏ ဒေသတွင်း လက်ခွဲအဖွဲ့တစ်ခုဖြစ်သည့် ကလေးငယ်အခွင့်အရေး ဆောင်ရွက်နေသော Gender Secretariat and the Assembly for Children’s Rights ကချပြခဲ့ခြင်းဖြစ်သည်။ ထို့နောက်
    ချီဗီလ်ကွိုင်မှ မြို့တော်ဝန်နှင့် အန်ဂျီအိုမြောက်များစွာက အားပေးထောက်ခံခဲ့ကြပြီး မဲခွဲခဲ့ရာ မြို့တော်ကောင်စီအဖွဲ့ဝင် ၁၇ ဦးတွင် ထောက်ခံမဲ ၁၂ မဲ ကြားနေမဲ ၅
    မဲဖြင့်အတည်ပြုခဲ့ခြင်းဖြစ်သည်။

    Ref: argentinaindependent.com

  • အင်္ဂလန်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်၏ ဇိမ်ခံကားနှစ်စီး အခိုးခံရ

    ဒီဇင်ဘာ ၂၅၊ ၂၀၁၄
    M-Media

    1896992_815152731860532_8272482884025321634_n

    – အင်္ဂလန်အသင်း၏ လက်ရွေးစင်ဟောင်းတစ်ဦးဖြစ်ပြီး ယခုလက်ရှိ အက်စတွန်ဗီလာအသင်းက ပိုင်ဆိုင်ထားသည့် တိုက်စစ်မှူး ဒါရင်းဘန့်၏ တန်ဖိုးကြီး ဇိမ်ခံကားနှစ်စီးမှာခိုးယူခြင်းခံခဲ့ရသည်ဟု သိရသည်။

    ပြီးခဲ့သည် စနေနေ့က စက်တင် ကိုးလ်ဖီးလ်ဒ်ဒေသရှိ နေအိမ်တွင်
    ဒါရင်းဘန့်အိပ်နေသည့်အချိန်၌ ဖောက်ထွင်းသူများက အိမ်အတွင်းသို့ဝင်ရောက်ကာ ကားသော့ကို ယူသွားပြီးနောက် အဆိုပါ ကားနှစ်စီးအား ခိုးယူသွားခဲ့ခြင်းဖြစ်သည်။

    ခိုးယူခံရသည့် ကားနှစ်ဦးမှာ မော်ဒလ်မြင့် Range Rover နှင့် Audi RS6 ကားတို့ဖြစ်ကြပြီး တစ်စီးချင်းစီ၏ တန်ဖိုးမှာ ပေါင် ၈ သောင်းဝန်းကျင်ခန့် ရှိသည်။
    ဒါရင်းဘန့်မှာ အက်စတွန်ဗီလာနည်းပြသစ် ပေါလ်လမ်ဘာ့တ်၏ လက်အောက်တွင် ၁ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး လက်ရှိအချိန်တွင် ပထမတန်းကလပ် ဘရိုက်တန်အသင်းတွင် သွားရောက်စားနေရသည်။

    ဘန့်ကမူ မိမိအနေဖြင့် ဗီလာအသင်းတွင် ခြေစွမ်းပြခွင့်မရခဲ့ကြောင်း၊ ဘရိုက်တန်အသင်းမှာ ပရီးမီးယားလိဂ်အသင်းများကဲ့သို့ ကစားသည့်အသင်းဖြစ်ပြီး ထိုအသင်းတွင် ကစားရသည်ကို
    ပျော်ရွှင်မိကြောင်း ပြောကြားခဲ့သည်။

    10868202_815152695193869_4958158561113599926_n

    Ref : Goal.com

  • မိမိတို့ပြည်သူများ ခံစားရမှုကို ကမ္ဘာကြီးက သိရှိစေရန် ခရစ္စမတ်သစ်ပစ်အား ပါလက်စတိုင်း ခရစ်ယာန်များက ကျည်ခွံများ၊ ဗုံးခွံများဖြင့် ဆင်ယင်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၄
    M-Media

    9495_814898888552583_8849541713538357280_n

    – ပါလက်စတိုင်းပြည်များမှာ အစ္စရေး၏ ဖိနှိပ်အနိုင်ကျင့်မှုအား ခါးစည်းခံနေရသည်ကို ကမ္ဘာကြီးက သိရှိစေရန် ရည်ရွယ်၍ ပါလက်စတိုင်း ခရစ်ယာန်များက ခရစ်တော်ဖွားမြင်ရာ ဘက်သလီဟမ်ရှိ ခရစ္စမတ်သစ်ပင်ကို မျက်ရည်ယိုဗုံးခွံများ၊ ကျည်ခွံများဖြင့် ဆင်ယင်ချယ်သခဲ့ကြသည်ဟု သိရသည်။

    `ကမ္ဘာကြီးအနေနဲ့ ပါလက်စတိုင်းပြည်သူတွေကို ကယ်တင်ဖို့ ဆောင်ရွက်ရပါမယ်။ ပြီးတော့ လက်နက်မဲ့ ပါလက်စတိုင်းပြည်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအတွက် တာဝန်ရှိတဲ့ ကျူးကျော်သိမ်းပိုက်သူ(အစ္စရေးကို) တာဝန်ယူခိုင်းရပါမယ်´ ဟု ပါလက်စတိုင်း တောင်ဘက်ပိုင်း လွတ်လပ်သော လူ့အခွင့်အရေး ကော်မရှင်အကြီးအကဲ ဖာရစ်ဒ် အလ်-အတ်ထရက်ရှ်က ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေ ဘက်သလီဟမ်ရှိ အဆိုပါ ခရစ္စမတ်သစ်ပင်အား အလှအပများ၊ ပန်းများ၊ ဖဲကြိုးများဖြင့် ဆင်ယင်ရမည့်အစား အစ္စရေးက ပါလက်စတိုင်းပြည်သူများအား ဖိနှိပ်အနိုင်ကျင့်ရာတွင် သုံးစွဲခဲ့သည့် မျက်ရည်ယိုဗုံးခွံများ၊ ကျည်ခွံများဖြင့် ဆင်ယင်ခဲ့ကြသည်။

    အလ်-အတ်ထရာရှ်၏ ပြောကြားမှုအရ အဆိုပါ သစ်ပင်တွင် ဆင်ယင်ချယ်သခဲ့သည့် အစ္စရေး၏ မျက်ရည်ယိုဗုံးခွံ၊ ကျည်ခွံများမှာ ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးတို့၏ ကျူးကျော်မှုကို
    ဆန့်ကျင်သည့် ပါလက်စတိုင်းပြည်သူများ၏ ပြီးခဲ့သည့်နွေရာသီ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအတွင်း အစ္စရေးစစ်တပ်က ပစ်ခတ်ခဲ့သည့် မျက်ရည်ယိုဗုံးများ ကျည်ဆံများမှဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ပါလက်စတိုင်းပြည်သူများ၏ ထိခိုက်ခံစားရမှုကို ပေါ်လွင်စေရန် အလှအပများ မီးရောင်စုံများ မပါသည့် အဆိုပါ ခရစ္စမတ်သစ်ပင်ကို ဘက်သလီဟမ်ရှိ မန်ဂျာရင်ပြင်တွင် ဒီဇင်ဘာ ၂၃ ရက်နေ့က ထားရှိခဲ့သည်။

    အလ်-ကွဒ်စ် ဆန္ဒပြမှု
    ———————–

    အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုကို ဆန့်ကျင်သောအနေဖြင့် ပြီးခဲ့သည့်ရက်များကလည်း ပါလက်စတိုင်းခရစ်ယာန်များမှာ ဂျေရုစလင်ရှိ အလ်-ကွဒ်စ်တွင် ဆန်တာကလော့ ၀တ်စုံဝတ်ကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး အစ္စရေးရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့သည်။

    အဆိုပါ ဆန္ဒပြသူများမှာ `ခရစ်တော်ဟာ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုနဲ့ တရားမျှတမှု
    သတင်းစကားတွေကို ဖြန့်ဝေခဲ့ပါတယ်။ ငါတို့ဟာ ခရစ္စမတ်ကို ကျူးကျော်သိမ်းပိုက်ခံရမှု မရှိဘဲနဲ့ ဆင်နွှဲချင်ပါတယ်´ ဟု အစ္စရေးက မတရားသိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် ဂျေရုစလင်
    အလ်-ကွဒ်စ်ရှိ စစ်ဆေးရေးဂိတ်တွင် ကျွေးကြော်ခဲ့ကြသည်။

    ယေရှုခရစ်တော်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ခရစ္စမတ်ပွဲတော်မှာ ခရစ်ယာန် ဘာသာဝင်များအတွက် အဓိက ပွဲတော်တစ်ခုဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ သန်းခေါင်းယံအချိန်မှာ ခရစ္စမတ်ကာလ၏ အမြင့်ဆုံးအချိန်ဖြစ်သည်။

    အော်သိုဒေါ့စ်ခရစ်ယာန်များကမူ ခရစ္စမတ်ပွဲတော်ကို ဇန်န၀ါရီ ၇ ရက်နေ့တွင်
    ကျင်းပပြုလုပ်ကြသည်။

    ခရစ္စမတ်ကာလတွင် ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်ဘာသာဝင်များမှာ ဘက်သလီဟမ်ရှိ ခရစ်တော်ဖွားမြင်ရာနေရာဟု ယုံကြည်သော နေရာအနီး တည်ဆောက်ထားသည့် Nativity ဘုရားကျောင်းသို့ ဘုရားဖူး လာရောက်လေ့ရှိကြသည်။

    သို့သော်လည်း အစ္စရေး၏ ကန့်သတ်မှုများကြောင့် ခရစ်ယာန်ဘုရားဖူးများမှာ နှစ်စဉ်နှစ်တိုင်း အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။

    ထို့ပြင် ပါလက်စတိုင်းပြည်သူများက ပြင်းထန်စွာကန့်ကွက်နေသ်ာလည်း ဘက်သလီဟမ်ရှိ ခရစ်ယာန်တို့၏ သမိုင်းဝင်နေရာများတွင်လည်း အစ္စရေးက ဂျူးအချေခြအိမ်ရာများကို ဆောက်လုပ်လျက်ရှိနေသည်။

    Har Homa အမည်ဖြင့် ဂျူးအခြေချအိမ်ရာမှာ ခရစ်တော် ဖွားမြင်ကြောင်းကို
    သိုးထိန်းသမားများအား ကောင်းကင်တမန်က လာရောက်ပြောကြားသည့် သမိုင်းဝင်နေရာတွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး Gilo အိမ်ရာမှာ ဘက်သလီဟမ်ရှိ မြောက်ဘက်အစွန်းကို ကျူးကျော်တည်ဆောက်ထားခြင်း ဖြစ်သည်။

    ထို့ပြင် ခရစ်ယာန်နှင့် အစ္စလာမ်တို့၏ သမိုင်းဝင်နေရာများရှိရာ ဘက်သလီဟမ်နှင့်
    အလ်ကွဒ်စ်တို့တွင် ဂျူးအခြေချအိမ်ရာများ ထပ်မံဆောက်လုပ်ရန် အစ္စရေးက စီစဉ်နေသည်။

    Ref: OnIslam

    10408812_814898921885913_5363979454179274713_n