News @ M-Media
Blog
  • မြောက်ကိုရီးယားခေါင်းဆောင်အား လုပ်ကြံသည့်ပုံစံ ရိုက်ကူးထားသော ဟာသရုပ်ရှင် ခရစ္စမတ်နေ့တွင် ရုံတင်မည်
    ဒီဇင်ဘာ ၂၄၊ ၂၀၁၄
    M-Media
    10850134_814410998601372_5050577050651622526_n
    – ခြိမ်းခြောက်မှုများကြောင့် ရုံတင်ပြသရန်အစီအစဉ်အား ရွှေ့ဆိုင်းခဲ့သည့် The Interview ရုပ်ရှင်ဇာတ်ကားအား မူလက စီစဉ်ထားသည့်အတိုင်း ပြသသွားမည်ဟု ဆိုနီကုမ္ပဏီက ပြောကြားလိုက်သည်။
    `The Interview ရုပ်ရှင် ပြသဖို့အတွက် ကျွန်တော်တို့ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ပါဘူး။ ခရစ္စမတ်နေ့ ရုပ်ရှင်ရုံ တော်တော်များများမှာ ပြသမယ့် ဒီဇာတ်ကားအတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်´ ဟု ဒီဇင်ဘာ ၂၃ ရက် အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော ဆိုနီ၏ ကြေညာချက်တွင် စီအီးအို မိုင်ကယ်လိုင်တန်က ပြောကြားခဲ့သည်။
    ထိုကဲ့သို့ ရုံတင်ပြသမှုမှာ ပထမခြေလှမ်းဖြစ်ပြီး ပြသူများအား ချပြနိုင်ခြင်းနှင့်
    လွတ်လပ်စွာပြောဆိုဖော်ပြမှုကို ရပ်တန့်ရန် ကြိုးစားသူများအား ရင်ဆိုင်နိုင်ခြင်းတို့အတွက် ဂုဏ်ယူမိကြောင်း အဆိုပါကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား လုပ်ကြံသည့် ဇာတ်လမ်းကို ဟာသနှော၍ ရိုက်ကူးထားသည့် The Interview ဇာတ်ကားကို ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ရုံတင်ပြသရန်စီစဉ်ထားသည်။
    သို့သော်လည်း မြောက်ကိုရီးယား ဟက်ကာအဖွဲ့၏ ဆိုနီကုမ္ပဏီအား တိုက်ခိုက်မှုနှင့် ထိုဇာတ်ကား တင်သည့်ရုံများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများကြောင့် ရုံတင်မှုကို ရွှေ့ဆိုင်းလိုက်ပြီဟု ဆိုနီကုမ္ပဏီက ပြီးခဲ့သည့် သီတင်းပတ်တွင် ကြေညာခဲ့သည်။
    ဆိုနီ၏ ရပ်ဆိုင်းမှုအတွက် ဝေဖန်ခဲ့သည့် အိုဘားမားကလည်း ယခုကဲ့သို့ ပြန်လည်ပြသရန် ဆုံးဖြတ်ချက်အား ချီးကျူးခဲ့သည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
    Source: Al Jazeera and agencies
  • အာဆင်နယ်နောက်တန်း ခေါင်းဆောင်မှုပျောက်နေသည်ဟု ၀င်းဂါးဆို
    ဒီဇင်ဘာ ၂၄၊ ၂၀၁၄
    M-Media
    10404452_814428981932907_7528134496587792791_n
    – ယခုနှစ်ဘောလုံးရာသီတွင် မိမိအသင်း နောက်တန်းမှာ ခေါင်းဆောင်မှု ကင်းမဲ့နေပြီး တည်ငြိမ်မှုမရှိဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    အာဆင်နယ်မှာ ယခုနှစ်အတွင်း ကစားသည့် ပြိုင်ပွဲအားလုံးတွင် နောက်တန်း အားနည်းမှုဒဏ်ကို သိသိသာသာခံစားခဲ့ရပြီး ၃ ဂိုးပြတ်ဖြင့် အနိုင်ရပြီးနောက် ၃ ဂိုးပြန်ပေးလိုက်ရကာ သရေသာရခဲ့သည့် ပွဲများပင် ပါဝင်ခဲ့ကာ အမှတ်များ ဆုံးရှုံးခဲ့ရသည်။
    ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း လီဗာပူးအသင်းအား ပွဲအပြီးအထိ ၂ ဂိုး ၁ ဂိုးဖြင့် ဦးဆောင် ကစားနိုင်ခဲ့သော်လည်း နာကျင်အချိန်ပိုတွင် ချေပဂိုးပေးလိုက်ရကာ
    အမှတ်လိုအပ်နေသောအချိန်တွင် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
    `တကယ်အရေးကြီးတာက စုစုစည်းစည်းရှိဖို့ပါပဲ။ တစ်ခါတစ်ရံမှာ တစ်ကိုက်လောက် ရှေ့ရောက်လိုက်၊ တစ်ကိုက်လောက် နောက်ရောက်လိုက်ဖြစ်နေပြီး မတူညီမှုတွေ ဖြစ်ပေါ်စေပါတယ်။ နောက်ပြီး နောက်တန်းမှာ ခေါင်းဆောင်မှုပိုင်းအတွက် တစ်ယောက်လောက်
    ရှိစေချင်ပါတယ်´ ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။
    အာဆင်နောက်တန်းမှာ ဒဏ်ရာရကစားသမားများကြောင့် တည်ငြိမ်ခြင်းမရှိသေးဘဲ ပြီးခဲ့သည့်နွေရာသီ ဆောက်သက်တမ်မှ ပြောင်းရွှေ့လာသည့် ကာလမ်ချိန်ဘာတစ်ဦးတည်းသာ
    ပုံမှန်ကစားနိုင်စွမ်းရှိနေသည်။
    Ref : Goal.com
  • အိန္ဒိယရှိ လူမျိုးစုလက်နက်ကိုင်များ တိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအ၀င် အနည်းဆုံး လူ ၅၀ သေဆုံး
    ဒီဇင်ဘာ ၂၄၊ ၂၀၁၄
    M-Media
    10689465_814409888601483_6839479476687734260_n
    – အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် လူမျိုးစု သူပုန်များက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ပြီးနောက် အိန္ဒိယအစိုးရက ကာဖျူးအမိန့် ထုတ်ခဲ့သည်ဟု သိရသည်။
    ဆိုနစ်ပူးရ်ခရိုင် ဆန်နီပူးရ် ရွာနှင့် ကိုခရာဂျာ ခရိုင် ဆာရာလ်ပါရာရွာတို့ရှိ နေရာလေးခု၌ ဘိုဒိုလန်းအမျိုးသား ဒီမိုကရက်တစ်တပ်ဦးမှ တိုက်ခိုက်ရေးသမားများက ယမန်နေ့တွင် သေနတ်များဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ၁ နာရီအတွင်း ပြုလုပ်ခဲ့သည့် အဆိုပါ
    တိုက်ခိုက်မှုများမှာ လအနည်းငယ်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုလည်းဖြစ်သည်။
    ရွာသားများကမူ အဆိုပါ သူပုန်များမှာ ခြေလျင်ဝင်ရောက်လာခဲ့ပြီး စစ်တပ်ယူနီဖောင်းများ ၀တ်ထားသည်ဟု ပြောကြားခဲ့သည်။
    `အမျိုးသမီးတွေနဲ့ ကလေးတွေကိုတောင် သူတို့ အလွတ်မပေးပါဘူး´ ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပြီး သေဆုံးသူများထဲတွင် အနည်းဆုံး အမျိုးသမီး ၁၀ ဦး ပါဝင်ခဲ့သည်ဟု ဆိုသည်။
    သူပုန်များ၏ အဆိုပါ တိုက်ခိုက်မှုအတွင်း အနည်းဆုံး ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ပြီး လက်ရှိအချိန်တွင် အာသံပြည်နယ်မှ ခရိုင်အများအပြားတွင် ရဲတပ်ဖွဲ့က ကာဖျူးအမိန့် ထုတ်ထားသည်။
    အိန္ဒိယ စစ်တပ်မှာ ပြီးခဲ့သည့်လကပင် အဆိုပါသူပုန်များ ခိုအောင်းရာ ဝေးလံခေါင်သီသော ဒေသများသို့ သွားရောက် တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းတို့မှာ ပြည်သူများအား ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
    ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ဆာရာလ်ပါရာရွာတွင် အဆိုပါသူပုန်များက ထိုကဲ့သို့ ၀င်ရောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့နှင့် စစ်တပ်က သူပုန် ၂ ယောက်အား ပစ်သတ်နိုင်ခဲ့သည်။
    Source: Al Jazeera and agencies
  • ဗြိတိန်ရှိ အိမ်ယာမဲ့ ခရစ်ယာန်များအတွက် မွတ်စလင်စားသောက်ဆိုင်တစ်ခုက ခရစ္စမတ်ပွဲတော် ကျင်းပပေးမည်
    ဒီဇင်ဘာ ၂၄၊ ၂၀၁၄
    M-Media
    10393930_814363811939424_921906274331836358_n
    – ဘ၀တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကြောင့် ခရစ္စမတ်ပွဲတော်ကို
    အများနည်းတူ ဆင်နွှဲရန် မတတ်နိုင်သည့် အင်္ဂလန်ရှိ အိမ်ရာမဲ့များအတွက် ဗြိတိန်မွတ်စလင်များက ခရစ္စမတ်ပွဲတော်ကို ကျင်းပပေးသွားမည်ဟု သိရသည်။
    အဆိုပါ ခရစ္စမတ်ပွဲတော်ကို ဘက်ကင်ဟမ်ရှိုင်းယားဒေသ အေလက်စ်ဘာရီမြို့ရှိ မွတ်စလင်ပိုင် စားသောက်ဆိုင်တစ်ခုက ကျင်းပပေးသွားမည်ဖြစ်ပြီး ခရစ်ယာန်သာသာဝင်များ၏ နေ့ထူးနေ့မြတ်တွင် ထိုဒေသရှိ အိမ်ယာမဲ့များမှာ အခြားလူများနည်းတူ ပျော်ရွှင်ခွင့် ရမည်ဖြစ်သည်။
    `ကျွန်တော် မွတ်စလင်တစ်ယောက်ပါ။ ခရစ္စမတ်ပွဲတော်ကို မပါဝင်ပါဘူး။ ဒါပေမယ့် အခြားသူတွေရဲ့ ဘာသာရေးပွဲတော်မှာ သက်ဆိုင်သူတွေကို ကူညီပံ့ပိုးပေးဖို့ ကျွန်တော်ဆောင်ရွက်မှာပါ။ ဒါနဲ့ ပတ်သက်ပြီး လူ့အဖွဲ့အစည်း စိတ်ဓာတ်ကို ပဲတင့်ထပ်စေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘယ်နေရာကနေပဲလာလာ၊ ဘယ်လိုအသိုင်းအ၀ိုင်းမျိုးကပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ အလှူဒါနပြုတာ၊ ကောင်းမွန်တဲ့ ကိစ္စတွေကို ဆောင်ရွက်တဲ့အခါ လူတွေဟာ ပါဝင်ကူညီချင်ကြတာပါပဲ´ ဟု The Grill စားသောက်ဆိုင်ပိုင်ရှင် အွတ်စမန် မဂျစ်က ပြောကြားခဲ့သည်။
    အစ္စလာမ်၏ သွန်သင်မှုအရ အခြားသော ဘာသာရေးထုံးတမ်းစဉ်လာများကို
    လိုက်နာဆောင်ရွက်ခွင့် မရှိသော်လည်း ထိုတားမြစ်မှုက မည်သည့်နေရာမှ သွားစရာမရှိသည့် ချို့တဲ့သောသူများအား ကူညီခြင်း၊ လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ခြင်းမှ တားဆီးမှုမျိုး မဟုတ်ချေ။
    The Grill စားသောက်ဆိုင်မှ မွတ်စလင်များမှာ အိမ်ရာမဲ့များအတွက် ခရစ္စမတ်ပွဲတော် တစ်ခုတည်းကိုသာ ကျင်းပပေးခြင်းမဟုတ်ဘဲ လက်ရှိတွင်လည်း အစားအသောက်များ၊ အ၀တ်အထည်များကိုဝေငှနေပြီး ဆံပင်ညှပ်ပေးသည့် ၀န်ဆောင်မှုကိုလည်း ပေးအပ်လျက်ရှိနေသည်။
    `အပြင်ဘက်မှာ ခါးသီးလှတဲ့ အအေးဒဏ်ကို ခံစားနေရတဲ့အချိန်မှာ ကျွန်တော်တို့မှာ နွေးထွေးတဲ့နေရာရှိတယ်။ ပူပူနွေးနွေးအစားအသောက်ရှိတယ်။ အ၀တ်အစားအသစ်တွေ ရှိတယ်။ ဆံပင်ညှပ်မယ်ဆိုရင်လည်း ညှပ်လို့ရပါတယ်။ ခင်ဗျားရဲ့ ဘ၀ကို ပြောင်းလိုက်မယ်လို့ ကျွန်တော်တို့ မပြောပါဘူး။ ဒါဟာ လက်တွေ့လည်း မကျပါဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ ခရစ္စမတ်နေ့ရက်လေးမှာ ၈ နာရီ ၉ နာရီလောက်တော့ ကျွန်တော်တို့ ခင်ဗျားရဲ့ ဘ၀ကို
    အကျိုးကျေးဇူးတွေ ပေးနိုင်ပါတယ်´ ဟု မဂျစ်က ထည့်သွင်းပြောကြားခဲ့သည်။
    တရားဝင်တွက်ချက်မှုများ မရှိသော်လည်း ဗြိတိန်တွင် အစ္စလာမ်ဘာသာကို
    သက်ဝင်ယုံကြည်သူဦးရေ ၂.၇ သန်းခန့်ရှိနေသည်ဟု ခန့်မှန်းထားသည်။
    ယေရှုခရစ်တော်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ခရစ္စမတ်ပွဲတော်မှာ ခရစ်ယာန် ဘာသာဝင်များအတွက် အဓိကပွဲတော်တစ်ခုဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ သန်းခေါင်းယံအချိန်မှာ ခရစ္စမတ်ကာလ၏ အမြင့်ဆုံးအချိန်ဖြစ်သည်။
    မွတ်စလင်များမှာ ယေရှုသခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ)အား
    အလ္လာဟ်အရှင်မြတ်၏ တမန်တော်တစ်ပါးနှင့် မရ်ယမ်သခင်မ၏ သားတော်တစ်ပါးအဖြစ် ယုံကြည်ပြီး အလ္လာဟ်အရှင်မြတ်၏ သားတော်အဖြစ် ယုံကြည်ခြင်းမရှိပေ။
    ကုရ်အာန်ကျမ်းတော်မြတ်တွင် ယေရှုသခင်အား တမန်တော် အီဆာဟု မှည့်ခေါ်ထားပြီး အလ်-မစီဟ် (the Christ) နှင့် မရ်ယမ်သခင်မ၏သား (Son of Mary) ဟုလည်း သုံးနှုန်းထားသည်။
    Ref: OnIslam.net
  • ပြည်သူများက ကန့်ကွက်နေသော်လည်း တရုတ်၏ အကူအညီဖြင့် တူးမြောင်းတစ်ခုကို နီကာရာဂွာ တည်ဆောက်မည်
    ဒီဇင်ဘာ ၂၄၊ ၂၀၁၄
    M-Media
    10407461_814298675279271_4627868921860614472_n
    – ပြည်သူများက ဆန့်ကျင်မှုများ ရှိနေသော်လည်း တရုတ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည့် ကန်ဒေါ်လာ ဘီလီယံ ၅၀ တန် တူးမြောင်းစီမံကိန်းတစ်ခုကို စတင်ခဲ့သည်ဟု နီကာရာဂွာနိုင်ငံမှ
    ကြေညာလိုက်သည်။
    အလယ်အမေရိကန်တွင် အရေးပါသော ပင်လယ်ရေလမ်းကြောင်းဖြစ်သည့်
    ပနားမားတူးမြောင်းကို ယှဉ်ပြိုင်ရန်နှင့် နိုင်ငံ၏ စီပွားရေး တိုးတက်လာစေရန် ရည်ရွယ်သော အဆိုပါတူးမြောင်း တည်ဆောက်ခြင်းလုပ်ငန်းကို ပြီးခဲ့သည့် တနင်္လာနေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ထိုစီမံကိန်းတွင် ပါဝင်မည့် ဆိပ်ကမ်းတစ်ခုကို ပစိဖိတ်ကမ်းရိုးတမ်းနှင့် ၅ ကီလိုမီတာ ကွာဝေးသော ဘရစ်တိုမြို့တွင် စတင်ဆောက်လုပ်သွားမည်ဖြစ်သည်။
    နီကာရာဂွာအစိုးရကမူ ၂၇၈ ကီလိုမီတာရှည်လျားမည့် အဆိုပါ တူးမြောင်းမှာ နိုင်ငံ၏ စီးပွားရေးကို ၁၀ ရာခိုင်နှုန်း တိုးတက်လာစေမည်ဟု ပြောကြားခဲ့သည်။
    ထို့ပြင် လွန်ခဲ့သော ရာစုနှစ်က ပနားမားတူးမြောင်း ဆောက်လုပ်ကာ
    အမေရိကန်လွှမ်းမိုးထားသော အလယ်အမေရိကဒေသတွင် အဆိုပါ တူးမြောင်းက တရုတ်နိုင်ငံအတွက် စီးပွားရေးခြေကုပ် ဖြစ်လာမည်ဖြစ်သည်။
    အဆိုပါ တူးမြောင်းဆောက်လုပ်ရေးလုပ်ငန်းများကို တရုတ် တယ်လီဖုန်း
    လုပ်ငန်းရှင်ပိုင်ဆိုင်သော ဟောင်ကောင်အခြေစိုက် HKND အုပ်စုမှ တာဝန်ယူသွားမည်ဖြစ်ပြီး ၂၀၁၉ သို့မဟုတ် ၂၀၂၀ ခုနှစ်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။
    သို့သော်လည်း နီကာရာဂွာပြည်သူများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူများက တူးမြောင်းဆောက်လုပ်မှုကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြပြီး ဆန္ဒပြမှုများလည်း ပြုလုပ်ခဲ့ကြသည်။
    `ကျွန်တော်တို့ရဲ့ သံယဇာတတွေ သူတို့ထုတ်ယူသွားမှာကို ခွင့်မပြုပါဘူး၊
    ကျွန်တော်တို့သေမှသာ တရုတ်တွေက သယံဇာတတွေကို ယူလို့ရမှာပါ´ ဟု တူလီဒေသရှိ လယ်သမားများကို ဦးဆောင်သူ အော်လန်ဒို အိုကမ်ပို၏ ပြောကြားမှုကို AP သတင်းဌာနက ဖော်ပြခဲ့သည်။
    ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူများကလည်း နိုင်ငံ၏ အဓိက ရေချိုရရှိရာ
    နေရာဖြစ်သည့် နီကာရာဂွါကန်ကြီးအတွက် ကုန်တင်သင်္ဘောများ သွားလာမှု၏
    အန္တရာယ်နှင့်ပတ်သက်၍ လိုအပ်သော လေ့လာမှုများကို အစိုးရက မပြုလုပ်ခဲ့ဟု
    ပြောကြားခဲ့ကြသည်။
    source: Agencies