News @ M-Media

အိန္ဒိယရှိ လူမျိုးစုလက်နက်ကိုင်များ တိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအ၀င် အနည်းဆုံး လူ ၅၀ သေဆုံး

ဒီဇင်ဘာ ၂၄၊ ၂၀၁၄
M-Media

10689465_814409888601483_6839479476687734260_n

– အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် လူမျိုးစု သူပုန်များက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ပြီးနောက် အိန္ဒိယအစိုးရက ကာဖျူးအမိန့် ထုတ်ခဲ့သည်ဟု သိရသည်။

ဆိုနစ်ပူးရ်ခရိုင် ဆန်နီပူးရ် ရွာနှင့် ကိုခရာဂျာ ခရိုင် ဆာရာလ်ပါရာရွာတို့ရှိ နေရာလေးခု၌ ဘိုဒိုလန်းအမျိုးသား ဒီမိုကရက်တစ်တပ်ဦးမှ တိုက်ခိုက်ရေးသမားများက ယမန်နေ့တွင် သေနတ်များဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ၁ နာရီအတွင်း ပြုလုပ်ခဲ့သည့် အဆိုပါ
တိုက်ခိုက်မှုများမှာ လအနည်းငယ်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုလည်းဖြစ်သည်။

ရွာသားများကမူ အဆိုပါ သူပုန်များမှာ ခြေလျင်ဝင်ရောက်လာခဲ့ပြီး စစ်တပ်ယူနီဖောင်းများ ၀တ်ထားသည်ဟု ပြောကြားခဲ့သည်။

`အမျိုးသမီးတွေနဲ့ ကလေးတွေကိုတောင် သူတို့ အလွတ်မပေးပါဘူး´ ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပြီး သေဆုံးသူများထဲတွင် အနည်းဆုံး အမျိုးသမီး ၁၀ ဦး ပါဝင်ခဲ့သည်ဟု ဆိုသည်။

သူပုန်များ၏ အဆိုပါ တိုက်ခိုက်မှုအတွင်း အနည်းဆုံး ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ပြီး လက်ရှိအချိန်တွင် အာသံပြည်နယ်မှ ခရိုင်အများအပြားတွင် ရဲတပ်ဖွဲ့က ကာဖျူးအမိန့် ထုတ်ထားသည်။

အိန္ဒိယ စစ်တပ်မှာ ပြီးခဲ့သည့်လကပင် အဆိုပါသူပုန်များ ခိုအောင်းရာ ဝေးလံခေါင်သီသော ဒေသများသို့ သွားရောက် တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းတို့မှာ ပြည်သူများအား ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ဆာရာလ်ပါရာရွာတွင် အဆိုပါသူပုန်များက ထိုကဲ့သို့ ၀င်ရောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့နှင့် စစ်တပ်က သူပုန် ၂ ယောက်အား ပစ်သတ်နိုင်ခဲ့သည်။

Source: Al Jazeera and agencies

Comments

Leave a Reply