News @ M-Media
Blog
  • လူထုအား HIV ပိုးကူးစက်စေခဲ့သူ ကမ္ဘောဒီးယား ဆရာဝန်တစ်ဦးကို လူသတ်မှုဖြင့် တရားစွဲ
    ဒီဇင်ဘာ ၂၃၊ ၂၀၁၄
    M-Media
    10885600_814031058639366_4206044336834515708_n
    – နိုင်ငံမြောက်ပိုင်း ရိုကာဒေသတွင် စနစ်မကျသည့် ကုသမှုများကြောင့် ရွာသားများအား HIV ပိုးများ ကူးစက်စေခဲ့သော ဆေးမှူးတစ်ဦးကို ကမ္ဘောဒီးယားတရားရုံးက လူသတ်မှုဖြင့် တရားစွဲဆိုလိုက်သည်ဟု သိရသည်။
    တရားစွဲဆိုခံရသူမှာ ဆေးကုသခွင့်လိုင်စင် မရှိဘဲ ဆေးကုသနေသည့် ဆေးမှူး အသက် ၅၅ နှစ်အရွယ် ယမ်ချရင်ဆိုသူဖြစ်ပြီး စွဲချက်သုံးခုဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။
    `HIV ပိုး ပြန့်နှံ့စေမှုဆိုတဲ့ စွဲချက်တစ်ခုနဲ့ သူဟာ တရားစွဲဆိုခံရတာဖြစ်ပြီး ဒုတိယစွဲချက်ကတော့ လူသတ်မှုပါ။ နောက်ပြီး ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်ချိုးဖောက်မှုလည်း ပါပါသေးတယ်´ ဟု ပြည်နယ် လက်ထောက်တရားသူကြီး ဟန်လွေက ပြောကြားခဲ့သည်။
    ရိုကာ လူ့အဖွဲ့အစည်းမှ လူပေါင်း ၁၀၀ ကျော်မှာ HIV ရောဂါပိုး ကူးစက်နေကြသည်ကို ပြီးခဲ့သည့် နိုဝင်ဘာနှောင်းပိုင်းမှစ၍ တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ထိုကဲ့သို့ ကူးစက်မှုတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်ပင် ပါဝင်ခဲ့သည်။
    ထို့ကြောင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ၁၉၈၀ ပြည့်နှစ်များက ဒုက္ခသည်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းကို တက်ရောက်ခဲ့ပြီး Roka ဒေသတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ မှစ၍ ယနေ့အချိန်အထိ ဆေးကုသပေးနေသော ယမ်ချရင်ထံတွင်
    ဆေးကုဖူးသူများဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။
    ယမ်ချရင်ကလည်း ၎င်းအနေဖြင့် ဆေးထိုးအပ်တစ်ခုကို လူနာ နှစ်ဦး သုံးဦးအတွက် အသုံးပြုခဲ့ကြောင်း ၀န်ခံခဲ့သည်။
    `အပြစ်ရှိတယ်လို့ တွေ့ရရင်တော့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ခံရမှာပါ´ ဟု ဟန်လွေက ဆိုပြီး ယမ်ချရင်ထံတွင် ဆေးကုသဖူးသည့် လူနာအချို့မှာ AIDS ရောဂါဖြင့် သေဆုံးခဲ့ရသည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။
    ခမာနီအာဏာရှင်များ ပြုတ်ကျခဲ့ပြီးနောက်ပိုင်း ကမ္ဘောဒီးယား၌ HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ တိုးတက်မှုများ ရရှိခဲ့သည်။
    Source: Al Jazeera
  • အာဂျင်တီးနားရှိ လူဝံတစ်ကောင်အား လူသားများခံစားရသည့် အခြေခံအခွင့်အရေးများပေးရန် တရားရုံးဆုံးဖြတ်
    ဒီဇင်ဘာ ၂၃၊ ၂၀၁၄
    M-Media
    10885252_813982791977526_2224081072011592402_n
    – ဗျူနိုအေးရီစ် တိရစ္ဆာန်ရုံတွင် နှစ်ပေါင်း ၂၀ ကြာ နေထိုင်ခဲ့ရသည့် အော်ရန်းအူတန်း လူဝံကြီးကို လူသားများခံစားနေရသည့် အခြေခံလူ့အခွင့်အရေးများ ပေးအပ်ရန်အတွက် အာဂျင်တီးနားတရားရုံးမှ ဆုံးဖြတ်လိုက်သည်ဟု သိရသည်။
    ဆန်ဒရာဟု အမည်ရသည့် အဆိုပါလူဝံကြီး အခြေခံလူ့အခွင့်အရေးများ ရရှိရန်အတွက် ဒေသတွင်း တိရစ္ဆာန်အခွင့်အရေးအဖွဲ့တစ်ခုမှ တရားရုံးသို့ ဦးတိုက်လျှောက်ပြီးနောက် တလအကြာတွင် ထိုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
    `တရားရေးအရ ခိုင်မာတဲ့ ရှင်းလင်းဖော်ပြချက် ပြီးတဲ့နောက်မှာ တိရစ္ဆာန်ဟာလည်း အခွင့်အရေးကို ရထိုက်တယ်ဆိုတာကို အသိအမှတ်ပြုဖို့ လိုခဲ့ပြီး၊ ကာကွယ်မှုလည်းပေးရပါမယ်´ ဟု ဒီဇင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သော တရားရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။
    ဆန်ဒါရာ၏ ရှေ့နေ ဂီလ် ဒိုမင်ဂက်ဇ်ကလည်း အဆိုပါ ဆုံးဖြတ်ချက်မှာ
    မကြံစဖူးဆုံးဖြတ်ချက်ဖြစ်ပြီး လူဝံကြီးအား ဘေးမဲ့တောထဲလွှတ်ပေးရန်အတွက်
    လမ်းပွင့်သွားခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    `ဒါဟာ တိရစ္ဆာန် စောင့်ရှောက်မှုဆိုင်ရာ ပါရာဒိုင်းကို ပြောင်းလဲစေတဲ့ သာဓကတစ်ခုဖြစ်ပြီး တိရစ္ဆာန်တွေရဲ့ အခွင့်အရေးကို သက်ရောက်မှု ရှိပါလိမ့်မယ်။ နောက်ပြီး ဆွေးနွေးမှုတွေကို ဦးတည်သွားမှာဖြစ်ပြီး ဒီဆွေးနွေးမှုတွေမှာ တိရစ္ဆာန်ကို လှောင်ထားတာဟာ သူတို့ရဲ့
    အခွင့်အရေးတွေကို ထိခိုက်စေလားဆိုလည်း ပါဝင်မှာပါ´ ဟု ဒိုမင်ဂက်ဇ်က
    ထည့်သွင်းပြောကြားခဲ့သည်။
    အဆိုပါ ဆန်ဒရာလူဝံကြီးမှာ ဂျာမနီနိုင်ငံတွင် မွေးဖွားခဲ့ခြင်းဖြစ်သော်လည်း အာဂျင်တီးနား တိရစ္ဆာန်ရုံတွင် ၎င်း၏ အချိန်အတော်များများကို ကုန်ဆုံးခဲ့ရသည်။
    Source: AP
  • ဥရောပအကောင်းဆုံး လူငယ်ကစားသမားဆု လီဗာပူးလ်တိုက်စစ်မှူး စတာလင် ဆွတ်ခူး
    ဒီဇင်ဘာ ၂၃၊ ၂၀၁၄
    M-Media
    1517408_813944755314663_4759510229138717616_n
    – ၂၀၁၄ ခုနှစ် ဥရောပအကောင်းဆုံး လူငယ်ဘောလုံးသမားဆု European Golden Boy ကို ရွေးချယ်ခဲ့ရာ လီဗာပူးလ်အသင်း၏ အင်္ဂလန်တိုက်စစ်မှူး ရဟီမ်းစတာလင်က ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။
    အသက် ၂၀ အရွယ်သာရှိသေးသည့် စတာလင်မှာ ယမန်နှစ်က ပရီးမီးယားလိဂ် ဆုဖလားနှင့် လက်တစ်ကမ်းအကွာကို ရောက်ရှိခဲ့သည့် လီဗာပူးလ်အသင်းတွင် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ကမ္ဘာ့ဖလားနှင့် ယူရို ၂၀၁၆ ခြေစစ်ပွဲဝင် အင်္ဂလန်အသင်းတွင်လည်း အဓိက ကစားသမားတစ်ဦး ဖြစ်ခဲ့သည်။
    `ဒီလိုဆုမျိုးရတာဟာ အောင်မြင်မှုကြီးတစ်ခုပါပဲ။ ဒါဟာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် သိပ်ကိုပျော်ရွှင်စရာ ကောင်းပါတယ်။ ကျွန်တော် အမြဲတမ်းလိုချင်တာကတော့ ဘောလုံးကစားရာမှာ အားထုတ်မှုပြင်းထန်ဖို့နဲ့ လူတွေက ကျွန်တော့်ကို အသိအမှတ်ပြုလာအောင် ကြိုးစားဖို့ပါ။ အခု လူတွေက ကျွန်တော့်ကို ဒီလို အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်´ ဟု စနေနေ့က ပြုလုပ်ခဲ့သော ဆုပေးပွဲအခမ်းအနားပြီးနောက် စတာလင်က လီဗာပူးလ်အသင်း ၀ဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။
    အသင်း၏ အဓိက တိုက်စစ်မှူးဖြစ်သော စတာလင် ထိုဆုကို ရရှိခဲ့သည့်အတွက်
    ရေးသားဖော်ပြခဲ့သည်။
    European Golden Boy ဆုအတွက် ဇကာတင် ၄၀ ဦးတွင် မန်ယူမှ လုခ်ရှော၊ အဲဗာတန်မှ ဂျွန်စတုန်း၊ စပါးမှ အဲရစ်ဒီယာနှင့် အာဆင်နယ်မှ ကာလမ်ချိန်ဘာတို့ ပါဝင်ခဲ့ကြသည်။
    Ref: Dailymail
  • စာသင်ကျောင်းအား တာလီဘန်တို့တိုက်ခိုက်မှုအတွင်း သားကောင်ဖြစ်ခဲ့ရသူများကို အားပေးရန် ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်း ပါကစ္စတန်သို့ သွားမည်
    ဒီဇင်ဘာ ၂၃၊ ၂၀၀၁၄
    M-Media
    10372152_813973208645151_5278932812489652944_n
    – ပြီးခဲ့သည့်သီတင်းပတ် ပါကစ္စတန် ပက်ရှ်ဝါရ်ဒေသရှိ စာသင်ကျောင်းအား တာလီဘန်တို့၏ တိုက်ခိုက်မှုအတွင်း ထိခိုက်ခံစားခဲ့ရသူများကို အားပေးရန်အတွက် ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်းမှာ ပါကစ္စတန်သို့ သွားရောက်မည်ဟု သိရသည်။
    ပါကစ္စတန် မိဘနှစ်ပါးမှ မွေးဖွားလာသည့် အသက် ၂၈ နှစ်အရွယ် အမီရ်းခန်းမှာ
    အလန်ဇန်းဒါးအား အနိုင်ရရှိမှုမှ ဆုကြေးများ၊ ၂၄ ကာရက် ရွှေဖြင့် ရက်လုပ်ထားသည့် ဆွဲကြိုးတို့ကို တာလီဘန်တို့ တိုက်ခိုက်ခဲ့သည့် စာသင်ကျောင်း ပြန်လည် ဆောက်လုပ်ရန်အတွက် မကြာသေးမီကပင် လှူဒါန်းထားသည်။
    `ခရစ္စမတ်နဲ့ နှစ်ကူးကြားမှာ ကျွန်တော် ပါကစ္စတန်ကိုသွားမှာပါ။ သူတို့(တာလီဘန်တွေဟာ)သူတို့ရဲ့ ပြည်သူတွေကို သတ်နေတာပါ။ ဒါမျိုး သူတို့ ဘာ့ကြောင့် လုပ်တာလဲ? ဦးနှောက်မရှိလို့လား? ကလေးတွေအရှေ့မှာ ဆရာတွေကို မီးရှို့ပြတာလား´ ဟု ခန်းက ၎င်း၏ ခံစားချက်ကို ဖွင့်ဟခဲ့ပြီး ထိုခရီးအတွင်း မိမိမှာ အသက်အန္တရာယ်ရှိလိမ့်မည်ဟု ထင်မြင်ကြောင်း
    ထည့်သွင်းပြောကြားခဲ့သည်။
    အဆိုပါ တိုက်ခိုက်မှုအတွင်း လူပေါင်း ၁၄၉ ဦး သေဆုံးခဲ့ပြီး ၁၂၀ ကျော်မှာ ကျောင်းသား ကလေးငယ်များ ဖြစ်ကြသည်။ ပါကစ္စတန်တာလီဘန်တို့ကမူ ထိုတိုက်ခိုက်မှုအတွက် တာဝန်ယူခဲ့ပြီး ၎င်းတို့ ခြေကုပ်ယူရာ မြောက်ဘက် ၀ါဇီရစ္စတန်တွင် ပါကစ္စတန်စစ်တပ်၏ ထိုးစစ်ဆင်မှုကို လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း
    အာဖဂန်နစ္စတန်ရှိ တာလီဘန်အဖွဲ့ကမူ ထိုလုပ်ရပ်အား ရှုတ်ချခဲ့သည်။
    ထိုကဲ့သို့ ကြမ်းကြုတ်သောလုပ်ရပ်အတွက် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်အဖွဲ့အစည်းများနှင့် အစ္စလာမ့်ဓမ္မပညာရှင်များက ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး အစ္စလာမ်သာသနာအား အသရေဖျက်သည့် လုပ်ရပ်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Alarabiya
  • ရော်နယ်ဒို ဖရီးကစ်ကန်မည့်ဟန် ထုလုပ်ထားသော ရုပ်တုတစ်ခုကို ၎င်း၏ဇာတိတွင် ဖွင့်လှစ်
    ဒီဇင်ဘာ ၂၃၊ ၂၀၁၄
    M-Media
    10413417_813944498648022_2971602499292149746_n
    – ရီးယဲလ်မက်ဒရစ်တွင် အကောင်းဆုံး ခြေစွမ်းများကို ပြသနေသည့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုအား ဂုဏ်ပြုသောအားဖြင့် ပေါ်တူဂီရှိ ၎င်း၏ဇာတိ မာဒေရာကျွန်းတွင် ၎င်း၏ ပုံတူ ရုပ်ထုတစ်ခုကို ထုလုပ်ခဲ့သည်ဟု သိရသည်။
    အဆိုပါ ရုပ်ထုမှာ ရော်နယ်ဒို၏ ကျော်ကြားသော ဖရီးကစ်ကန်မည့်ဟန် ပုံသဏ္ဍာန်ကို ပုံမှန်အရွယ်အစားအတိုင်း ထုလုပ်ထာခြင်းဖြစ်ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
    ဖွင့်ပွဲအခမ်းအနားသို့ ရော်နယ်ဒိုကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့ပြီး မိသားစုဝင်များ
    သူငယ်ချင်းများနှင့်အတူ အဆိုပါရုပ်ထုရှေ့တွင် ဓာတ်ပုံများရိုက်ခဲ့ကြသည်။
    ရော်နယ်ဒိုမှာ မာဒေရာကျွန်း၏ တစ်ဦးတည်းသော ကမ္ဘာကျော်ပုဂ္ဂိုလ်ဖြစ်ပြီး ထိုကျွန်းရှိ ၎င်းမွေးဖွားရာ ဖန်ချယ်မြို့တွင်လည်း CR7 အမည်ဖြင့် ပြတိုက်တစ်ခုကို ဖွင့်လှစ်ထားရှိသည်။
    ပြီးခဲ့သည့်နှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သည့် ရော်နယ်ဒိုမှာ
    ယခုနှစ်တွင်လည်း ထပ်မံရရှိရန် ရေပန်းစားနေသည်။
    10846174_813944515314687_2452405519732912395_n
    Ref: Dailymail