News @ M-Media

စာသင်ကျောင်းအား တာလီဘန်တို့တိုက်ခိုက်မှုအတွင်း သားကောင်ဖြစ်ခဲ့ရသူများကို အားပေးရန် ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်း ပါကစ္စတန်သို့ သွားမည်

ဒီဇင်ဘာ ၂၃၊ ၂၀၀၁၄
M-Media
10372152_813973208645151_5278932812489652944_n
– ပြီးခဲ့သည့်သီတင်းပတ် ပါကစ္စတန် ပက်ရှ်ဝါရ်ဒေသရှိ စာသင်ကျောင်းအား တာလီဘန်တို့၏ တိုက်ခိုက်မှုအတွင်း ထိခိုက်ခံစားခဲ့ရသူများကို အားပေးရန်အတွက် ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်းမှာ ပါကစ္စတန်သို့ သွားရောက်မည်ဟု သိရသည်။

ပါကစ္စတန် မိဘနှစ်ပါးမှ မွေးဖွားလာသည့် အသက် ၂၈ နှစ်အရွယ် အမီရ်းခန်းမှာ
အလန်ဇန်းဒါးအား အနိုင်ရရှိမှုမှ ဆုကြေးများ၊ ၂၄ ကာရက် ရွှေဖြင့် ရက်လုပ်ထားသည့် ဆွဲကြိုးတို့ကို တာလီဘန်တို့ တိုက်ခိုက်ခဲ့သည့် စာသင်ကျောင်း ပြန်လည် ဆောက်လုပ်ရန်အတွက် မကြာသေးမီကပင် လှူဒါန်းထားသည်။

`ခရစ္စမတ်နဲ့ နှစ်ကူးကြားမှာ ကျွန်တော် ပါကစ္စတန်ကိုသွားမှာပါ။ သူတို့(တာလီဘန်တွေဟာ)သူတို့ရဲ့ ပြည်သူတွေကို သတ်နေတာပါ။ ဒါမျိုး သူတို့ ဘာ့ကြောင့် လုပ်တာလဲ? ဦးနှောက်မရှိလို့လား? ကလေးတွေအရှေ့မှာ ဆရာတွေကို မီးရှို့ပြတာလား´ ဟု ခန်းက ၎င်း၏ ခံစားချက်ကို ဖွင့်ဟခဲ့ပြီး ထိုခရီးအတွင်း မိမိမှာ အသက်အန္တရာယ်ရှိလိမ့်မည်ဟု ထင်မြင်ကြောင်း
ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း လူပေါင်း ၁၄၉ ဦး သေဆုံးခဲ့ပြီး ၁၂၀ ကျော်မှာ ကျောင်းသား ကလေးငယ်များ ဖြစ်ကြသည်။ ပါကစ္စတန်တာလီဘန်တို့ကမူ ထိုတိုက်ခိုက်မှုအတွက် တာဝန်ယူခဲ့ပြီး ၎င်းတို့ ခြေကုပ်ယူရာ မြောက်ဘက် ၀ါဇီရစ္စတန်တွင် ပါကစ္စတန်စစ်တပ်၏ ထိုးစစ်ဆင်မှုကို လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း
အာဖဂန်နစ္စတန်ရှိ တာလီဘန်အဖွဲ့ကမူ ထိုလုပ်ရပ်အား ရှုတ်ချခဲ့သည်။

ထိုကဲ့သို့ ကြမ်းကြုတ်သောလုပ်ရပ်အတွက် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်အဖွဲ့အစည်းများနှင့် အစ္စလာမ့်ဓမ္မပညာရှင်များက ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး အစ္စလာမ်သာသနာအား အသရေဖျက်သည့် လုပ်ရပ်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။


Ref: Alarabiya

Comments

Leave a Reply