News @ M-Media

Blog

  • ကာဘူးလ်လေဆိပ်က အသေခံဗုံးခွဲမှု သေဆုံးသူ ၁၀၃ ဦးအထိ ရှိလာ

    ကာဘူးလ်လေဆိပ်က အသေခံဗုံးခွဲမှု သေဆုံးသူ ၁၀၃ ဦးအထိ ရှိလာ

    ဩဂုတ် ၂၇၊ ၂၀၂၁
    M-Media

    တိုက်ခိုက်မှုဖြစ်ပွားရာနေရာ

    -အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကာဘူးလ်က နိုင်ငံတကာလေဆိပ်မှာ မနေ့က အသေခံဗုံးခွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၀၃ ဦးသေဆုံးခဲ့ပါတယ်။

    တိုက်ခိုက်မှုကို သူတို့လုပ်တာလို့ IS အကြမ်းဖက်အဖွဲရဲ့ ခိုရာစန်ဒေသအဖွဲ့ခွဲ ISIS-K က ပြောပါတယ်။ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့လိုက်ဖို့ လူအများအားပြား စုရုံးနေကြတဲ့ လေဆိပ်ဝင်ပေါက်ကို သေနတ်သမား နှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် ဗုံးခွဲခဲ့တာပါ။

    အမေရိကန်စစ်သား အနည်းဆုံး ၁၃ ဦး ဒီတိုက်ခိုက်မှုမှာ သေဆုံးခဲ့ပြီး ဒါဟာ ၂၀၁၁ ခုနှစ် ဩဂုတ်လနောက်ပိုင်း အာဖဂန်မှာ အမေရိကန်တပ်တွေ အထိခိုက်အကျအဆုံး အများဆုံး ဖြစ်ပါတယ်။

    တာလီဘန်က သူတို့အဖွဲ့ဝင် ၂၈ ဦးသေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုအတွက် သူတို့မှာ တာဝန်မရှိဘဲ အခင်းဖြစ်တဲ့နေရာဟာ နိုင်ငံခြားတပ်ဖွဲ့တွေ လုံခြုံရေးယူထားရာနေရာလို့လည်း ဆိုပါတယ်။

    သေဆုံးသူ ၇၂ ဦးကတော့ အာဖဂန်အရပ်သားတွေပါ။ တိုက်ခိုက်မှုကြောင့် လူအများအပြား ဒဏ်ရာရခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်တွေအပေါ် ထိခိုက်နာကျင်အောင် လုပ်ဆောင်မှုကို မိမိတို့ မေ့မှာမဟုတ်သလို၊ ခွင့်လွတ်မှာလည်းမဟုတ်ကြောင်း၊ ကျူးလွန်တွေကို လိုက်လံရှာဖွေပြီး အစားပြန်ယူမှာဖြစ်ကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်အပါအဝင် နိုင်ငံခြားတိုင်းပြည်တွေဟာ ဟာမစ်ကာဇိုင်း နိုင်ငံတကာလေဆိပ်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်နေကြပါတယ်။

    Ref: Aljazeera

  • ခရစ္စတီယာနိုရော်နယ်ဒို ပရီးမီးယားလိဂ်သို့ပြန်လာရန် နီးစပ်နေ

    ခရစ္စတီယာနိုရော်နယ်ဒို ပရီးမီးယားလိဂ်သို့ပြန်လာရန် နီးစပ်နေ

    ဩဂုတ် ၂၇၊ ၂၀၂၁
    M-Media

    -ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ မန်စီးတီးအသင်းတို့အကြား အပြီးသတ်သဘောတူညီချက်ရတော့မယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ESPN သတင်းဌာနကို အတည်ပြု ပြောကြားလိုက်ပါတယ်။

    အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုဟာ ဂျုဗင်တပ်စ်အသင်းနဲ့ သက်တမ်းတစ်နှစ်သာ ကျန်တော့တာပါ။

    ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့ဂျ်မန်ဒက်စ်နဲ့ ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူတွေ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထွက်ခဲ့ပြီး၊ ရော်နယ်ဒိုနဲ့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာတို့လည်း ကြာသာပတေးနေ့ မနက်ပိုင်းမှာ ဖုန်းဆက်ဆွေးနွေးခဲ့ပါတယ်။

    ရော်နယ်ဒိုက စနေနေ့မှာကစားမယ့် အမ်ပိုလီအသင်းနဲ့ စီးရီးအေပွဲမှာ ပါဝင်မှာမဟုတ်ဘူးလို့ ဂျူဗင်တပ်စ်အသင်းကို အကြောင်းကြားထားပါတယ်။ ရော်နယ်ဒိုဟာ နွေရာသီအပြောင်းအရွှေ့ရောက်ရင် ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာမယ်လို့ ဇွန်လမှာ သတင်းထွက်ခဲ့တာပါ။ နွေရာသီအပြောင်းအရွှေ့ဟာ ဩဂုတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

    ဂျူဗင်တပ်စ်အသင်းက ရော်နယ်ဒိုအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ပတ်ဝန်းကျင် လိုချင်နေတာ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေး၊ ရော်နယ်ဒိုရဲ့ မြင့်မားတဲ့လစာငွေတွေနဲ့ပတ်သက်ပြီး ညှိနှိုင်းရမယ့် ကိစ္စတွေ ရှိနေသေးတယ်လို့ မန်စီးတီးအသင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

    ရော်နယ်ဒိုဟာ မန်စီးတီးအသင်းရဲ့ မြို့ခံပြိုင်ဘက် မန်ယူမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့ပြီး အဲဒီနောက် ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားကာ၊ ၂၀၁၈ ခုနှစ်မှာတော့ ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

    Ref: ESPN

  • ဂျပန်က ယာကူဇာခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် ကွပ်မျက်မည်

    ဂျပန်က ယာကူဇာခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် ကွပ်မျက်မည်

    ဩဂုတ် ၂၆၊ ၂၀၂၁
    M-Media

    -နာမည်ကြီး ရာကူဇာ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တစ်ဦးကို လူသတ်မှုအတွက် ကြိုးပေးကွပ်မျက်ဖို့ ဂျပန်တရားရုံးက အင်္ဂါနေ့မှာ အမိန့်ချလိုက်ပြီး ဒါဟာ ယာကူဇာတစ်ဦးကို ဂျပန်က ပထမဆုံးအကြိမ် သေဒဏ်ပေးတာဖြစ်ပါတယ်။

    အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ဆာတိုရူ နိုမူရာဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းအခြေစိုက် ရာကူဇာဂိုဏ်း Kudo-kai ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ၁၉၉၈ ခုနှစ်က စီးပွားပြိုင်ဘက် သူဌေးတစ်ဦး၊ ၂၀၁၄ ခုနှစ်က အဲဒီသူဌေးရဲ့ ဆွေမျိုးတစ်ဦး၊ ၂၀၁၃ ခုနှစ်က သူကုနေကျ ဆေးခန်းက သူနာပြုတစ်ဦး စုစုပေါင်း လူ ၃ ဦးကို သတ်ဖို့ စေခိုင်းခဲ့မှုအတွက် အခုလို သေဒဏ်ချမှတ်ခြင်း ခံခဲ့ရတာပါ။

    နိုမူရာက သူ့အပေါ်စွဲချက်တွေအတွက် အပြစ်မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

    ဂျပန်နိုင်ငံမှာ ရာကူဇာဂိုဏ်းတွေ ကြီးစိုးခဲ့တာဟာ ၁၇ ရာစုကတည်း​ဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်တွေက သူတို့ရဲ့ အထွပ်အထိပ်ကာလဖြစ်ပါတယ်။ အဲဒီအချိန်က နိုင်ငံတစ်ဝှမ်း ရာကူဇာဂိုဏ်းဝင် ၂ သိန်းလောက် ရှိတယ်လို့ ရဲတပ်ဖွဲ့က တွက်ချက်ခဲ့ပေမယ့် အခုအချိန်မှာတော့ ၂ သောင်းလောက်သာ ရှိပါတော့တယ်။

    ရာကူဇာဂိုဏ်းတွေဟာ ဒုတိယကမ္ဘာစစ်အလွန် ဂျပန်နိုင်ငံမှာ မူးယစ်ဆေး၊ ပြည့်တန်ဆာလုပ်ငန်း၊ ကြေးစားလူသတ်အလုပ် စသဖြင့် တရားမဝင်လုပ်ငန်းပေါင်းစုံလုပ်ကိုင်ပြီး ဒေါ်လာဘီလီယံနဲ့ချီ ဝင်ငွေရှိတဲ့ ဂိုဏ်းတွေ ဖြစ်လာခဲ့ပါတယ်။

    လမ်းတွေပေါ်မှာကြီးစိုးပြီး တည်ငြိမ်အေးချမ်းရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးတဲ့အတွက် ရာကူဇာဂိုဏ်းတွေကို ဂျပန်အစိုးရက ပြင်းပြင်းထန်ထန် အရေးယူတာမျိုး အရင်က မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း ဂျပန်ဟာ လူဆိုးဂိုဏ်းတွေအပေါ် ထိန်းကွပ်မှုကို ပိုမို တင်းတင်းကြပ်ကြပ် ဆောင်ရွက်လာခဲ့ပါတယ်။

    လူသတ်မှု ၃ ခုနဲ့ ၂၀၁၂ ခုနှစ်က ရဲအရာရှိဟောင်းတစ်ဦးကို လုပ်ကြံဖို့ Kudo-kai ဂိုဏ်းရဲ့ ကြိုးစားမှုတွေမှာ နိုမူရာ၊ သူ့ရဲ့လက်ထောက် ဖူမီယို တာနိုယီတို့က အဓိက တာဝန်ရှိသူတွေ ဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ တာနိုယီကတော့ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

    နိုမူရာနဲ့ တာနိုယီတို့ဟာ ဒဏ်ကြေး ယန်း သန်း ၂၀ ကိုလည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

    Ref: Reuters

  • ရုရှားက စစ်ကောင်စီတပ်ထံသို့ Pantsir ဒုံးခွင်းစနစ် ပေးပို့မည်

    ရုရှားက စစ်ကောင်စီတပ်ထံသို့ Pantsir ဒုံးခွင်းစနစ် ပေးပို့မည်

    ဩဂုတ် ၂၆၊ ၂၀၂၁
    M-Media

    -စစ်ကောင်စီတပ်က ဝယ်ယူထားတဲ့ Pantsir လေကြောင်းရန် ကာကွယ်ရေးစနစ်ကို သဘောတူညီချက်မှာပါတဲ့ အချိန်အတိုင်း ပေးပို့သွားမယ်လို့ ရုရှားက ပြောကြားလိုက်ပါတယ်။

    လေယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ ဒရုန်းလေယာဉ်တွေကို ပစ်ချနိုင်တဲ့ Pantsir လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဝယ်ယူဖို့အတွက် မြန်မာစစ်တပ်ဟာ အာဏာမသိမ်းခင် ဇန်နဝါရီလက ရုရှားနဲ့ သဘောတူညီခဲ့တာပါ။

    တိုင်းပြည်အတွင်း အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်တွန်းဆော်ဩနေပေမယ့် ရုရှား စစ်ဖက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အကြီးအကဲက စာချုပ်ပါအတိုင်း မြန်မာစစ်တပ်ထံ Pantsir ဒုံးခွင်းစနစ်တွေ ပို့ပေးသွားမယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။

    ရုရှားဟာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား ထောက်ခံထားပြီး မြန်မာဟာ သူတို့အတွက် မဟာဗျူဟာကျတဲ့ မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

    Ref: Reuters

  • တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရန် ပြင်ဆင်နေ

    တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရန် ပြင်ဆင်နေ

    ဩဂုတ် ၂၆၊ ၂၀၂၁
    M-Media

    -တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေတာတွေကြောင့် လာမယ့်သီတင်းပတ်တွေအတွင်း တိုက်ပွဲတွေ အရှိန်မြင့်လာလိမ့်မယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

    စစ်တပ်က အာဏာသိမ်းတာဟာ ၇ လနီးပါး ရှိနေပြီဖြစ်ပြီး စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် နိုင်ငံတစ်ဝှမ်း အရပ်သားပြည်သူ ၁၀၁၆ ဦး သေဆုံးကာ ​၆ ထောင်နီးပါး ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ထုတ်ပြန်ထားပါတယ်။

    နိုင်ငံတစ်ဝှမ်း ပြည်သူတွေက ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ ပြည်သူ့စစ်အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှုတွေ လုပ်နေကြပါတယ်။

    တော်လှန်တိုက်ခိုက်မှုတွေ အဓိကလုပ်ဆောင်နေတဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စစ်ကောင်စီက တပ်အင်အား ဖြည့်တင်းတာတွေ လုပ်ဆောင်လာတာကြောင့် တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလိမ့်မယ်လို့ တိုင်းရင်းသား တပ်ဖွဲ့တွေက ပြောပါတယ်။

    “ထိုးစစ်လုပ်ဖို့ သူတို့ စီစဉ်တာနဲ့ အဲဒီနေရာမှာ တိုက်ပွဲဖြစ်ပြီး အနီးအနားက ရွာသူရွာသားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးရပါတယ်။ အခုလေလောဆယ်တော့ ဒါပဲပြောနိုင်ပါသေးတယ်။ လူဘယ်လောက်များများ ထွက်ပြေးရလဲဆိုတာ မခန့်မှန်းနိုင်သေးပါဘူး” လို့ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ပြောရေးဆိုခွင့်ရှိသူ ခွန်သောမတ်စ်က ပြောပါတယ်။

    ကရင်ပြည်နယ်မှာလည်း ကရင်လက်နက်ကိုင်တပ်ဖွဲ့ KNU နဲ့ စစ်ကောင်စီတပ်တွေအကြား တင်းမာမှုတွေ မြင့်တက်နေပြီး ဩဂုတ်လ ၂၂ ရက်နေ့နောက်ပိုင်း KNU တပ်မဟာ ၆ နဲ့ တိုက်ခိုက်မှု နေ့စဉ် ဖြစ်ပွားနေတာပါ။ စစ်ကောင်စီကလည်း ကရင်ပြည်နယ်မှာ တပ်တွေဖြည့်တင်းနေပြီး နံပါတ် ၂ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် လာရောက်ကွပ်ကဲနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

    “တိုက်ပွဲစစ်ဖြစ်မလားဆိုတာက မြန်မာစစ်တပ်အပေါ် မူတည်တယ်ဗျ။ ကျွန်တော်တို့ကတော့ သူတို့ကို စမတိုက်ဘူး။ ကျွန်တော်တို့နယ်မြေထဲကို သူတို့ဝင်လာရင်တော့ တိုက်ပွဲတွေ ဆက်ဖြစ်မှာပဲ။ အထက်ကနေ သူတို့ကို ဘာအမိန့်ပေးထားလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ကန့်သတ်နယ်မြေထဲဝင်ဖို့ သူတို့ကို ညွှန်ကြားထာတာမျိုး ရှိတယ်ဆိုရင်တော့ တိုက်ပွဲက သေချာပေါက်ဖြစ်မှာပါ” လို့ KNU က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဖဒိုစောလစ္စတင်က ပြောပါတယ်။

    ကချင်ပြည်နယ်မှာလည်း ကချင်လက်နက်ကိုင်အဖွဲ့ KIA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပါတယ်။

    မနေ့ကထုတ်ပြန်တဲ့ KIA ရဲ့ ကြေငြာချက်မှာတော့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအားလုံး စစ်ပွဲကို ရှောင်ရှားပြီး လတ်တလော နိုင်ငံရေးပြဿနာကို ဆွေးနွေးညှိနှိုင်းမှုနဲ့သာ အဖြေရှာဖို့ တိုက်တွန်းထားပါတယ်။

    KIA ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေရဲ့လှုပ်ရှားမှု မြင့်တက်လာတာကြောင့် တိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။

    “စစ်ကောင်စီဟာ လက်နက်ခဲယမ်းတွေကို ဖြည်းဖြည်းချင်း ဖြည့်တင်းလာနေတယ်။ ဒါ့ကြောင့် မိုးအကုန် ဆောင်းအကူးမှာ စစ်ဆင်ရေးတွေ ပိုမြင်လာရနိုင်ပါတယ်။ လက်ရှိအခြေအနေအရ သူတို့ဟာ တစ်ခုခု လုပ်တော့မှာပါ”

    တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေးသုတေသီ ဒေါက်တာလှကျော်ဇောက မိုးကုန်တော့မှာကြောင့် သိပ်မကြာခင်မှာ စစ်ကောင်စီက ထိုးစစ်တွေတိုးမြှင့်လုပ်ဆောင်လာဖွယ်ရှိတယ်လို့ သုံးသပ်ပါတယ်။

    “နှစ်စဉ် ဒီလိုအချိန်မျိုးမှာ မြန်မာစစ်တပ်က ထိုးစစ်တွေ လုပ်တတ်တယ်။ ပေးဆပ်ရတာက ဒေသခံ ပြည်သူလူထုပါ။ စစ်တပ်က နိုင်မှာမဟုတ်ပေမယ့် ပြည်သူတွေကတော့ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် ဒုက္ခရောက်ပါလိမ့်မယ်”

    Ref: RFA