News @ M-Media

Blog

  • မူးယစ်သံသယရှိသူကို ခရိုင်ရဲမှူးနှင့်အဖွဲ့က ကြွပ်ကြွပ်အိတ်စွပ်သတ်ခဲ့သည့် ဗီဒီယိုကြောင့် ထိုင်းတွင် ဂယက်ရိုက်

    မူးယစ်သံသယရှိသူကို ခရိုင်ရဲမှူးနှင့်အဖွဲ့က ကြွပ်ကြွပ်အိတ်စွပ်သတ်ခဲ့သည့် ဗီဒီယိုကြောင့် ထိုင်းတွင် ဂယက်ရိုက်

    ဩဂုတ် ၂၆၊ ၂၀၂၁
    M-Media

    -ထိုင်းနိုင်ငံအနောက်ပိုင်း နာခွန်ဆာဝမ်ပြည်နယ်မှာ ခရိုင်ရဲမှူးနဲ့အဖွဲ့က သံသယရှိသူတစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ဗီဒီယိုတစ်ခု ထိုင်းဆိုရှယ်မီဒီယာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန့်နှံ့လာခဲ့ပါတယ်။

    Muang ခရိုင်က ရဲမှူးဟောင်း ရဲမှူးကြီး Thitisan Utthanaphon နဲ့ ရဲအရာရှိ ၆ ဦးဟာ ခရိုင်ရဲစခန်းမှာ မူးယစ်ဆေးရောင်းမှု သံသယနဲ့ ဖမ်းဆီးထားတဲ့ အသက် ၂၄ အရွယ် Chiraphong Thanaphiphat ထံကဘတ် ၂ သန်းပေးဖို့ ငွေညှစ်ရာကနေ မရတဲ့အတွက် ဦးခေါင်းကို ကြွပ်ကြွပ်အိတ်စွပ်ကာ အသက်ရှုကြပ်အောင်လုပ်ပြီး သတ်ဖြတ်ခဲ့တာပါ။

    ဒီဗီဒီယိုကို အခင်းဖြစ်ပွားရာ စခန်းမှာရှိတဲ့ အရာရှိငယ်တစ်ဦးက ရှေ့နေ Sittha Biabangkerd ထံ ပေးပိုးခဲ့ပြီး ရဲချုပ်ကို တိုင်ကြားဖို့ အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။ ရှေ့နေ Sittha Biabangkerd က ဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ်မှာ အင်္ဂါနေ့က လွှင့်တင်ခဲ့ပါတယ်။

    ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားခဲ့ပြီး ရဲချုပ် Suwat Jangyodsuk က ခရိုင်ရဲမှူး Thitisan Utthanaphon ဟာ ထွက်ပြေးလွတ်မြောက်နေတယ်လို့ မနေ့က သတင်းထုတ်ပြန်ပါတယ်။

    သတ်ဖြတ်မှုမှာပါဝင်တဲ့ ရဲအရာရှိ ၇ ဦးစလုံးဟာ Muang ခရိုင်က ခရိုင်အဆင့် ထိပ်တန်းရဲအရာရှိတွေ ဖြစ်ပါတယ်။ အားလုံးကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဖမ်းဝရမ်းထုတ်ထားသလို ၅ ဦးကို ဖမ်းဆီးထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    လွတ်မြောက်နေသူ ၂ ဦးက ရဲမှူးကြီး Thitisan နဲ့ ဒုတိယ ရဲမှူးကြီး Thoranin Matwanna တို့ ဖြစ်ပါတယ်။

    ရဲမှူးကြီး Thitisan ရဲ့ ဘန်ကောက်မြို့က ဘတ် သန်း ၆၀ တန် ဇိမ်ခံအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ သူ့ကို မတွေ့ခဲ့ပါဘူး။ ရဲမှူးကြီးဟာ ဇိမ်ခံကား ၂၉ စီး ပိုင်ဆိုင်ထားပြီး စုစုပေါင်းတန်ဖိုး ဘတ်သန်း ၁၀၀ ကျော် ရှိပါတယ်။

    အိမ်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ မြန်မာ ၂ ဦးက ရဲမှူးကြီးဟာ စနေ၊ တနင်္ဂနွေနေ့တွေမှသာ အိမ်ကို ရောက်လာတတ်ပြီး များသောအားဖြင့် တစ်ယောက်တည်းလာကာ တစ်ခါတစ်ရံမှာ ချစ်သူကို ခေါ်လာကြောင်း ထွက်ဆိုခဲ့ပါတယ်။

    ထိုင်းရဲတပ်ဖွဲ့ဟာ ထွက်ပြေးသွားတဲ့ ရဲအရာရှိ ၂ ဦးကို ဖမ်းဆီးနိုင်ရေး နယ်စပ်ဂိတ်တွေမှာ တင်းတင်းကြပ်ကြပ် စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

    ရဲမှူးကြီး Thitisan နဲ့အဖွဲ့ဟာ သံသယရှိသူကို သတ်ဖြတ်ခဲ့ပြီးတဲ့နောက် မူးယစ်ဆေးလွန် သေဆုံးတယ်လို့ အစိုးရဆေးရုံ Sawanpracharak မှာ ဆေးစာ ရေးခိုင်းခဲ့ပါတယ်။ ဆေးရုံကတော့ သူတို့ထုတ်ပေးလိုက်တဲ့ ဆေးစာဟာ ကနဦးဆေးစာသာဖြစ်ပြီး လာမယ့်တစ်ပတ် သွေးစစ်ချက်ရမှ အဖြေမှန်ကို သိရှိနိုင်မယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

    Ref: Bangkok Post

  • ရုရှားနှင့်ဆော်ဒီ စစ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူစာချုပ်ချုပ်

    ရုရှားနှင့်ဆော်ဒီ စစ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူစာချုပ်ချုပ်

    ဩဂုတ် ၂၄၊ ၂၀၂၁
    M-Media

    ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါးဖိုမင်နှင့် ဆော်ဒီ ဒုတိယကာကွယ်ရေးဝန်ကြီး မင်းသား ခါလစ်

    -ဆော်ဒီအာရေဗျနဲ့ ရုရှားတို့ဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် သဘောတူညီချက်တစ်ရပ်ကို မနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

    ဆော်ဒီ ဒုတိယကာကွယ်ရေးဝန်ကြီး မင်းသား ခါလစ်ဘင် ဆလ်မန်ဟာ နိုင်ငံတကာ စစ်ဖက်နည်းပညာဆိုင်ရာ ဖိုရမ်ကို တက်ရောက်ဖို့အတွက် ရုရှားနိုင်ငံကို ရောက်ရှိနေချိန် ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါး ဖိုမင်နဲ့ တွေ့ဆုံပြီး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

    မင်းသား ခါလစ်ဟာ ရုရှားကာကွယ်ရေဝန်ကြီး ဆာဂျီရှိုဂူနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စတွေကို ​ဆွေးနွေးခဲ့ကြပါတယ်။

    “ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရေး ကျွန်တော်တို့ရဲ့ ဘုံကြိုးပမ်းအားထုတ်မှုတွေ အကြောင်းဆွေးနွေးခဲ့ကြပြီး၊ နှစ်နိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း မျှဝေသုံးသပ်ခဲ့ကြပါတယ်” လို့ မင်းသားခါလစ်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဆော်ဒီဟာ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ အဓိကမဟာမိတ်ဖြစ်ပြီး အခုနှစ်တွေအတွင်း ရုရှားနဲ့ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

    Ref: Arab News

  • ကိုဗစ်ကူးနေသည့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့်ဇနီး ဆေးရုံမှဆင်း

    ကိုဗစ်ကူးနေသည့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့်ဇနီး ဆေးရုံမှဆင်း

    ဩဂုတ် ၂၄၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကြောင့် စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ မြန်မာစစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ ဇနီးဟာ ကိုဗစ်ပျောက်ကင်းသွားတဲ့အတွက် ဆေးရုံကနေ ဆင်းသွားပြီလို့ ဆေးရုံတာဝန်ရှိသူတစ်ဦးက AP သတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။

    အသက် ၈၈ နှစ်အရွယ် ဦးသန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တို့ဟာ နေပြည်တော်က တိုက်ချောင်း စစ်ဆေးရုံမှာ အခုလအစောပိုင်းကစပြီး ဆေးကုသမှု ခံယူနေရတာပါ။ အာဏာသိမ်းစစ်ကောင်စီက ဒီသတင်းကို ထုတ်ပြန်ခြင်း မရှိပေမယ့် ပြည်တွင်းမီဒီယာတွေက အာဏာရှင်ဟောင်း ဇနီးမောင်နှံဟာ ပုံမှန် ဆေးစစ်မှုခံယူဖို့အတွက် ဆေးရုံတက်နေရတယ်လို့ ဖော်ပြပါတယ်။

    နောက်ပိုင်းမှာ ဆေးရုံက အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ဦးသန်းရွှေနဲ့ဇနီးတို့ ကိုဗစ်ကူးနေပြီး အပျော့စားရောဂါလက္ခဏာပြကာ စစ်ဆေးရုံက VIP ကုသဆောင်မှာ ကုသနေတယ်လို့ နိုင်ငံခြားသတင်းဌာနတစ်ခုကို အတည်ပြုပြောကြားခဲ့ပါတယ်။

    ကိုဗစ်ပျောက်ကင်းသွားတဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တို့ဟာ သောကြာနေ့မှာ ဆေးရုံကနေ ဆင်းသွားပြီး ဆရာဝန်တွေ၊ သူနာပြုတွေက ပုံမှန် ကျန်းမာရေးစစ်ဆေးပေးနေတယ်လို့ အခြား ဆေးရုံဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

    စစ်အာဏာရှင် ဦးနေဝင်းနေရာကို ဆက်ခံခဲ့တဲ့ ဦးသန်းရွှေဟာ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တိုင်းပြည်ကို အုပ်စိုးခဲ့ပြီး ပြည်သူလူထုနဲ့ ရဟန်းသံဃာတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်ညှင်းပမ်းမှုကြောင့် အမည်ဆိုးနဲ့ ကျော်ကြားခဲ့သူဖြစ်ပါတယ်။ အာဏာရှင် ဦးသန်းရွှေလက်ထက်အတွင်း မြန်မာနိုင်ငံဟာ ပညာရေး၊ စီးပွားရေး၊ လူနေမှုအဆင့်အတန်း စသဖြင့် အဖက်ဖက်က နိမ့်ကျခဲ့ပါတယ်။

    Ref: Daily Mail

  • အာဖဂန် အမျိုးသမီးစက်ရုပ်အသင်း ကာတာသို့ ချောမောစွာရောက်ရှိ

    အာဖဂန် အမျိုးသမီးစက်ရုပ်အသင်း ကာတာသို့ ချောမောစွာရောက်ရှိ

    ဩဂုတ် ၂၃၊ ၂၀၂၁
    M-Media

    -တာလီဘန်လက်အောက် အနာဂတ်မသေချာတဲ့ အခြေအနေမျိုး ကြုံတွေ့နေရတဲ့ အာဖဂန် အမျိုးသမီး စက်ရုပ်အသင်းက အဖွဲ့ဝင် ၉ ဦးဟာ ကာတာနိုင်ငံကို ချောမောစွာ ပြောင်းရွှေ့လာနိုင်ပြီ ဖြစ်ပါတယ်။

    အသက် ၂၅ နှစ်အရွယ် ဆရာတစ်ဦးနဲ့ ၁၅ နှစ်ကနေ ၁၉ နှစ်အရွယ်တွေ ပါဝင်တဲ့ ဒီအဖွဲ့ဟာ တိုင်းပြည်ကနေထွက်ခွာဖို့ ရက်များစွာ ကြိုးပမ်းခဲ့ရတာပါ။ ကာတာအစိုးက ကမကထပြုပြီး သူတို့ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ တစ်ချို့အဖွဲ့ဝင်တွေနဲ့ ဆရာတွေဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှာ ရှိနေပါသေးတယ်။

    ၂၀၁၇ ခုနှစ် အမေရိကန်မှာပြုလုပ်တဲ့ စက်ရုပ်ပြိုင်ပွဲတစ်ခုမှာ အထူးဆု ရခဲ့ပြီးတဲ့နောက် ဒီအဖွဲ့ဟာ နာမည်ကျော်လာတာဖြစ်ပြီး အာဖဂန်နစ္စတန်က အမျိုးသမီးတွေအပေါ် စွမ်းအားမြှင့်တင်ပေးနိုင်မှုမှာ ထင်ရှားတဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။

    သူတို့ရဲ့ မိခင်အဖွဲ့အစည်း Digital Citizen Fund (DCF) က တာလီဘန်တွေ မြို့တော်ကာဘူးလ်ကို မသိမ်းခင် ၃ ရက်အလို ဩဂုတ်လ ၁၂ ရက်နေ့မှာ တိုင်းပြည်ကနေထွက်ခွာဖို့ ကာတာအစိုးရကို အကူအညီတောင်းခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

    ဒီအဖွဲ့က မိန်းကလေးငယ်တွေဟာ အာဖဂန်နစ္စတန်အနောက်ပိုင်း ဟီရတ်ဒေသက ဖြစ်ပါတယ်။

    DCF ဘုတ်အဖွဲ့ဝင် အဲလိဇဘက် ရှဖာဘရောင်းက ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီအမျိုးသမီးငယ်​လေးတွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေ၊ ရဲရင့်ထက်မြက်မှုတွေက ဒီနေ့လို လွတ်မြောက်မှုရဲ့ အကြောင်းခံတွေ ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    အာဖဂန်အမျိုးသမီး စက်ရုပ်အဖွဲ့ဟာ ကာတာနိုင်ငံ ဒိုဟာမြို့မှာနေထိုင်ပြီး ပညာဆက်လက်သင်ကြားမှာ ဖြစ်ပါတယ်။ ရှဖာဘရောင်းက အမေရိကန်အပါအဝင် ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်တော်တော်များများ သူတို့ကို ပညာသင်ဆုပေးဖို့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

    DCF အဖွဲ့ကို တည်ထောင်သူ အာဖဂန် နည်းပညာဆိုင်ရာ စွန့်ဦးပညာရှင် ရိုယာ မဟ်ဘူးဘ်က ဒီအဖွဲ့ကို ၂၀၁၇ ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါ ဆိုးဆိုးရွားရွားပြန့်နှံ့နေတဲ့ မနှစ်က ဒီအဖွဲ့ဟာ ကားပစ္စည်းအစိတ်အပိုင်းတွေနဲ့ တန်ဖိုးနည်း အသက်ရှူစက်ကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။

    Ref: BBC

  • မြန်မာအာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးလုပ်မည်ဟု ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီးပြော

    မြန်မာအာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးလုပ်မည်ဟု ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီးပြော

    ဩဂုတ် ၂၃၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်နဲ့ စစ်ဖက်ဆိုင်ရာ၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါးဖိုမင်က ပြောကြားလိုက်ပါတယ်။

    မြန်မာစစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ဒီကနေ့ မော်စကိုမှာတွေ့ဆုံစဉ် အခုလို ပြောကြားလိုက်တာပါ။ ရုရှားဟာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား ထောက်ခံထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

    “စစ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ နည်းပညာအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအားကောင်းဖွံ့ဖြိုးအောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အာရှပစိဖိတ်နဲ့ အရှေ့တောင်အာရှဒေသမှာ မြန်မာနိုင်ငံဟာ ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက်ပြီး စိတ်ချရတဲ့ မိတ်ဖက်နိုင်ငံမျိုး ဖြစ်ပါတယ်။ ကံမကောင်းတာက ပြည်တွင်းနိုင်ငံရေးအခြေအနေ တော်တော်လေး ဆိုးရွားနေတယ်။ မြန်မာခေါင်းဆောင်ပိုင်းဟာ တည်ငြိမ်အေးချမ်းရေးအတွက် အစွမ်းကုန် ဆောင်ရွက်နေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်”

    မြန်မာစစ်တပ်ကအဖွဲ့ဟာ စစ်ရေးကျွမ်းကျင်မှုပြိုင်ပွဲ Army-2021 ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရုရှားနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ အလက်ဇန်းဒါးဖိုမင်က ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် ရုရှားထုတ် လက်နက်မျိုးစုံကို ကြည့်ရှုလေ့လာခွင့် ရမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဗိုလ်ချုပ်ကြီး​ မောင်မောင်အေးက မိမိတို့စစ်တပ် ခိုင်မာတောင့်တင်းအောင် နည်းပညာတွေ၊ ကျွမ်းကျင်သူတွေနဲ့ ကူညီပံ့ပိုးပေးတဲ့ ရုရှားကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ရုရှားရဲ့ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ တက္ကသိုလ်တွေမှာ မြန်မာကျောင်းသားတွေ လေ့လာဆည်းပူးခွင့် ရရှိတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်”

    ဆွေးနွေးပွဲအပြီး ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီဆွေးနွေးပွဲဟာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတွေအကြား အရင်ကတည်းက ရှိခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်ဖြည်းဖြည်းတိုးတက်အောင် ဆောင်ရွက်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ထားမှုကို ထပ်လောင်း အတည်ပြုလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    Ref: TASS