News @ M-Media

Blog

  • ကိုဗစ်ဗားရှင်းအသစ် Lambda ကူးစက်မှုကို ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်ပါ တွေ့ရှိလာ

    ကိုဗစ်ဗားရှင်းအသစ် Lambda ကူးစက်မှုကို ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်ပါ တွေ့ရှိလာ

    ဩဂုတ် ၂၀၊ ၂၀၂၁

    M-Media 

    -လက်ရှိကာကွယ်​ဆေးတွေ မတိုးဘူးလို့ ဓာတ်ခွဲခန်းစမ်းသပ်မှုမှာ တွေ့ရတဲ့ နောက်ဆုံးပေါ် ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ် Lambda ကို အာရှနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ တွေ့လာရပါတယ်။

    ဂျပန်နိုင်ငံပါရင် အာရှမှာ Lambda ဗိုင်းရပ်စ် တွေ့ရှိရတဲ့နိုင်ငံ ၃ နိုင်ငံအထိ ရှိလာတာပါ။

    ၂၀၂၀ နှစ်ခု ဒီဇင်လာ တောင်အမေရိက ပီရူးနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ Lambda ဟာ ကူးစက်မှု မြန်ဆန်ပြီး လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေ မတိုးဘူးလို့ ဓာတ်ခွဲခန်း စမ်းသပ်မှုမှာ တွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပါတယ်။

    လက်ရှိ နိုင်ငံပေါင်း ၄၀ ​ကို ပြန့်နှံ့နေပြီး Delta လို ကမ္ဘာတစ်ဝှမ်း အကြီးအကျယ်ပြန့်နှံ့မယ့်အန္တရာယ် ရှိနေကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။ ဒါပေမယ့် Delta လောက် ကူးစက်မှု မမြန်နိုင်ဘူးလို့ ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မတ်လအတွင်းက လူနာတစ်ဦးကို စစ်ဆေးထားတဲ့ ဓာတ်ခွဲမှုစမ်းသပ်မှုမှာ တွေ့ရှိတာဖြစ်ပြီး ဖိလစ်ပိုင်မှာတော့ မနေ့က စစ်ဆေးမှုမှ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    အာရှမှာ Lambda ဗိုင်းရပ်စ် ပထမဆုံးရောက်တာက ဂျပန်မှာဖြစ်ပြီး  တိုကျိုအိုလံပစ်အတွက် ပီရူးနိုင်ငံကနေ ဇူလိုင်လ ၂၀ ရက်နေ့ကရောက်လာတဲ့ အမျိုးသမီးမှာ တွေ့ခဲ့တာဖြစ်ပါတယ်။ ဂျပန်က ဒီကိစ္စကို ဩဂုတ်လ ၆ ရက်နေ့ကမှ ထုတ်ပြန်ခဲ့ပြီး အသေးစိတ်အချက်အလက်တွေကို မကြာခင် လူထုထံ ချပြသွားဖို့ ရှိနေပါတယ်။ 

    Ref: The Star

  • နိုက်ဂျီးရီးယားတွင် ခရစ်ယာန်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော် သေဆုံး

    နိုက်ဂျီးရီးယားတွင် ခရစ်ယာန်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော် သေဆုံး

    ဩဂုတ် ၁၉၊ ၂၀၂၁
    M-Media

    တိုက်ခိုက်မှုကြောင့် သေဆုံးသွာသူများ

    -နိုက်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းမှာ စနေနေ့က မွတ်စလင် ၉၀ ပါတဲ့ ခရီးသွားတွေကို ခရစ်ယာန် ပြည်သူ့စစ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ပါတယ်။

    ​နိုက်ဂျီးရီးယားရဲ့ အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေမှာ စားကျက်၊ မြေနဲ့ ရေရင်းမြစ် ထိန်းချုပ်လိုမှုတွေကြောင့် မွတ်စလင်မွေးမြူရေးသမားတွေနဲ့ ခရစ်ယာန် လယ်သမားတွေအကြား မကျေလည်မှုဖြစ်နေတာ နှစ်ချီရှိနေပါပြီ။

    အဲဒီပြဿနာတွေကနေတစ်ဆင့် အကြမ်းဖက်သတ်ဖြတ်မှုတွေလည်း ပေါ်ပေါက်လေ့ရှိပါတယ်။ အလယ်ပိုင်း ပလက်တိုပြည်နယ်မြို့တော် ဂျို့စ်ရဲ့ ဆင်ခြေဖုံးမှာ ဖြစ်ခဲ့တဲ့ စနေနေ့အဖြစ်အပျက်မှာ ဘတ်စ်ကား ၅ စီးနဲ့ လိုက်ပါလာတဲ့ မွတ်စလင်တွေကို ခရစ်ယာန် ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်တဲ့ Irigwe က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့က တိုက်ခိုက်မှုအတွင်း ၂၁ ဦးသေဆုံးကာ၊ ၁၄ ဦး ဒဏ်ရာရခဲ့ပြီး ၂၁ ဦးကို ကယ်ဆယ်နိုင်တယ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ပလက်တိုပြည်နယ်အစိုးရ တာဝန်ရှိသူ ဒန်လာဒီ အာတူက သေဆုံးသူအရေအတွက်ဟာ ရဲတပ်ဖွဲ့က ထုတ်ပြန်တာထက် များပြားကာ ပျောက်ဆုံးနေသူတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    Irigwe အဖွဲ့ဟာ တိုက်ခိုက်မှုမှာ ဓားတွေ၊ ကျောက်ခဲတွေ အသုံးပြုခဲ့တယ်လို့ မျက်မြင်ကြုံရသူတွေက ဆိုပါတယ်။

    ပလက်တိုမြို့တော် ဂျို့စ်ဟာ ခရစ်ယာန်နဲ့ မွတ်စလင်တွေအကြား တိုက်ခိုက်မှုတွေဖြစ်ပွားလေ့ရှိရာ နေရာဖြစ်ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာက အပြန်အလှန် တိုက်ခိုက်မှုအတွင်း အနည်းဆုံး ၉၁၃ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Alarabiya

  • အာဖဂန်နစ္စတန်မှ အဖိုးတန်မြေရှားသတ္ထု ထုတ်ယူရန် တရုတ် မျက်​စပစ်လာ

    အာဖဂန်နစ္စတန်မှ အဖိုးတန်မြေရှားသတ္ထု ထုတ်ယူရန် တရုတ် မျက်​စပစ်လာ

    ဩဂုတ် ၁၉၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံက အဖိုးတန် မြေရှားသတ္ထု ထုတ်ယူဖို့ မျက်စပစ်လာပြီး ဒီကရရှိတဲ့ အကျိုးအမြတ်တွေနဲ့ အကြမ်းဖက်ဝါဒကို ထောက်ပံ့ပေးမယ့် အလားအလာ ရှိနိုင်တယ်လို့ အမေရိကန်လွှတ်တော်အမတ်တစ်ဦးက သတိပေးလိုက်ပါတယ်။

    တာလီဘန်ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ပြီးခဲ့တဲ့လမှာ တွေ့ဆုံခဲ့သလို၊ တာလီဘန်က တစ်နိုင်ငံလုံးကို သိမ်းပြီးချိန်မှာလည်း တာလီဘန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ တရုတ်နိုင်ငံက လူသိရှင်ကြား ထုတ်ပြောထားပါတယ်။

    အမေရိကန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ ပါဝင်တဲ့ ထိပ်တန်း ရီပက်ဘလစ်ကန်အမတ် မိုက်ကယ် မက်ကောလ်က တရုတ်ဟာ အာဖဂန်နစ္စတန်က သယံဇာတတွေ ရယူဖို့ ကြိုးစားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    “တရုတ်က ဒီအကွက်ကို ရွှေ့မှာပါ။ အာဖဂန်မှာ မြေရှားသတ္ထုတွေ ရှိတယ်။ ဒါကို ထုတ်ဖို့ အမေရိကန်က ဘာ့ကြောင့် အာဖဂန်တွေနဲ့ မပူးပေါင်းခဲ့သလဲဆိုတာ ကျွန်တော် မသိပါဘူး။ အခုဆိုရင် တရုတ်က ဒီမြေရှားသတ္ထုတွေကို ထုတ်တော့မှာပါ။ ဒီအခြေအနေမှာ တရုတ်က အောင်နိုင်သူဖြစ်မယ်၊ အမေရိကန်နဲ့ အာဖဂန်ပြည်သူတွေကတော့ ရှုံးနိမ့်သူ ဖြစ်သွားပါလိမ့်မယ်”

    ဒီအကွက်ကနေ တာလီဘန်ဟာ ကြီးကြီးမားမား အမြတ်ထွက်မှာဖြစ်ပြီး၊ အကြပ်ဖက်ဝါဒကို ငွေကြေးထောက်ပံ့ဖို့ လုပ်ဆောင်လာလိမ့်မယ်လို့လည်း မက်ကောလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အလယ်အာရှနဲ့ တောင်အာရှအဆုံမှာ တည်ရှိတဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ သတ္ထုနဲ့ တွင်းထွက်ပစ္စည်းတွေ ပေါကြွယ်၀ပြီး ကန်ဒေါ်လာ ၁ ထရီလီယံတန်ဖိုးရှိတဲ့ အဲဒီသယံဇာတဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို ပြုပြင်ပြောင်းလဲပေးနိုင်လိ့မ်မယ်လို့ ၂၀၁၀ ခုနှစ် အမေရိကန်တာဝန်ရှိသူတွေနဲ့ ဘူမိဗေဒ ပညာရှင်တွေက လေ့လာ တွက်ချက်ခဲ့ကြပါတယ်။

    အာဖဂန်မှာ သံ၊ ကော့ပါးနဲ့ ရွှေလို သတ္ထုမျိုးတွေဟာ နိုင်ငံတစ်ဝှမ်းက ပြည်နယ်တိုင်းမှာ ကြွယ်စွာရှိနေပြီး၊ မြေရှားသတ္ထုတွေလည်း ရှိနေပါတယ်။ သဘာ၀ပတ်ဝန်းကျင် ထိခိုက်မှုကို တိုက်ဖျက်နိုင်မယ့် နည်းပညာအတွက် အလွန်အရေးပါပြီး ရှားပါးတန်ဖိုးရှိတဲ့ လစ်သီယံသတ္ထုဆိုရင် အာဖဂန်မှာ အမြောက်အများ ရှိနေတာ ဖြစ်ပါတယ်။

    “အာဖဂန်ဟာ သာမန် တန်ဖိုးမြင့် သတ္ထုရင်းမြစ်တွေ ပေါကြွယ်၀သလို ၂၁ ရာစု စီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့ သတ္ထုတွေလည်း ရှိနေပါတယ်” လို့ Ecological Futures Group ကို တည်ထောင်သူ သိပ္ပံပညာရှင်နဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ရုဒ်ရွှန်နိုဗာက ပြောပါတယ်။

    ကမ္ဘာကြီးဟာ သဘာ၀ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ နည်းပညာတွေ ဖန်တီးအသုံးပြုဖို့ အားထုတ် ကြိုးပမ်းလာတာနဲ့အမျှ လစ်သီယံနဲ့ မြေရှားသတ္ထုလို သတ္ထုမျိုးတွေရဲ့ ဝယ်လိုအားဟာ မြင့်တက်လာမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း လစ်သီယံ၊ ကို​ဗော့သတ္ထုနဲ့ မြေရှားသတ္ထုတင်ပို့မှုရဲ့ ၇၅ ရာခိုင်နှုန်းကို တရုတ်၊ ကွန်ဂိုနဲ့ ဩစတေးလျ နိုင်ငံတို့က လုပ်ဆောင်နေတာဖြစ်ပါတယ်။

    Ref: Asia Times

  • ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူများ သုံးကြိမ်မြောက် Booster ထိုးရန် လိုအပ်မည်

    ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူများ သုံးကြိမ်မြောက် Booster ထိုးရန် လိုအပ်မည်

    ဩဂုတ် ၁၉၊ ၂၀၂၁

    M-Media

    -ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပြီးသူတွေ ကိုယ်ခံအားကို ထိန်းထားနိုင်ဖို့အတွက် တတိယအကြိမ် Booster ထိုးဖို့ လိုအပ်တယ်လို့ အမေရိကန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    ပုံပြောင်းကိုဗစ် Delta ကူးစက်မှု ကမ္ဘာတစ်ဝှမ်း ဆက်လက်မြင့်တက်နေပြီး၊ ကာကွယ်ဆေးကပေးတဲ့ ကိုယ်ခံအားဟာ အချိန်ကြာလာရင် ကျသွားနိုင်တယ်ဆိုတဲ့ အချက်အလက်တွေ ထွက်လာချိန် အမေရိကန်က အခုလို သတိပေးလိုက်တာပါ။

    အမေရိကန် ကူးစက်ရောဂါ တားဆီးကာကွယ်ရေးဌာန CDC တာဝန်ရှိသူတွေက ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပေမယ့် သိပ်မပြင်းတဲ့ ကိုဗစ်ကူးစက်မှုကို ကာကွယ်နိုင်စွမ်းဟာ အချိန်ကာလတစ်ခုကြာရင် ကျဆင်းသွားတတ်တယ်ဆိုတာ လေ့လာမှုမှာ တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ 

    တတိယအကြိမ်ကို ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၈ လကြာတဲ့အခါ ထပ်ထိုးရမှာဖြစ်ကာ အမေရိကန်မှာ စက်တင်ဘာ ၂၀ ရက်နေ့ စတင်ထိုးပေးမှာဖြစ်ပါတယ်။ Pfizer နဲ့ Moderna နှစ်ကြိမ်ထိုးထားသူတွေအပြင် တစ်ကြိမ်ည်းထိုးရတဲ့ Johnson & Johnson ဆေး ထိုးထားသူတွေပါ Booster ထိုးရဖို့ ရှိနေပါတယ်။

    လက်ရှိ အမေရိကန်မှာ ပုံပြောင်းကိုဗစ် Delta ကူးစက်မှု မြင့်တက်နေပြီး လာမယ့်လအနည်းငယ်အတွင်း ကူးစက်မှု ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ 

    အမေရိကန်မှာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီးသား​သူတွေကို တတိယအကြိမ် ထိုးပေးဖို့အတွက် ဆေးအလုံအလောက်ရှိနေပမယ့် ၃ ကြိမ်ထိုးရတဲ့အခါ ကမ္ဘာပေါ်က တစ်ခြားနိုင်ငံတွေမှာ ဆေးမလုံလောက်မှု ပြဿနာနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးမှုတွေ ရှိနေပါတယ်။ 

    Ref: Aljazeera

  • အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ တစ်ထောင်ကျော်ပြီ

    အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ တစ်ထောင်ကျော်ပြီ

    ဩဂုတ် ၁၉၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူ စုစုပေါင်း တစ်ထောင်ကျော် ရှိလာပြီလို့ သိရပါတယ်။

    ၂၀၂၀ နိုဝင်လာလ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီကို ဖြုတ်ချတဲ့ ဒီအာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြည်သူလူထုက တစ်နိုင်ငံလုံးမှာ ဆန္ဒပြခဲ့ပြီး စစ်ကောင်စီတပ်တွေက ဆန္ဒပြသူတွေရော၊ မပြသူတွေပါ မြင်မြင်ရာ နှိပ်စက်ညှင်းပမ်း သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    သေဆုံးမှု၊ ဖမ်းဆီးခံရမှု၊ ဒဏ်ရာရမှု စာရင်းတွေကို ပြုစုနေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့ AAPP က စစ်ကောင်စီတပ်တွေ လက်ချက်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ဩဂုတ်လ ၁၈ ရက် ဗုဒ္ဓဟူး​နေ့အထိ ​၁၀၀၁ ဦး ရှိလာပြီလို့ ပြောပါတယ်။

    ဒါဟာ သူတို့အဖွဲ့ စာရင်းကောက်ယူလို့ရတာဖြစ်ပြီး အမှန်တကယ် ထိခိုက်သေဆုံးသူဟာ ဒီထက် ပိုများနိုင်တယ်လို့ AAPP အဖွဲ့ အတွင်းရေးမှူး ကိုဘိုကြီးက ပြောပါတယ်။

    “စစ်တပ်က အာဏာရနေသမျှ လူငယ်တွေ၊ ဆရာဝန်နဲ့ ကျောင်းဆရာတွေလို ပရော်ဖက်ရှင်နယ်တွေ၊ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကို သတ်ဖြတ်နေအုံးမှာ ဖြစ်ပါတယ်။ လူတွေသတ်နေတာထက် တိုင်းပြည်ရဲ့ အနာဂတ်၊ ဒီမိုကရေစီမျှော်လင့်ချက်တွေကို အညွန့်တုန်းအောင် လုပ်နေတာ ဖြစ်ပါတယ်”

    အာဏာသိမ်းစစ်ကောင်စီဟာ ကိုဗစ် ကပ်ရောဂါကို လက်နက်သဖွယ် အသုံးချနေတယ်လို့လည်း ကိုဘိုကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: AFP