News @ M-Media

Blog

  • ဘာသာရေး စော်ကားရေးသားမှု အောင်ဇေယျတု ဂျာနယ်ကို စာနယ်ဇင်းကောင်စီ ခေါ်ယူဆွေးနွေး

    ဘာသာရေး စော်ကားရေးသားမှု အောင်ဇေယျတု ဂျာနယ်ကို စာနယ်ဇင်းကောင်စီ ခေါ်ယူဆွေးနွေး

    အောက်တိုဘာ ၃၀ ၊ ၂၀၁၄
    M-Media
    သတင်း- သူရိန်
    Reply from MPC
    ၂၀၁၄-ခု အောက်တိုဘာလ ၁၇-ရက်နေ့ အောင်ဇေယျတုဂျာနယ် အမှတ်(၄၄) တွင် အစ္စလာမ်သာသနာနှင့် တမန်တော်မြတ်မုဟမ္မဒ်(ဆွ) အပေါ် မှားယွင်းသော အသုံးအနှုန်းများဖြင့် ရိုင်းစိုင်းစွာ စော်ကား ပုတ်ခတ် ရေးသားထားခဲ့မှုနှင့် ပတ်သက်ပြီး ပြည်တွင်း ထုတ် အောင်ဇေယျတုဂျာနယ်ကို စာနယ်ဇင်းကောင်စီ(ယာယီ) က ခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

    အောင်ဇေယျတုဂျာနယ်တွင် ဘာသာရေး လူမျိုးရေး အမုန်းတရား ပွားများစေသော ရေးသားချက်များ ပါဝင်နေပြီး ဘာသာရေး စော်ကားမှု စိတ်နာကြည်းစေမှု၊ အစ္စလာမ်သာသနာအား မဟုတ်မမှန် စွပ်စွဲပုတ်ခတ် ရေးသားမှုများ၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် အရေးအသားများကို အတင့်ရဲစွာ ရေးသားဖြန့်ဝေနေကြောင်း အစ္စလာမ်ဘာသာဝင်(၁၀) ဦးမှ လက်မှတ်ထိုးပြီး အောက်တိုဘာ ၂၂ ရက်နေ့က စာနယ်ဇင်းကောင်စီ(ယာယီ)ကို လိပ်မူ တိုင်ကြားခဲ့တာပါ။

    ထိုသို့ တိုင်ကြားခဲ့ခြင်းအပေါ် ယခုကဲ့သို့ ခေါ်ယူ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း နှင့် ဂျာနယ် တာဝန်ခံများမှ နောင်တွင် ပြင်းထန်သော အသုံးအနှုန်းများ မပါဝင်အောင် စိစစ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်ဟု  မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ ) ၏ တိုင်ကြားသူများကို အကြောင်းပြန်ကြားသော စာမှာ ဖော်ပြထားပါတယ်။

    နိုင်ငံရေး ပါတီ တစ်ခု ဖြစ်သော အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီဌာနချုပ် (UNC) မှလည်း အောက်တိုဘာလ (၂၇) နေ့ တွင် နိုင်ငံတော် သမ္မတနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့ထံ လိပ်မူပြီး အစ္စလာမ်ဘာသာ အပေါ် စာနယ်ဇင်းကျင့်ဝတ် ဖောက်ဖျက်ရေးသားမှုများကို အရေးယူပေးရန် တင်ပြခဲ့ကြောင်းလည်းသိရပါတယ်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ကလည်း အောက်တိုဘာလ ၂၂ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာ ဌာနများကို အရေးယူတားမြစ်ပေးရန် ကန့်ကွက် တိုင်ကြားခဲ့ပါတယ်။

    အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အနေဖြင့် အစ္စလာမ်ဘာသာ သာသနာ အပေါ် စော်ကား ရေးသားချက်များနှင့် စပ်လျဉ်း၍ အောင်ဇေယျတုဂျာနယ်၏ ၃၁.၁.၂၀၁၄ ရက်နေ့ထုတ် အမှတ် ၇ စာစောင်တွင်လည်း ပါရှိကြောင်းတွေ့ရှိရ၍ ဖေဖော်ဝါရီလ ၅ ရက်နေ့က နိုင်ငံတော်အစိုးရထံသို့ တရားဝင် ကန့်ကွက် တိုင်ကြားမှုများ ပြုလုပ်ခဲ့ပေမယ့် သက်ဆိုင်ရာ အာဏာပိုင်များမှ ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများ မပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

    Image via-Ali Tintun Oo FB

  • မနေ့ကသည် သင် “ကျွန်” လော “သခင်” လော

    မနေ့ကသည် သင် “ကျွန်” လော “သခင်” လော

    အောက်တိုဘာ ၃၀၊ ၂၀၁၄
    M-Media
    သက်ဝေနှင်း ရေးသည်။
    foregin-exchange-greed
    လူတွင် ပြည့်ဝလုံလောက်သည့် အသိဥာဏ်- အသိပညာ ဆင်ခြင်တုံတရား အသိပညာမရှိလေ လေ တပ်မောမှု၏ ကျေးကျွန်ဖြစ်ရလေ လေဖြစ်သည်။

    လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ကျော် (၁၆၃၂ မှ ၁၆၇၇) ထိ ယင်းကာလအတွင်းတွင် ထင်ပေါ်ကြော်ကြားခဲ့သော တွေးခေါ်ပညာရှင် (စပင်နိုဇာ) ၏ အယူအဆ အတွေးအခေါ်တစ်ချို့ကို ပြန်လည်သုံးသပ်ကြည့်ချင်ပါသည်။ လူသည် သဘာဝလောကနှင့် သဘာဝလောကတွင် မိမိပါဝင်နေရသည့် ကဏ္ဍကို မသိနားမလည်သောကြောင့် တပ်မက်မောမှု၏ ကျေးကျွန်ဖြစ်ရသည် ဟူ၍ဆိုထားပါသည်။

    တပ်မက်မောဟု ဆိုရာတွင် ကဏ္ဍ လူမျိုးစုံတွေ့ရှိရပေသည်။ ငွေကြေး တပ်မက်မောမှု၊ ရာထူးအာဏာ တပ်မက်မောမှု၊ နေရာဒေသ တပ်မက်မောမှု၊ တဏှာ တပ်မက်မောမှု စသည်ဖြင့် အသေးဆုံး အစိတ်အပိုင်းမှသည် အကြီးမားဆုံးသော အစိတ်အပိုင်း ကဏ္ဍများထိတိုင် တပ်မက်မောမှုမျိုးစုံကို တွေ့ရှိရပေမည်။ တပ်မက်မောမှုသည် လူမျိုးရေး၊ ဘာသာရေး၊ သာသနာရေးတို့ဖြင့် လုံးဝ မသက်ဆိုင်ပေ။

    မည်သည့် လူမျိုးမဆို မည်သည့်ဘာသာ၊ သာသနာတွင်မဆို၊ တပ်မက်မောခြင်းသည် ရှိနေပေသည်။ တပ်မက်မောမှုသည် လူနှင့်သာတိုက်ရိုက်သက်ဆိုင်သည့် ပုဂ္ဂလိက လောဘပင်ဖြစ်၏။

    တပ်မက်မောမှုဟူသည် လူမှန်လျှင် မွေးစထဲက ပါရှိလာပေ၏။ မွေးကင်းစမှသည် ကလေးအရွယ် လူမမယ်၊ အရွယ်အလတ်၊ အရွယ်အကြီး၊ သေခါနီးသည်ထိ တပ်မက်မောမှုသည် ကင်းလွတ်ခြင်းမရှိပါပေ။ သို့သော် တော်ရုံ တပ်မက်မောခြင်း၊ လောဘသည်သာ လူတို့တွင် ရှိသင့်ရှိအပ်ပေ၏။ မတော်မတရား တပ်မက်မောခြင်း ၀ိသမ လောဘရှိလာပြီဆိုသည်နှင့် လူသည်အစွန်းရောက် အတွေးအခေါ်များ၊ အစွန်းရောက်ဝါဒီများ ဖုံးလွှမ်းလာပြီး ဆင်ခြင် ဥာဏ်ကင်းမဲ့လေတော့သည်။

    ဒီနေ့ ကမ္ဘာတစ်ဝှမ်းအားကြည့်မည်ဆိုလျှင် လူသားများသည် အသိပညာများ ပိုမိုတက်လာပြီး တီထွင်မှု နည်းပညာများ ပိုမိုကောင်းမွန်လာပြီဟု မြင်ရပေလိမ့်မည်။ သို့သော် အသိပညာ မည်မျှပင် တိုးတက်လာစေ၊ တီထွင်မှု စွမ်းရည်များမည်မျှပင် ထွန်းကားလာစေ။ ယနေ့လူတို့၏ ဦးနှောက်ထဲတွင် ပြည့်ဝလုံလောက်သည့်အသိ၊ ဥာဏ်၊ ဆင်ခြင်တုံတရားကား မရှိသေးဟု ပင်ဆိုရမည်။ အဘယ်ကြောင့်နည်းဟုဆိုရလျှင် လူသားတစ်ဦး တစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခုသည် မိမိ တပ်မက်သောအရာ မိမိပိုင်ဆိုင်သော မည်သည့်အရာကိုမဆို တစ်ချိန်ချိန်တွင် ထားရစ်ခဲ့ပြီး မည်သည့် အရာဝတ္တုတစ်ခုကိုမျှ ဆုပ်ကိုင်ဆွဲယူထားခြင်း မရှိဘဲ လူ့လောကမှစွန့်ခွာ သေဆုံးကြရသည် မဟုတ်ပါလား။ လူ့လောက လူဌာနေသို့ ရောက်ရှိခိုက် လူအဖြစ်ရရှိခိုက်တွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဘာသာနှင့် တစ်ဘာသာ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ တိုင်းနိုင်ငံတစ်ခုနှင့်တစ်ခု၊ တပ်မက်မောမှု ကင်းဝေးစွာနားလည် ဆက်ဆံကြမည်ဆိုလျှင် ယနေ့ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော နေသည့် ကြားသိနေရသည့် ပဋိပက္ခ အနိဋာရုံ သတင်းဆိုးများနှင့် ကင်းဝေးပေလိမ့်မည်။ ယနေ့ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော လူသားအချင်းချင်း ညှာတာမှုကင်းသည့် စစ်ပွဲများကြောင့် လူသားအရင်းအမြစ် ဆုံးရူံးမှုများသည် အတောမသက်သေးပေ။

    ကျွန်ုပ်တို့လူသားများ သိရှိထားရမည်မှာ တပ်မက်မောမှုမှန်သမျှသည် ပထမ ဦးစွာ စိတ်၌တည်မှီဖြစ်ပေါ်လာသော စိတ်၏ချဉ်ခြင်း၊ စိတ်၏ဆန္ဒများသာဖြစ်သည်။ ဤသို့စိတ်မှ စတင်လာသော တပ်မက်မောမှုများအား လူတို့မှဆင်ခြင် သုံးသပ်၍ ပယ်ဖျက်ခြင်း၊ ညှိယူခြင်း မပြုကြပဲ လိုက်လံ၍ စိတ်အတိုင်း လိုက်လျောကာ ပြုလုပ်ကြမည်ဆိုလျှင် ဘယ်သောအခါမျှ လူ့ကမ္ဘာ လူ့လောကကြီးသည် ပျော်ရွှင်ငြိမ်းချမ်းမှုများရရှိကြတော့မည်မဟုတ်ချေ။

    တပ်မက်မောမှု မှန်သမျှကို အမှားအမှန် ကန့်သတ်၍ ဦးနှောက် အသိပြည့်ဝစွာ စဉ်းစားဆင်ခြင် ခြင်းမရှိပါပဲ လိုက်လံပြုမူဆောင်ရွက်သော သူတို့သည် အစဉ်သဖြင့် “စိတ်၏ ကျေးကျွန်” ဘ၀မှ လွတ်မြောက်နိုင်ကြလိမ့်မည်မဟုတ်ပေ။

    လူသည် စိတ်၏ကျေးကျွန်မဖြစ်သင့် စိတ်အား ကြိုးကိုင်နိုင်သူသာ ဖြစ်သင့်ပေသည်။ သို့မှသာ လူသားဆိုသည်မှာ အခိုင်းစေခံ သတ္တ၀ါ ကျွန်ဘ၀မှ ကင်းလွတ်၍ ခိုင်းစေသူသခင်ဘ၀ အမှန်အား ရရှိမည်မှာ မလွဲဧကန်ပေတည်း။ ပညာတတ်တိုင်း ပညာရှိမဟုတ် အမှားအမှန် ဆင်ခြင်သုံးသပ်မှုမှန်သည့် ဥာဏ်အလင်းရှိခြင်းသည်သာ ပြည့်ဝမှန်ကန်သည့် ပညာရှိဖြစ်ပေမည်။

  • မက္ကဆီကိုတွင် ပျောက်နေသည့် ကျောင်းသားများရှာရင်း အစုလိုက်အပြုံလိုက် လူသေများ မြှုပ်ထားမှု ထပ်မံတွေ့ပြန်

    မက္ကဆီကိုတွင် ပျောက်နေသည့် ကျောင်းသားများရှာရင်း အစုလိုက်အပြုံလိုက် လူသေများ မြှုပ်ထားမှု ထပ်မံတွေ့ပြန်

    အောက်တိုဘာ ၃၀ ၊ ၂၀၁၄
    M-Media
    2014102455457336734_20
    – ပြီးခဲ့သည့် လနှောင်းပိုင်းက ပျောက်ဆုံးသွားခဲ့သည့် ပညာရေးကောလိပ်မှ ကျောင်းသား ၄၃ ဦးအား ရှာဖွေမှုအတွင်း လူသေများ အစုလိုက်အပြုံလိုက်မြှုပ် ထားသော နေရာတစ်ခုကို ထပ်မံတွေ့ ရှိခဲ့သည်ဟု မက္ကဆီကို တရားသူကြီးများက ပြောကြားလိုက်သည်။

    လူသေများအား အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ထိုနေရာအား ကျောင်းသားများပျောက်ဆုံးသွားခဲ့သည့် အီဂွါလာမြို့အနီး ကိုကူလာမြို့တွင် တွေ့ရှိခဲ့ ရခြင်းဖြစ်ပြီး ပျောက်ဆုံးနေသော ကျောင်းသားများ၏ ရုပ်ကြွင်းများ ဟုတ်မဟုတ် စစ်ဆေးသွားမည်ဟု သိရသည်။

    ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း လူများအား မီးရှို့ကာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာတစ်ခုကို အီဂွါလာမြို့အနီးတွင် တွေ့ရှိခဲ့ရသည်။ ထိုနေရာတွင် အလောင်း ၃၈ လောင်းအား မြှုပ်နှံထားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ၂၈ လောင်းအား စစ်ဆေးပြီးဖြစ်ကာ ပျောက်ဆုံးသွားသော ကျောင်းသားများ မဟုတ်ဟု တာဝန်ရှိသူများက ဆိုသည်။

    ပညာရေးကောလိပ်တစ်ခုမှ အဆိုပါကျောင်းသားများ ပျောက်ဆုံးသွားမှုတွင် တိုက်ရိုက်ပါဝင်ပတ်သက်သည်ဟု သံသယရှိသော မူးယစ်ဂိုဏ်းသား ၂ ဦးကို မက္ကဆီကို ရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ဖမ်းဆီးခဲ့ပြီး၊ နာမည်ကြီး မူးယစ်ဂိုဏ်း Guerreros Unidos မှ ဂိုဏ်းသားများအပါအ၀င် ထိုအမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများမှာ စုစုပေါင်း ၅၆ ဦးအထိ ရှိလာပြီဖြစ်သည်။

    Source: AFP

    ဆက်စပ် သတင်းနှင့် ဆောင်းပါးဖတ်လိုလျှင်
    ————————————-
    လူသေ အလောင်းများ အစုလိုက်ပြုံလိုက် မြှုပ်နှံမှု မက္ကဆီတွင်တွေ့
    http://www.m-mediagroup.com/news/32603

    ISIL ထက်ပိုပြီး ဆိုးရွား ရက်စက်တဲ့ မက္ကဆီကန် မူးယစ်ရာဇာများ
    http://www.m-mediagroup.com/news/33424

  • သတိထား ဖတ်ရှုမိတဲ့ ခွင့်ပြုစာ (သူ့အမြင်)

    သတိထား ဖတ်ရှုမိတဲ့ ခွင့်ပြုစာ (သူ့အမြင်)

    အောက်တိုဘာ ၃၀ ၊ ၂၀၁၄
    M-Media
    . ဆွေမွန် ရေးသည်။

    4
    ၁) ဒီနေ့လုပ်မယ့် မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးထောက်ခံပွဲ မန္တလေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးက ခွင့်ပြုတာ လူ ၂၀၀…. တကယ်ဝင်လာတာ ၂၀၀ ထက်ပိုရင် ခွင့်ပြုတဲ့လူတွေ ဘာလုပ်မလဲ….

    ၂) နောက်ဆက်တွဲ ခ စာရွက်မှာ ဆန္ဒပြတာကို (လူပုဂ္ဂိုလ်များဖြင့်သာ) ဆောင်ရွက်ရန် ဆိုပြီး တိုက်ရိုက် ညွှန်ကြားတာကို တွေ့ရတယ်။ အဓိပ္ပါယ်က ရဟန်း ဘုန်းကြီိး မပါရ ဆိုတာက ရှင်းနေတယ်။

    ရဟန်း ဘုန်းကြီိး ပါလာရင် သက်ဆိုင်ရာခွင့်ပြုတဲ့အာဏာပိုင်တွေ ဘာလုပ်မလဲ….

    ၃) တစ်တွဲကို ၃ ယောက်ထက် ပိုမလျှောက်ဖို့ စီတန်းလှည့်လည်ရာမှာ စည်းကမ်းထုတ်တယ်။ ဒီနေရာမှာလည်း လူပုဂ္ဂိုလ်လို့ပဲ သုံးထားပြန်တယ်။ ဘုန်းကြီးကို လုံးဝ ခွင့်ပြုတဲ့ သဘော မပါဘူး။

    ၄) မန္တလေးမျိုးစောင့်ထောက်ခံတဲ့ ဘုန်းကြီးအဖွဲ့က ထုတ်တယ်လို့ ယူဆရတဲ့ မြေပုံတစ်ခုကို တွေ့ရတယ်။ အရမ်းအံ့သြစရာကို ဒီမြေပုံစာရွက်မှာ တွေ့ရပြန်တယ်။ စစ်ဆင်ရေးမြေပုံနဲ့ တူလွန်းလှတဲ့ ဒီမြေပုံကို ဘုန်းကြီးတွေက ဆွဲတတ်နေပြန်တယ်။ အရေးပေါ်ထွက်ပေါက်၊ စတင် ထွက်ခွာမည့်နေရာ၊ (ချီတက်မည့်) လမ်းကြောင်း စတာတွေကို စစ်ဆင်ရေးမြေပုံတွေမှာ ဖော်ပြသလို သင်္ကေတတွေနဲ့ တိတိကျကျ ဆွဲသားဖော်ပြထားနိုင်တာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ စစ်ရေးအမြင်ရှိတဲ့ ဘုန်းကြီးဘယ်နှစ်ပါးလောက်တောင် ရှိနေပြီလည်းတော့ မခန့်မှန်းတတ်တော့ပါဘူး။ ဒါပေမယ့် မျိုးစောင့်ဘုန်းကြီးတွေရဲ့ မြေပုံဆွဲသားနည်းစနစ်ကျလွန်းလှတာကို တကယ်အသိအမှတ်ပြု ချီးကျူးစရာ ကောင်းလှတယ်။ အသုံးအနှုန်းတောင်မှ ဘုန်းကြီးဖြစ်နေပေမယ့် ချီတက်မည့်လမ်းကြောင်းလို့ စစ်သားဆန်ဆန် သုံးနှုန်းသွားနိုင်တယ်။

    ၅) မန္တလေးပြည့်သူ့ရဲတပ်ဖွဲ့မှူးက ဘာကြီးပဲ ထုတ်ပြန်နေပါစေ။ မျိုးစောင့်ဘုန်းကြီးတွေက မလိုက်နာဘူးဆိုတာကို နောက်ဆုံးစီတန်းရမယ့် ပုံစံစာရွက်မှာ တွေ့ရပြန်တယ်။ တပ်မတော်နေ့ စစ်သားတွေ စီတန်းစစ်ရေးပြ လမ်းလျှောက်တာထက်ကို စနစ်ကျလွန်းလှပြန်နေပါတယ်။

    ရှေ့တန်းမှာ ဆိုင်ကယ် ၅ စီး၊ ဦးဆောင်ဆရာတော်၊ ဆရာလေးတွေတောင် ပါလိုက်သေးဗျာ။ မြို့နယ်မှူးက သတ်မှတ်ပေးတဲ့ လူ ၂၀၀ အရေအတွက်ကို လုံးဝဂရုစိုက်စရာ မလိုတာကို၊ လိုက်နာစရာ မလိုတာကို အသေအချာတွေ့ရပြန်တယ်။ ဘုန်းကြီး မပါရဆိုတဲ့ မြို့နယ်မှူးသတ်မှတ်ချက်ကလည်း အလကားဖြစ်သွားပြန်တယ်။

    မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးစတဲ့ အစိုးရ သဘောကျတဲ့ ဆန္ဒပြပွဲတွေဟာ အစိုးရကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေထက် အခွင့်အရေး အကာအကွယ်တွေ အများကြီးရတယ်။ အထူး အခွင့်အရေးတွေရတယ်။ စနစ်တကျ စီမံခန့် ခွဲတတ်သူတွေက ဦးဆောင်နေတယ် ဆိုတာကို မြင်မိတယ်။

    လုံလုံခြုံခြုံ စနစ်တကျ  ဆန္ဒပြနိုင်တဲ့အတွက် တကယ်လည်း အားကျမိပါတယ်။ ဘာကိုပဲ ချိုးဖောက် ချိုးဖောက် ကိုပါကြီး ပွဲလို ပြီးတာနဲ့ ဆွဲစိခံရဖို့လည်း မရှိတဲ့အတွက် ပိုပြီး စိတ်ချမ်းသာစရာကောင်းမယ် လို့ ထင်မိတယ်။ ဒီလောက်ပဲ။

    ဆွေမွန်

    1 2 3 5

  • ဘာသာတရားများကို ဘာသာဝင်များ အလွဲသုံးစားလုပ်မှု အတွေးအခေါ် ပညာရှင် ဖသုလ္လာဟ်ဂူလန် ပြော

    ဘာသာတရားများကို ဘာသာဝင်များ အလွဲသုံးစားလုပ်မှု အတွေးအခေါ် ပညာရှင် ဖသုလ္လာဟ်ဂူလန် ပြော

    အောက်တိုဘာ ၂၉ ၊ ၂၀၁၄
    M-Media

    ဘာသာတရားများမှာ ဘာသာဝင်များ အလွဲသုံးစားလုပ်ခံနေရကြောင်း ကမ္ဘာကျော် အစ္စလာမ့်  အတွေးအခေါ် ပညာရှင် ဖသုလ္လာဟ်ဂူလန် ပြော

    fethullah-gulen-hocaefendiden-bm-toplantisina-mesaj-baris-ve-cozumun-insasi-insandan-baslamali

    – ကမ္ဘာ့ဘာသာကြီးများ၏ ကျမ်းစာများမှာ ဘာသာဝင်များ၏ အလွဲသုံးစားလုပ်မှုကို ခံနေရပြီး ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအတွက် အီဗရာဟီမိုက် ဘာသာတရား များဖြစ်သော ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်တို့ ပူးပေါင်းဆောင်ရွက်ရမည်ဟု နာမည်ကျော် အစ္စလာမ့် ပညာရှင်နှင့် စာရေးဆရာဖြစ်သူ ဖသုလ္လာဟ်ဂူလန်  က ဟု ဂျီနီဗာငြိမ်းချမ်းရေး ညီလာခံသို့ ပေးပို့သော သ၀ဏ်လွှာတွင် ရေးသားဖော်ပြခဲ့သည်။

    ကမ္ဘာတစ်ဝှမ်းမှ ထင်ရှားသည့် ပုဂ္ဂိုလ်များ၊ ငြိမ်းချမ်းရေးနှင့် အတူယှဉ်တွဲနေထိုင်ရေးကို အားစိုက်လုပ်ဆောင်နေသော အသင်းအဖွဲ့များတက်ရောက်ခဲ့ပြီး Mobilizing Civil Society for Buulding Peace ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၂၄ ရက်နေ့က ဂျီနီဗာ၌ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ရန် ညီလာခံ ကျင်းပရေးကော်မတီက ဂူလန်အား ဖိတ်ကြားခဲ့သည်။

    ဂူလန်ကမူ မိမိနိုင်ငံအရေး၊ အရှေ့အလယ်ပိုင်းအရေး ရတက်မအေးဖြစ်နေရသည့် မိမိအား ယခုကဲ့သို့ ဖိတ်ကြားခဲ့ခြင်းမှာ အကောင်းဆုံးလက်ဆောင်တစ်ခုဖြစ်ပြီး မတက်ရောက်နိုင်သည့် အတွက် ၀မ်းနည်းရပါကြောင်း အဆိုပါ သ၀ဏ်လွှာ၏ နိဒါန်းတွင် ရေးသားခဲ့သည်။

    ထို့နောက် ဂူလန်က ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုမှာ ငြိမ်းချမ်းရေးကို မြတ်နိုးသောသူများဖြစ်လာအောင် ကြိုးပမ်းခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။

    ပဋိပက္ခများနှင့်ပတ်သက်၍ ဂူလန်က လူများမှာ အာဏာရလိုမှု၊ နယ်မြေပိုင်ဆိုင်လိုမှု စသည့် အတ္တများစွဲကပ်၍ သမိုင်းတစ်လျှောက် အချင်းချင်းတိုက်ခိုက် သတ်ဖြတ်ခဲ့ကြသောကြောင့် သေဆုံးရသူများမှာ သဘာဝဘေး အန္တရာယ်များကြောင့် သေဆုံးခဲ့ရသူထက်ပင် ပိုမိုများပြားကြောင်း၊ အစိုးရများအနေဖြင့် ပညာရေးပေါ်လစီများအား ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားအတွက်သာ ဆောင်ရွက်နေကြပြီး၊ ထိုကဲ့သို့ တစ်ကိုယ်ကောင်းဆန်ခြင်းမှာ ငြိမ်းချမ်းရေးကို မြတ်နိုးသောသူများ ပေါ်ပေါက်လာမည် မဟုတ်ကြောင်း ၎င်း၏ အမြင်ကို ရေးသားခဲ့သည်။

    ထို့ပြင် ဘာသာတရားများ၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးသောသူများ ဖြစ်လာစေရန် ဖြစ်သော်လည်း၊ ထိုဘာသာတရားများအား အခြေခံဝါဒီများက အလွဲသုံးစားလုပ်နေကြပြီး ၎င်းတို့၏ နိုင်ငံရေး ရယူလိုမှုအတွက် အကာအကွယ်ယူထားကာ ပဋိပက္ခများဖြစ်စေရန် အကူပစ္စည်းအဖြစ် အသုံးချနေကြောင်း၊ ထိုကဲ့သို့ ဘာသာရေး ကျမ်းစာများကို စစ်ပွဲများ၊ ပဋိပက္ခများအတွက် အသုံးပြုနေမှုမှာ အလွန်အင်မတန် ရွံ့ရှာ စက်ဆုပ်ဖွယ်ကောင်းကြောင်း ဂူလန်က ရှုတ်ချပြောဆိုခဲ့သည်။

    ဂျီနီဗာတွင်ပြုလုပ်ခဲ့သည့် အဆိုပါညီလာခံတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ မတူကွဲပြားမှုများအား လက်ခံနိုင်ရေး၊ ပဋိပက္ခများချုပ်ငြိမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေး စသည့် ကဏ္ဍများစွာကို ဆွေးနွေးခဲ့ကြသည်။

    ဂိုလန်ကမူ ကမ္ဘာကြီးငြိမ်းချမ်းရေး အတွက် အီဗရာဟီမိုက် ဘာသာတရားများဖြစ်သည့် ဂျူး၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာဝင်များက ပူးပေါင်းကာ ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း နိဂုံးချုပ်အနေဖြင့် ရေးသားခဲ့ပြီး ငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင်ကြသူများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြသူအားလုံးကိုလည်း ဂူလန်က ချီးကျူးပြောဆိုခဲ့သည်။

    ၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့သည့် ဂူလန်မှာ တူရကီနိုင်ငံသား တစ်ဦးဖြစ်ပြီး အစ္စလာမ်ကမ္ဘာတွင် ကျော်ကြားသည့် ဓမ္မပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ဂူလန်မှာ စာအုပ်များစွာကို ရေးသားခဲ့သူဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ဦးဆောင်ပါဝင်ဆောင်ရွက်နေသူလည်း ဖြစ်သည်။

    ref_ http://fgulen.com