အောက်တိုဘာ ၂၉ ၊ ၂၀၁၄
M-Media
ဘာသာတရားများမှာ ဘာသာဝင်များ အလွဲသုံးစားလုပ်ခံနေရကြောင်း ကမ္ဘာကျော် အစ္စလာမ့် အတွေးအခေါ် ပညာရှင် ဖသုလ္လာဟ်ဂူလန် ပြော
– ကမ္ဘာ့ဘာသာကြီးများ၏ ကျမ်းစာများမှာ ဘာသာဝင်များ၏ အလွဲသုံးစားလုပ်မှုကို ခံနေရပြီး ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအတွက် အီဗရာဟီမိုက် ဘာသာတရား များဖြစ်သော ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်တို့ ပူးပေါင်းဆောင်ရွက်ရမည်ဟု နာမည်ကျော် အစ္စလာမ့် ပညာရှင်နှင့် စာရေးဆရာဖြစ်သူ ဖသုလ္လာဟ်ဂူလန် က ဟု ဂျီနီဗာငြိမ်းချမ်းရေး ညီလာခံသို့ ပေးပို့သော သ၀ဏ်လွှာတွင် ရေးသားဖော်ပြခဲ့သည်။
ကမ္ဘာတစ်ဝှမ်းမှ ထင်ရှားသည့် ပုဂ္ဂိုလ်များ၊ ငြိမ်းချမ်းရေးနှင့် အတူယှဉ်တွဲနေထိုင်ရေးကို အားစိုက်လုပ်ဆောင်နေသော အသင်းအဖွဲ့များတက်ရောက်ခဲ့ပြီး Mobilizing Civil Society for Buulding Peace ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၂၄ ရက်နေ့က ဂျီနီဗာ၌ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ရန် ညီလာခံ ကျင်းပရေးကော်မတီက ဂူလန်အား ဖိတ်ကြားခဲ့သည်။
ဂူလန်ကမူ မိမိနိုင်ငံအရေး၊ အရှေ့အလယ်ပိုင်းအရေး ရတက်မအေးဖြစ်နေရသည့် မိမိအား ယခုကဲ့သို့ ဖိတ်ကြားခဲ့ခြင်းမှာ အကောင်းဆုံးလက်ဆောင်တစ်ခုဖြစ်ပြီး မတက်ရောက်နိုင်သည့် အတွက် ၀မ်းနည်းရပါကြောင်း အဆိုပါ သ၀ဏ်လွှာ၏ နိဒါန်းတွင် ရေးသားခဲ့သည်။
ထို့နောက် ဂူလန်က ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုမှာ ငြိမ်းချမ်းရေးကို မြတ်နိုးသောသူများဖြစ်လာအောင် ကြိုးပမ်းခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။
ပဋိပက္ခများနှင့်ပတ်သက်၍ ဂူလန်က လူများမှာ အာဏာရလိုမှု၊ နယ်မြေပိုင်ဆိုင်လိုမှု စသည့် အတ္တများစွဲကပ်၍ သမိုင်းတစ်လျှောက် အချင်းချင်းတိုက်ခိုက် သတ်ဖြတ်ခဲ့ကြသောကြောင့် သေဆုံးရသူများမှာ သဘာဝဘေး အန္တရာယ်များကြောင့် သေဆုံးခဲ့ရသူထက်ပင် ပိုမိုများပြားကြောင်း၊ အစိုးရများအနေဖြင့် ပညာရေးပေါ်လစီများအား ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားအတွက်သာ ဆောင်ရွက်နေကြပြီး၊ ထိုကဲ့သို့ တစ်ကိုယ်ကောင်းဆန်ခြင်းမှာ ငြိမ်းချမ်းရေးကို မြတ်နိုးသောသူများ ပေါ်ပေါက်လာမည် မဟုတ်ကြောင်း ၎င်း၏ အမြင်ကို ရေးသားခဲ့သည်။
ထို့ပြင် ဘာသာတရားများ၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးသောသူများ ဖြစ်လာစေရန် ဖြစ်သော်လည်း၊ ထိုဘာသာတရားများအား အခြေခံဝါဒီများက အလွဲသုံးစားလုပ်နေကြပြီး ၎င်းတို့၏ နိုင်ငံရေး ရယူလိုမှုအတွက် အကာအကွယ်ယူထားကာ ပဋိပက္ခများဖြစ်စေရန် အကူပစ္စည်းအဖြစ် အသုံးချနေကြောင်း၊ ထိုကဲ့သို့ ဘာသာရေး ကျမ်းစာများကို စစ်ပွဲများ၊ ပဋိပက္ခများအတွက် အသုံးပြုနေမှုမှာ အလွန်အင်မတန် ရွံ့ရှာ စက်ဆုပ်ဖွယ်ကောင်းကြောင်း ဂူလန်က ရှုတ်ချပြောဆိုခဲ့သည်။
ဂျီနီဗာတွင်ပြုလုပ်ခဲ့သည့် အဆိုပါညီလာခံတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ မတူကွဲပြားမှုများအား လက်ခံနိုင်ရေး၊ ပဋိပက္ခများချုပ်ငြိမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေး စသည့် ကဏ္ဍများစွာကို ဆွေးနွေးခဲ့ကြသည်။
ဂိုလန်ကမူ ကမ္ဘာကြီးငြိမ်းချမ်းရေး အတွက် အီဗရာဟီမိုက် ဘာသာတရားများဖြစ်သည့် ဂျူး၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာဝင်များက ပူးပေါင်းကာ ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း နိဂုံးချုပ်အနေဖြင့် ရေးသားခဲ့ပြီး ငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင်ကြသူများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြသူအားလုံးကိုလည်း ဂူလန်က ချီးကျူးပြောဆိုခဲ့သည်။
၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့သည့် ဂူလန်မှာ တူရကီနိုင်ငံသား တစ်ဦးဖြစ်ပြီး အစ္စလာမ်ကမ္ဘာတွင် ကျော်ကြားသည့် ဓမ္မပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ဂူလန်မှာ စာအုပ်များစွာကို ရေးသားခဲ့သူဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ဦးဆောင်ပါဝင်ဆောင်ရွက်နေသူလည်း ဖြစ်သည်။
ref_ http://fgulen.com
Leave a Reply
You must be logged in to post a comment.