News @ M-Media

Blog

  • အာဖဂန်နစ္စတန်မှ အဖိုးတန်မြေရှားသတ္ထု ထုတ်ယူရန် တရုတ် မျက်​စပစ်လာ

    အာဖဂန်နစ္စတန်မှ အဖိုးတန်မြေရှားသတ္ထု ထုတ်ယူရန် တရုတ် မျက်​စပစ်လာ

    ဩဂုတ် ၁၉၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံက အဖိုးတန် မြေရှားသတ္ထု ထုတ်ယူဖို့ မျက်စပစ်လာပြီး ဒီကရရှိတဲ့ အကျိုးအမြတ်တွေနဲ့ အကြမ်းဖက်ဝါဒကို ထောက်ပံ့ပေးမယ့် အလားအလာ ရှိနိုင်တယ်လို့ အမေရိကန်လွှတ်တော်အမတ်တစ်ဦးက သတိပေးလိုက်ပါတယ်။

    တာလီဘန်ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ပြီးခဲ့တဲ့လမှာ တွေ့ဆုံခဲ့သလို၊ တာလီဘန်က တစ်နိုင်ငံလုံးကို သိမ်းပြီးချိန်မှာလည်း တာလီဘန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ တရုတ်နိုင်ငံက လူသိရှင်ကြား ထုတ်ပြောထားပါတယ်။

    အမေရိကန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ ပါဝင်တဲ့ ထိပ်တန်း ရီပက်ဘလစ်ကန်အမတ် မိုက်ကယ် မက်ကောလ်က တရုတ်ဟာ အာဖဂန်နစ္စတန်က သယံဇာတတွေ ရယူဖို့ ကြိုးစားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    “တရုတ်က ဒီအကွက်ကို ရွှေ့မှာပါ။ အာဖဂန်မှာ မြေရှားသတ္ထုတွေ ရှိတယ်။ ဒါကို ထုတ်ဖို့ အမေရိကန်က ဘာ့ကြောင့် အာဖဂန်တွေနဲ့ မပူးပေါင်းခဲ့သလဲဆိုတာ ကျွန်တော် မသိပါဘူး။ အခုဆိုရင် တရုတ်က ဒီမြေရှားသတ္ထုတွေကို ထုတ်တော့မှာပါ။ ဒီအခြေအနေမှာ တရုတ်က အောင်နိုင်သူဖြစ်မယ်၊ အမေရိကန်နဲ့ အာဖဂန်ပြည်သူတွေကတော့ ရှုံးနိမ့်သူ ဖြစ်သွားပါလိမ့်မယ်”

    ဒီအကွက်ကနေ တာလီဘန်ဟာ ကြီးကြီးမားမား အမြတ်ထွက်မှာဖြစ်ပြီး၊ အကြပ်ဖက်ဝါဒကို ငွေကြေးထောက်ပံ့ဖို့ လုပ်ဆောင်လာလိမ့်မယ်လို့လည်း မက်ကောလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အလယ်အာရှနဲ့ တောင်အာရှအဆုံမှာ တည်ရှိတဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ သတ္ထုနဲ့ တွင်းထွက်ပစ္စည်းတွေ ပေါကြွယ်၀ပြီး ကန်ဒေါ်လာ ၁ ထရီလီယံတန်ဖိုးရှိတဲ့ အဲဒီသယံဇာတဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို ပြုပြင်ပြောင်းလဲပေးနိုင်လိ့မ်မယ်လို့ ၂၀၁၀ ခုနှစ် အမေရိကန်တာဝန်ရှိသူတွေနဲ့ ဘူမိဗေဒ ပညာရှင်တွေက လေ့လာ တွက်ချက်ခဲ့ကြပါတယ်။

    အာဖဂန်မှာ သံ၊ ကော့ပါးနဲ့ ရွှေလို သတ္ထုမျိုးတွေဟာ နိုင်ငံတစ်ဝှမ်းက ပြည်နယ်တိုင်းမှာ ကြွယ်စွာရှိနေပြီး၊ မြေရှားသတ္ထုတွေလည်း ရှိနေပါတယ်။ သဘာ၀ပတ်ဝန်းကျင် ထိခိုက်မှုကို တိုက်ဖျက်နိုင်မယ့် နည်းပညာအတွက် အလွန်အရေးပါပြီး ရှားပါးတန်ဖိုးရှိတဲ့ လစ်သီယံသတ္ထုဆိုရင် အာဖဂန်မှာ အမြောက်အများ ရှိနေတာ ဖြစ်ပါတယ်။

    “အာဖဂန်ဟာ သာမန် တန်ဖိုးမြင့် သတ္ထုရင်းမြစ်တွေ ပေါကြွယ်၀သလို ၂၁ ရာစု စီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့ သတ္ထုတွေလည်း ရှိနေပါတယ်” လို့ Ecological Futures Group ကို တည်ထောင်သူ သိပ္ပံပညာရှင်နဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ရုဒ်ရွှန်နိုဗာက ပြောပါတယ်။

    ကမ္ဘာကြီးဟာ သဘာ၀ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ နည်းပညာတွေ ဖန်တီးအသုံးပြုဖို့ အားထုတ် ကြိုးပမ်းလာတာနဲ့အမျှ လစ်သီယံနဲ့ မြေရှားသတ္ထုလို သတ္ထုမျိုးတွေရဲ့ ဝယ်လိုအားဟာ မြင့်တက်လာမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း လစ်သီယံ၊ ကို​ဗော့သတ္ထုနဲ့ မြေရှားသတ္ထုတင်ပို့မှုရဲ့ ၇၅ ရာခိုင်နှုန်းကို တရုတ်၊ ကွန်ဂိုနဲ့ ဩစတေးလျ နိုင်ငံတို့က လုပ်ဆောင်နေတာဖြစ်ပါတယ်။

    Ref: Asia Times

  • ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူများ သုံးကြိမ်မြောက် Booster ထိုးရန် လိုအပ်မည်

    ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူများ သုံးကြိမ်မြောက် Booster ထိုးရန် လိုအပ်မည်

    ဩဂုတ် ၁၉၊ ၂၀၂၁

    M-Media

    -ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပြီးသူတွေ ကိုယ်ခံအားကို ထိန်းထားနိုင်ဖို့အတွက် တတိယအကြိမ် Booster ထိုးဖို့ လိုအပ်တယ်လို့ အမေရိကန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    ပုံပြောင်းကိုဗစ် Delta ကူးစက်မှု ကမ္ဘာတစ်ဝှမ်း ဆက်လက်မြင့်တက်နေပြီး၊ ကာကွယ်ဆေးကပေးတဲ့ ကိုယ်ခံအားဟာ အချိန်ကြာလာရင် ကျသွားနိုင်တယ်ဆိုတဲ့ အချက်အလက်တွေ ထွက်လာချိန် အမေရိကန်က အခုလို သတိပေးလိုက်တာပါ။

    အမေရိကန် ကူးစက်ရောဂါ တားဆီးကာကွယ်ရေးဌာန CDC တာဝန်ရှိသူတွေက ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပေမယ့် သိပ်မပြင်းတဲ့ ကိုဗစ်ကူးစက်မှုကို ကာကွယ်နိုင်စွမ်းဟာ အချိန်ကာလတစ်ခုကြာရင် ကျဆင်းသွားတတ်တယ်ဆိုတာ လေ့လာမှုမှာ တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ 

    တတိယအကြိမ်ကို ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၈ လကြာတဲ့အခါ ထပ်ထိုးရမှာဖြစ်ကာ အမေရိကန်မှာ စက်တင်ဘာ ၂၀ ရက်နေ့ စတင်ထိုးပေးမှာဖြစ်ပါတယ်။ Pfizer နဲ့ Moderna နှစ်ကြိမ်ထိုးထားသူတွေအပြင် တစ်ကြိမ်ည်းထိုးရတဲ့ Johnson & Johnson ဆေး ထိုးထားသူတွေပါ Booster ထိုးရဖို့ ရှိနေပါတယ်။

    လက်ရှိ အမေရိကန်မှာ ပုံပြောင်းကိုဗစ် Delta ကူးစက်မှု မြင့်တက်နေပြီး လာမယ့်လအနည်းငယ်အတွင်း ကူးစက်မှု ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ 

    အမေရိကန်မှာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီးသား​သူတွေကို တတိယအကြိမ် ထိုးပေးဖို့အတွက် ဆေးအလုံအလောက်ရှိနေပမယ့် ၃ ကြိမ်ထိုးရတဲ့အခါ ကမ္ဘာပေါ်က တစ်ခြားနိုင်ငံတွေမှာ ဆေးမလုံလောက်မှု ပြဿနာနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးမှုတွေ ရှိနေပါတယ်။ 

    Ref: Aljazeera

  • အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ တစ်ထောင်ကျော်ပြီ

    အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ တစ်ထောင်ကျော်ပြီ

    ဩဂုတ် ၁၉၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူ စုစုပေါင်း တစ်ထောင်ကျော် ရှိလာပြီလို့ သိရပါတယ်။

    ၂၀၂၀ နိုဝင်လာလ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီကို ဖြုတ်ချတဲ့ ဒီအာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြည်သူလူထုက တစ်နိုင်ငံလုံးမှာ ဆန္ဒပြခဲ့ပြီး စစ်ကောင်စီတပ်တွေက ဆန္ဒပြသူတွေရော၊ မပြသူတွေပါ မြင်မြင်ရာ နှိပ်စက်ညှင်းပမ်း သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    သေဆုံးမှု၊ ဖမ်းဆီးခံရမှု၊ ဒဏ်ရာရမှု စာရင်းတွေကို ပြုစုနေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့ AAPP က စစ်ကောင်စီတပ်တွေ လက်ချက်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ဩဂုတ်လ ၁၈ ရက် ဗုဒ္ဓဟူး​နေ့အထိ ​၁၀၀၁ ဦး ရှိလာပြီလို့ ပြောပါတယ်။

    ဒါဟာ သူတို့အဖွဲ့ စာရင်းကောက်ယူလို့ရတာဖြစ်ပြီး အမှန်တကယ် ထိခိုက်သေဆုံးသူဟာ ဒီထက် ပိုများနိုင်တယ်လို့ AAPP အဖွဲ့ အတွင်းရေးမှူး ကိုဘိုကြီးက ပြောပါတယ်။

    “စစ်တပ်က အာဏာရနေသမျှ လူငယ်တွေ၊ ဆရာဝန်နဲ့ ကျောင်းဆရာတွေလို ပရော်ဖက်ရှင်နယ်တွေ၊ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကို သတ်ဖြတ်နေအုံးမှာ ဖြစ်ပါတယ်။ လူတွေသတ်နေတာထက် တိုင်းပြည်ရဲ့ အနာဂတ်၊ ဒီမိုကရေစီမျှော်လင့်ချက်တွေကို အညွန့်တုန်းအောင် လုပ်နေတာ ဖြစ်ပါတယ်”

    အာဏာသိမ်းစစ်ကောင်စီဟာ ကိုဗစ် ကပ်ရောဂါကို လက်နက်သဖွယ် အသုံးချနေတယ်လို့လည်း ကိုဘိုကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: AFP

  • မြန်မာနိုင်ငံမှ ထွက်ခွာမည့် ဩဇီသတ္တုတွင်းလုပ်ငန်း လုပ်ကွက်ကို တရုတ်ကဝယ်ရန် စီစဉ်နေ

    မြန်မာနိုင်ငံမှ ထွက်ခွာမည့် ဩဇီသတ္တုတွင်းလုပ်ငန်း လုပ်ကွက်ကို တရုတ်ကဝယ်ရန် စီစဉ်နေ

    ဩဂုတ် ၁၇၊ ၂၀၂၁

    M-Media 

    -စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ မြန်မာ့နိုင်ငံရေးအပေါ် အယုံအကြည်မရှိတော့တာကြောင့် မိမိတို့လုပ်ကိုင်နေတဲ့ သတ္ထုတွင်းလုပ်ငန်းကို ရောင်းချတော့မယ်လို့ ဩဇီသတ္တုတွင်းလုပ်ငန်း Myanmar Metals က ပြောကြားလိုက်ပါတယ်။

    Myanmar Metals ဟာ ပြည်တွင်းကုမ္ပဏီတွေဖြစ်တဲ့ EAP Global Mining၊ Win Myint Mo Industries တို့နဲ့ပေါင်းပြီး ရှမ်းပြည်နယ်အမြောက်ပိုင်း နမ္မတူမြို့က ဘော်တွင်း သတ္ထုတူးဖော်ရေး စီမံကိန်းကို လုပ်ဆောင်နေတာပါ။ 

    အခုတော့ သူတို့ပိုင်ဆိုင်တဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရောင်းချပြီး မြန်မာနိုင်ငံက ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက သူဌေးတစ်ဦးပိုင်ဆိုင်တဲ့ Yintai Gold ကုမ္ပဏီဟာ လုပ်ငန်းတစ်ခုလုံးကို ကန်ဒေါ်လာ ၆၇ သန်းနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းထားပါတယ်။ Myanmar Metals ရဲ့ အရင်တန်ဖိုးဟာ ကန်ဒေါ်လာ ၁၃၃ သန်းဖြစ်ပြီး တရုတ်ကုမ္ပဏီက တစ်ဝက်စျေးလောက်ပဲ ပေးတာပါ။

    Myanmar Metals ဟာ ဩစတေးလျ စတော့အိတ်ချိန်းမှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အိတ်ချိန်းကနေ ဖယ်ရှားခံခဲ့ရပါတယ်။ ရွှေတူးဖော်ရေးလုပ်ငန်းနှစ်ခုမှာ ထပ်မံရင်းနှီးမြှုပ်နှံဖို့ Myanmar Metals က စီစဉ်ထားပေမယ့် အာဏာသိမ်းမှုကြောင့် ဒီအစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

    ကုမ္ပဏီ စီအီးအို ဂျွန်လမ့်ဘ်က အခုလို ရောင်းလိုက်တာဟာ ရှယ်ယာရှင်တွေအတွက် ငွေပြန်ပေါ်အောင်ဖြစ်ပြီး၊ မြန်မာ့နိုင်ငံရေးအပေါ် ယုံကြည်မှုကျဆင်းလာတာကြောင့်၊ ရင်းနှီးမြှုပ်နှံသူတွေ ဝင်လာဖို့မရှိတော့ကြောင်း လေ့လာဆန်းစစ်မှုမှာ တွေ့ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ငွေ၊ ခဲနဲ့ သွပ်တို့ထွက်တဲ့ ဘော်တွင်းသတ္ထုတွင်းဟာ ဗြိတိသျှကိုလိုနီလက်ထက်က ဗြိတိသျှရဲ့ အကြီးဆုံး သတ္ထုတွင်းလုပ်ငန်းတစ်ခုအဖြစ် နာမည်ကျော်ခဲ့ပြီး၊ အမေရိကန် သမ္မတဟောင်း ဟာဗာတ်ဟူဗာ လုပ်ကိုင်တဲ့ ၂၀ ရာစုတုန်းကလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံး သတ္ထုတွင်းအဖြစ် မှတ်ယူခံခဲ့ရပါတယ်။

    Ref: Financial Review

  • အာရှ ၆ နိုင်ငံကို ဆက်သွယ်မည့် ရေအောက်အင်တာနက်လိုင်းကို Google နှင့် Facebook တို့ ပူးပေါင်းဖော်ဆောင်မည်

    အာရှ ၆ နိုင်ငံကို ဆက်သွယ်မည့် ရေအောက်အင်တာနက်လိုင်းကို Google နှင့် Facebook တို့ ပူးပေါင်းဖော်ဆောင်မည်

    ဩဂုတ် ၁၇၊ ၂၀၂၁

    M-Media 

    – အာရှနိုင်ငံ ၆ နိုင်ငံကို ဆက်သွယ်မယ့် ပင်လယ်ရေအောက် အင်တာနက်လိုင်း စီမံကိန်းတစ်ခု ဖော်ဆောင်မယ့် အစီအစဉ်ကို Google နဲ့ Facebook တို့က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ကီလိုမီတာ ၁၂၀၀၀ ရှည်မယ့် ဒီရေအောက် အင်တာနက်လိုင်း စီမံကိန်းကို Apricot လို့ အမည်ပေးထားပြီး စင်ကာပူ၊ ဂျပန်၊ ဂူအမ်ကျွန်း၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ အင်ဒိုနီးရှားတို့ကို ဆက်သွယ်ထားမှာဖြစ်ကာ ၂၀၂၄ ခုနှစ်မှာ စတင်အသုံးပြုနိုင်ဖို့ ရည်မှန်းထားပါတယ်။

    ဒီလိုင်းဟာ အာရှ၊ ဖိစိဖိတ်ဒေသအတွင်း အလွန်လိုအပ်နေတဲ့ တည်ငြိမ်ကောင်းမွန်တဲ့ အင်တာနက်လိုင်းကို ချဲ့ထွင်ချိတ်ဆက်ပေးမှာဖြစ်တယ်လို့ Facebook အင်ဂျင်နီယာအဖွဲ့ မန်နေဂျာ နီကို ရိုဟာရစ်ချ်က ပြောပါတယ်။

    “Apricot လိုင်းဟာ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ကွန်ယက် ချိတ်ဆက်မှုကို ချဲ့ထွင်ရေး၊ လစဉ် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို သုံးစွဲနေတဲ့ ကမ္ဘာတစ်ဝှမ်းက လူပေါင်း ၃.၅ ဘီလီယံကျော် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးရေး ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်”

    အမေရိကန်၊ စင်ကာပူ၊ ဂူအမ်နဲ့ အင်ဒိုနီးရှားတို့ကို ဆက်သွယ်မယ့် အင်တာနက်လိုင်းစီမံကိန်း Echo ကိုလည်း အခုနှစ်အစောပိုင်းမှာ Google နဲ့ Facebook တို့က ထုတ်ပြန်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယားနဲ့ ဟောင်ကောင်ကို ဆက်သွယ်မယ့် ရေအောက် အင်တာနက်လိုင်း စီမံကိန်းကို ဒီကုမ္ပဏီနှစ်ခုက ဖော်ဆောင်နေပေမယ့် တရုတ်နဲ့ အမေရိကန်တို့အကြား တင်းမာမှုကြောင့် ပြီးခဲ့တဲ့နှစ်မှာ ရပ်ဆိုင်းခဲ့ရပါတယ်။

    Ref: AFP