News @ M-Media

Blog

  • ကမ္ဘာ့ပထမဆုံး မျိုးဗီဇအခြေပြု ကို​ဗစ်ကာကွယ်ဆေးကို အိန္ဒိယတွင် စင်တင်အသုံးပြု

    ကမ္ဘာ့ပထမဆုံး မျိုးဗီဇအခြေပြု ကို​ဗစ်ကာကွယ်ဆေးကို အိန္ဒိယတွင် စင်တင်အသုံးပြု

    ဩဂုတ် ၂၁၊ ၂၀၂၁
    M-Media

    -ပြည်တွင်းထုတ် မျိုးဗီဇအခြေပြု ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပြီး ဒါဟာ ကိုဗစ်အတွက် ဒီလိုကာကွယ်ဆေးမျိုးကို ကမ္ဘာပေါ်မှာ ပထမဆုံးအသုံးပြုနိုင်တာ ဖြစ်ပါတယ်။

    မျိုးဗီဇအခြေပြုကာကွယ်ဆေး (DNA vaccine) ဆိုတာ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ထဲက မျိုးဗီဇီအစိတ်အပိုင်းကို ခန္ဓာကိုယ်ထဲ ထိုးသွင်းပြီး ဗိုင်းရပ်စ် မွေးခိုင်းကာ ခန္ဓာကိုယ်ထဲက ကိုယ်ခံစွမ်းအား ထွက်လာအောင် လုပ်ဆောင်တာဖြစ်ပါတယ်။ သာမန်ကာကွယ်ဆေးက ဗိုင်းရပ်စ်ပိုးကို ထိုးသွင်းတာပါ။

    အိန္ဒိယအစိုးရက ခွင့်ပြုတဲ့ မျိုးဗီဇအခြေပြု ကိုဗစ်ကာကွယ်ဆေး ZyCoV-D ကို ပြည်တွင်းကုမ္ပဏီ Cadila Healthcare က ထုတ်လုပ်တာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား ကာကွယ်ဆေးထိုးရမယ့်သူတွေအားလုံး ဒီဇင်ဘာလမှာ အပြီးထိုးပေးဖို့ ရည်ရွယ်ထားတဲ့ အိန္ဒိယရဲ့ ကိုဗစ်ကာကွယ်ဆေး စီမံကိန်းကို ZyCoV-D က အထောက်အကူဖြစ်စေမှာပါ။

    လက်ရှိ ကိုဗစ်ကာကွယ်ဆေးအများစုဟာ ၂ ကြိမ်ထိုးရပြီး ZyCoV-D ကိုတော့ ၃ ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးကို တစ်နှစ် အလုံးရေ သန်း ၁၀၀ နဲ့ သန်း ၁၂၀ ကြား ထုတ်လုပ်ဖို့ ကုမ္ပဏီက ရည်ရွယ်ထားပြီး လက်ရှိမှာ အမြောက်အများ စတင်ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ အိန္ဒိဟာ သမရိုးကျ ကိုဗစ်ကာကွယ်ဆေးတစ်ခုဖြစ်တဲ့ Covaxin ကိုလည်း ပြည်တွင်းမှာ ထုတ်လုပ်ထားနိုင်ပါတယ်။

    အိန္ဒိယမှာ လူဦးရေရဲ့ ၉.၁၈ ရာခိုင်နှုန်းသာ ကိုဗစ်ကာကွယ်ဆေးထိုးထားနိုင်ပြီး၊ အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးအရေအတွက်က ၆ မျိုးရှိပါတယ်။

    ZyCoV-D ကာကွယ်ဆေးကို နိုင်ငံတစ်ဝှမ်းက စေတနာ့ဝန်ထမ်းပေါင်း ၂၈၀၀၀ ကို ထိုးနှံပေးထားရာမှာ ၆၆.၆ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ကုမ္ပဏီဖက်က ပြောထားပြီး၊ လက်ရှိ ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့နေတဲ့ ပုံပြောင်းကိုဗစ် Delta ကို ကာကွယ်နိုင်တယ်လို့လည်းဆိုပါတယ်။

    Ref: Aljazeera

  • မြန်မာကိစ္စဖြေရှင်းရေးတွင် အာဆီယံအဖွဲ့ အလုပ်မဖြစ်ကြောင်း စင်ကာပူထုတ်ပြော

    မြန်မာကိစ္စဖြေရှင်းရေးတွင် အာဆီယံအဖွဲ့ အလုပ်မဖြစ်ကြောင်း စင်ကာပူထုတ်ပြော

    ဩဂုတ် ၂၁၊ ၂၀၂၁
    M-Media

    -မြန်မာ့အရေး အာဆီယံအသင်းရဲ့ ဆောင်ရွက်မှုမှာ မျှော်လင့်ထားသလို တိုးတက်မှုမရှိဘူးလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယံ ဘာလာ ကရှစ်ရှ်နန်က ပြောကြားလိုက်ပါတယ်။

    ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရပြီးတက်လာတဲ့ အစိုးရကို ဖြုတ်ချပြီး စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းလိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေ ဖြစ်လာခဲ့တာပါ။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ နိုင်ငံအနှံ့ဖြစ်လာပြီး စစ်ကောင်စီတပ်တွေ အကြမ်းဖက်သတ်ဖြတ်တာကြောင့် သေဆုံးသူ အရပ်သားအရေအတွက်က တစ်ထောင်ကျော်လာပြီ ဖြစ်ပါတယ်။

    ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာပြဿနာကို အာဆီယံအဖွဲ့က ဦးဆောင်ကာ ဖြေရှင်းစေချင်နေပါတယ်။ ဧပြီလမှာ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပကာ မြန်မာ့အရေး ဖြေရှင်းဖို့ အချက် ၅ ချက် သဘောတူခဲ့ပြီး အခုလအစောပိုင်းမှာ မြန်မာနိုင်ငံအတွက် အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ခဲ့ပါတယ်။

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယံ ဘာလာ ကရှစ်ရှ်နန်က အာဆီယံအဖွဲ့ရဲ့ ဆောင်ရွက်ချက်ဟာ မျှော်လင့်ထားသလောက် တိုးတက်မှုမရှိဘူးလို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    “အာဆီယံဟာ ကျွန်တော်တို့မျှော်လင့်ထားသလို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူး။ ခက်ခဲတဲ့အခြေအနေ ဖြစ်လို့လည်း ပါပါတယ်”

    နိုဝင်ဘာမှာလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ပြီးတဲ့နောက် ထွက်ပေါ်လာမယ့် အစီရင်ခံစာမှာ တိုးတက်မှုတွေ မျှော်လင့်တယ်လို့လည်း ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ အထူးကိုယ်စားလှယ်ကို သူတို့ ဘယ်လို ထိတွေ့ဆက်ဆံလဲဆိုတာ မှတ်ကျောက်ဖြစ်လာမှာပါ”

    မြန်မာနိုင်ငံကအခြေအနေ ပိုဆိုးလာပြီး အာဆီယံအဖွဲ့အနေနဲ့ အပြုသဘောဆောင်ကာ၊ စေ့စပ်ဆွေးနွေးရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတွေ လုပ်ဆောင်ပေးသင့်တယ်လို့လည်း ဘာလာကရစ်ရှ်နန်က ဆိုပါတယ်။

    “အဖွဲ့အစည်းအားလုံးနဲ့ ကျွန်တော်တို့ ဆက်သွယ်ထားတယ်။ အခြေအနေ ခက်ခဲသွားအောင် မလုပ်ပါဘူး။ တစ်ဖက်တည်းမှာလည်း ကျွန်တော်တို့မရပါဘူး။ လူတိုင်းနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်ဆိုတာကို မြန်မာစစ်တပ်ကလည်း သိပါတယ်”

    မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံး လုပ်ဆောင်ထားတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ စင်ကာပူဟာ စစ်အာဏာရှင်တွေအပေါ် နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်တာကို မထောက်ခံပါဘူး။

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဒီလို စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဆောင်တာဟာ သာမန်ပြည်သူလူထုကိုသာ ထိခိုက်မှာဖြစ်ပြီး စစ်ခေါင်းဆောင်တွေကို ထိခိုက်မှာမဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: The Star

  • မြန်မာနိုင်ငံအတွက် က​မ္ဘောဒီးယားက ဒေါ်လာ ၂ သိန်းနှင့် ဆေးဝါးပစ္စည်းများလှူဒါန်း

    မြန်မာနိုင်ငံအတွက် က​မ္ဘောဒီးယားက ဒေါ်လာ ၂ သိန်းနှင့် ဆေးဝါးပစ္စည်းများလှူဒါန်း

    ဩဂုတ် ၂၀၊ ၂၀၂၁
    M-Media

    -စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဖိနှိပ်မှု၊ ကိုဗစ်ကပ်ရောဂါတွေကို တစ်ပြိုင်နက်တည်း ခံစားနေရတဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘောဒီးယားက ငွေကြေးနဲ့ ဆေးဝါးပစ္စည်းတွေ မနေ့က လှူဒါန်းခဲ့ပါတယ်။

    ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီး Mam Bun Heng က ဒီလိုလှူဒါန်းမှုဟာ နှစ်နိုင်ငံအကြား တည်ရှိတဲ့ ခိုင်မာတဲ့ ​ရင်းနှီးချစ်ကြည်မှုကို ဖော်ကျူးတာဖြစ်တယ်လို့ ပြောပါတယ်။

    “ဆိုးရွားတဲ့ ကိုဗစ်ကပ်ရောဂါကို ကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့နေရပေမယ့်လည်း ကမ္ဘောဒီးယားဟာ အခြားနိုင်ငံတွေကို ကူညီပေးနိုင်ပါတယ်။ ဒါဟာ ဒေသတွင်းနိုင်ငံတွေတင်မကဘဲ၊ ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေနဲ့တစ်သားတည်းရှိတယ်ဆိုတာကို ပြသတဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ကြင်နာမှု၊ နှလုံးသားကြီးမှုကို ဖော်ကျူးနေတာလည်း ဖြစ်ပါတယ်”

    ကမ္ဘောဒီးယားဟာ စီးပွားရေးအကန့်အသတ်ရှိတဲ့ နိုင်ငံငယ်လေးဖြစ်ပေမယ့်လည်း ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတွေမှာ စာနာထောက်ထား၊ ကူညီပံ့ပိုးပေးချင်တဲ့ စိတ်ဓာတ်မျိုးရှိတဲ့နိုင်ငံ ဖြစ်တယ်လို့လည်း Mam Bun Heng က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကမ္ဘောဒီးယားကလှူဒါန်းတဲ့ ဆေးဝါးပစ္စည်းတွေထဲမှာ နှာခေါင်းစည်း ၃ သန်း၊ အရေးပေါ် ကိုဗစ်စစ်ဆေးမှုကိရိယာ ၅ သိန်း၊ PPE ဝတ်စုံ ၂ ထောင်၊ အောက်ဆီဂျင်စက် ၁၀၀၊ အသက်ရှုစက် ၂၀ နဲ့၊ အရေးပေါ် စောင့်ကြည့်ရေးစက် ၂၀ တို့ ပါဝင်ပါတယ်။

    လှူဒါန်းတဲ့ ငွေကြေးကတော့ အမေရိကန်ဒေါ်လာ ၂ သိန်း ဖြစ်ပါတယ်။ ကမ္ဘောဒီးယားဟာ အာဆီယံအဖွဲ့ကနေတစ်ဆင့် မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁ သိန်း သိပ်မကြာခင်က လှူဒါန်းဖူးပါတယ်။ ကမ္ဘောဒီးယား ကြက်ခြေနီအဖွဲ့က ကိုဗစ်ကုသရေးမှာ အသုံးပြုရေးအတွက် ဒေါ်လာ ၁ သိန်း သီးခြား လှူဒါန်းခဲ့ပါတယ်။

    ၂၀၂၀ ခုနှစ် နိုဝင်ဘာတုန်းက ကမ္ဘောဒီးယားဟာ မြန်မာနိုင်ငံအတွင် နှာခေါင်းစည်း ၂ သန်းနဲ့ ဆေးဝါးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ ကိုဗစ်ကာလအတွင်း ဗီယက်နမ်၊ လာအို၊ နီပေါနဲ့ တီမောလက်စ်တေနိုင်ငံတို့ကိုလည်း ကမ္ဘာဒီးယားက ငွေကြေးနဲ့ ဆေးဝါးပစ္စည်းတွေ လှူဒါန်းထားပါတယ်။

    Ref: The Star

  • ကိုဗစ်ဗားရှင်းအသစ် Lambda ကူးစက်မှုကို ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်ပါ တွေ့ရှိလာ

    ကိုဗစ်ဗားရှင်းအသစ် Lambda ကူးစက်မှုကို ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်ပါ တွေ့ရှိလာ

    ဩဂုတ် ၂၀၊ ၂၀၂၁

    M-Media 

    -လက်ရှိကာကွယ်​ဆေးတွေ မတိုးဘူးလို့ ဓာတ်ခွဲခန်းစမ်းသပ်မှုမှာ တွေ့ရတဲ့ နောက်ဆုံးပေါ် ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ် Lambda ကို အာရှနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ တွေ့လာရပါတယ်။

    ဂျပန်နိုင်ငံပါရင် အာရှမှာ Lambda ဗိုင်းရပ်စ် တွေ့ရှိရတဲ့နိုင်ငံ ၃ နိုင်ငံအထိ ရှိလာတာပါ။

    ၂၀၂၀ နှစ်ခု ဒီဇင်လာ တောင်အမေရိက ပီရူးနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ Lambda ဟာ ကူးစက်မှု မြန်ဆန်ပြီး လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေ မတိုးဘူးလို့ ဓာတ်ခွဲခန်း စမ်းသပ်မှုမှာ တွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပါတယ်။

    လက်ရှိ နိုင်ငံပေါင်း ၄၀ ​ကို ပြန့်နှံ့နေပြီး Delta လို ကမ္ဘာတစ်ဝှမ်း အကြီးအကျယ်ပြန့်နှံ့မယ့်အန္တရာယ် ရှိနေကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။ ဒါပေမယ့် Delta လောက် ကူးစက်မှု မမြန်နိုင်ဘူးလို့ ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မတ်လအတွင်းက လူနာတစ်ဦးကို စစ်ဆေးထားတဲ့ ဓာတ်ခွဲမှုစမ်းသပ်မှုမှာ တွေ့ရှိတာဖြစ်ပြီး ဖိလစ်ပိုင်မှာတော့ မနေ့က စစ်ဆေးမှုမှ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    အာရှမှာ Lambda ဗိုင်းရပ်စ် ပထမဆုံးရောက်တာက ဂျပန်မှာဖြစ်ပြီး  တိုကျိုအိုလံပစ်အတွက် ပီရူးနိုင်ငံကနေ ဇူလိုင်လ ၂၀ ရက်နေ့ကရောက်လာတဲ့ အမျိုးသမီးမှာ တွေ့ခဲ့တာဖြစ်ပါတယ်။ ဂျပန်က ဒီကိစ္စကို ဩဂုတ်လ ၆ ရက်နေ့ကမှ ထုတ်ပြန်ခဲ့ပြီး အသေးစိတ်အချက်အလက်တွေကို မကြာခင် လူထုထံ ချပြသွားဖို့ ရှိနေပါတယ်။ 

    Ref: The Star

  • နိုက်ဂျီးရီးယားတွင် ခရစ်ယာန်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော် သေဆုံး

    နိုက်ဂျီးရီးယားတွင် ခရစ်ယာန်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော် သေဆုံး

    ဩဂုတ် ၁၉၊ ၂၀၂၁
    M-Media

    တိုက်ခိုက်မှုကြောင့် သေဆုံးသွာသူများ

    -နိုက်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းမှာ စနေနေ့က မွတ်စလင် ၉၀ ပါတဲ့ ခရီးသွားတွေကို ခရစ်ယာန် ပြည်သူ့စစ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ပါတယ်။

    ​နိုက်ဂျီးရီးယားရဲ့ အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေမှာ စားကျက်၊ မြေနဲ့ ရေရင်းမြစ် ထိန်းချုပ်လိုမှုတွေကြောင့် မွတ်စလင်မွေးမြူရေးသမားတွေနဲ့ ခရစ်ယာန် လယ်သမားတွေအကြား မကျေလည်မှုဖြစ်နေတာ နှစ်ချီရှိနေပါပြီ။

    အဲဒီပြဿနာတွေကနေတစ်ဆင့် အကြမ်းဖက်သတ်ဖြတ်မှုတွေလည်း ပေါ်ပေါက်လေ့ရှိပါတယ်။ အလယ်ပိုင်း ပလက်တိုပြည်နယ်မြို့တော် ဂျို့စ်ရဲ့ ဆင်ခြေဖုံးမှာ ဖြစ်ခဲ့တဲ့ စနေနေ့အဖြစ်အပျက်မှာ ဘတ်စ်ကား ၅ စီးနဲ့ လိုက်ပါလာတဲ့ မွတ်စလင်တွေကို ခရစ်ယာန် ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်တဲ့ Irigwe က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့က တိုက်ခိုက်မှုအတွင်း ၂၁ ဦးသေဆုံးကာ၊ ၁၄ ဦး ဒဏ်ရာရခဲ့ပြီး ၂၁ ဦးကို ကယ်ဆယ်နိုင်တယ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ပလက်တိုပြည်နယ်အစိုးရ တာဝန်ရှိသူ ဒန်လာဒီ အာတူက သေဆုံးသူအရေအတွက်ဟာ ရဲတပ်ဖွဲ့က ထုတ်ပြန်တာထက် များပြားကာ ပျောက်ဆုံးနေသူတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    Irigwe အဖွဲ့ဟာ တိုက်ခိုက်မှုမှာ ဓားတွေ၊ ကျောက်ခဲတွေ အသုံးပြုခဲ့တယ်လို့ မျက်မြင်ကြုံရသူတွေက ဆိုပါတယ်။

    ပလက်တိုမြို့တော် ဂျို့စ်ဟာ ခရစ်ယာန်နဲ့ မွတ်စလင်တွေအကြား တိုက်ခိုက်မှုတွေဖြစ်ပွားလေ့ရှိရာ နေရာဖြစ်ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာက အပြန်အလှန် တိုက်ခိုက်မှုအတွင်း အနည်းဆုံး ၉၁၃ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Alarabiya