News @ M-Media

Blog

  • နယူးယောက်မှ ဆရာဝန်တစ်ဦးတွင် အီဘိုလာထပ်တွေ့

    နယူးယောက်မှ ဆရာဝန်တစ်ဦးတွင် အီဘိုလာထပ်တွေ့

    အောက်တိုဘာ ၂၄ ၊ ၂၀၁၄
    M-Media
    201410240522863734_20
    – မကြာသေးမီက အနောက်အာဖရိကမှပြန်လာသည့် အမေရိကန် ဆရာဝန်တစ်ဦးတွင် အီဘိုလာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရသောကြောင့် နယူးယောက်ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု နယူးယောက် မြို့တော်ဝန်က အတည်ပြု ပြောကြားခဲ့သည်။

    ခရေ့ဂ်ျစပန်ဆာဟု အမည်ရသည့် အဆိုပါဆရာဝန်မှာ နယ်စည်းမခြားဆရာဝန်များအဖွဲ့နှင့် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်နေသည့် အနောက်အာဖရိက နိုင်ငံများတွင် သွားရောက် တာန်ဝန်ထမ်းဆောင်ခဲ့သူ ဆရာဝန်တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ၂၁ ရက်အတွင်းက အမေရိကန်သို့ ပြန်လည်ရောက်ရှိလာခဲ့သူ ဖြစ်သည်။

    စပန်ဆာတွင် အဖျားနှင့် အီဘိုလာကူးစက်သူကဲ့သို့ လက္ခဏာများ ပြနေသောကြောင့် စစ်ဆေးခဲ့ရာမှ အီဘိုလာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု နယူးယောက် ကျန်းမာရေး ဌာနမှ ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ထိုကဲ့သို့ ရောဂါပိုး ကူးစက်ကြောင်း တွေ့ရှိခဲ့ရသော်လည်း နယူးယောက်ရှိ ဆေးရုံများတွင် အီဘိုလာ ကုသရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်ထားသောကြောင့် နယူးယောက်တွင် နေထိုင်သူများ အနေဖြင့် စိုးရိမ်မှုလွန်ကဲရန် မလိုအပ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

    နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး မာရီယိုကျူယိုမိုကမူ အခြေအနေအား ထိန်းချုပ်ထားနိုင်ပြီး ရောဂါပိုးကူးစက်နေသူကိုလည်း သင့်လျော်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးနေသည်ဟု ပြောကြားခဲ့သည်။

    အောက်တိုဘာလအစောပိုင်းက အီဘိုလာကူးစက်သူ လိုက်ဘေးရီးယားနိုင်ငံသားတစ်ဦးကို အမေရိကန်တွင် ပထမဆုံးတွေ့ရှိခဲ့ရပြီး၊ ၎င်းအားကုသပေးခဲ့သော သူနာပြုနှစ်ဦးမှာလည်း ရောဂါပိုးကူးစက်နေကြောင်း ၎င်းသေဆုံးပြီး နောက်ပိုင်းတွင် တွေ့ရှိခဲ့ရသည်။ ယခုကဲ့သို့ တွေ့ရှိမှုမှာ အမေရိကန်တွင် အီဘိုလာရောဂါပိုး ကူးစက်ခံရသည့် စတုတ္ထမြောက်လည်း ဖြစ်သည်။

    ref_ Agencies

  • ဖြူစင်ဖို့ထက် သန့်စင်ဖို့လိုပါသည်

    ဖြူစင်ဖို့ထက် သန့်စင်ဖို့လိုပါသည်

    အောက်တိုဘာ ၂၄ ၊ ၂၀၁၄
    M-Media
    သက်ဝေနှင်း ရေးသည်။
    mellor-belle-clean_mind
    စကြ၀ဠာ၊ ကမ္ဘာ၊ လူနှင့် လူတို့နေထိုင်ရာ ပတ်ဝန်းကျင် သက်ရှိသက်မဲ့တို့ ကျင်လည်ရာလောက၊ သဘာဝတရားများနှင့် တီထွင်ဖန်တီးမှု နယ်ပယ်စသည် စသည်တို့သည် ဆက်စပ်တည်ရှိနေသော ဂေဟနယ်ပယ်များပင် ဖြစ်၏။

    ကမ္ဘာမြေပေါ်တွင် သက်ရှိများနေထိုင်ကြသည်။ သက်ရှိများဆိုရာတွင် လူ၊ တိရစ္ဆာန်နှင့် သစ်ပင်များသာဖြစ်ကြပြီး ကျန်သည့်အရာများအားလုံးသည် သက်ရှိ လူသားများမှ ဖန်တီးထားခဲ့ကြသော ရုပ်ဝတ္တုပစ္စည်းများပင် မဟုတ်ပါလား။

    ယနေ့ သတ္တကမ္ဘာမြေပြင်တွင် လူသားများသည် အသိဉာဏ်ပညာ အကြီးမားဆုံးဖြစ်သည်မို့ တစ်နေ့ထက်တစ်နေ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုများပြားလာခဲ့ပေပြီ။ ထို့အပြင် လူသားသည် ဖန်တီး တီထွင်နိုင်မှုစွမ်းအားမြင့်မားခြင်း၊ အမှားအမှန် အဆိုးအကောင်းတို့ကို ပိုင်းဖြတ်ခွဲခြားနိုင်ခြင်းစသည့် အသိများ သတိများရှိကြပေသည်။ လူသားများသည် အသက်ရှင်နေထိုင် ရပ်တည်ရာ ဤကမ္ဘာမြပြင်ကြီးကို လေ့လာကြည့်မည်ဆိုပါက လူသားတို့၏ မျက်စိဖြင့် တွေ့မြင်နေရသော အရာများဖြစ်သည်။ (လူတို့ဖန်တီးထားသော) သဘာဝအလျောက်တည်ရှိမှုများ သဘာဝအလျောက် ဖြစ်ရှိနေမှုများတွင် မည်သည့်အရာမှ ညီမျှနေခြင်း တစ်ညီထဲ တစ်တန်းတစ်စားတည်း ဖြစ်နေခြင်းများ မရှိသည်ကို တွေ့မြင်နိုင်ပါသည်။ ဥပမာအားဖြင့်ဆိုရလျှင် တောင်ကုန်းတောင်တန်းများသည် အနိမ့်အမြင့်များစွာဖြင့် ဖွဲ့စည်းတည်ရှိနေသကဲ့သို့ တောအုပ်တောတန်း၊ သစ်ပင်၊ ခြုံပုတ်၊ မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်၊ သမုဒ္ဒရာများသည်လည်း အထူ၊ အပါး၊ အကျဉ်းအကျယ်၊ အတိမ်အနက်တို့ မတူညီမှုများဖြင့် ဖွဲ့စည်းတည်ရှိနေကြပေသည်။ ဤသည်ကိုပင် သဘာဝတရားဟုခေါ်တွင်ခဲ့ကြသည် မဟုတ်ပါလား။ အရာရာသည် မတူညီမှုများ၊ ကွဲပြားခြားနားမှုများ၊ ဆန့်ကျင်ဘက်အနေအထားများဖြင့်သာ ထာဝရတည်ရှိနေပေသည်။

    အသားအရောင်ကွဲပြားခြင်း၊ ဘာသာတရားကွဲပြားခြင်း၊ ဆင်းရဲချမ်းသာ မတူညီခြင်း၊ အနိမ့်အမြင့်ကွာခြားခြင်း စသည့် စသည့် ကွာခြားမှုများသည် ယခင့် ယခင်ကလည်း ရှိခဲ့သည်ဖြစ်သလို ယခု၊ နောင်တွင်လည်း ရှိနေဦးမှာပင်ဖြစ်၏။ ဤသို့ကွဲပြားခြားနားမှုများကြား၊ အဓိကကျစွာတည်ရှိနေရမည့် သဘောတရား တစ်ခုသည် နားလည်မှုပင်ဖြစ်၏။ ပိုင်းကန့်ခြားနားမှုများကို ပယ်ချလိုက်လျှင် “လူ” သည် “လူ” ပင်ဖြစ်၏ဟူသော သဘောသည် အလိုအလျောက်ပင်ရောက်ရှိလာပေလိမ့်မည်။

    သို့ဆိုပါလျှင် လူသားများ၌လည်း မတူညီမှုများ ကွဲပြားခြားနားမှုများ ဆန့်ကျင်ဘက်များနှင့်ပင် ပေါင်းစည်း၍ ရပ်တည်ရှင်သန်နေကြသည်ကို လူသားတိုင်းသည် သိရှိနားလည်နေကြရပေမည်။ လူ့အသိဉာဏ်နှင့် အသိတရားတို့သည် မြင့်မားကြ၏။ ထိုနည်းတူခွဲခြားမှုများ ပြုလုပ်ကြသည်မှာလဲ လူသားများပင်ဖြစ်ကြ၏။ မြေ အနိမ့်အမြင့်၊ ခြုံ အထူအပါးစသည့် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် မတူညီမျှမှုများကို လူသားတို့၏ အသိဉာဏ်ဖြင့် ညှိပြင်ပြောင်းလဲယူ၍ ရသလောက် ညှိပြင်ပြောင်းလာနေထိုင် အသက်ဆက်ကြသကဲ့သို့ ညှိ၊ ပြင်၊ ပြောင်းလဲ၍မရသောအရာများကိုကား သူ့သဘာဝအလျောက် ထားကြရသည် မဟုတ်ပါလား။ သို့ဆိုလျှင် မညီမမျှဖြစ်နေသော အရာများ မတူ ကွဲပြားခြားနားနေသော အရာများအား မိမိတို့၏အသိ၊ မိမိတို့၏သတိ၊ မိမိတို့၏ပညာ ညဏ်၊ မိမိတို့၏စိတ်ဓာတ်များဖြင့် ညှို၊ ပြင်၊ ပြောင်းလဲ၍ ရနိုင်သလောက် ညှိ၊ ပြင်၊ ပြောင်းလဲပြီး မရနိုင်သည့် အရာများအတွက် နားလည်မှုများထားကာ နေထိုင်ကြမည်ဆိုလျှင် “ပဋိပက္ခ”ဟူသည် ရှိလာနိုင်မည် မဟုတ်ပေ။ အသားအရောင်ကွဲပြားခြင်း၊ ဘာသာတရားကွဲပြားခြင်း၊ ဆင်းရဲချမ်းသာ မတူညီခြင်း၊ အနိမ့်အမြင့်ကွာခြားခြင်း စသည့် စသည့် ကွာခြားမှုများသည် ယခင့် ယခင်ကလည်း ရှိခဲ့သည်ဖြစ်သလို ယခု၊ နောင်တွင်လည်း ရှိနေဦးမှာပင်ဖြစ်၏။ ဤသို့ကွဲပြားခြားနားမှုများကြား၊ အဓိကကျစွာတည်ရှိနေရမည့် သဘောတရား တစ်ခုသည် နားလည်မှုပင်ဖြစ်၏။ ပိုင်းကန့်ခြားနားမှုများကို ပယ်ချလိုက်လျှင် “လူ” သည် “လူ” ပင်ဖြစ်၏ဟူသော သဘောသည် အလိုအလျောက်ပင်ရောက်ရှိလာပေလိမ့်မည်။

    လူမျိုး တစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ ဘာသာတရား တစ်ခုနှင့်တစ်ခု၊ လူသားတစ်ဦးနှင့် တစ်ဦးကြား ပတ်သက်ဆက်နွယ်မှုများ အပေါ်တွင် ကန့်သတ်မှု၊ ခွဲခြားမှု၊ မလိုမုန်းထားမှု၊ အမြင် ကျဉ်းမြောင်းမှုများ ထားရှိနေကြမည် ဆိုပါလျှင် လူသားများသည် ငြိမ်းချမ်းပျော်ရွှင်ဖွယ်ကောင်းသော ကမ္ဘာလောကကြီးနှင့် အစဉ်အမြဲလွဲချော် နေကြလိမ့် ဦးမည်သာဖြစ်ပေသည်။ လူသားသည် အဘယ်ကလာသနည်း။ လူသားသည် အဘယ်သို့သွားမည်နည်း။ ကောင်းမြတ်သည့်နေရာမှ လာ၍ ကောင်းမြတ်သည့်နေရာသို့သွားရန် ကောင်းမြတ်သည့် စိတ်ထားများသည်သာ ၀င်ပေါက်၊ ထွက်ပေါက် တံခါးချပ်ပင်ဖြစ်ပေ၏။

    သို့ဆိုလျှင် ကျွန်ုပ်တို့လူသားများ အားလုံးကောင်းမြတ်ခြင်း အ၀င်၊ အထွက် လမ်းများဖြောင့်ဖြူးသာယာမှု ရရှိစေဖို့ ယနေ့မှစ၍ စိတ်များကို သန့်စင်အောင် ဆေးကြော လိုက်ကြပါစို့။

  • လာမည့် ၂ နှစ်အတွင်း ဖလားရမည်ဟု စပါးနည်းပြပြော

    လာမည့် ၂ နှစ်အတွင်း ဖလားရမည်ဟု စပါးနည်းပြပြော

    အောက်တိုဘာ ၂၄ ၊ ၂၀၁၄
    M-Media
    mauricio pochettino
    – မိမိတို့အသင်းမှာ လက်ရှိတွင် ခက်ခဲသောအခြေအနေနှင့် ရင်ဆိုင်နေရသော်လည်း လာမည့် ၂ နှစ်အတွင်း အဓိက ဖလားတစ်လုံးကို ရယူနိုင်လိ့မည်ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။

    ပိုချက်တီနိုမှာ ပြီးခဲ့သည့်နွေရာသီကမှ အသင်းသို့ ရောက်ရှိလာခြင်းဖြစ်ပြီး အသင်းမှာ ခြေစွမ်းမပြနိုင်ဘဲ ပရီးမီးယားလိဂ် ၈ ပွဲကစားပြီးချိန်တွင် ၁၁ မှတ်သာ ရရှိထားက အဆင့် ၉ နေရာတွင် ရှိနေသည်။

    စပါးအသင်းမှာ နည်းပြရာမို့စ် လက်ထက်တွင် အသင်း၏ နောက်ဆုံး ဆုဖလားအဖြစ် ၂၀၀၈ ခုနှစ်တွင် လိဂ်ဖလားအား ရရှိခဲ့ပြီး ပိုချက်တီနိုကမူ လာမည့် ၂ နှစ်အတွင်း ပထမဆုံး ဖလားရရှိရန် စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    “အချိန်လိုပါတယ်။ ဆိုးရွားတဲ့အချိန်တွေကို ခံစားပြီး အမှတ်ရဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် အခုအချိန်ဟာ ကျွန်တော်တို့အတွက် ခြားနားတဲ့ အချိန်ကာလပါပဲ။ ခြောက်လ၊ တစ်နှစ်၊ ဒါမှမဟုတ် ၂ နှစ်အတွင်းမှာ အရေးပါတဲ့ဆုဖလားတစ်ခုခုကို ရမယ်ဆိုတာ ကျွန်တော်သေချာပြောရဲပါတယ်” ဟု ပိုချက်တီနိုက ဆိုသည်။

    စပါးမှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် Asteras အသင်းနှင့် မနေ့ညတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

  • အသင်း၏ တိုက်ပွဲဝင် စိတ်ဓာတ်က ချန်ပီယံလိဂ် နောက်တစ်ဆင့် တက်ရေး အရေးပါဟု ၀င်းဂါးဆို

    အသင်း၏ တိုက်ပွဲဝင် စိတ်ဓာတ်က ချန်ပီယံလိဂ် နောက်တစ်ဆင့် တက်ရေး အရေးပါဟု ၀င်းဂါးဆို

    အောက်တိုဘာ ၂၄ ၊ ၂၀၁၄
    M-Media
    498541_heroa
    – ကစားသမားများ၏ ပြင်းပြသည့် တိုက်ပွဲဝင် စိတ်ဓာတ်အား အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ချီးကျူးလိုက်ပြီး မိမိတို့အသင်း ချန်ပီယံလိဂ်နောက် တစ်ဆင့် တက်ရေးအတွက် အရေးပါသည့် အရာလည်းဖြစ်သည်ဟု ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သော အန်ဒါလက်ခ်ျအသင်းနှင့်ပွဲတွင် အာဆင်နယ်မှာ ၈၉ မိနစ်အထိ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့ပြီး ကီရင် ဂစ်ဘ်၊ ပိုဒေါစကီးတို့၏ ၂ မိနစ်အတွင်း သွင်းယူခဲ့သော ဂိုး ၂ ဂိုးဖြင့် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်ခိုင်မာစေမည့် အနိုင် ၃ မှတ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်တို့ အမီလိုက်နိုင်ခဲ့ပြီး ကောင်းမွန်တဲ့ဂိုး ၂ ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ ပြင်းပြတဲ့စိတ်ဓာတ်ရှိပြီး အုပ်စုအဆင့်ကနေ ကျော်ဖြတ်ဖို့ အခွင့်အရေးအတွက် အရေးပါတဲ့ အရာလည်းဖြစ်ပါတယ်” ဟု အာဆင်ဝင်းဂါးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    အာဆင်နယ်မှာ ၃ ပွဲကစား ၆ မှတ်ဖြင့် ဒေါ့မွန်ထက် ၃ မှတ်အကွာ ဒုတိယနေရာတွင်ရှိနေပြီး အန်ဒါလက်ခ်ျနှင့် ဂါလာတာစာရေးတို့မှာ ၁ မှတ်စီသာရရှိထားကာ ကျန်ရှိနေသည့် အိမ်ကွင်းပွဲစဉ် တစ်ပွဲအား အနိုင်ရရှိပါက နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

  • “ရှင်ဂျန်းက ကျွန်တော်” (သို့) တစ်ဖက်ပိတ် အမြင်များ ပပျောက်ရန် အားထုတ်မှု တစ်ခု

    “ရှင်ဂျန်းက ကျွန်တော်” (သို့) တစ်ဖက်ပိတ် အမြင်များ ပပျောက်ရန် အားထုတ်မှု တစ်ခု

    အောက်တိုဘာ ၂၃ ၊ ၂၀၁၄
    M-Media
    .လေးမောင် စုစည်းတင်ဆက်သည်။
    141015164740-kurbanjan-samat-horizontal-gallery
    – အသက် ၃၂ နှစ်အရွယ် ဝီဂါ လူမျိုး ဓာတ်ပုံဆရာ ကုရ်ဘန်ဂျန် စမတ်မှာ နိုင်ငံအနောက်ပိုင်း မွေးရပ်မြေမှ မိမိတို့လူမျိုးများအပေါ် အခြားဒေသမှ လူအများစု ထင်မြင်နေသော တစ်ဖက်ပိတ် အမြင်များအား ချေဖျက်လိုသော ဆန္ဒရှိနေ၏။

    ထို့ကြောင့် တရုတ်နိုင်ငံရှိ လူများစု ဟန်လူမျိုးနှင့် လူနည်းစု ဝီဂါ လူမျိုးများ အကြား မြင့်မားနေသာ တင်းမာမှုများကို လျော့ကျစေရန်နှင့် ထိုလူအုပ်စုနှစ်ခု အကြား ပေါင်းကူး တံတားထိုးပေးရန် ရည်ရွယ်၍ “ရှင်ဂျန်းက ကျွန်တော်” ဆိုသည့် ဓာတ်ပုံ ပရောဂျက်တစ်ခုကို စတင်ခဲ့လေသည်။ ဝီဂါ လူမျိုးများမှာ အခြားသာ လူမျိုးများနှင့် မည်သည့်ခြားနားမှုမှ မရှိကြောင်း ပြသရန် ရည်ရွယ်သည့် အဆိုပါ ပရောဂျက်တွက် စမတ်မှာ မြို့ပေါင်း ၂၀ ကျော်သို့ခရီးသွားကာ လူ ၅၀၀ ကျော်အား ဓာတ်ပုံရိုက်ခြင်း၊ အင်တာဗျူးခြင်းတို့ကို ပြုလုပ်ခဲ့လေသည်။

    ပြီးခဲ့သည့်နှစ်က ဝီဂါ လူမျိုး သဘောထား တင်းမာသူများ အကြမ်းဖက်တိုက်ခိုက်များကို ပြုလုပ်ခဲ့ပြီးနောက် ရှင်ဂျန်းပြည်နယ် အပြင်ဘက်မှ လူအများစုမှာ မိမိတို့ ပြည်နယ်အား အကြမ်းဖက်ဝါနှင့် တွဲဖက်ရှုမြင်မှု ပိုများလားသည်ဟု စမတ်က ဆိုလေသည်။

    “ရှင်ဂျန်းပြည်နယ်က ပြည်သူတွေရဲ့ စစ်မှန်တဲ့ လူမှုဘ၀တွေကို ပြသဖို့နဲ့ ရှင်ဂျန်းက ပြည်သူတွေဟာ အခြားပြည်နယ်က သူတွေနဲ့ ဘာမှမကွာဘူးဆိုတာ ဖော်ပြဖို့ အတွေးတစ်ခု ကျွန်တော်ရလာပါတယ်” ဟု ၎င်း၏ ပရောဂျက်ပြုလုပ်ရန် စိတ်ကူးရလာမှုနှင့် စပ်လျဉ်း၍ စမတ်က ပြောခဲ့၏။

    ထိုပရောဂျက်မှ ရိုက်ကူးထားသော ၎င်း၏ အကောင်းဆုံး လူမှုဘ၀ ဓာတ်ပုံ ၁၀၀ ကိုစုစည်းက စမတ်က စာအုပ်တစ်အုပ် ထုတ်မည်ဖြစ်သည်။

    ၎င်း၏ ဓာတ်ပုံတွင် ဥပဒေရေးရာ နှိုင်းယှဉ်မှု ဘာသာရပ် အတွက် အမေရိကန် တက္ကသိုလ်တစ်ခုမှ မဟာဘွဲ့ရရန် ကြိုးစားနေသည့် ဝီဂါ လူမျိုး ရှေ့နေ နဖီစီ နဟ်မတ်အကြောင်း ပါဝင်သည်။ ထို့ပြင် ဝီဂါ လူမျိုး မိသားစုက မွေးစားထားပြီး မိုဘိုင်းဖုန်း လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာကာ နောက်ပိုင်းတွင် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့သည့် ဟန်လူမျိုး ဇန်ဇီကွင်း အကြောင်းလည်း ပါဝင်လေသည်။

    စမတ်၏ ဓာတ်ပုံဖော်ပြမှုမှာ ကဏ္ဍ အလိုက်ဖြစ်ပြီး ဓာတ်ပုံရှင်များ၏ အလုပ်ခန်း၊ ဘုရားဝတ်ပြုခြင်း၊ အိမ်အတွင်းနေထိုင်မှု စသဖြင့် မရိုးရအောင် ဖော်ပြထားလေသည်။ ထိုကဲ့သို့ ဖော်ပြခြင်းမှာ ရှင်ဂျန်းပြည်နယ်မှလူများမှာ အသားခဘာ့ဘ်ဆိုင်များ၊ စားသောက်ဆိုင်များသာ ဖွင့်ကြသည်ဟု လူအများက ထင်မြင်နေမှုကို ချေဖျက်ရန် အတွက်ဟု စမတ်က ဆိုလေသည်။

    ထိုပရောဂျက်အား ဆောင်ရွက်နေစဉ် ပြည်သူအများစုမှာ စိတ်အားထက်သန်စွာ ပါဝင်ကြသော်လည်း အချို့မှာ နောက်ဆုံးမိနစ်ကြမှ စိတ်ပြောင်းသွားခြင်းကိုလည်း စမတ်တစ်ယောက် ကြုံတွေ့ခဲ့ရသည်။

    စမတ်က ထိုပရောဂျက်ကို ဘေဂျင်းတွင် အခြေပြုကာ ဆောင်ရွက်ခြင်းဖြစ်သည်။ ယခုနှစ် အစောပိုင်း ကူမင်းဘူတာရုံတွင် လူ ၃၁ ဦးသေဆုံးခဲ့သော ဓားခုတ်မှု ဖြစ်ပွားပြီးနောက် အလယ်တန်းကျောင်းတစ်ကျောင်းတွင် ၀င်ရောက်ဓာတ်ပုံရိုက်ရာ အခြားသော ဝီဂါ လူမျိုးများ ကဲ့သို့ ခွဲခြားခြင်းခံခဲ့ရသည်ဟု စမတ်က ဖွင့်ဟခဲ့လေသည်။ ကူမင်းဓားခုတ်မှုကို တရုတ်နိုင်ငံ၏ ၉/၁၁ ဟု တရုတ်မီဒီယာများက သာသာထိုးထိုး ဖော်ပြကြသည်။

    “အဲဒီနေ့တွေတုန်းကဆိုရင် ကျွန်တော်ဟာ တက္ကဆီတောင် ငှားလို့ မရပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်ရဲ့ မျက်နှာဟာ ဝီဂါ လူမျိုးတွေရဲ့ အသွင်သဏ္ဍာန်မျိုး ဖြစ်နေလို့ပါ” ဟု စမတ်က ဆိုလေသည်။

    ဝီဂါ လူမျိုးများအပါအ၀င် နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘ၀အား ဓာတ်ပုံများဖြင့် ဖော်ပြမည့် အဆိုပါစာအုပ်က သိသာသောပြောင်းလဲမှုမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု စမတ်က မမျှော်လင့် သို့သော်လည်း ရှင်ဂျန်းမှပြည်သူများ နေ့စဉ်ဘ၀ ကြုံတွေ့ရမှုများကို ပိုမိုနားလည်စေရန် အခြားသူများအား အားပေးတိုက်တွန်းမှုတစ်ခု ဖြစ်လာစေရန်ကိုတော့ စမတ်က မျှော်လင့်နေလေ၏။

    ရှင်ဂျန်းက ကျွန်တော်

    141015163700-1-ahmaitjan-horizontal-gallery
    ၁။ ကျွန်တော့်အမည်က အဟ်မတ်ဂျန် အဘ်ဒူရဟ်မန်ပါ။ ရှင်ဂျန်းပြည်နယ်က အူဂွါလူမျိုးဖြစ်ပြီး အသက် ၃၆ နှစ် ရှိပါပြီ။ ၂၀၀၀ ခုနှစ်က ဘေဂျင်းမှာ ကျောင်းလာ တက်ပြီး ရေနံနဲ့ သဘာ ဓာတ်ငွေတက္ကသိုလ်ကနေ ရိုးရိုးဘွဲ့နဲ့ မဟာဘွဲ့ ရခဲ့ပြီးပါပြီ။ နောက်ပိုင်းမှာ ကျွန်တော်ဟာ အစိုးရရဲ့ ပညာတော်သင်အစီအစဉ်နဲ့ ဂျာမနီသွားပြီး ဒေါက်တာဘွဲ့ယူခဲ့ပါတယ်။ အခုကျွန်တော်ဟာ ရေနံကုမ္ပဏီ Sinopec ရဲ့ လက်ထောက် ဒါရိုက်တာတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

    141015163847-2-xie-yaer-30-horizontal-gallery

    ၂။ ကျွန်မက ဇီယာပါ။ ရှင်ဂျန်းက ဟန်လူမျိုးဖြစ်ပါတယ်။ လူကြိုက်များတဲ့ ဘေဂျင်းအခြေစိုက် ရေဒီယို Beijing People’s Radio Jiaotong Channel မှာ အသံလွှင့်သူတစ်ယောက်အဖြစ် အလုပ်လုပ်နေပါတယ်။ ၂၀၁၂ အစောပိုင်းလောက်တုန်းက အဲဒီရေဒီယိုကုမ္ပဏီဟာ အသံလွှင့်အစီအစဉ် တစ်ခုအတွက် ဟိုတန်ဒေသကို လေးလခရီးသွားဖို့ စီစဉ်ခဲ့ပါတယ်။ ကျွန်မလည်း ထွေထွေထူးထူးမစဉ်းစားပဲ စာရင်းပေးလိုက်ပါတယ်။ ဟိုတန်ကို ရောက်သွားတဲ့အခါ ကျွန်မဟာ ဟန်လူမျိုးတစ်ယောက်မှ မတွေ့ခဲ့ပါဘူး။ (အူဂွါလူမျိုးတွေသာ ရှိပါတယ်) ဒါပေမယ့် ကျွန်မနဲ့ ကျွန်မရဲ့ မိတ်ဆွေ ဝီဂါ လူမျိုးတွေအကြား ဘာသာစကား အခက်အခဲကလွဲလို့ ကျန်တဲ့ ဘာအတားအဆီးမှ မရှိခဲ့ပါဘူး။ သူတို့ဟာ သနားကြင်နာမှုရှိသလို ရိုလည်းရိုးသားကြပါတယ်။

    141015163943-3-bayirta-and-bayin-horizontal-gallery

    ၃။ ကျွန်တော်က ဘာယီရ်တာပါ။ ဒါကတော့ ကျွန်တော့်ဇနီး ဘာယင်ပါ။ ကျွန်တော်တို့ဟာ ရှင်ဂျန်းပြည်နယ်က မွန်ဂိုလီးယား လူမျိုးတွေဖြစ်ပါတယ်။ ကျွန်တော်က ဂစ်တာသမားဖြစ်ပြီး ၂၀၁၁ ခုနှစ်က နိုင်ငံလုံးဆိုင်ရာဆုရခဲ့တဲ့ တီးဝိုင်းတစ်ခုမှာ သီချင်းလည်း ရေးပါတယ်။ ဒီနှစ်အတွင်းမှာပဲ ကျွန်တော်ဟာ ဘာယင်နဲ့လက်ထပ်ခဲ့တာပါ။ သူဟာ ကျွန်တော်တို့တီးဝိုင်းက အဆိုတော်တစ်ယောက်ပါ။ ကျွန်တော်တို့ ဒီနှစ်အတွင်းမှာ ကိုယ်ပိုင် တီးဝိုင်းထောင်ဖို့ စီစဉ်နေပါတယ်။
    141015164041-4-kai-bo-horizontal-gallery
    ၄။ ကျွန်တော့်နာမည် ကိုဘိုပါ။ အသက် ၃၀ ရှိပြီး ဟွေလူမျိုး အစ္စလာမ်ဘာသာဝင်တစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာ TV Show တစ်ခုကို တင်ဆက်သူပြီး ကျွန်တော့်ရဲ့ အကြီးဆုံး အိပ်မက်ကတော့ ဘေဂျင်းမှာ ကိုယ်ပိုင် Show တစ်ခု လုပ်ချင်တာပါတယ်။ ကျွန်တော့်မိဘတွေကိုလည်း ဒီကိုခေါ်ပြီး အခြေချချင်ပါတယ်။
    141015164128-5-mejmedic-horizontal-gallery
    ၅။ ကျွန်တော့်အမည်ကတော့ မီမီဒစ် ဒစ်လ်ကာပါ။ ရှင်ဂျန်းက ဖြစ်ပါတယ်။ တာဂျစ်လူမျိုးဖြစ်ပြီး ၂၄ နှစ်ရှိပါပြီ။ ကျွန်တော့်ရဲ့ ဇာတိကတော့ တာဂျစ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက Tashkurgan ရွာပါ။ ၂၀၁၂ ခုနှစ်မှာ ကျွန်တော် ဘွဲ့ရခဲ့ပြီး ရှင်ဂျန်းမှာပဲ မန်နေဂျာရာထူးနဲ့ အလုပ်ရခဲ့ပါတယ်။ အခု ကျွန်တော်ဟာ Minzu တက္ကသိုလ်မှာ ပညာဆက်သင်နေပါတယ်။

    141015164445-7-tyliubac-horizontal-gallery

    ၆။ ကျွန်တော့်အမည်ကတော့ သီလ်ဘက် ဇာဟွန်ဘက်ဖြစ်ပြီး ဇင်ဂျန်းပြည်နယ်ကပါ။ ကာဇက်ခ်လူမျိုးဖြစ်တဲ့ ကျွန်တော်ဟာ ၂၅ နှစ်ရှိပါပြီ။ ကာဇက်ခ်ဘာသာစကား အရတော့ ကျွန်တော့် နာမည်ဟာ အိပ်မက်လို့ အမည်ရပါတယ်။ ဆွေမျိုးတစ်ယောက်ပိုင်တဲ့ ဘေဂျင်းက စားသောက်ဆိုင်တစ်ခုမှာ ကျွန်တော်က မန်နေဂျာပါ။ ကျွန်တော့်အမကလည်း ဘေဂျင်းမှာပဲ အလုပ်လုပ်ပြီး ကျွန်တော့်ကို တော်တော်လေး ကူညီပါတယ်။ ကျွန်တော်ဟာ ဂီတကို ခုံမင်ပါတယ်။ သီချင်းဆိုရတာကြိုက်ပြီး အထူးသဖြင့် ကာဇက်ခ်သီချင်းတွေကို ပိုကြိုက်ပါတယ်။ ကျွန်တော်ရဲ့ ဒီနှစ်အိပ်မက်ကတော့ ဂီတ၊ အနုပညာနဲ့ သက်ဆိုင်တဲ့ ရေရှည်အလုပ်တစ်ခု ရဖို့ပါပဲ။

    141015164352-6-nefise-horizontal-gallery

    ၇။ ကျွန်မကတော့ နဖီးစ် နဟ်မတ်ပါ။ ရှင်ဂျန်းက ဝီဂါ လူမျိုးဖြစ်ပြီး အသက် ၃၅ နှစ် ရှိပါပြီ။ တရုတ်အရှေ့ပိုင်း နိုင်ငံရေးသိပ္ပံနဲ့ ဥပဒေရေးရာတက္ကသိုလ်က ၂၀၀၈ ခုနှစ်မှာ ဘွဲ့ရပြီး နောက်ပိုင်း ကျွန်မဟာ ရှန်ဟိုင်းက Jindu ဥပဒေရေးရာလုပ်ငန်းမှာ ရှေ့နေအဖြစ် အလုပ်လုပ်နေပါတယ်။ အခု ကျွန်မဟာ ဥပဒေရေးရာ နှိုင်းယှဉ်မှု ဘာသာရပ် မဟာဘွဲ့အတွက် အမေရိကန်က Emory တက္ကသိုလ်မှာ တက်ရောက်နေပါတယ်။ ကျွန်မရဲ့ အိပ်မက်ကတော့ လူနည်းစု တိုင်းရင်းသူအမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရေး တရုတ်ပြည်သူ့ ကွန်ဂရက်မှာ ကိုယ်စားလှယ်တစ်ယောက် ဖြစ်လာဖို့ပါပဲ။
    141015164538-8-zhang-zhiqiang-horizontal-gallery
    ၈။ ကျွန်တော့် နာမည်ကတော့ ဇန်ဇီကွင်းပါ။ ရှင်ဂျန်းကဖြစ်ပြီး ဟန်လူမျိုးတစ်ယောက် ဖြစ်ပါတယ်။ အသက် ၃၅နှစ်ရှိပြီး လက်ရှိမှာတော့ ရှန်ဇန်းမှာ မိုဘိုင်းဖုန်းဆိုင်လေးတစ်ခု ဖွင့်ထားပါတယ်။ ကျွန်တော့်မှာ ညီအကိုမောင်နှမတွေ အများကြီးရှိပြီး မိဘတွေက အလုပ်အရမ်းများတာကြောင့် မိဘတွေရဲ့ မိတ်ဆွေဖြစ်တဲ့ ဝီဂါ လူမျိုးမိသားစုတစ်ခုရဲ့ လက်ပေါ်မှာပဲ ကြီးပြင်းခဲ့ရပါတယ်။ သူတို့ဟာ ကျွန်တော့်ကို မွေးစားခဲ့ပြီး ပညာလည်းသင်ပေးခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်မှာ ဝီ၈ါ မိဘတွေရှိတယ်ဆိုတာ အမြဲတမ်းသတိရနေပြီး သူတို့ကို မိဘအရင်းတွေလို ပြုစုစောင့်ရှောက်ပါတယ်။ ကာဇက်စတန်မှာ စီးပွားရေးလုပ်နေရင်း ကျွန်တော်ဟာ အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်ဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ မွတ်စလင်တစ်ယောက် ဖြစ်နေပါပြီ။ ကျွန်တော် တစ်နေ့ကို ငါးကြိမ်မပျက် ဘုရားဝတ်ပြုပါတယ်။
    141015164740-kurbanjan-samat-horizontal-gallery
    ၉။ ကျွန်တော်က ရှောင်ဒန်မာမတ်ပါ။ ရှင်ဂျန်းပြည်နယ်က ဝီဂါ လူမျိုးဖြစ်ပြီး ၄၂ နှစ် ရှိပါပြီ။ အစ္စလာမ့်ဗိသုကာ လက်ရာနဲ့ ပတ်သက်တဲ့ဌာနက လေ့လာမှုတစ်ခုကို ကျွန်တော်ဦးဆောင် လုင်ကိုင်နေပါတယ်။ ဇင်ဂျန်းနဲ့ ဟိုင်နန်ပြည်နယ်က ထင်ရှားတဲ့ ဗလီဝတ်ကျောင်းတော်တွေအတွက် ကျွန်တော်ကိုယ်တိုင် ဒီဇိုင်းရေးဆွဲပေးခဲ့တာပါ။ ကွင်ဟိုင်းပြည်နယ် ဇင်နင်းမြို့က Nangun ဗလီဝတ်ကျောင်းတော်ဟာလည်း ကျွန်တော် ဦးဆောင်ပြီး ဒီဇိုင်းရေးဆွဲပေးခဲ့တဲ့ ပရောဂျက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဘေဂျင်းကို ရောက်တာ ၆ နှစ်လောက်ရှိပြီး အခုလည်း ဒီမှာပဲနေပါတယ်။

    141015163752-10-xia-yidong-horizontal-gallery

    ၁၀။ ကုရ်ဘန်ဂျန် စမတ်ဟာ အသက် ၃၂ နှစ်အရွယ်ရှိပြီး ကင်မရာမန်းနဲ့ ဓာတ်ပုံဆရာတစ်ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကစပြီး “ဇင်ဂျန်းက ကျွန်တော်” ဆိုတဲ့ ဒီပရောဂျက်ကို စတင်ခဲ့တာဖြစ်ပြီး အခြားနေရာတွေမှာ နေထိုင်နေကြတဲ့ ဇင်ဂျန်းပြည်သူတွေရဲ့ ပုံရိပ်တွေကို ရိုက်ကူးခဲ့ပါတယ်။ သူတွေ့ဆုံ မေးမြန်းခဲ့တဲ့ လူပေါင်း ၅၀၀ ကျော်ထဲကနေ ၁၀၀ကျော်ရဲ့ ဇာတ်လမ်းတွေကို ဓာတ်ပုံနဲ့တကွ စာအုပ်ထုတ်သွားဖို့ စီစဉ်နေပါတယ်။

     

    ref_ CNN