News @ M-Media

Blog

  • အော့တာဝါ ပစ်ခတ်မှု ကနေဒါဝန်ကြီးချုပ် ရှုတ်ချ

    အော့တာဝါ ပစ်ခတ်မှု ကနေဒါဝန်ကြီးချုပ် ရှုတ်ချ

    အောက်တိုဘာ ၂၃ ၊ ၂၀၁၄
    M-Media
    Canada4
    – ကနေဒါနိုင်ငံ အော့တာဝါတွင် ယမန်နေ့က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုမှာ လူမဆန်သည့် လုပ်ရပ်ဖြစ်ပြီး ထိုလုပ်ရပ်က ကနေဒါအနေဖြင့် အကြမ်းဖက်ဝါဒအား ခံနိုင်ရည် မရှိသေးဟု သတိပေးလိုက်ခြင်းဖြစ်သည်ဟု ၀န်ကြီးချုပ် ဟာပါးက ပြောကြားလိုက်သည်။

    ယမန်နေ့ညပိုင်းက ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သော မိန့်ခွန်းတွင် ဟာပါးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုက အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရာတွင် ကနေဒါက နိုင်ငံတကာ မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို အဟန့်အတားဖြစ်စေမည် မဟုတ်ဟုလည်း ၎င်းက သတိပေးခဲ့သည်။

    ယမန်နေ့ နံနက်ပိုင်းက အော့တာဝါမြို့တွင်သေနတ်သမားတစ်ဦးမှာ စစ်သူရဲကောင်း အထိမ်းအမှတ်ကျောက်တိုင်ရှိ အစောင့် စစ်သားတစ်ဦးအား ပစ်ခတ်ခဲ့ပြီးနောက် ၀န်ကြီးချုပ်နှင့် နိုင်ငံရေးပါတီ အဖွဲ့ဝင်များ အစည်းအဝေး လုပ်နေသော ပါလီမန်အတွင်းသို့ ကားဖြင့် ၀င်ရောက်ရန် ကြိုးစားစဉ် လွှတ်အစောင့်များ၏ ပစ်သတ်မှုကို ခံခဲ့ရသည်။

    ကနေဒါအာဏာ ပိုင်များကမူ သေနတ်ဖြင့် ပစ်ခတ်သူမှာ မိုက်ကယ် ဇီဟက်ဖ် ဘီဘောင်ဖြစ်ပြီး ပစ်ခတ်မှုများ အတွင်း ပါဝင်သည်ဟု ယူဆရသည့် သေနတ်သမား တစ်ယောက် သို့မဟုတ် နှစ်ယောက်မှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

    လွတ်မြောက်နေသည့်သေနတ်သမားများအား ရှာဖွေမှုများ ပြုလုပ်နေပြီး လွှတ်တော်ကိုလည်း လုံခြုံရေးအရ ပိတ်ထားခဲ့သည်။ ကနေဒါတွင် အကြမ်းဖက်သမားများ၏ ဘေး အန္တရာယ်ကို ကာကွယ်ရန်အတွက် လုံခြုံရေးအဆင့်တိုးမြှင့်ပြီး ၁ ရက်အကြာတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ref_ .aljazeera

  • အစ္စရေးကို သပိတ်မှောက်ဖို့ အာဂျင်တီးနား လူ့အခွင့်အရေး လှုပ်ရှားသူများ မှ အစိုးရကို တောင်းဆို

    အစ္စရေးကို သပိတ်မှောက်ဖို့ အာဂျင်တီးနား လူ့အခွင့်အရေး လှုပ်ရှားသူများ မှ အစိုးရကို တောင်းဆို

    အောက်တိုဘာ ၂၃ ၊ ၂၀၁၄
    M-Media

    အစ္စရေး၏ ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှုများကို သပိတ်မှောက်ရန် အာဂျင်တီးနား လူ့အခွင့်အရေး လှုပ်ရှားသူများ တိုက်တွန်း

    383325_Argentina-Israel-protest

    – ပါလက်စတိုင်းများအပေါ် ပြုမူဆက်ဆံမှုများအား ရှုတ်ချသည့်အနေဖြင့် အစ္စရေး၏ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကို သပိတ်မှောက်ရန် အာဂျင်တီးနားရှိ လူ့အခွင့်အရေး လှုပ် ရှားသူများက အစိုးရအား တိုက်တွန်းလိုက်သည်။

    လူ့အခွင့်အရေးလှုပ်ရှားသူများမှာ မြို့တော်ဗျူနိုအေရီးစ်တွင် ယမန်နေ့က စုရုံးခဲ့ကြပြီး ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ကာ အစ္စရေး၏ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများမှာ ပါလက်စတိုင်းများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ကာကွယ်ရန် အသုံးချခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အစ္စရေးရဲ့ ဒီဗျူဟာကို ဇီယွန်ဝါဒီ အစ္စရေးအစိုးရရဲ့ အပြုသဘောဆောင်တဲ့ ပုံရိပ်တွေကို ပြသတဲ့ အဖွဲ့တွေက ထောက်ပံ့ပေးထားတာပါ။ ဒီအဖွဲ့တွေဟာ ပါလက်စတိုင်းမြေမှာ လုပ်ခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ ငြှင်းပန်းနှိပ်စက်မှုတွေကို ရှုတ်ချဖို့ လူသိရှင်ကြား ကြေညာချက်ထုတ်ခဲ့တာမျိုး မရှိပါဘူး” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် လူ့အခွင့်အရေး လှုပ်ရှားသူများမှာ အစ္စရေးလိုလားသည့် ကုမ္ပဏီများအား တိုင်းပြည်အတွင်း လုပ်ပိုင်ခွင့်ပေးခြင်းအတွက် အာဂျင်တီးနားအစိုးရကို ရှုတ်ချခဲ့ပြီး၊ အကြမ်းဖက်သမားအုပ်စု၏ လူသားအယောင်ဆောင်ရန် ကြိုးပမ်းမှုကို လူ့အခွင့်အရေးတွက် လှုပ်ရှားနေသော အစိုးရက ခွင့်ပြုခြင်းမှာ လက်မခံနိုင်ဖွယ်ဖြစ်သည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

    အာဂျင်တီးနားမှာ အခြားသော လက်တင်အမေရိက နိုင်ငံများကဲ့သို့ ပါလက်စတိုင်းအား ထောက်ခံသည့် နိုင်ငံဖြစ်ပြီး ယခုလအစောပိုင်းကလည်း ပါလက်စတိုင်းသံရုံးမှ သံအမတ်များနှင့် အာဂျင်တီးနား လွှတ်တော်အမတ်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များမှာ “ပါလက်စတိုင်း၏ ခုခံမှု၊ အာဂျင်တီးနားအားပေး” ဟု အမည်ရသည့် အခမ်းအနား တစ်ခုကို ကျင်းပခဲ့သည်။

    အဆိုပါ အခမ်းအနားမှာ အစ္စရေးက ပိတ်ဆို့ထားသော ဂါဇာဒေသရှိ ပြည်သူများ ကြုံတွေ့နေရသော အခက်အခဲများ ပြေလည်ရေး အလှူငွေများလက်ခံရန် ရည်ရွယ်ကျင်းပခဲ့သည့် အခမ်းအနားလည်းဖြစ်သည်။

    IA/NN/KA

  • အီဘိုလာကို ထိန်းချုပ်ရန် အနည်းဆုံး လေးလကြာမည်

    အီဘိုလာကို ထိန်းချုပ်ရန် အနည်းဆုံး လေးလကြာမည်

    အောက်တိုဘာ ၂၃ ၊ ၂၀၁၄
    M-Media
    2014102331815523734_20
    – ယခုနှစ်အစောပိုင်း အာဖရိက အနောက်နိုင်ငံများတွင် စတင် ကူးစက်ပြန့်နှံ့ခဲ့သည့် အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အရေအတွက်မှာ ၄၉၀၀ နီးပါး ရှိလာခဲ့ပြီဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အီဘိုလာနှင့် ပတ်သက်၍ ဂျီနီဗာတွင်ပြုလုပ်သည့် အရေးပေါ် အစည်းအဝေးတွင် WHO က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ရောဂါပိုး ပြန့်နှံ့မှုမှာ ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆီရာလီယွန် နိုင်ငံများတွင် အဆိုးဆုံးဖြစ်ပြီး ထို သုံးနိုင်ငံပေါင်း ရောဂါ ကူးစက်သူ အရေအတွက်မှာ ၉၉၃၆ ဦး ရှိနေသည်ဟုဆိုသည်။ အဆိုပါ အရေးပေါ်အစည်းဝေးမှာ အီဘိုလာနှင့် ပတ်သက်၍ ပြုလုပ်သော တတိယမြောက် အစည်းအဝေးလည်းဖြစ်ပြီး ၂ ရက်တာ ကြာမြင့်မည် ဖြစ်သည်။

    အီဘိုလာအား ထိန်းချုပ်ရန် အတွက် အနည်းဆုံး လေးလခန့်ကြာမြင့်မည်ဖြစ်ပြီး သို့သော်လည်း လိုအပ်သောဆောင်ရွက်မှုများ အားလုံးကို ဆောင်ရွက်မှသာ ထိုကာလအတွင်း ထိန်းချုပ်နိုင်မည်ဟု နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။

    ကျွမ်းကျင်သူများကမူ အီဘိုလာ ကူးစက်သူ အရေအတွက်မှာ ဒီဇင်ဘာ အစောပိုင်းတွင် ၁၀၀၀၀ အထိ ရောက်ရှိလာမည်ဟု သတိပေးထားပြီး၊ လက်ရှိတွင် ထိုဗိုင်းရပ်စ်အား နှိမ်နင်းရန် တရားဝင်ဆေး မရှိသော်လည်း သုတေသန ပညာရှင်များက ဆေးများထွက်ပေါ်လာရန် ကြိုးစားဖော်ထုတ်နေသည်။

    ref_ Agencies

  • မွတ်စလင်မ်များ အကြမ်းဖက်ခံရမှု  မြန်မာအစိုးရအား အမေရိကန် အစိုးရကို သြဇာရှိသည့် CSIS အဖွဲ့ဝေဖန်

    မွတ်စလင်မ်များ အကြမ်းဖက်ခံရမှု မြန်မာအစိုးရအား အမေရိကန် အစိုးရကို သြဇာရှိသည့် CSIS အဖွဲ့ဝေဖန်

    အောက်တိုဘာ ၂၃ ၊ ၂၀၁၄
    M-Media

    10464354_1491339591083252_5668154329372377568_n
    ဓါတ်ပုံ အညွှန်း- ၂၀၁၄ ခုနှစ် ဇူလိုင်လ တွင် မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုဖြစ်စဉ်တွင် လက်နက်များ ကိုင်ဆောင်ပြီး လူမြင်ကွင်း၌ သွားလာနေပုံ

    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အန္တရာယ်များကို ဦးဆောင်ဖန်တီးနေမှုနှင့် နိုင်ငံတစ်ဝှမ်း ဗုဒ္ဓဘာသာဝင်များက မွတ်စလင်များအပေါ် ပြုလုပ်သော အကြမ်းဖက် တိုက်ခိုက်မှုများကို စီစဉ်သူများအား ဖော်ထုတ်ရာတွင် ထိရောက်မှုရှိသော အရေးယူမှုများ မပြုလုပ်သည့်အတွက် အမေရိကန် အစိုးရအပေါ် သြဇာ သက်ရောက်မှုရှိသည့် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာမှုအဖွဲ့ CSIS အဖွဲ့က မြန်မာစိုးရအား ဝေဖန်ပြောဆိုလိုက်သည်။

    မြန်မာနိုင်ငံသို့ သြဂုတ်လအတွင်းက လာရောက်လေ့လာခဲ့သည့် အဆိုပါအဖွဲ့မှာ ၎င်းတို့၏ တွေ့ရှိချက်များကို ယမန်နေ့က အစီရင်ခံစာ ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံ၏ တိုးတက်မှု အချို့ကို ဖော်ပြခြင်းနှင့်အတူ ယခုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။

    CSIS ၏ ထိုအစီရင်ခံစာတွင် လာမည့် ၂၀၁၅ ခုနှစ်ရွေကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ မျှော်လင့်နိုင်ဖွယ် လက္ခဏာများ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး အလားအလာများ၊ ဆိုးရွားသော ကျန်းမာရေးစနစ်၏ တိုးတက်မှုများနှင့် လျှင်မြန်စွာတိုးတက်လာသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအကြောင်းကိုလည်း ဖော်ပြထားသည်။

    သို့သော်လည်း အာဏာမှာ စစ်တပ်၏ အလိုကျရှိနေမှုနှင့်၊ အဓိကနိုင်ငံရေး ပြောင်းလဲမှုများအတွက် ဆုံးဖြတ်ချက်ချမှုများ တန့်နေခြင်းတို့ကို ထောက်ပြခဲ့ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဦးဆောင်ပြုလုပ်နေသော သမ္မတ ဦးသိန်းစိန်၏ မဟာမိတ်များဖြစ်သည့် ပြုပြင်ပြောင်းလဲရေးသမားများနှင့် ပြုပြင်ပြောင်းလဲရေးကြောင့် အခွင့်ထူးများ ဆုံးရှုံးမည်ကို စိုးရိမ်နေကြသူများအကြား အားပြိုင်မှုများရှိနေသည် အလားအလာကိုလည်း တွေ့ရှိခဲ့ရသည်ဟု CSIS က ဆိုသည်။

    ရခိုင်ပြည်နယ်အရေးတွင်မူ ၂၀၁၂ ခုနှစ်က ဗုဒ္ဓဘာသာဝင်များ၏ တိုက်ခိုက်မှုများကို ခံခဲ့ရပြီးနောက် နိုင်ငံမဲ့ ရိုဟင်ဂျာမွတ်စလင် ၁၄၀၀၀၀ မှာ သံဆူးကြိုးများကာရံထားသော စခန်းများတွက် နေထိုင်နေရပြီး လူးသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆိုးရွားသော အခြေအနေများကို ဆက်လက်ကြုံတွေ့နေရသည်ဟု ဖော်ပြထားသည်။

    ထိုမျှမကဘဲ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသော အဖွဲ့များအပေါ် တိုက်ခိုက်မှုများ ပြုလုပ်လာသည်အထိ ဆိုးရွားခဲ့သော်လည်း ထိုတိုက်ခိုက်မှုများအတွက် တာဝန်ရှိသူများကို အစိုးရက လပေါင်းများစွာကြာ ဥပက္ခာပြုထား သည်ဟုလည်း CSIS က ဝေဖန်ခဲ့သည်။

    လူ့အခွင့်အရေးအဖွဲ့များက ခွဲခြားမှုများရှိနေသည်ဟု ဝေဖန်ထားသော ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေး လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ နိုင်ငံသားအဖြစ် သတ်မှတ်နေရးနှင့် ပြန်လည်နေရာချထားရေး အယူအဆများကို ဖြစ်ပေါ်စေသော်လည်း အစိုးရအနေဖြင့် ပြဿနာအား ဖြေရှင်းနိုင်မည်လားဆိုသည့် အမြင်မှာ ဆက်လက်ရှိနေသည်ဟု ဆိုသည်။

    လွန်ခဲ့သည့် သုံးနှစ်အတွင်း အမေရိကန်နှင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံအား ပြန်လည် ဆက်ဆံခဲ့ပြီး ပိတ်ဆို့ထားမှုများ ဖြေလျော့ပေးမှုကို ဆက်လက်ဆောင်ရွက်ရန်နှင့် မြန်မာ့ကျန်းမာရေး ကဏ္ဍအတွက် ထောက်ပံ့ငွေများ ၂ ဆ တိုးပေးရန်လည်း CSIS က အမေရိကန် အစိုးရအား တိုက်တွန်းခဲ့သည်။

    ref_ The Associated Press

  • နိုင်ငံခြားထောက်လှမ်းရေး အဖွဲ့များနှင့် ဆက်သွယ်နေသည့် သူလျှိုများ အီရန် ဖမ်းဆီး

    နိုင်ငံခြားထောက်လှမ်းရေး အဖွဲ့များနှင့် ဆက်သွယ်နေသည့် သူလျှိုများ အီရန် ဖမ်းဆီး

    အောက်တိုဘာ ၂၃ ၊ ၂၀၁၄
    M-Media

    383163_Mahmoud-Alavi
    အီရန် ထောက်လှမ်းရေး ဝန်ကြီး

    – နိုင်ငံခြား ထောက်လှမ်းရေး အေဂျင်စီများနှင့် ဆက်စပ်မှုရှိသော သူလျှိုများကို ဖမ်းဆီးခဲ့သည်ဟု အီရန်ထောက်လှမ်းရေး ၀န်ကြီး မဟ်မူးဒ် အလာဗီက အောက်တိုဘာ ၂၁ ရက်နေ့က ပြောကြားလိုက်သည်။

    Bushehr ပြည်နယ်တွင် ယခုတစ်ပတ် အတွင်း ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြား ထောက်လှမ်းရေး အေဂျင်စီများ အတွက် ဆောင်ရွက်ပေးသော ထောက်လှမ်းရေး ပစ္စည်းများကိုပါ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

    အလာဗီကမူ အီရန်ထောက်လှမ်းရေးတပ်ဖွဲ့များ၏ နိုးကြားမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံ၏ စီးပွားရေး၊ စက်မှုလက်မှု၊ စစ်ရေးစစ်ရာ၊ ကုန်ထုတ်လုပ်မှုနှင့် နျူကလီးယားအရေးတို့အတွက် လျှို့ဝှက်ထောက်လှမ်းမှုများပြုလုပ်ရန် Bushehr တောင်ပိုင်းမှာ နိုင်ငံခြားထောက်လှမ်းရေးများ ကျက်စားရာဒေသဖြစ်သည်ဟုလည်း ဆိုသည်။

    ထို့ပြင် အင်အားကြီးနိုင်ငံများမှာ အခြားနိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားနှင့် လုံခြုံရေးကို ထိခိုက်စေရန် ထိုနိုင်ငံ တစ်ခုချင်းစီမှ နိုင်ငံသားများနှင့် လက်နက်ကိုင် တပ်ဖွဲ့များကို အသုံးချလေ့ရှိပြီး အီရတ်၊ ဆီးရီးယားနှင့် အာဖဂန်တို့တွင် အင်အားကြီးနိုင်ငံများက ထိုကဲ့သို့ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အလာဗီ၏ ပြောကြားမှုအရ ပြီးခဲ့သည့်လများအတွင်းကလည်း အရှေ့အလယ်ပိုင်းဒေသအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများကို ပြုလုပ်နေသော Takfiri အဖွဲ့နှင့် ဆက်နွယ်နေသည့် လူ ၁၃၀ ကျော်အား ဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့ပြုလုပ်မည့် အကြမ်းဖက်တိုက်ခိုက်မှုများကိုလည်း တားဆီးနိုင်ခဲ့သည်ဟု သိရသည်။

    Ref_ Press TV