News @ M-Media

Blog

  • ကမ္ဘာ့ သတ္တမမြောက် အကြီးဆုံး ဗလီဝတ်ကျောင်းတော် တစ်ခု ပါကစ္စတန်တွင် ဖွင့်လှစ်

    ကမ္ဘာ့ သတ္တမမြောက် အကြီးဆုံး ဗလီဝတ်ကျောင်းတော် တစ်ခု ပါကစ္စတန်တွင် ဖွင့်လှစ်

    အောက်တိုဘာ ၁၃ ၊ ၂၀၁၄၊
    M-Media
    10-10-14_Pakistan-Opens-Worlds-7th-Largest-Mosque
    – ကမ္ဘာ့သတ္တမမြောက် အကြီးဆုံး ဗလီဝတ်ကျောင်းတော်အား ပါကစ္စတန်နိုင်ငံတွင် အောက်တိုဘာ ၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ထောင်းပေါင်း များစွာသော ၀တ်ပြုသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

    Bahria Town Grand Jamia Masjid ဟု အမည်ပေးထားသည့် အဆိုပါ ဗလီဝတ်ကျောင်းတော်အား လာဟိုးရှိ ဘဟ်ရီယာမြို့တွင် ဆောက်လုပ်ထားကာ ပါကစ္စတန်သမ္မတဟောင်း အာဆစ်ဖ် အလီဇာဒါရီက တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

    “ဒီဗလီဝတ်ကျောင်းတော်ဟာ မွတ်စလင်ကမ္ဘာတစ်ဝှမ်းမှာ ပါကစ္စတန်ရဲ့ အမှတ်သညာတစ်ခုဖြစ်လာမှာပါ” ဟု ဗလီဝတ်ကျောင်းတော်တည်ရှိရာ ဘဟ်ရီယာမြို့ မြို့တော်ဝန် မာလစ်ရီအာ့ဇ် က Express Tribune သတင်းဌာနသို့ အောက်တိုဘာ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါဗလီဝတ်ကျောင်းတော်၏ အဓိက၀တ်ပြုဆောင်တွင် ၀တ်ပြုသူပေါင်း ၂၅၀၀၀ခန့် ၀တ်ပြုနိုင်ပြီး ဗလီဝတ်ကျောင်းတော် ပရုဏ်အတွင်း တစ်ချိန်တည်း လူပေါင်း ၇၀၀၀၀ ၀တ်ပြုနိုင်သည်။

    ဗလီဝတ်ကျောင်းတော်၏ အမှတ်အသားဖြစ်သည့် အမိုးခုံး ၂၁ ခု ပါဝင်ပြီး၊ ၁၆၅ ပေမြင့်သည့် မင်နာရတ် ၄ ခုပါဝင်သော အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ကမ္ဘာ့ သတ္တမမြောက်အကြီးဆုံး ဗလီဝတ်ကျောင်းတော် ဖြစ်လာမည်ဖြစ်ပြီး ပါကစ္စတန်၏ အကြီးဆုံး ဗလီဝတ်ကျောင်းတော်လည်း ဖြစ်သည်။

    ဗလီဝတ်ကျောင်းတော်၏ အခင်းအား သလင်းကျောက်ဖြင့် ပြုလုပ်ထားပြီး၊ မျက်နှာကျက်တွင် အထူးပြုလုပ်ထားသော မီးဆိုင်းများဖြင့် အလှဆင်ထားသည်။ အဓိက ၀တ်ပြုဆောင်တွင်လည်း မှန်စီရွှေချ မျက်နှာကျက်များကို တပ်ဆင်ထားသည်။

    အဆိုပါ ဗလီ၏ ဒုတိယထပ်မှာ အမျိုးသမီးများအတွက် ၀တ်ပြုဆောင်ဖြစ်ပြီး မဂိုရိုးရာ ဗိသုကာ လက်ရာများဖြင့် တည်ဆောက်ထားသည်။

    အစ္စလာမ်အနုပညာလက်ရာများကို ပြသရန်ပြခန်းနှင့် အစ္စလာမ်ဓမ္မသင်တန်းများသင်ကြားပို့ချပေးနိုင်မည့် အခန်းများကို ဗလီဝတ်ကျောင်းတော်၏ မြေအောက်ပိုင်းတွင် ဆောက်လုပ်လျက်ရှိနေပြီး လာမည့် လအနည်းငယ်အတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်သည်။

    မြို့အတွင်း သေးငယ်သော ဗလီဝတ်ကျောင်းတော်များတွင် ၀တ်ပြုနေရသည့် ဘီဟာရ် မြို့မှ ဒေသခံများကမူ လူထောင်းပေါင်းများစွာ ၀တ်ပြုနိုင်သည့် အဆိုပါ ဗလီဝတ်ကျောင်းတော် ရရှိခြင်းအတွက် ပျှော်ရွှင်လျက်ရှိနေသည်။

    ပါကစ္စတန်နိုင်ငံတွင် လူဦးရေ သန်းပေါင်း ၁၈၀ ကျော်ရှိပြီး ၉၅ ရာခိုင်နှုန်းမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြသည်။

    ref_ OnIslam & Newspapers

  • ဟောင်ကောင် ဆန္ဒပြသူများအား မျက်နှာဖုံးစွပ် လူအုပ်စုက ၀င်ရောက်နှောက်ယှက်

    ဟောင်ကောင် ဆန္ဒပြသူများအား မျက်နှာဖုံးစွပ် လူအုပ်စုက ၀င်ရောက်နှောက်ယှက်

    အောက်တိုဘာ ၁၄ ၊ ၂၀၁၄
    M-Media
    2014101363514787734_20
    – ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးအတွက် ဟောင်ကောင်မြို့ရှိ အဓိကနေရာများတွင် ဆန္ဒပြသူနေသူများအား မျက်နှာဖုံးစွပ်ထားသော လူအုပ်စုကာ ၀င်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ရသည်ဟု သိရသည်။

    ယနေ့နံနက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဟောင်ကောင်မြို့လယ်ကောင် အဓိကလမ်းမပေါ်ရှိ ဆန္ဒပြသူများ ပြုလုပ်ထားသော အဆီးအတားများရှေ့တွင် လူလတ်ပိုင်းအရွယ်ရှိသည့် မျက်နှာဖုံးစွပ်ထားသူ ရာပေါင်းများစွာက စုရုံးကာ “လမ်းဖွင့်ပေး” ဟု လည်းကောင်း “ဆန္ဒပြမှုမှာ တရားမ၀င်” ဟုလည်းကောင်း ဟစ်အော်ခဲ့ကြသည်။

    ထို့ပြင် ဆန္ဒပြသူများတည်ရှိရာ Admiralty နေရာတွင်လည်း အဆိုပါ မျက်နှာဖုံးစွပ် လူအုပ်စုက အဆီးအတားများကို ဖြတ်ကျော်ကာ ဆန္ဒပြသူလူစုအတွင်းသို့ ၀င်ရောက်ခဲ့ကြပြီး ထိုးကြိတ်မှုများ ဖြစ်ပွားခဲ့သည်။

    တက္ကဆီမောင်းသမားများကလည်း လမ်းပိတ်မှုများကို မကျေနပ်သည့်အတွက် အချို့နေရာများတွင် မျက်နှာဖုံးစွပ်လူများနှင့် ပူးပေါင်းပါဝင်ခဲ့ကြပြီး ဆန္ဒပြသူများအား တိုက်ခိုက်ရန် ကြိုစားကြသည့် လူအချို့ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့သည်။

    Al Jazeera and agencies

  • ဂါဇာ ပြန်လည်ထူထောင်ရေး ဒေါ်လာ သန်း ၅၄၀၀ ကျော် ထောက်ပံ့မည်ဟု ကမ္ဘာ့နိုင်ငံများ ကတိပြု

    ဂါဇာ ပြန်လည်ထူထောင်ရေး ဒေါ်လာ သန်း ၅၄၀၀ ကျော် ထောက်ပံ့မည်ဟု ကမ္ဘာ့နိုင်ငံများ ကတိပြု

    အောက်တိုဘာ ၁၄ ၊ ၂၀၁၄
    M-Media
    _78161872_f4d242f7-f2fd-4510-b3f2-c93ee3745b0d
    – ဂါဇာဒေကသ ပြန်လည်ထူထောင်ရေး အီဂျစ်၌ ကျင်းပခဲ့သော ညီလာခံ၌ ကမ္ဘာ့နိုင်ငံများက ထောက်ပံ့ငွေ ကန်ဒေါ်လာ သန်း ၅ ထောင်ကျော် ထည့်ဝင်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်ဟု သိရသည်။

    ကိုင်ရိုတွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ညီလာခံကို အီဂျစ်နှင့် နော်ဝေနိုင်ငံတို့က ပူးတွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညီလာခံမစတင်မီ ပါလက်စတိုင်းနိုင်ငံက ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် စာမျက်နှာ ၇၆ မျက်နှာပါသည့် အစီအစဉ်တစ်ခုကို တင်ပြခဲ့သည်။

    “ညီလာခံကို တက်ရောက်လာသူတွေ ကတိပြုခဲ့တဲ့ ပမာဏက ကန်ဒေါ်လာ သန်းထောင်ပေါင်း ၅.၄ သန်း ရှိခဲ့ပါတယ်” ဟု ညီလာခံအဆုံး၌ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် နော်ဝေနိုင်ငံခြားရေးဝန်ကြီး ဘော်ဂီ ဘရန်ဒီက ပြောကြားခဲ့သည်။

    အဆိုပါ ညီလာခံတွင် အီဂျစ်နိုင်ငံက ဂါဇာပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာ သန်း ၁ ထောင်လှူဒါန်းမည်ဟု ကတိပြုခဲ့ပြီး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကမူ အမေရိကန်အနေဖြင့် ဒေါ်လာ ၂၁၂ သန်း ထောက်ပံ့မည်ဟု ကတိပြုခဲ့သည်။ ထို့ပြင် ဥရောပ သမဂ္ဂမှ ဒေါ်လာ သန်း ၅၇၀၊ ဂျာမနီမှ  ၆၃ သန်း၊ နော်ဝေမှ ၁၃ သန်း ထောက်ပံ့ရန် အသီးသီး ကတိပြုခဲ့ကြသည်။

    ထိုညီလာခံကို တက်ရောက်လာခဲ့သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ ဂါဇာဒေသ၏ အခြေအနေမှာ ပေါက်ကွဲလုမတတ်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    ဟားမက်စ်အဖွဲ့က ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်သည်ဟုဆိုကာ အစ္စရေးက ဂါဇာကမ်းမြှောင်အား ဇွန်လအစောပိုင်းမှစတင်ကာ ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ဂါဇာပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့ကာ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများအပါအ၀င် အများပြည်သူနှင့် သက်ဆိုင်သော နေရာအများအပြား ပျက်ဆီးခဲ့သည်။

    ref_ Agencies
  • ဆူမိုနပန်းသမား Abdelrahman Ahmed Shalan : မွတ်စလင် လူနည်းစု တိုင်းပြည်များတွင် ဖောက်ထွက် အောင်မြင် ခဲ့သူများ အပိုင်း(၄)

    ဆူမိုနပန်းသမား Abdelrahman Ahmed Shalan : မွတ်စလင် လူနည်းစု တိုင်းပြည်များတွင် ဖောက်ထွက် အောင်မြင် ခဲ့သူများ အပိုင်း(၄)

    အောက်တိုဘာ ၁၄ ၊ ၂၀၁၄
    M-Media
    WP-muslim-minorities-Dreamstime-sm
    မွတ်စ်လင်မ်လူနည်းစုရှိရာ တိုင်းပြည်များရှိ ပုံသေ မူဟန်များမှ ခွဲထွက်ပြီး ထူးခြား ထိရောက်စွာ ဖောက်ထွက် အောင်မြင်ခဲ့သည့် မွတ်စ်လင်မ်များ အကြောင်း လေ့လာနိုင်အောင် တင်ဆက်ပါမည်။

    နယ်သာလန်နိုင်ငံသား မွတ်စ်လင်မ်တစ်ဦးအနေနှင့် ကျွန်ုပ်သည် ရွှေ့ပြောင်းဝင်ရောက် အခြေချလာသည့်မွတ်စ်လင်မ် (တူရကီနှင့် မော်ရိုကိုနွယ်ဖွား အများစု) တို့မှာ ဒတ်ခ်ျ ယဉ်ကျေးမှုအတွင်း ရောယှက် လက်ခံသင့်ကြောင်း မကြာခဏ ဆိုသလို မီဒီယာများမှ တဆင့် ဖတ်ရှုရပါသည်။

    ထိုဒတ်ခ်ျယဉ်ကျေးမှုအား လူသားဝါဒ၊ လောကီဝါဒ၊ ကက်သလစ်ဝါဒနှင့် ပရိုတက်စတင့်ဝါဒတို့ကို သဟဇာတဖြစ်စွာ ယာယီပေါင်းစည်ချက် တစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြသည်။ ယဉ်ကျေးမှု အားနည်းခြင်းကြောင့် လည်းကောင်း၊ ဖိအားပေးခံရခြင်းကြောင့်လည်းကောင်း အခြေချသူ လူသစ်တို့မှာ ကြီးစိုးလွှမ်းမိုးနေသည့် ယဉ်ကျေးမှုဖက် ပိုမိုအားသာသည်ကို တွေ့ရ၏။

    ကံမကောင်းအကြောင်းမလှစွာဖြင့် ၉/၁၁ အရေးပြီးသည့်နောက် မွတ်စ်လင်မ်တို့မှာ အယူသည်းဝါဒီ အုပ်စုဝင်များ၊ ခေတ်နောက်ပြန်ဆွဲ ဖိုဝါဒီ အစွန်းရောက်သမားများ အဖြစ် တံဆိပ်တပ်ခံရသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပနှင့် မြောက်အမေရိကတိုက်တွင် ယဉ်ကျေးမှုနှင့် လူမျိုး ရောယှက်မှု ကိစ္စများ အတော်အတန် မြင့်မားလာခဲ့သည်။ လွတ်လပ်စ ကိုလိုနီနယ်များမှ အလုံးအရင်းပြောင်းရွှေ့ ၀င်ရောက်လာကြခြင်း၊ ၁၉၇၀-၈၀နှစ်များအတွင်း တမဟုတ်ချင်း စီးပွားဖွံ့ဖြိုးမှုကို ကျားကန်ပေးမည့် လုပ်သားများ ခေါ်ယူခြင်း၊ ပဋိပက္ခဒေသများရှိ ဒုက္ခသည်များကို လက်ခံခြင်းတို့ကြောင့်ဖြစ်၏။ ယခုသော် ပြောင်းရွှေ့အခြေချခြင်းနှင့် ၎င်း၏ပြဿနာများက လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုစုံအကြား ရှုပ်ထွေးယှက်နွယ်မှု ကြီးမားစွာ ဖြစ်ပေါ်လာတော့သည်။ မွတ်စ်လင်မ်လူနည်းစုရှိရာ တိုင်းနိုင်ငံများစွာ၌ မွတ်စ်လင်မ်တို့သည် ဓားစာခံများ ဖြစ်နေကြရသည်။ ထို့ပြင် ဗြောင်ကျကျတစ်မျိုး ကောက်ကျစ်စွာတစ်ဖုံ အစ္စလာမ်ဆန့်ကျင်ရေးသမားတို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည်။

    ကံကောင်းသည့်အချက်ကား ကမ္ဘာအနှံ့ ယင်းနိုင်ငံများတွင် အောင်မြင်ပေါက်မြောက်သော မွတ်စ်လင်မ် အမြောက်အများ ပေါ်ထွန်း လာခြင်းပင် ဖြစ်သည်။ မှိုင်းသွင်းခံရမှုများအပေါ် အလုပ်ဖြင့် ရင်ဆိုင်ခဲ့ကြသည့် အမျိုးသမီး သုံးဦးနှင့် အမျိုးသားနှစ်ဦးအကြောင်းကို ကျွန်ုပ်တို့မှ တစေ့တစောင်း လေ့လာကြည့်ကြပါစို့။

    ၄။  ဆူမိုနပန်းသမား အဗ်ဒုရ် ရဟ်မာန်း အဟ်မဒ် ရှာလန် (ဂျပန်) Abdelrahman Ahmed Shalan, aka Osunaarashi, Sumo wrestler (Japan)
    ———————————————————————–

    04a-sm
    ဆူမို နပန်း အားကစားသည် ဂျပန်နိုင်ငံနှင့် ခွဲမရ။ သို့သော် ကြိုးဝိုင်းထဲတွင် အီဂျစ်နိုင်ငံသား အဗ်ဒုရ် ရဟ်မာန်း အဟ်မဒ် ရှာလန် (၂၁ နှစ်)မှ လက်စွမ်းပြလိုက်သောအခါ တမူ ထူးခြားသွားပါတော့သည်။ ဂျပန်လူမျိုး မဟုတ်သူ နပန်းသမား အများစုတို့သည် မွန်ဂိုးလီးယား၊ ရုရှားနှင့် ဘရာဇီးလ်တို့မှ ထွက်ပေါ်ခဲ့ကြသော်လည်း အဗ်ဒုရ် ရဟ်မာန်းမှာ ပထမဦးဆုံးသော မွတ်စ်လင်မ်နှင့် အာရဗ်လူမျိုး ကြေးစား ဆူမိုနပန်းသမား ဖြစ်သည်။ သူသည် မိမိ၏ အာဖရိက န်နွယ်ဖွားများကို ဆွဲဆောင်ရန် “မဟာသဲမုန်တိုင်း”ဟု အဓိပ္ပာယ်ထွက်သော “အိုဆူနားရရှိ” အမည်ကိုသုံး၍ နပန်းပြိုင်ပွဲ ၀င်လေ့ရှိသည်။

    အဗ်ဒုရ် ရဟ်မာန်းသည် အသက် ၁၄ နှစ်အရွယ်တွင် နပန်းအားကစားနှင့် စတင်ထိတွေ့သည်။ အီဂျစ်ရှိ ဆူမိုအသင်းတစ်သင်း၏ တောင်းဆိုမှုအရ ရုပ်ရှင်ပြကွက်တစ်ခု၌ ပါဝင်ခဲ့သည်။ ထိုစဉ်က သူ့ကိုယ်အလေးချိန်မှာ ၂၆၅ ပေါင် (၁၂၀ ကီလို)ရှိနေခြင်းကြောင့်ဖြစ်၏။ ၂၀၀၈ ခုနှစ် ကမ္ဘာ့အငယ်တန်းဆူမိုချန်ပီယံလုပွဲတွင် ကြေးတံဆိပ် ဆွတ်ခူးပြီးနောက် အားပေးသူများပြားလာသဖြင့် အချိန်ပြည့်ဆူမိုနပန်းသမား ဖြစ်လာရေးအတွက် ၂၀၁၁ ခုနှစ်၌ သူသည် ဂျပန်သို့ ပြောင်းရွှေ့သည်။ ဂျပန်တွင် ပြိုင်ပွဲ ၈ ပွဲ ၀င်ရောက်ပြီးသည့်နောက် အချိန်တိုတို အတွင်း အဆင့်မြင့်တက်သွားခဲ့သည်။ သူသည် ၂၀၁၁ ခုနှစ် မြေငလျင်၊ ဆူနာမီနှင့် နျူကလိယပြဿနာများအပြီး မရှေးမနှောင်းမှာပင် ဂျပန်သို့ လာရောက်ခဲ့၍ ဆူမိုလောကသား များစွာက သူ့အား အသိအမှတ်ပြုကြသည်။

    ယခုနှစ် ဇူလိုင်လ အတွင်းပြုလုပ်သည့် အဓိကရ နာဂိုယာပြိုင်ပွဲကြီးမှာ ရမ်ဿွာန်လနှင့် တိုက်ဆိုင်နေသည်ဖြစ်၍ အဗ်ဒုရ် ရဟ်မာန်းမှာ ဥပုသ်သီလစောင့်ထိန်းခြင်း၊ ၀တ်ပြုခြင်းနှင့် နပန်းလေ့ကျင့်မှုကို ဟန်ချက်ညီစွာ ကြိုးစားလုပ်ဆောင်နေရကြောင်း သတင်းထုတ်ပြန်ခဲ့ရသည်။ အေပီသတင်းဌာနသို့ သူမှ ဤသို့ ၀န်ခံပြောကြားသည်။
    “ ကျွန်တော်ဟာ ပထမဆုံး အာဖရိကန် လူမျိုး ဆူမိုနပန်းသမားဖြစ်နေတဲ့ အတွက် ဖိအား တော်တော်ကြီးမားတယ်လို့ ခံစားနေရပါတယ်။ ပထမဆုံး အာဖရိကန်ကြီးက ဆူမိုလောကမှာ ဘာဆက်လုပ်မလဲလို့ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေမှာ အမှန်ပါပဲ ”။

    ထိပ်ဆုံးမှာရပ်တည်နိုင်အောင် အမြောက်အများ ပေးဆပ်ရမည်ကို အဗ်ဒုရ်ရဟ်မာန်း သိပါသော်လည်း မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် သူက ဆိုလိုက်သည်မှာ –

    “ ကျွန်တော်ဟာ ပထမဆုံး အာရဗ်သား ချန်ပီယံဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ် ”။

    ( Jim Armstrong, ‘Osunaarashi: Abdelrahman Ahmed Shalan Becomes First Pro Sumo Wrestler From African Continent’, AP, 12 Jul 2013 )

    ပုံ ၁။ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၇ ရက်၊ ဂျပန်နိုင်ငံ နာဂိုယာမြို့မှ ၁၅ ရက်တာ အဆင့်မြင့် ဆူမိုပြိုင်ပွဲအတွင်း ပြိုင်ဖက် အိုနိယာရာရှိ စည်းဝိုင်းပြင်ပသို့ ရောက်သွားပုံ (AFP Photo / Jiji Press)

    ပုံ ၂။  ဆူမိုလောက၏ ဒုတိယအဆင့်အမြင့်ဆုံးအတန်းသို့ စာရင်းဝင်သွားပြီးနောက် တိုကျိုရှိ သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ကြည်နှူးရွှင်ပျစွာ ပြုံးနေပုံ (AFP Photo / Jiji Press)

     

    အပိုင်း(၁) ဖတ်လိုလျှင် Click Here

    အပိုင်း(၂) ဖတ်လိုလျှင် Click Here

    အပိုင်း(၃) ဖတ်လိုလျှင် Click Here
    – ဆက်လက်ဖော်ပြပါမည်။
    xxxxxxxxxxxxxxxxxxxx

    Sya Taha ရေးသားသော 5 amazing Muslim achievers in minority-Muslim nations ကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။

  • အမေရိကန်တွင် အီဘိုလာရှိသူ ထပ်တွေ့၊ စပိန်တွင်လည်း စောင့်ကြည့်ရသူများ တိုးလာ

    အမေရိကန်တွင် အီဘိုလာရှိသူ ထပ်တွေ့၊ စပိန်တွင်လည်း စောင့်ကြည့်ရသူများ တိုးလာ

    အောက်တိုဘာ ၁၃ ၊ ၂၀၁၄
    M-Media
    Spain_Ebola_AP
    – လွန်ခဲ့သည့် ၄ ရက်က အီဘိုလာကြောင့် အမေရိကန်တွင် သေဆုံးသွားခဲ့သူ သောမတ်စ် အဲရစ် ဒန်ကန်ကို ကုသပေးခဲ့သူများထဲမှ တစ်ဦးတွင် အီဘိုလာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီး စပိန်နိုင်ငံတွင်လည်း အီဘိုလာကြောင့် စောင့်ကြည့်နေသူ ၁၅ ဦးခန့် ရှိလာခဲ့ပြီဟုသိရသည်။

    Texas Health Presbyterian ဆေးရုံမှ ဒန်ကန်အား ကုသပေးခဲ့သူ ကျန်းမာရေး လုပ်သားတစ်ဦးမှာ အောက်တိုဘာ ၁၀ ရက်သောကြာနေ့က အဖျားတက်သည်ကို တွေ့ရှိခဲ့ရသောကြောင့် ကနဦး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး၊ အီဘိုလာတွေ့ရှိကြောင်း တက္ကဆက်ပြည်နယ် ကျန်းမာရေးဌနမှ အောက်တိုဘာ ၁၂ ရက်နေတွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

    ထို့ပြင် ၎င်းအား သီးသန့်ခွဲထား၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း ဖော်ပြထာားက အဆိုပါ ကျန်းမာရေုးလုပ်သား၏ အမည်နှင့် ရာထူးကို ဖော်ပြခဲ့ခြင်းမရှိပေ။ ထိုကဲ့သို့ ကူးစက်မှုအတွက် အမေရိကန် ရောဂါဘယ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး ဌာနမှ အတည်ပြုခြင်း မရှိသေးပေ။

    စပိန်တွင် အီဘိုလာကူးစက်နေသူ သူနာပြု ထရီဇာ ရိုမဲရိုး၏ အခြေအနေမှာ တိုးတက်လျက် ရှိနေသော်လည်း အီဘိုလာ လက္ခဏာ ရှိနေသူ ၃ အား ထပ်မံ စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု မက်ဒရစ်မြို့ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထို့ကြောင့် စပိန်တွင် အီဘိုလာ သံသယဖြင့် သီးသန့် ခွဲထားကာ စောင့်ကြည့်မှု ပြုလုပ်နေသည့် အရေအတွက်မှာ ၁၅ ယောက်အထိ ရှိလာပြီဖြစ်သည်။

    အနောက်အာဖရိက နိုင်ငံများမှ အစပြုခဲ့သည့် အီဘိုလာကြောင့် သေဆုံးသူ ဦးရေမှာ ယခုအချိန်အထိ ၄ ထောင်ကျော် လာပြီဖြစ်သည်။ အမေရိကန်နှင့် ဥရောပနိုင်ငံ များတွင် အီဘိုလာ ကာကွယ်ရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နေပြီး လေဆိပ်များတွင် ခရီးသည်များအား အနီးကပ်စောင့်ကြည့်မှုများ စတင်ပြုလုပ်လျက် ရှိနေသည်။