News @ M-Media
Blog
  • မြန်မာ့နွားတွေ ဘယ်ရောက်သွားသလဲ…
    မြန်မာ့နွားတွေ ဘယ်ရောက်သွားသလဲ…
    အောက်တိုဘာ ၂ ၊ ၂၀၁၄
    M-Media
    .ဆွေမွန် စုစည်းတင်ဆက်သည်။
    10690100_1540633742815395_4785128957766651558_n
    မွတ်ဆလင်တွေ အစ်နေ့မှာ နွားသတ်လို့ ထွက်လာတဲ့ အသားအကုန်လုံးကို မွတ်ဆလင်တွေချည်း စားပစ်ကြတာ မဟုတ်သလို အဲဒီလို အကုန်လုံး ယူထားခွင့်လည်း ဘာသာရေးအရ မပိုင်ပါဘူး။ ရပ်ကွက်ထဲမှာ ရှိသမျှ ဘာသာမတူသူမိတ်ဆွေ ဆင်းရဲချမ်းသာမရွေး ဝေငှပေးကို ပေးကြဖို့ ဘာသာရေးက သတ်မှတ်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် မွတ်ဆလင်အစ်လုပ်လို့ ထွက်လာတဲ့ အသားတွေဟာ ဗမာဗုဒ္ဓဘာသာတွေ၊ ခရစ်ယာန်တွေ အကုန်စားသောက်ခွင့်ရကြပါတယ်။
    မြန်မာပြည်မှာ အစ်လုပ်လို့ နွားကုန်မသွားပါဘူး။ သေချာပေါက်ပြောနိုင်ရတာက သတ်ဖြတ်မယ့်ကောင်ရေ ပမာဏကို မွေးမြူရေးဌာနတို့၊ တိရိစ္ဆာန်ကျန်းမာရေးဌာနတို့က အပြည့်အ၀ထိန်းချုပ်ထားပြီး ဖြစ်နေလို့ ဖြစ်ပါတယ်။ တစ်ကောင်သတ်ဖို့ လျှောက်လွှာဖောင် ၄ စောင်လောက် တင်ရသလို အဆင့်ဆင့် စစ်ဆေးခံရပြီး အရည်အသွေး မပြည့်မှီတဲ့နွားကိုလည်း သတ်ခွင့် မရပါဘူး။
    မြန်မာ့နွားတွေကို အရေအတွက် ဆိုးဆိုးဝါးဝါး ကျဆင်းသွားစေတာက စည်းမဲ့ကမ်းမဲ့ မှောင်ခိုပို့ သတ်ဖြတ်တာမှုတွေသာဖြစ်တဲ့အတွက် “ဘယ်တာက ထွက်နေသလဲ” အာဏာပိုင်တွေသာ အသိဆုံးဖြစ်ပါလိမ့်မယ်။
    နိုင်ငံခြားကို မှောင်ခိုပို့လိုက်တဲ့ မြန်မာ့နွားတွေက မွတ်ဆလင်တွေသာမက ဗမာဗုဒ္ဓဘာသာတွေ၊ ခရစ်ယာန်တွေပါ ဘယ်သူမှ စားသောက် သုံးစွဲခွင့် မရကြတော့ပါဘူး။
    ဒါကြောင့်………
    မြန်မာပြည်က နွားကို မွတ်ဆလင် သတ်ပြီး မြန်မာပြည်က လူတွေသီးသန့်ပဲ အကုန် စားခွင့်ရတာကြိုက်သလား။
    ဒါမှမဟုတ်
    မြန်မာပြည်က နွားကို တရုတ်ပြည်မှောင်ခိုပို့ပြီး တရုတ်တွေပဲသတ် တရုတ်တွေသီးသန့်ပဲ စားလို်က်တာကို ကြိုက်သလား ရွေးကြရုံပါ။
    ကဲ…. နည်းနည်းလေး ဆက်ဖတ်ပေးကြပါဦး……
    တရုတ်သို့ နွားတင်ပို့မှုမှာ အမဲသားဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းရန် အတွက် ဖြစ်သည်ဟုလည်း ဆိုပါ သည်။
    http://7daydaily.com/story/7428
    ——————————————————
    “ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တစ်နှစ်လျှင် မြန်မာနိုင်ငံ မှ နွားကောင်ရေ ခြောက်သိန်းကျော် မှောင်ခို တင်ပို့နေကြောင်း ဖော်ပြခဲ့သည်။ မျက်လုံး ပြူးစရာ ကိန်းဂဏန်းဖြစ်သည်။”
    http://7daydaily.com/story/7428
    ——————————————————
    “လက်ရှိ စာရင်းများအရ ထိုင်းနိုင်ငံဘက်သို့ တစ်နှစ်လျှင် နွားနှစ်သိန်း ခိုးပို့နေပြီး တရုတ် နိုင်ငံဘက်သို့ တင်ပို့မှုကိုမူအတိ အကျမသိရဘဲ ထိုင်းသို့ပို့သည် ထက်နှစ်ဆ၊ သုံးဆရှိနိုင်သည်”
    http://7daydaily.com/story/7428
    ——————————————————
    တရုတ်နိုင်ငံသို့ ကျွဲ၊ နွားများ တင်ပို့နေမှုမှာ အလွန်များပြားနေ ပြီး အစိုးရအနေဖြင့် ထိထိရောက် ရောက်တားဆီးနိုင်မှုမရှိပါက အချိန်ကြာလျှင် ပြည်တွင်းတွင် နွားမျိုးပါ ပျောက်ကွယ်သွားနိုင် ကြောင်း၊ တရုတ်တို့အနေဖြင့် မြန်မာ့နွားများဝယ်ယူနေမှုမှာ စား သုံးရန်အတွက် တစ်ခုတည်းမ ဟုတ်ဘဲ နွားမရှိတော့ချိန် ၎င်းတို့ ၏ ထွန်စက်များ မြန်မာတောင် သူများ များများဝယ်ယူစေရန် နွားများဝယ်နေသလားဟုပင် စဉ်းစားဖွယ်ရာရှိသည်ဟု ငါန်းဇွန်မြို့နယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးမြတ်သူ က သူ၏ အမြင်ကိုပြောသည်။
    http://7daydaily.com/story/7935
    ——————————————————
    ကျွဲ၊ နွားများ တရားမ ၀င် တင်ပို့မှုများ စီမံချက်ချ ဖမ်းဆီးနေ၍ ၂၀၁၃ ခုနှစ်တွင် မန္တလေး တိုင်းဒေသကြီးအတွင်းမှ တရုတ်နိုင်ငံသို့ တင်ပို့ရန် သယ်ဆောင် လာသည့် ကျွဲ၊ နွားအကောင်ရေ ၁၀၀၀ ခန့် ဖမ်းဆီးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြော သည်။
    http://7daydaily.com/story/7935
    ——————————————————
    အစိုးရက ကျွဲ၊ နွားတရားမ ၀င် တင်ပို့မှုများ ဖမ်းဆီးသည်ဆို သော်လည်း အကောင်ရေများစွာ မှောင်ခိုတင်ပို့နေသော လက်ကြီးသမားများကို မသိဘဲ ဖြစ်နေသည် မှာလည်း မသင့်တော်ကြောင်း မလှိုင်မြို့နယ် လွှတ် တော်ကိုယ်စားလှယ် ဦးရွှေနန်း ကပြောသည်။
    ခိုင်းနွားအဓိကမွေးမြူသော မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၃ ခုနှစ်၌ မှောင်ခိုပို့မည့် ကျွဲ၊ နွားကောင်ရေ ၁၀၀၀ ကျော် တား ဆီးနိုင်သည် ဟုဆိုသော်လည်း ထိုင်းနှင့် တရုတ်နိုင်ငံသို့ တစ်နှစ် လျှင် နွားကောင်ရေ ခြောက်သိန်း ကျော် တင်ပို့နေကြောင်း မြန်မာ နိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ ချုပ် အကြံပေး ဒေါက်တာသန်း လှကပြောသည်။ http://7daydaily.com/story/7935
    ——————————————————
    အမှန်တော့ အိမ်နီးချင်းတိုင်း ပြည်များသို့ မြန်မာပြည်မှ ကျွဲ၊ နွားများကို မှောင်ခိုတင်ပို့မှုမှာ မနေ့တနေ့ကမှ ဖြစ်ပေါ်လာသည့် ဖြစ်ရပ်မဟုတ်ပါ။ လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်မှစ၍ တစ်စတစ်စတွင်ကျယ်လာခြင်း ဖြစ်သည်။ သို့သော် ထိုကဲ့သို့ တရားမဝင်ကျွဲ၊ နွားများတင်ပို့မှုကြောင့် လာမည့် တစ်ချိန်ချိန်တွင် မြန်မာ့လယ်ယာ လုပ်ငန်းခွင်အပေါ် သက်ရောက်မှု အတိုင်းအတာကြီးမားလာမည်ဟု မည်သူမျှတွေးမိခဲ့ပုံမပေါ်ပါ။
    http://7daydaily.com/story/7428
    ——————————————————
    ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ စက်တင်ဘာလလယ် အထိ ဖမ်းဆီးမိသော ပြည်ပသို့ ကျွဲ၊ နွား မှောင်ခိုတင်ပို့မှုပေါင်း ၃၂၉ မှု ကျွဲ၊ နွားကောင်ရေ ၄၂၇၈ ကောင် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ကျင်းပလျက်ရှိသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်ပြောသည်။
    http://7daydaily.com/story/4163
    ——————————————————
    အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် လာအိုနိုင်ငံများသို့ နယ်စပ်ဒေသများမှ တစ်ဆင့် မှောင်ခို တင်ပို့ရောင်းချခြင်းဖြစ်ပြီး ပြည်ထဲရေး ၀န်ကြီးဌာန၏ စာရင်းဇယားအရ တစ်ရက်လျှင် မှောင်ခိုတင်ပို့သည့် ကျွဲ၊ နွား ကောင်ရေ ၁၆ ကောင်ကျော် တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် မှောင်ခိုဖြင့် နယ်စပ်မှ ပြည်ပသို့တင်ပို့နေသော ကျွဲ၊နွားကောင်ရေစာရင်းမှာမူ မသိရှိရပေ။
    ခိုင်းကျွဲ၊ နွား တစ်ကောင်လျှင် ပြည်တွင်းဈေးကွက်၌ ငွေ ကျပ်ခုနစ်သိန်းမှ ဆယ်သိန်းဝန်းကျင်အထိ တန်ဖိုးရှိနေပြီး ပြည်ပ သို့ရောင်းချလျှင် ငွေကျပ် နှစ်ဆယ့် ငါးသိန်းအထိ ပေါက်ဈေးရှိသည်ဟု ကချင်ပြည်နယ် လိုင်ဇာမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကျွဲ၊နွားတင်ပို့သူ ကုန်သည်တစ်ဦးကပြောသည်။ အထူးသဖြင့် ယခုနှစ်ပိုင်းအတွင်း တရုတ်နိုင်ငံမှ နွားအ၀ယ်တော်များ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအထိ လာရောက်ဈေးကောင်းပေး ၀ယ်ယူလျက်ရှိပြီး တောင်သူ လယ်သမားများကလည်း ရောင်းချလျက်ရှိသည်။
    ပြည်ပသို့ တရားမ၀င် ကျွဲ၊ နွား တင်ပို့ရာတွင် နယ်စပ်သို့ရောက်ရှိရန် လမ်းပေါ်ရှိ အဖွဲ့အစည်းများကောက်ခံသည့် ဂိတ်များတွင် ဂိတ်ကြေးပေးဆောင်ရမှုများရှိပြီး ကချင်ပြည်နယ် ၀ိုင်းမော်မှ လိုင်ဇာသို့ရောက်ရှိစေရန် ကျွဲ၊ နွား တစ်ကောင်လျှင် ငွေကျပ်ခြောက်သောင်းခန့်ပေး ဆောင်ရကြောင်း သတင်းရရှိသည်။
    “အခုတော့ သိပ်မဖြတ်ကြတော့ဘူး။ တစ်နေ့ကို အကောင် ၇၀၊ ၈၀ လောက်ပဲ ရှိတော့တယ်”ဟု ကေအိုင်အိုထိန်းချုပ်နယ်မြေ ဂိတ်တစ်ခုမှ ကေအိုင်အို ၀န်ထမ်းတစ်ဦးကပြောသည်။
    http://7daydaily.com/story/4163
    ——————————————————
    နောင်ချိုမြို့မှတစ်ဆင့် နွား တင်ပို့ရာတွင် မူဆယ်မြို့သို့ရွှေ့ ပြောင်းမွေးမြူရန်နှင့် မူဆယ်မြို့ အသားလိုအပ်ချက်ကြောင့် တင် ပို့နေခြင်းဖြစ်သည် ရှမ်းပြည်နယ်အစိုးရ အဖွဲ့က ပြောဆိုထားသော်လည်း အဆိုပါနွားများကို တရုတ်ပြည်အတွင်းသို့ တင်ပို့နေခြင်းသာဖြစ်ကြောင်း နွားတင်ပို့ရာတွင်ပါဝင်သူများနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသခံများကဆိုသည်။
    ၂၀၁၃ ခုနှစ်အတွင်း နောင်ချိုမြို့မှတစ်ဆင့် မူဆယ်မြို့သို့တင်ပို့ရာတွင် တစ်ပတ်လျှင် နွားအကောင်ရေ တစ်ထောင်နီးပါး တင်ပို့ခဲ့ကြောင်း နွားမှောင်ခိုပွဲစားများနှင့် ဒေသခံပြည်သူများက 7 Day Daily အားပြောသည်။
    http://7daydaily.com/story/16532
    ——————————————————
    အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့များနှင့် အမဲလိုင်စင်ဆွဲသောကိစ္စများမှာ လွန်ခဲ့သောနှစ်များက ရခိုင်ပြည် နယ်မှစတင်သော လူမျိုးရေးပဋိ ပက္ခများ၊ အနောက်တံတိုင်းပြိုလဲ ခြင်းကိစ္စများနှင့် ဆက်နွှယ်နေ သော ပြဿနာမျိုးဆက်များပင် ဖြစ်ပါသည်။
    ယခုအခါ အမဲလိုင်စင် ပြဿနာကြောင့် ကြက်သားနှင့် အခြားသားငါးဈေးများ မြင့်တက် လာရကြောင်း ထိုမြို့သူမြို့သား တို့က ဆိုကြပါသည်။ ထို့အပြင် အမဲသားမှာလည်း ကျေးရွာများမှ တစ်ဆင့် မြို့ပေါ်သို့ရောက်ရှိနေ ပြန်ပါသည်။ သိန်းရာချီပေးရ သော လေလံကြေးမှာလည်း တစ် နှစ်လွန်လျှင် သက်တမ်းကုန်ပြီဖြစ် ၍ နောင်နှစ်တွေမှာ ထပ်ဆွဲနိုင်ဖို့ လည်း လိုနေပါသည်။ ထိုငွေကို အမဲလိုင်စင်မဆွဲဘဲ တစ်နှစ်လျှင် ဆေးခန်းတစ်ခန်း၊ ကျောင်း ဆောင်တစ်ဆောင် ဆောက်လုပ် လှူဒါန်းသည်က ပို၍အကျိုးရှိ မည်ထင်ကြောင်း ဝေဖန်သူများ လည်းရှိနေကြပါသည်။
    သုတ္တနိပါတ်ပါဠိတော်အရ မိဘသဖွယ်ဖြစ်သော ကျွဲ၊ နွားတို့ ကို သတ်ဖြတ်စားသောက်ကြရာမှ ရောဂါများ များပြားလာရပုံကို ကမ္ဘာဦးသမိုင်းနှင့်ချီထောက်ပြခဲ့ သူ၊ နွားမေတ္တာစာနှင့် ဂေါဏမံ သဒီပနီတို့ ရေးသားပြုစုခဲ့သူ၊ လူ ထောင်ပေါင်းများစွာကို ကတိဝန် ခံ၍ ကျွဲ၊ နွားရှောင်ကြဉ်သူများ နိုင်ငံတဝန်းဖြစ်စေခဲ့သူ လယ်တီ ဆရာတော်ကြီး (၁၂၀၈-၁၂၈၅) ၏ နွားသားကိုအလှူခံခြင်းဖြင့် ပတ်သက်၍ မိန့်ကြားပုံကို ကောက်နုတ်ပြလိုပါသည်။
    လယ်တီဆရာတော် ပုသိမ် မြို့သို့ ကြွချီခိုက် နွားသားရှောင် ကြဉ်ခြင်းကို ဆန့်ကျင်သူ ပုသိမ်မှ ဦးပဒုမကိုယ်တော်က သူ၏ ဒကာ၊ဒကာမများကိုလွှတ်ကာ ‘နွားသား ကိုသာ အလှူခံလျှင် ကျန်သတ္တဝါ တို့၏အသားကို စားစေရာရောက် သဖြင့် ဆရာတော့်မေတ္တာမျှတပါ ရဲ့လား’ဟု လျှောက်စေခဲ့ပါသည်။ ထိုအခါ ဆရာတော်က ‘အေးဟုတ် တယ်ကွယ့် ငါ့မှာ ဒကာတို့သိတဲ့ အတိုင်း စာရေးရ၊ စာချရ၊ တရား ဟောရနဲ့ သည်ကြားထဲက နွားက လေးတစ်ကောင်လောက်ကိုပဲ အနိုင်နိုင်ဆွဲရတယ်။ ကျန်တဲ့ ဆိတ်၊ ဝက်၊ ကြက်တွေအတွက် ဒကာတို့ဆရာတွေရှိသေးသားပဲ လျှောက်ကြပါ ကောင်းပါတယ်’ ဟု မိန့်တော်မူလိုက်ပါသည်။
    လယ်တီဆရာတော်၏ မိန့် ဆိုချက်ကို နာယူခြင်းဖြင့် နွားသား သည်သာမက ကျန်အသားများ မှာလည်း သတ္တဝါတို့အသက်ဇီဝိန် နှင့် မလွတ်ကင်းကြောင်းကို တွေ့ ရှိနိုင်ပါသည်။ လူမျိုးရေး၊ ဘာသာရေးအမုန်းပွားမှုကြောင့် သတ္တဝါတစ်မျိုး၏အသက်ကို ကာကွယ်မည်ဆိုပါက ကျန်သတ္တဝါများ၏အသက်များမှာ အန္တရာယ် ပိုမိုရှိလာနိုင်ကြောင်းကိုလည်း တွေ့မြင်ရပါသည်။
    သို့ဖြစ်ပါ၍ အမဲသားကို မိမိ တို့၏ အသိစိတ်ဓာတ်ဖြင့် ကျေး ဇူးရှင်အဖြစ် အသိအမှတ်ပြု၍ မစားဘဲနေခြင်းကသာ သင့်လျော် ဆုံးဖြစ်ပြီး မြန်မာလူမျိုး ဗုဒ္ဓဘာ သာဝင်တို့၏ ထည့်ဝင်ငွေဖြင့် အမဲလိုင်စင်ဆွဲခြင်း၊ နွားများကို ဘေးမဲ့ပေးခိုင်းခြင်းတို့မှာ ရေရှည် တွင် ငွေကုန်လူပန်းဖြင့် အချည်း နှီးဖြစ်စေနိုင်ပါကြောင်း အကြံပြု လိုက်ရပါတော့သည်။ http://7daydaily.com/story/14853
    ——————————————————
    မြန်မာပြည်မှာ ကျွဲတွေ၊ နွားတွေရှားပါးလာခြင်းသည် ၂၀၁၅ တွင် ရွေးကောက်ပွဲ၌ ဘယ်ပါတီ အနိုင်ရမလဲ။ မည်သူသမ္မတဖြစ်မလဲဆိုတာလောက် အရေးမကြီး ဘူးဟု မထင်ပါနှင့်။ စိုက်ပျိုးရေးကို အခြေခံသည့် တိုင်းပြည်မှာ ကျွဲနှင့် နွားများနယ်စပ်ဖြတ်ကျော် ရောက်ရှိသွားခြင်းကလည်း နိုင်ငံရေးလိုပဲ အရေးကြီးပါသည်။
    http://7daydaily.com/story/7428
    _________________
    ဒီလောက်ဆို နွားဆရာတွေ၊ နွားမေတ္တာရှင်တွေ သိလောက်မယ်ထင်ပါတယ်။ မွတ်ဆလင်တွေ နွားမသတ်ဖို့ တားလေလေ၊ ဆင်းရဲသား လူမျိုးပေါင်းစုံ အသား အလကားရမယ့် အခွင့်အရေးတစ်ခု ပျောက်သွားလေလေ ဖြစ်ပြီး အာဏာပိုင်အဆင့်ဆင့်နဲ့ ပေါင်းစားနေတဲ့ နွားမှောင်ခိုတွေကတော့ သာဓု အလီအလီခေါ်နေတော့မှာ ဖြစ်ကြောင်း….. လို့ပဲ ထောက်ပြချင်ပါတယ်။
    ဆွေမွန် စုစည်းသည်။
  • နိုင်ငံခြားဘဏ် ၉ ခုအား ဗဟိုဘဏ်မှ လိုင်စင်ချပေး၊ ဂျပန် ဘဏ် ၃ ခုပါဝင်
    နိုင်ငံခြားဘဏ် ၉ ခုအား ဗဟိုဘဏ်မှ လိုင်စင်ချပေး၊ ဂျပန် ဘဏ် ၃ ခုပါဝင်
    အောက်တိုဘာ ၂ ၊ ၂၀၁၄
    M-Media
    MI-CF419_MYANBA_G_20141001170751
    ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဆက်အောင်
    – မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရသည့် ဘဏ်များစာရင်းကို အောက်တိုဘာ ၁ ရက်နေ့တွင် ဗဟိုဘဏ်မှ ကြေညာခဲ့ရာ သြစတေးလျ၊ နယူးဇီလန်၊ ဂျပန်၊ ထိုင်း၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့မှ ဘဏ်များ ပါဝင်ခဲ့သည်ဟု သိရသည်။
    မြန်မာနိုင်ငံတွင် ဘဏ် လုပ်ငန်းဆောင်ရွက်ရန် အတွက် လျှောက်ထားသည့် နိုင်ငံတကာ ဘဏ် ၂၅ ခုရှိခဲ့ရာ ထိုအထဲမှ ဘဏ် ၉ ခုအား ဗဟိုဘဏ်မှ လိုင်စင်ချပေးခဲ့သည်။ အဆိုပါ ဘဏ်များမှာ ဂျပန် နိုင်ငံ၏ အကြီးဆုံးဘဏ် Bank of Tokyo-Mitsubishi UFJ အပါအ၀င် ဂျပန်နိုင်ငံမှ ဘဏ် ၃ ခု၊ စင်ကာပူမှ OCBC နှင့် United Overseas Bank၊ သြစတေးလျမှ ANZ၊ တရုတ်မှ ICBC၊ မလေးရှားမှ Maybank နှင့် ထိုင်းမှ Bangkok Bank တို့ဖြစ်ကြသည်။
    လိုင်စင်ရရှိခဲ့သည့် ဘဏ်များ အနေဖြင့် နိုင်ငံခြားကော်ပိုရေးရှင်းများနှင့် နိုင်ငံခြားငွေ လဲလှယ်မှုလုပ်ငန်းများ အတွက် ကန့်သတ်ခံရမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးဆက်အောင်က ပြောကြားခဲ့သည်။ ထိုဘဏ်များမှာ ၎င်းတို့၏ လုပ်ငန်းများ စတင်ဆောင်ရွက်ရန် အတွက် အချိန် ၁၂ လ ရရှိမည်ဖြစ်သည်။
    နိုင်ငံခြားဘဏ်များ၏ ဘဏ်ခွဲ တစ်ခုခြင်းစီမှာ retail-banking လုပ်ငန်းကို လုပ်ကိုင်ခွင့်ရမည် မဟုတ်ဘဲ၊ ငွေချေးရာတွင်လည် ပြည်တွင်း စီးပွားရေး လုပ်ငန်းများမှလွဲ၍ နိုင်ငံခြား စီးပွားရေး လုပ်ငန်းများကို နိုင်ငံခြားငွေဖြင့်သာ ငွေချေးခွင့်ရမည်ဖြစ်သည်။
    ထိုကဲ့သို့ ကနဦး ကန့်သတ်မှုများ ရှိနေသော်လည်း နိုင်ငံခြားဘဏ်များအား လုပ်ကိုင်ခွင့် ပေးခြင်းမှာ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ လွတ်မြောက်မှု အတွက် ခြေလှမ်း တစ်ရပ်ဖြစ်သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံရှိ ပြည်တွင်းဘဏ်အများအပြားကမူ ၎င်းတို့၏ ဘဏ် လုပ်ငန်းဈေးကွက် ပျက်စီးမည်ကို စိုးရိမ်သောကြောင့် နိုင်ငံခြားဘဏ်များ ၀င်ရောက်လုပ်ကိုင်မှုကို ဆန့်ကျင်ပြောဆိုမှုများ ရှိနေပြီး၊ နိုင်ငံခြား ဘဏ်များအား ယှဉ်ပြိုင်နိုင်ရအတွက် မိမိတို့ ဘဏ်များ၏ ၀န်ဆောင်မှုများကို အဆင့်မြင့်ရန်လိုအပ်သည်ဟု ဘဏ်လုပ်ငန်းရှင်များမှ ၀န်ခံမှုများလည်းရှိနေသည်။
    Ref: WSJ
  • ၀ဲလ်ဘတ် ဟက်ထရစ်သွင်းပြီး အာဆင်နယ်နိုင်၊ စပိန် ၂ သင်းစလုံး နိုင်ပြီး လီဗာပူးလ်ရှုံးတဲ့ ချန်ပီယံလိဂ် ပွဲစဉ်-၂
    အောက်တိုဘာ ၂ ၊ ၂၀၁၄
    M-Media
    – ချန်ပီယံလိဂ် ပထမအုပ်စု ၄ ခုရဲ့ အုပ်စု ဒုတိယ ပွဲစဉ်တွေကို ယနေ့နံနက်မှာ ကစားခဲ့ပြီး စပိန်ထိပ်သီး နှစ်သင်းဖြစ်တဲ့ ရီးယဲလ်နဲ့ အက်သလက်တီကိုတို့ ပြိုင်ဘက်တွေကို ကပ်နိုင်ခဲ့ကာ၊ အာဆင်နယ်ကတော့ ၀ဲလ်ဘတ်ရဲ့ ဟက်ထရစ်နဲ့ ချန်ပီယံလိဂ် ပထမဆုံးနိုင်ပွဲကို ရခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ လီဗာပူးလ်ကတော့ ဘေဆယ်ကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပါတယ်။
    အုပ်စု A
    အက်သလီတီကိုမက်ဒရစ် ၁-၀ ဂျူဗင်တပ်စ်
    မာလ်မို ၂-၀ အိုလံပီယာကော့စ်
    2157849_w2
    စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်တို့ ဒီပွဲရှုံးခဲ့ပေမယ့် ကစားပုံ ဆိုးရွားခဲ့တာတော့ မဟုတ်ပါဘူ။ အဖွင့်ပွဲမှာ အိုလံပီယာကော့စ်ကို ရှုံးထားတဲ့ အက်သလက်တီကိုကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အက်သလက်တီကိုနောက်တန်းက အံ့သြဖွယ်ကောင်းလောက်အောင် ကောင်းမွန်ခဲ့ပြီး ဂျူဗင်တပ်စ် တိုက်စစ်မှူးတွေ ဂိုးသွင်းခွင့် မရအောင် စနစ်တကျ တားဆီးဖြတ်တောက်နိုင် ခဲ့ပါတယ်။ အက်သလက်တီကို အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၇၅ မိနစ်မှာ အာဒါသူရမ်က အနီးကပ် သွင်းယူပေးခဲ့တာဖြစ်ပြီး ဂျူဗင်တပ်စ်တို့ကတော့ ဒီရာသီမှာ ပထမဆုံးရှုံးပွဲ တွေ့ကြုံခဲ့ရပါတယ်။
    ဆွီဒင်မြေမှာကစားခဲ့တဲ့ မာလ်မိုနဲ့ အိုလံပီယာကော့စ်တို့ရဲ့ ပွဲမှာ အိမ်ရှင်မာလ်မိုတို့ အဲ့ဖွယ်ခြေစွမ်းပြနိုင်ခဲ့ပြီး နောက်ခံလူ ရိုဆင်ဘတ်ရဲ့ ၄၂၊ ၈၂ မိနစ်သွင်းဂိုးတွေနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ပွဲစဉ် ၂ ပွဲကစားပြီးအချိန်မှာတော့ လေးသင်းစလုံးဟာ ၃ မှတ်စီ ရရှိထားပါတယ်။
    အုပ်စု B
    ဘေဆယ် ၁-၀ လီဗာပူးလ်
    လူဒိုဂိုးရက်စ် ၁-၂ ရီးယဲလ်မက်ဒရစ်
    2158193_w2
    အဖွင့်ပွဲစဉ်မှာ လူဒိုဂိုးရက်စ်ကို ကံကောင်းစွာနဲ့ အနိုင်ရခဲ့တဲ့ လီဗာပူးလ်တို့ ဆွဇ်ဇာလန်မြေမှာ ကစားခဲ့တဲ့ အခုပွဲမှာတော့ ယမန်နှစ်က ချယ်ဆီးရဲ့ ကံကြမ္မာအတိုင်း ဘေဆယ်ကို အရှုံးပေးခဲ့ရပါတယ်။ ဘေဆယ်တို့ ပထမပိုင်းမှာ အခွင့်အရေးတစ်ချို့ရခဲ့ပြီး လီဗာပူးလ်ကတော့ ထုံးစံအတိုင်း အိမ်ရှင်အသင်းကို ဖိအားပေးမှုတွေ သိပ်မလုပ်နိုင်ခဲ့ပါဘူး။ ဘေဆယ်အတွက် ၃ မှတ်ရစေမယ့်ဂိုးကိုတော့ စထရဲလာက ၅၂ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    2157887_w2
    စောစောစီးစီး ဦးဆောင်ဂိုး ပေးလိုက်ရတဲ့ ရီးယဲလ် လိုချင်တဲ့အနိုင် ၃ မှတ်ကိုတော့ ရယူနိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံ အသင်းငယ် လူဒိုဂိုးရက်စ်တို့ ပွဲစတာနဲ့ ရီးယဲလ်ကို သူတင်ကိုယ်တင် ကစားနိုင်ခဲ့ပြီး ၆ မိနစ်မှာရတဲ့ ထောင့်ကန်ဘောကို မာဆယ်လင်ဟိုက ခေါင်းတိုက်ကာ ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ၁၀ မိနစ်မှာပဲ ရီးယဲလ်တို့ ပင်နယ်တီရခဲ့ပြီး ရော်နယ်ဒိုရဲ့ ကန်ချက်ကို ဂိုးသမား စတိုယာနော့ဗ်က ကာကွယ်နိုင်ခဲ့ပါတယ်။
    ဦးဆောင်ဂိုးရပြီးတဲ့နောက် ပရိတ်သတ်ရဲ့ အားပေးမှုနဲ့အတူ အိမ်ရှင်တို့ ရီးယဲလ်ကို မာမာကျောကျော ကစားနိုင်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ရီးယဲလ်တို့က ပွဲကို ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ ၂၄ မိနစ်မှာတော့ ရော်နယ်ဒိုဟာ သူရဲ့ ဒုတိယမြောက်ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ပြီး၊ လူစားဝင်လာတဲ့ ဘင်ဇီမာကလည်း ၇၇ မိနစ်မှာ ရီးယဲလ်အတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် ရီးယဲလ်တို့ ပွဲအပြီးမှာ အဖိုးတန် အနိုင်သုံးမှတ်ကို ရရှိခဲ့ကာ ရာနှုန်းပြည့်အနိုင် ၆ မှတ်နဲ့ အုပ်စုကို ဦးဆောင်နိုင်ခဲ့ပါတယ်။
    အုပ်စု C
    လေဗာကူဆင် ၃-၁ ဘင်ဖီကာ
    ဇင်းနစ် ၀-၀ မိုနာကို
    အဖွင့်ပွဲမှာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့ လေဗာကူဆင်ကတော့ အိမ်ကွင်းမှာ ပေါ်တူဂီကလပ် ဘင်ဖီကာကို သက်တောင့်သက်သာပဲအနိုင်ရခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာ ဘင်ဖီကာကို မယှဉ်နိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့်မှာတော့ အပြတ်အသတ်ကိုသာခဲ့ပြီး တိုက်စစ်မှူးတွေ ဂိုးသွင်းသေချာမယ်ဆိုရင် ဒီထက်ပိုပြီးတောင် ဂိုးပြတ်သွားနိုင်ပါတယ်။
    ပထမပွဲမှာ ၃ မှတ်စီရထားတဲ့ ဇင်းနစ်နဲ့ မိုနာကိုတို့ရဲ့ပွဲမှာတော့ မိုနာကိုတို့ အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်လောက်ရခဲ့ပေမယ့် ဇင်းနစ် ဂိုးသမား လိုဒီဂျင် အစွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် ဇင်းနစ်တို့ အိမ်ကွင်းမှာ ရှုံးနိမ့်မယ့် အရေးကနေ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
    အုပ်စု D
    အန်ဒါလက်ခ်ျ ၀-၃ ဒေါ့မွန်
    အာဆင်နယ် ၄-၁ ဂါလာတာစာရေး
    အာဆင်နယ်ကို အဖွင့်ပွဲမှာ အနိုင်ယူခဲ့တဲ့ ဂျာမန်ထိပ်သီးဒေါ့မွန်တို့ ဒီနေ့ပွဲမှာလည်း အမှားအယွင်းမရှိခဲ့ဘဲ အဝေးကွင်းမှာ ဂိုးပြတ်နဲ့နိုင်ခဲ့ပါတယ်။ ပွဲအစ ၃ မိနစ်မှာပဲ အင်မိုဘိုင်းလ်ရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ၆၉ မိနစ်နဲ့ ၇၉ မိနစ်မှာ အရာမို့စ်က အနိုင်သေချာစေမယ့်ဂိုးတွေကို သွင်းယူပေးခဲ့တာကြောင့် ဒေါ့မွန်တို့ ဇယားထိပ်မှာ ၃ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
    2157917_w2
    ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်တို့ကတော့ အိမ်ကွင်းအီမရိတ်မှာ ၀ဲလ်ဘတ်ရဲ့ ဟက်ထရစ်နဲ့အတူ ချိန်ပီယံလိဂ် ပထမဆုံး အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာပဲ ၀ဲလ်ဘတ်က ၂ ဂိုးနဲ့ ဆန်းချက် ၁ ဂိုးသွင်းပေးခဲ့ကာ ၃ ဂိုးပြတ်ခဲ့ပြီး ဒုတိယပိုင်းမှာ ၀ဲလ်ဘတ်က သူ့ရဲ့ဟက်ထရစ်ဂိုးသွင်းပေးခဲ့ပါတယ်။ မိနစ် ၆၀ မှာ ဂိုးသမား ရှက်ဇက်နီအထုတ်ခံခဲ့ရပြီး ၆၃ မိနစ်မှာ တစ်ဂိုးပြန်ပေးလိုက်ရပေမယ့် အာဆင်နယ်တို့ အနိုင်ကို ပွဲပြီးတဲ့အထိ ထိန်းနိုင်ခဲ့ပါတယ်။
  • အာဏာသိမ်းမှု ထပ်မလုပ်ဟု ထိုင်းစစ်တပ် အကြီးအကဲသစ်ဆို
    အာဏာသိမ်းမှု ထပ်မလုပ်ဟု ထိုင်းစစ်တပ် အကြီးအကဲသစ်ဆို
    အောက်တိုဘာ ၁ ၊ ၂၀၁၄
    M-Media
    30244492-01_big
    – ထိုင်းစစ်တပ်အကြီးအကဲသစ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည့် ဗိုလ်ချုပ် ယူဒွမ်ဒက်ဂ်ျ စီတာဘူတ်ရ်က ၎င်းအနေဖြင့် ထပ်မံ၍ အာဏာသိမ်းမှုကို ပြုလုပ်သွားမည် မဟုတ်ဟု ပြောကြားလိုက်သည်။
    ယမန်နေ့က ထိုင်း စစ်ဌာနချုပ်တွင် ပြုလုပ်ခဲ့သည့် ရာထူးခန့်အပ်ပွဲ အခမ်အနား၌ စီတာဘူတ်ရ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး တိုင်းပြည်ကိုယ်စား တော်ဝင် အသိုင်းအ၀ိုင်းနှင့် အစိုးရအား ကာကွယ်သွားမည်ဟုလည်း ကတိပြုခဲ့သည်။
    “ထိုင်းစစ်တပ်ဟာ အစိုးရနဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကောင်စီတို့နဲ့အတူ ရပ်တည်သွားမှာ ဖြစ်တာကြောင့် နောက်ထပ် အာဏာသိမ်းတာမျိုးတွေ မဖြစ်တော့ဘူးလို့ ကျွန်တော် အတည်ပြု ပြောဆိုပါတယ်” ဟု ၎င်းက ဆိုသည်။
    အာဏာသိမ်း ထိုင်းစစ်တပ်အကြီးအကဲ ပရာယွတ် ချန်အိုချာမှာ ထိုင်းဝန်ကြီးချုပ်သစ် ဖြစ်လာပြီးနောက် လစ်လပ်နေသည့် ထိုင်းစစ်တပ်အကြီးအကဲနေရာအတွက် စီတာဘူတ်ရ်အား ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
    စစ်တပ်အကြီး စီတာဘူတ်ရ်မှာ နိုင်ငံအတွင်း အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကို ရှောင်ရှားရန်အတွက် မိမိမှာ မတူညီသော နိုင်ငံရေးအုပ်စုများနှင့် ဆွေးနွေးသွားမည်ဖြစ်ပြီး ထိုင်းတောင်ပိုင်းရှိ လက်နက်ကိုင်များနှင့်လည်း ငြိမ်းချမ်းရေးရအောင် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ပြင် ပရာယွတ်မှာ ပြည်သူများ၏ အကျိုးစီးပွားနှင့် နိုင်ငံ၏ ပြဿနာများအား ဖြေရှင်းရန်အတွက် သဘောတရားတစ်ခုကို တည်ဆောက်ပေးခဲ့သည့် ပရော်ဖက်ရှင်နယ် စစ်သားတစ်ယောက်ဖြစ်သည်ဟု စီတာဘူတ်ရ်က ချီးကျူးခဲ့သည်။
    ဆင်ဟွာ
  • PSG အားရှုံးခဲ့သည့် အတွက် အပြစ်တင်ရမည့် စာရင်းတွင် မိမိလည်းပါဝင်ဟု ဘာစီလိုနာ နည်းပြပြော
    PSG အားရှုံးခဲ့သည့် အတွက် အပြစ်တင်ရမည့် စာရင်းတွင် မိမိလည်းပါဝင်ဟု ဘာစီလိုနာ နည်းပြပြော
    အောက်တိုဘာ ၁ ၊ ၂၀၁၄
    M-Media
    Luis Enrique
    – ယနေ့နံနက် ချန်ပီယံလိဂ်တွင် ပီအက်စ်ဂျီအသင်းအား ရှုံးနိမ့်ခဲ့ခြင်းအတွက် အပြစ်တင်ခံရမည့်သူများတွင် မိမိလည်း ပါဝင်သည်ဟု ဘာစီလိုနာအသင်နည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။
    ပြင်သစ်မြေတွင် ကစားခဲ့သည့် အဆိုပါပွဲတွင် ဘာစီလိုနာမှာ အိမ်ရှင်ပီအက်စ်ဂျီအား ဖိကစားနိုင်ပြီး အနိုင်ရရှိနိုင်သည့် ဂိုးသွင်းခွင့်များစွာ ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ဘဲ့ ၃ ဂိုး ၂ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ အန်းရစ်ကမူ ထိုအတွက် မည်သူကို့မှ အပြစ်မမြင်ချင်ဘဲ မိမိကိုယ်တိုင်မှာလည်း အပြစ်တင်ခံရမည့်သူများတွင် တစ်ဦးအပါအ၀င်ဖြစ်သည်ဟု ဆိုသည်။
    “အရှုံးအတွက် ဖြေရှင်းချက်ပေးတာဟာ သိပ်ရှင်းပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်နဲ့အဆင့်တူတဲ့ ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး သူတို့က ကျွန်တော်တို့ထက် ဖိအားကို ပိုကောင်းအောင် ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ မျှော်လင့်ထားသလောက် ကောင်းကောင်း ကစားနိုင်ခဲ့ပါဘူး” ဟု အန်းရစ်က ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    ၃ ဂိုး အလွယ်တကူပေးလိုက်ရသော နောက်တန်းနှင့် ဂိုးသမားတို့၏ စွမ်းဆောင်ရည်အတွက် မေးမြန်းခဲ့ရာ အန်းရစ်က ကစားသမားတစ်ဦးချင်းစီ၏အတွက် ဆုံးဖြတ်ချက် မပေးလိုကြောင်း မိမိမှာ နည်းပြဖြစ်သည့်အတွက် မိမိသာလျှင်တာဝန်အရှိဆုံး ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။