News @ M-Media

Blog

  • အကြမ်းဖက်ဝါဒ သတိပေးသည့် ပညာပေးစာအုပ်  ကနေဒါမှ မွတ်စလင်အဖွဲ့များ ထုတ်ဝေ

    အကြမ်းဖက်ဝါဒ သတိပေးသည့် ပညာပေးစာအုပ် ကနေဒါမှ မွတ်စလင်အဖွဲ့များ ထုတ်ဝေ

    အောက်တိုဘာ ၃ ၊ ၂၀၁၄
    M-Media
    30-09-14_Muslims-Launch-Anti-radicalization-Handbook-
    – အကြမ်းဖက်ဝါဒဆီသို့ ပြောင်းလဲသွားသည့် အစွန်းရောက်ခြင်းနှင့် ပတ်သက်၍ ကနေဒါ မွတ်စလင်လူ့အဖွဲ့အစည်းအား အသိပေးရန် ရည်ရွယ်သော ၃၈ မျက်နှာပါသည့် စာအုပ်ငယ်တစ်အုပ်ကို အစ္စလာမ့်လူထုဝန်ဆောင်မှု အသင်း ISSA နှင့် ကနေဒါမွတ်စလင်ကောင်စီ NCCM တို့က ထုတ်ဝေလိုက်သည်ဟု သိရသည်။

    “အစွန်းရောက် သတင်းစကားတွေရဲ့ သဘာဝ၊ အရင်းမူလ၊ ပြဿနာတွေ၊ ပံ့ပိုးပေးသူတွေနဲ့ ဒီဝါဒရဲ့ အကျိုးသက်ရောက်မှုတွေကို နားလည်ဖို့၊ စဉ်းစားတွက်ချက်ဖို့ ကနေဒါ မွတ်စလင်လူငယ်တွေအတွက် စာအုပ်တစ်အုပ် လိုနေပြီဆိုတဲ့ ပြောဆိုမှုတွေကို ကျွန်တော်တို့ ကြားခဲ့ရပါတယ်” ဟု စာအုပ်ထုတ်ဝေရခြင်းနှင့် ပတ်သက်၍ ISSA ဥက္ကဌ ရှာဟီနာ စီဒစ်ကွီက ပြောကြားခဲ့သည်။

    ကနေဒါမွတ်စလင်လူငယ်များ အကြမ်းဖက်ဝါဒအကြောင်းကို သိရှိစေရန် ရည်ရွယ် ထုတ်ဝေခြင်းဖြစ်သည့် အဆိုပါစာအုပ်အား “United Against Terrorism: A Collaborative Effort Towards a Secure, Inclusive, and Just Canada” ဟု အမည်ပေးထားသည်။

    ထိုစာအုပ်တွင် အစွန်းရောက်ခြင်းနှင့် ပတ်သက်သော မေးခွန်းများအတွက် အဖြေများ၊ မှားယွင်းသော သတင်းအချက်အလက်များကို ရင်ဆိုင်ရန်နှင့် ခွဲခြားဆက်ဆံမှုကို စိန်ခေါ်ရန် ကနေဒါမွတ်စလင်များအတွက် နည်းလမ်းများကိုလည်း ဖော်ပြထားသည်။

    NCCM ၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ အစ်ဟ်ဆန် ဂါဒီကမူ အကြမ်းဖက်ဝါဒအား ခုံခံခြင်းနှင့် ပတ်သက်၍

    “အစွန်းရောက် အကြမ်းဖက်သတင်းစကားတွေကို အကောင်းဆုံး ခုခံခြင်းကတော့ လူ့အဖွဲ့အစည်းအတွင်းမှာ ကျိုးကြောင်းခိုင်လုံတဲ့ အသိပညာတွေကို သွတ်သွင်းပေးဖို့နဲ့ သူတို့ရဲ့ လူ့အခွင့်အရေး တာဝန်တွေကို သိရှိအောင် ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ကနေဒါမွတ်စလင်များနေဖြင့် မိမိတို့၏ လူမှုရေးဘ၀များတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားရန်၊ နားလည်မှုလွဲခြင်းများအား တုံ့ပြန်ခြင်းတို့နှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ မိမိတို့၏ မိသားစုဝင်များ အကြမ်းဖက် အိုင်ဒီယာများကြောင့် လမ်းမှားသွားမည်ကို စိုးရိမ်ကြောက်ရွံ့မှုများကို တုံ့ပြန်ရာတွင် မွတ်စလင်လူ့အဖွဲ့အစည်းများနှင့် မိသားစုများတွက် လက်တွေ့အသုံးဝင်သည့် နည်းလမ်းများ စသည်တို့ကိုလည်း အဆိုပါ စာအုပ်တွင် အသေးစိတ် ဖော်ပြထားပြီး ကနေဒါတစ်ဝှမ်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းများသို့ ဖြန့်ဖြူးသွားမည်ဖြစ်သည်။

    အဆိုပါ စာအုပ်ထုတ်ဝေခြင်းအပြင် အစွန်းရောက်ဝါဒအား တားဆီးခြင်းနှင့် ကြားဖြတ်တွန်းလှန်ခြင်းတို့ကို အောင်မြင်ရန် ရည်ရွယ်သည့် ဟာဗျူဟာ အသစ်များကိုလည်း ကနေဒါ မွတ်စလင်များက ချမှတ်လုပ်ဆောင်သွားရန် ရှိနေသည်။

    ကာကွယ်တားဆီးခြင်း လုပ်ငန်းများမှာ အစွန်းရောက်လှုပ်ရှားမှုများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသော အစ္စလာမ်ကြောက်ရောဂါအား တန်ပြန်တွန်းလှန်ရန်အတွက် အစ္စလာမ် ဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင် မဟုတ်သူများအား ပညာပေးခြင်းလည်း ပါဝင်မည်ဖြစ်သည်ဟု စီဒစ်ကွီက ထပ်လောင်းပြောကြားခဲ့သည်။

     

    ref_ OnIslam

  • ဘာလော့တယ်လီ ပိုကြိုးစားရမည်ဟု လီဗာပူးလ်နည်းပြ ရော်ဂျာပြော

    ဘာလော့တယ်လီ ပိုကြိုးစားရမည်ဟု လီဗာပူးလ်နည်းပြ ရော်ဂျာပြော

    အောက်တိုဘာ ၃ ၊ ၂၀၁၄
    M-Media
    balotelli
    – ဘေဆယ်အား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် ယနေ့မနက် ချန်ပီယံလိဂ်ပွဲတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိသည့် ဘာလော့တယ်လီအနေဖြင့် ပိုမိုကြိုးစားရန် လိုအပ်သည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြား လိုက်သည်။

    အဖွင့်ပွဲ လူဒိုဂိုးရက်စ်နှင့်ပွဲတွင် ၁ ဂိုး သွင်းယူပေးခဲ့သည့် ဘာလော့တယ်လီမှာ ယနေ့နံနက် ပွဲတွင် ခြေစွမ်းပြနိုင်ခြင်း မရှိဘဲ လီဗာပူးလ်မှာလည်း ဘေဆယ်ဂိုးပေါက်အား သိသိသာသာ ခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိချေ။

    ရော်ဂျာကမူ ၎င်း၏ ရင်းနှီးမြှုပ်နှံထားမှုအတွက် ဘာလော့တယ်လီထံမှ စွမ်းဆောင်ရည် ကောင်းများကို လိုချင်နေသည်။

    “သူ(ဘာလော့တယ်လီဟာ) ကြိုစားခဲ့ပါတယ်။ ဒါပေမယ့် ပိုကြိုးစားဖို့လိုပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကို သူဘယ်လောက်ဖန်တီးပေးတယ်၊ ဘယ်လောက် ဂိုးသွင်းတယ်ဆိုတာနဲ့ ဆုံးဖြတ်ပါတယ်။

    (ဘေဆယ်နဲ့ပွဲမှာ) သူ ဂိုးမသွင်းခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ကြိုစားနေပြီး အလုပ်ကိုလည်း ပြင်းပြင်းထန်ထန် လုပ်ပါတယ်” ဟု ရော်ဂျာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဘာလော့တယ်လီမှာ လီဗာပူးလ်သို့ စရောက်ကတည်းက အသင်းအတွက် ၁ ဂိုးသာ သွင်းယူပေးထားနိုင်သည်။

  • Dream Chaser ကို အာကာသ ခရီးသွားလုပ်ငန်းတွင် သုံးမည်

    Dream Chaser ကို အာကာသ ခရီးသွားလုပ်ငန်းတွင် သုံးမည်

    အောက်တိုဘာ ၃ ၊ ၂၀၁၄
    M-Media
    SNC_Dream_Chaser_KSC_Launch1-660x528
    ပြီးခဲ့တဲ့ အပတ်ထဲက NASA ရဲ့ အကာသ ခရီးစဉ်တွေ အတွက် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း ကန်ထရိုက်ကို Boeing ရဲ့ CST-100 နဲ့ SpaceXရဲ့ Dragon တို့ကို အသုံးပြုရန် ရွေးချယ်လိုက်ပြီး Sierra Nevada Corpရဲ့ Dream Chaser ကတော့ အရွေးမခံရတဲ့ အတွက် ဥပဒေအရ ရင်ဆိုင် သွားမယ်လို့ ကြေငြာခဲ့ပါတယ်။

    ယှဉ်ပြိုင်တဲ့ ကုမ္ပဏီသုံးခုထဲမှာ Sierra Nevada Corpရဲ့ Dream Chaser ကသာ မြောပြင်ပေါ် ပျံသန်း ဆင်းသက်နိုင်တဲ့ လွန်းပျံယာဉ် ပုံစံဖြစ်ပါတယ်။ ကျန်နှစ်မျိုးကတော့ capsule ပုံစံတွေဖြစ်ပါတယ်။

    ဒီနေ့ (အောက်တိုဘာ ၂)သတင်းအရ အာကာသခရီးသွား လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ Stratolaunch Systems က Dream Chaser လွန်းပျံယာဉ်ငယ်ကို ဝယ်ယူဖို့ စိတ်ဝင်စားတယ်လို့ ပြောဆို လိုက်ပါတယ်။

    Stratolaunch Systemsကို ပိုင်ဆိုင်သူကတော့ Microsoft ကိုပူးတွဲတည်ထောင်သူ Paul Allen ဖြစ်ပါတယ်။

    Dream Chaser လွန်းပျံယာဉ်ငယ်ဟာ ခရီးသည် ၇ ဦး လိုက်ပါနိုင်ပြီး NASA ရဲ့ လွန်းပျံယာဉ်ကြီးတွေ ရဲ့ ၄ ပုံ တစ်ပုံ အရွယ်အစားသာ ရှိပါတယ်။

    ပျံသန်းပုံကတော့ လွန်းပျံယာဉ်ငယ်ကို ကမ္ဘာ့လေထုလွှာ အပေါ်ပိုင်းထိ လေယာဉ်ကြီးတစ်စင်းက သယ်ယူသွားပြီး လွှတ်တင်ပေးမှာ ဖြစ်တဲ့အတွက် Virgin Galactic ရဲ့ SpaceShipTwo နဲ့ ဆင်တူပါတယ်။

    တင်ဆက်သူ- daythanix

  • အစိုးရအထက်မှ အမိန့်ပေးနေသူများ

    အစိုးရအထက်မှ အမိန့်ပေးနေသူများ

    အောက်တိုဘာ ၃ ၊ ၂၀၁၄
    M-Media
    Ma Ba Ta copy
    ကမ္ဘာတဝှမ်း အစ္စလာမ်ဘာသာဝင် နှစ်စဉ် ကျင်းပပြုလုပ်တဲ့ ပါ အီဒွလ်အဿွာဟာ ပွဲတော်ကို မြန်မာပြည်အတွက် အောက်တိုဘာ ၆ ရက်နေ့မှာ ကျရောက်မှာဖြစ်ပါတယ်။ ဒါကို အမျိုးဘာသာ သာသာနစောင့်ရှောက်ေ၇း အသင်းကနေပြီးတော့ ပိတ်ပင် တားဆီးပေးဖို့ ကြေငြာချက်တစောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

    မွတ်ဆလင်တွေရဲ့ ပါ အီဒွလ်အဿွာဟာ (ဘက္ကရီးအိဒ်) ပွဲတော်ဟာ ခိုးကြောင်ခိုးဝှက်လုပ်ရတဲ့ ပွဲ မဟုတ်ပါဘူး။

    ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခြင်းခံရတဲ့ မွတ်ဆလင်တွေရဲ့ ပွဲတော်ရက် ဖြစ်ပါတယ်။

    နှစ်အသီးသီးမှာလည်း ဘာပြသနာမှ ဖြစ်ပေါ်ခဲ့ခြင်း မရှိဘဲ အာဏာပိုင်အဆင့်ဆင့်က လုံခြုံရေးပေးကာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ၀င်ရောက်ဆင်နွှဲကြတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။

    နိုင်ငံတော်အစိုးရက ခွင့်ပြုချက်ပေးထားတဲ့ တရားဝင် ကျင်းပခွင့်ရထားတဲ့ ပွဲတော်တစ်ခုကို တရားမ၀င်တဲ့ အဖွဲ့အစည်းတစ်ခုက တရားမ၀င်တဲ့ကြေညာချက်တွေ ထုတ်ပြန်ကြေညာကာ နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးပိတ်ပင်ခွင့် ရှိပါသလား။

    မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့်ဆိုတာ စာရွက်ပေါ်မှာပဲ နိုင်ငံတကာကြားကောင်းရုံ ရှိနေသလား။ အရှေ့က လူုမြင်ကောင်းရုံ ခွင့်ပြုပြီး နောက်က ပြသနာ မဖြစ်ဖြစ်အောင် တရားမ၀င်တဲ့ အဖွဲ့အစည်းတွေကို လက်သိပ်ထိုးခိုင်းနေသလား တွေးကြည့်စရာပါ။

    အမှန်တကယ်ဆိုရင် “မဘသ” က ဒီလိုစာ ထုတ်ခွင့်မရှိပါဘူး။ စာထုတ်ခဲ့ရင်လည်း ဒီစာထုတ်တဲ့ အဖွဲ့ အစည်းကို အရေးယူပြီး ဒီစာကို ပိတ်ပင်တားဆီးရမှာ သာသနာရေးဝန်ကြီးဌာနရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ အစိုးရအာဏာပိုင်တွေရဲ့ အလုပ်ပဲဖြစ်ပါတယ်။

    ဘယ်လိုနည်းနဲ့ ဖြစ်စေ အစိုးရ ခွင့်ပြုထားတာကို ဘုန်းကြီးက တားလို့မရပါဘူး။ ဘုန်းကြီးတင်မဟုတ်၊ ဘယ်သူမှတားခွင့် မရှိပါဘူး။

    တားခွင့်မရှိတာကို “မဘသ” တွေ စာထုတ်တားမြစ်နေတာကို သိပါလျှက် မြင်ပါလျှက် မတားမဆီး နှာစေး မျက်စိပိတ်ထားပြီး အောက်ခြေ အဆင့်မှာ ပြသနာ မဖြစ်ဖြစ်အောင် လွှတ်ပေးထားတဲ့ တာဝန်ရှိတဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ ပြုမူဆောင်ရွက်မှုက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတာလို့ မြင်စရာ အများကြီး ရှိနေပါပြီ။

    ဘုန်းကြီိးတွေ အုပ်ချုပ်နေပြီလား၊ ဒါမှမဟုတ် ဘုန်းကြီးနဲ့ ရောပြီး အုပ်ချုပ်နေတာလား။ ဘုန်းကြီးကို မလွန်ဆန်နိုင်စရာတော့ မရှိပါဘူး။ လိုအပ်ရင် ဘုန်းကြီးကို တုတ်နဲ့ဆော်၊ သင်္ဃန်းချွတ် လူဝတ်လဲ၊ ထောင်ချ၊ မီးဆွမ်းကပ်တဲ့ ဒီအစိုးရဟာ မွတ်ဆလင်တွေကိုပဲရွေးပြီး တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် ပြသနာမီးထွန်းရှာနေတဲ့ “မဘသ” ဘုန်းကြီးတွေကိုမှ ရွေးပြီး အချစ်ဝင်ပြနေတာကတော့ မြန်မာ့နိုင်ငံရေး သမိုင်းရဲ့ “ထူးခြားဖြစ်စဉ်” လို့ပဲ ခေါ်တွင်ရမှာပါ။

    အမှန်ဆို ရှေ့ကခွင့်ပြု၊ နောက်က လက်သိပ်ထိုးပြသနာရှာတဲ့ အဖွဲ့အစည်းတွေကို မလွန်ဆန်နိုင်သယောင် မျက်စိမှိတ်ပြနေခြင်းဟာ ၂၀၁၅ အမှီ ပြည်သူကို “နားလှည့် ပါးရိုက်”နေခြင်း လို့ပဲ မြင်မိပါတယ်။

    မွတ်ဆလင်တွေ သတိထားကြပါ။ အစိုးရခွင့်ပြုချက်နဲ့ ပြသနာရှာသူတွေ ရှိနေပါတယ်။

    မိမိလုပ်ချင်ကိုင်ချင်စိတ်ကို အသိတရားအပြည့်ထားကြပါ။ သတိတရားအပြည့်ထားကြပါ။ လုံခြုံရေးသတိ မိမိဘာသာရှိကြပါလို့ပဲ ပြောချင်ပါတော့တယ်။

    ဆွေမွန်
    ၃ အောက်တိုဘာ

  • ထိုင်းကမ်းခြေတွင် ဗြိတိန် စုံတွဲ အား သတ်ခဲ့သည်ဟု မြန်မာ အလုပ်သမားတစ်ဦး ၀န်ခံ

    ထိုင်းကမ်းခြေတွင် ဗြိတိန် စုံတွဲ အား သတ်ခဲ့သည်ဟု မြန်မာ အလုပ်သမားတစ်ဦး ၀န်ခံ

    အောက်တိုဘာ ၂ ၊ ၂၀၁၄
    M-Media
    Brits-v5
    – ထိုင်းနိုင်ငံ ကမ်းခြေတစ်ခုတွင် ဗြိတိန်စုံတွဲအား သတ်ဖြတ်ခဲ့ကြောင်း သံသယရှိနေသည့် မြန်မာအလုပ်သမား ၃ ဦးထဲမှ တစ်ဦးမှာ သတ်ဖြတ်ကြောင်း ၀န်ခံလိုက်သည်ဟု ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ဆိုးရွားပြင်းထန်သည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မီလာနှင့် ၂၃ နှစ်အရွယ် ဟန်နာ ၀ှိုက်ရစ်ခ်ျတို့၏ ရုပ်အလောင်းများကို စက်တင်ဘာ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံတောင်ဘက် ခိုတာအို ကျွန်းရှိ ၎င်းတို့နေထိုင်ရာ နေရာအနီးအနားတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    ထိုကျွန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအများအပြား နေထိုင်ရာ နေရာလည်းဖြစ်သည်။

    “စုံစမ်းစစ်ဆေးမှုဟာ တော်တော်လေးတိုးတက်နေပါတယ်။ မြန်မာအလုပ်သမား ၃ ယောက်ကို ထိန်းသိမ်းထားပြီး သူတို့ရဲ့ DNA ကို ယူပြီး စစ်ဆေးနေပါတယ်။ အဲဒီလို စစ်ဆေးနေစဉ်မှာ သူတို့ ၃ ယောက်ထဲက တစ်ယောက်က ဒီနိုင်ငံခြားသားနှစ်ယောက်ကို သတ်တယ်လို့ ၀န်ခံခဲ့ပါတယ်” ဟု လက်ထောက် ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ကြီး ဂျက်တစ် ချိုင်ဂျင်ဒါက Reuters သတင်းဌာသို့ပြောကြားခဲ့သည်။

    ထိုကဲ့သို့ သတ်ဖြတ်ခြင်းက ခရီးသွားများအား ကြောက်ရွံ့မှုများဖြစ်ပေါ်စေလိမ့်မည်ဟု ထိုင်းအစိုးရ တာဝန်ရှိသူများက သတိပေးခဲ့ပြီး လျင်မြန်စွာဖော်ထုတ်ရန်လည်း တိုက်တွန်းခဲ့သည်။

    ထိုင်းနိုင်ငံတွင် ခရီးသွားလုပ်ငန်းမှာ နိုင်ငံစီးပွားရေး၏ ၁၀ ရာခိုင်နှုန်းရှိပြီး အာဏာသိမ်းမှုဖြစ်ပွားစေခဲ့သည့် ဘန်ကောက်မြို့ဆန္ဒပြပွဲပြီးနောက် ပုံမှန်အခြေအနေကို ပြန်လည် ရောက်ရှိခြင်း မရှိသေးပေ။

    ဂျက်ကစ်ကမူ လူသတ်မှုကျူးလွန်သည်ဟု ထွက်ဆိုသူအား ထိန်းသိမ်းထားဆဲဖြစ်ပြီး မဖမ်းဆီးရသေးကြောင်း၊ နောက်ထပ် ၁၄ နာရီ ကြာမြင့်ဖွယ်ရှိသည့် DNA စမ်းသပ်မှု အဖြေထွက်လာမှ ကျန်ရှိသည့် ကိစ္စများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ref_ REUTERS