News @ M-Media

Blog

  • ဘောလုံးသမားများအား တတိယလူ ပိုင်ဆိုင်မှုကို ဖီဖာပိတ်ပင်

    ဘောလုံးသမားများအား တတိယလူ ပိုင်ဆိုင်မှုကို ဖီဖာပိတ်ပင်

    စက်တင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media
    1411737338243_wps_13_ZURICH_SWITZERLAND_SEPTEM
    – ကစားသမားတစ်ဦးအား ကလပ်အသင်းများမှမဟုတ်ဘဲ တတိယလူတစ်ဦးက ပိုင်ဆိုင်ကာ အပြောင်းအရွှေ့တွင် အကျိုးအမြတ်ရယူမှုများကို ပိတ်ပင်ရန် ဖီဖာအမှုဆောင်ကောင်စီက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    အဆိုပါကိစ္စနှင့်ပတ်သက်၍ အမှုဆောင်ကောင်စီတွင် ယမန်နေ့က မဲပေးကာ အတည်ပြုခဲ့ကြခြင်းဖြစ်ပြီး ထိုဥပဒေအတွက် စည်းမျဉ်းစည်းကမ်းများကို ယခုမှစ၍ ရေးဆွဲသွားမည်ဟု ဖီဖာ ဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားခဲ့သည်။

    ဘောလုံးသမားများအား တတိယလူက ပိုင်ဆိုင်ခြင်းမှာ အေးဂျင့်များအကြားတွင် ခေတ်စားနေပြီး လက်တင်အမေရိက၊ စပိန်နှင့် ပေါ်တူဂီတို့တွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြသည်။

    အင်္ဂလန်တွင်မူ ဘောလုံးသမားများအား တတိယလူပိုင်ဆိုင်ခြင်းကို တားမြစ်ထားသော်လည်း ပြီးခဲ့သည့်အပြောင်းအရွှေ့ဈေးကွက်တွင် ပရီးမီးယားလိဂ် ကလပ်အသင်းများမှာ ၎င်းတို့ခေါ်ယူချင်သည့် ကစားသမားများအား တတိယလူများထံမှ ၀ယ်ယူကြသည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

    ထိုအထဲတွင် စပို့တင်းလစ္စဘွန်းမှ နောက်ခံလူ ရိုဂျိုကို မန်ယူက ခေါ်ယူမှုနှင့် ဘင်ဖီကာမှ မာကိုဗစ်ကို လီဗာပူးလ်မှ ခေါ်ယူမှုတို့မှာ တတိယလူများနှင့် အပြောင်းအရွှေ့ ပြုလုပ်ခဲ့သည့် သာဓကများဖြစ်ခဲ့သည်။

    တတိယပိုင်ရှင်စနစ်ကိုလိုလားသူများကမူ ဖီဖာ၏ထိုပိတ်ပင်မှုအား ဝေဖန်ခဲ့ပြီး၊ ၎င်းတို့မှာ ကလပ်အသင်းများ အမှန်တကယ်မ၀ယ်ယူနိုင်သည့် ကစားသမားများအား ခေါ်ယူပေးနိုင်သည်ဟု ပြောကြားခဲ့သည်။

    ref_ Daily Mail

  • အီဘိုလာကြောင့် သေဆုံးသူ ၃ ထောင်ကျော်ပြီ

    အီဘိုလာကြောင့် သေဆုံးသူ ၃ ထောင်ကျော်ပြီ

    စက်တင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media
    1407502809087_wps_1_epa0434563
    – အနောက်အာဖရိကနိုင်ငံများတွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၃ ထောင်ကျော်လာခဲ့ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ယမန်နေ့တွင် ကြေညာခဲ့သည်။

    သေဆုံးသူမှာ စက်တင်ဘာ ၂၃ ရက်နေ့အထိ ရရှိသော အချက်အလက်များအရ အနည်းဆုံး ၃၀၉၁ ဦးရှိခဲ့ပြီး ကူးစက်မှုမှာ ၆၅၇၄ ခု ရှိနေသည်ဟု  WHO မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖ်ာပြထားသည်။

    သေဆုံးသူများတွင် လိုက်ဘေးရီးယားမှ ၁၈၃၀ ဦးဖြင့် အများဆုံးဖြစ်နေကာ အနောက်အာဖရိကရှိ ရောဂါပိုးကူးစက်ခံနေရသည့် အခြားနိုင်ငံများထက် ၃ ဆ ပိုများနေသည်။ ထို့ပြင် ကူးစက်ပြန့်ပွားမှုနှုန်းမှာလည်း အခြားနိုင်ငံများထက် မြင့်မားနေသည်။

    အီဘိုလာဗိုင်းရပ်စ်မှာ ယခုနှစ်အစောပိုင်းက ဂီနီနိုင်ငံတွင် ပြန်လည် ပေါ်ပေါက်လာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဆီရာလီယိုနီ၊ လိုက်ဘေးရီးယား၊ နိုက်ဂျီးရီးယားနှင့် ဆီနီဂေါနိုင်ငံများသို့ ပြန့်နှံ့သွားခဲ့သည်။

    သို့သော်လည်း နိုက်ဂျီးရီးယားနှင့် ဆီနီဂေါနိုင်ငံတွင် ရောဂါပိုးအားထိန်းချုပ်နိုင်ခဲ့ပြီဟု WHO က ကြေညာခဲ့သည်။ ထိုရောဂါပိုးမှာ ယခုအတိုင်း ပြန့်နှံ့နေပါက ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် ရောဂါပိုးကူးစက်ခံရသူ သန်းချီရှိလာနိုင်သည်ဟု အမေရိကန်ရောဂါဘယ ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးစင်တာက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောကြားခဲ့သည်။

    MSM/MAM/MHB

  • အိမ်ကွင်းမှာ ဂိုးပြတ်ခဲ့တဲ့ချယ်ဆီး၊ မန်ယူတို့ နိုင်ပွဲပြန်ရခဲ့ပြီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့ သရေကျ

    အိမ်ကွင်းမှာ ဂိုးပြတ်ခဲ့တဲ့ချယ်ဆီး၊ မန်ယူတို့ နိုင်ပွဲပြန်ရခဲ့ပြီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့ သရေကျ

    စက်တင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media

    အိမ်ကွင်းမှာ ဂိုးပြတ်ခဲ့တဲ့ချယ်ဆီး၊ မန်ယူတို့နိုင်ပွဲပြန်ရခဲ့ပြီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့ သရေနဲ့သာ ကျေနပ်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ စနေနေ့ည ပွဲစဉ်များ

    – ပရီးမီးယားလိဂ် ပွဲစဉ် ၆ ရဲ့ ၈ ပွဲကို ယမန်နေ့ညမှာ ကစားခဲ့ပြီး ချယ်ဆီး၊ မန်ယူ၊ မန်စီးတီးတို့အနိုင်ရခဲ့ကာ အာဆင်နယ် လီဗာပူးလ်တို့ကတော့ သရေကျခဲ့ပါတယ်။
    444
    အစောဆုံးကစားခဲ့တဲ့ပွဲမှာ ဒီနှစ်ခြေစွမ်းကျဆင်းနေတဲ့ လီဗာပူးလ်တို့ ဒုတိယပိုင်း နာကျင် အချိန်ပိုရောက်မှ အဲဗာတန်ကို တစ်မှတ်ခွဲပေးလိုက်ရပါတယ်။ ၅ ပွဲမှာ သုံးပွဲအထိ ရှုံးထားတာကြောင့် နည်းပြ ရော်ဂျာ အကောင်းဆုံးပြင်ဆင်ခဲ့ပြီး အသာစီးလည်း ရခဲ့ပါတယ်။ ၆၅မိနစ်မှာ ဂျရတ်က သူ့ရဲ့ ဒါဘီပွဲ ၉ ဂိုးမြောက်အဖြစ် ဖရီးကစ်ကနေပြီး ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ ဂျာကီလ်ကာက အဲဗာတန်အတွက် ချေပဂိုး သွင်းယူပေးခဲ့တာကြောင့် လီဗာပူးလ်တို့ အနိုင် ၃ မှတ်နဲ့ ဝေးခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ နည်းပြရော်ဂျာက မိမိတို့ဟာ ထိုက်တန်တဲ့ အနိုင်ရလဒ်ကို မရတဲ့အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပါတယ်။

    1111
    ပြီးခဲ့တဲ့ တစ်ပါတ်မှာ မန်စီးတီးကို သရေကျခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲစံချိန် ရပ်သွားခဲ့တဲ့ ချယ်ဆီးတို့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ အမှားအယွင်းမရှိခဲ့ပါဘူး။ ပွဲအစ ၇ မိနစ်မှာပဲ အော်စကာက ချယ်ဆီး အတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး၊ ၅၉ မိနစ်နဲ့ ၇၉ မိနစ်တို့မှာ ဒီယေဂိုကော်စတာနဲ့ ၀ီလီယံတို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။ အော်စကာရဲ့ ဒီဂိုးဟာ ၆ ပွဲမှာ ၈ ဂိုးမြောက်လည်းဖြစ်ပါတယ်။
    555
    မန်စီးတီးကလည်း အဝေးကွင်းမှာ ဟားလ်စီးတီးကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ချယ်ဆီး ကွင်းလယ်လူဟောင်းလမ်းပတ်က တစ်ဂိုးသွင်းပေးခဲ့ပါတယ်။

    222

    မန်ယူက ရူနီ၊ ဗန်ပါစီတို့ရဲ့ အစောပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး အာဆင်နယ်ကတော့ ချိန်ဘာလိန်ရဲ့ နောက်ကျဂိုးနဲ့ အိမ်ကွင်းမှာ သရေတစ်မှတ်ရခဲ့ပါတယ်။
    333
    ဒီနှစ်မှာ ခြေစွမ်းပြနေတဲ့ ဆောက်သက်တမ်တို့ အိမ်ကွင်းမှာ ကျူပီအာရ်ကိုအနိုင်ရပြီး ချယ်ဆီးရဲ့အောက် ၃ မှတ်အကွာ ဒုတိယနေရာမှာရှိနေပါတယ်။

    ပွဲစဉ် ၈ အနိုင်အရှုံးရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    လီဗာပူးလ် ၁-၁ အဲဗာတန်
    ချယ်ဆီး ၃-၀ အက်စတွန်ဗီလာ
    ခရစ္စတယ်ပဲလေ့စ် ၂-၀ လက်စတာ
    ဟားလ်စီးတီး ၂-၄ မန်စီးတီး
    မန်ယူ ၂-၁ ၀က်စ်ဟမ်း
    ဆောက်သက်တမ် ၂-၁ ကျူပီအာရ်
    ဆန်းဒါးလန်း ၀-၀ ဆွမ်ဆီး
    အာဆင်နယ် ၁-၁ စပါး

  • ဂါဇာပြည်သူများ အပေါ် အစ္စရေးက လူမျိုးတုန်း သတ်ဖြတ်မှု စစ်ပွဲ ဆင်နွှဲနေသည်ဟု ပါလက်စတိုင်း သမ္မတဆို

    ဂါဇာပြည်သူများ အပေါ် အစ္စရေးက လူမျိုးတုန်း သတ်ဖြတ်မှု စစ်ပွဲ ဆင်နွှဲနေသည်ဟု ပါလက်စတိုင်း သမ္မတဆို

    စက်တင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media
    2014926161343194734_2
    – အစ္စရေးအနေဖြင့် ဂါဇာပြည်သူများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုစစ်ပွဲ ဆင်နွဲနေပြီး ထိုစစ်ရာဇ၀တ်မှုအတွက် အစ္စရေးခေါင်းဆောင်များကို တရား ဥပဒေရှေ့မှောက် ရောက်လာအောင် ဆောင်ရွက် သွားမည်ဟု ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားလိုက်သည်။

    ဇူလိုင်လ အစောပိုင်းမှ သြဂုတ်လနှောင်းပိုင်း အထိ တိုက်ခိုက်ခဲ့သည့် အစ္စရေး၏ ကျူးကျော်စစ်မှာ ၆ နှစ်အတွင်း တတိယမြောက် စစ်ပွဲဖြစ်ပြီး ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ အပါအ၀င် လူပေါင်း ၂၁၄၀ သေဆုံးခဲ့သည်။

    “ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာ မဟုတ်သလို ခွင့်လည်းမလွှတ်ပါဘူး။ ပြီးတော့ စစ်ရာဇ၀တ်ကောင်တွေကို ပြစ်ဒဏ်ကနေပြီး လွတ်မြောက်ခွင့် ပြုမှာ မဟုတ်ပါဘူး။ အစ္စရေးဟာ ပါလက်စတိုင်းပြည်သူတွေ အပေါ် ပြစ်မှုကျူးလွန်ဖို့ လူမျိုးတုန်း သတ်ဖြတ်တဲ့ စစ်ပွဲကို ရွေးချယ်ခဲ့ပါတယ်” ဟု ယမန်နေ့က ပြောကြားခဲ့သော မိန့်ခွန်း၌ အဘတ်စ်က ထည့်သွင်းပြောဆိုသွားခဲ့သည်။

    ထိုကဲ့သို့ပြောဆိုမှုမှာ အဘတ်စ်၏ သမ္မတ သက်တမ်းတစ်လျှောက် အပြင်းထန်ဆုံး ပြောကြားမှုလည်းဖြစ်ပြီး၊ အစ္စရေးအား ဥပဒေအရ ရေးယူမှုများပြုလုပ်ရန် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးနှင့် ဆက်သွယ်သွားမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။  အမေရိကန်နှင့် အစ္စရေးတို့ကမူ အဘတ်စ်၏ ထိုစကားအတွက် ဒေါသထွက်ခဲ့ကြသည်။

    ထို့ပြင် ၁၉၆၇ ခုနှစ် စစ်ပွဲပြီးနောက်ပိုင်း အစ္စရေးက မတရား သိမ်းပိုက်ထားသည့် ပါလက်စတိုင်း နယ်မြေများမှ ထွက်သွားရေးအတွက် နောက်ဆုံးရက် တစ်ခုသတ်မှတ်ရန် ကုလ၏ ဆုံးဖြတ်ချက်ကို ရယူသွားမည်ဟုလည်း အဘတ်စ်က ထည့်သွင်းပြောဆိုခဲ့သည်။

    Agencies
  • အိုဘားမား လက်ထက် ၆ နှစ် အတွင်း ၇ ခုမြောက် မွတ်စလင်နိုင်ငံကို ဗုံးကြဲ တိုက်ခိုက်

    အိုဘားမား လက်ထက် ၆ နှစ် အတွင်း ၇ ခုမြောက် မွတ်စလင်နိုင်ငံကို ဗုံးကြဲ တိုက်ခိုက်

    စက်တင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media

    us
    ဆီးရီးယားမှာ IS အဖွဲ့ နေရာဟု ယူဆထားသည့် အဆောက်အဦအား လေကြောင်းမှ မတိုက်ခိုက်ခင်နှင့် တိုက်ခိုက်ပြီးတွေ့ရပုံ

    လွန်ခဲ့တဲ့ရက်သတ္တပတ်အင်္ဂါနေ့၌ IS ဆန့်ကျင်ရေး အမေရိကန် ဦးဆောင်တိုက်ပွဲတွင်  အမေရိကန်တိုက်လေယာဉ်များက ဆီးရီးယားနိုင်ငံထဲမှ ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။  ၁၉၄၂ ခုနှစ်ကတည်းက အမေရိကန်သည် စစ်ကြေငြာခြင်း မပြုခဲ့သော်လည်း   ယခု ဆီးရီးယားမှာ  ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘားရက်အိုဘားမားမှ ဗုံးကြဲလိုက်သော ၇ နိုင်ငံမြောက် တိုင်းပြည်ဖြစ်၏။

    ဆီးရီးယားသည် အမေရိကန်မှ ပြောင်ပြောင်တင်းတင်း ပစ်မှတ်ထားတိုက်ခိုက်သော နောက်ဆုံးနိုင်ငံ ဖြစ်သည်။ ဆီးရီးယားသမ္မတ ဘရှားရ် အဆဒ်၏ သဘောတူညီမှုကို မယူဘဲ ၀ါရှင်တန်မှ ဆုံးဖြတ်ခဲ့ဟန်ရှိသည်။

    ဆီးရီးယားတောင်ပိုင်းနှင့်အရှေ့ပိုင်းတွင် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့တို့မှ IS စစ်သွေးကြွများကို ပြီးခဲ့သည်အင်္ဂါနေ့၌ ဗုံးကြဲစစ်ဆင်ရေး စတင်ခဲ့သည်။ ဆီးရီးယားဆိုင်ရာ လူ့အခွင့်လေ့လာရေးအဖွဲ့အဆိုအရ လူ ၇၀ သေဆုံးသွားသော်လည်း သေဆုံးသူအရေအတွက် ယခုထက်မြင့်မားဖို့ရှိနေပြီး အရပ်သား ၈ ဦး အသက်ဆုံးရှုံးခဲ့သည်။

    ဆီးရီးယားရှိ ပဋိပက္ခကို ဖြေရှင်းရန် နှစ်များစွာ အချိန်ယူရဖွယ်ရှိသည် ဟု ပင်တဂွန်မှ ဆိုသည်။ အိုဘားမားအစိုးရ လက်ထက်အတွင်း ၀ါရှင်တန်၏ စစ်ရေးစွက်ဖက်မှု အကြိမ်ရေကို လေ့လာကြည့်လျှင် ၎င်းမှာ အပြောင်အပျက်မဟုတ်ကြောင်း သိသာပေသည်။

    အာဖဂန်နစ္စတန် (၂၀၀၁ ခုနှစ်မှ ယနေ့တိုင်)
    ——————————————–

    afghanistan
    အမေရိကန်ပေါ် အကြမ်းဖက်တိုက်ခိုက်မှု ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်အရေးအခင်းပြီးနောက်၊ အလ်ကိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်အား တာလီဘန်အဖွဲ့မှ လက်လွှဲပေးရန် ငြင်းဆန်လိုက်ရာဝယ် အာဖဂန်နစ္စတန်သည် ၂၁ ရာစုအတွင်း အမေရိကန်နိုင်ငံက ပထမဆုံးဗုံးကြဲတိုက်ခိုက်သော နိုင်ငံဖြစ်ခဲ့သည်။

    အမေရိကန်နှင့်၎င်း၏မဟာမိတ်တို့သည် ကဘူးလ်၊ ကန်ဒါဟာ၊ ဂျလာလဘတ် စသော အာဖဂန်မြို့ကြီးများနှင့် ဇာတ်လမ်းဖွင့်လိုက်ပြီး မပြီးဆုံးနိုင်တော့သည့် ပဋိပက္ခအတွင်း လက်ဝင်လျှိုခဲ့သည်။ လူအများ သောင်းနှင့်ချီ ထိခိုက်ဒဏ်ရာရစေခဲ့ကြောင်း တွေ့ရသည်။ ၂၀၁၁ ဇွန်လမှစ၍  တပ်ဖွဲ့များကို အလုံးအရင်းနှင့် ရုပ်သိမ်းခဲ့ပြီး၂၀၁၄ နှစ်ကုန်တွင် အဆုံးသတ်ကာ အာဖဂန်ပြည်တွင်းတပ်ဖွဲ့များကို မူဝါဒနှင့်လုံခြုံရေးအား လွှဲပြောင်းပေးမည်ဟု ဆိုထားသည်။ သို့သော်လည်း လေကြောင်းတိုက်ခိုက်မှုများကတော့ ပြုလုပ်နေဆဲ။

    နိုင်ငံတွင်းလုံခြုံရေးတပ်ဖွဲ့များကို လေ့ကျင့်ပေးရန်၊ ပြည်တွင်းအခြေခံအဆောက်အဦများကို အဆင့်မြှင့်တင်ပေးရန်အတွက် ၂၀၀၁ ခုနှစ်မှစပြီး အာဖဂန်အရေးတွင် အမေရိကန်သည် ဒေါ်လာ သန်းတစ်ရာအထက် သုံးစွဲထားပြီးဖြစ်သည်။ အာဖဂန်၌ ကျဆုံးခဲ့သည့် အမေရိကန် တပ်ဖွဲ့ဝင် ၂၂၀၀၊ ဒဏ်ရာရသူ ၂၀၀၀၀ ၀န်းကျင်ရှိသည်ဟု အေပီက ဆိုသည်။

    အမေရိကန်၏ဗုံးကြဲစစ်ဆင်ရေးက အရပ်သားများစွာကို သေဆုံးစေခဲ့သဖြင့် အာဖဂန်နစ္စတန်ခေါင်းဆောင်များနှင့် အချေအတင်ဆိုရသော ပြဿနာဖြစ်နေသည်။ လွန်ခဲ့သည့်ရက်သတ္တပတ်ကပင် နိုင်ငံအရှေ့ပိုင်း၌ အမေရိကန်ဒုံးကျည်ကြောင့် သေဆုံးသူ အရပ်သား ၁၁ ဦး ရှိခဲ့သည်။

    “အမေရိကနဲ့ ပါကစ္စတန်သာ တကယ်ဆန္ဒရှိရင် အာဖဂန်နစ္စတန်မှာ ငြိမ်းချမ်းရေး ဖြစ်တည်လာပါလိမ့်မယ်။ အာဖဂန်စစ်ပွဲဟာ တိုင်းတစ်ပါးသားတွေရဲ့ ရည်မှန်းချက်တွေပေါ် အခြေတည်နေသလို သူတို့အတွက်သာ အကျိုးဖြစ်ထွန်းစေပါတယ်။ အာဖဂန်တွေက နှစ်ဖက်စလုံးရဲ့ ချကျွေးမှုကို ခံလိုက်ရတယ်၊ စစ်မက်ရဲ့သားကောင်တွေ ဖြစ်သွားရပါတယ်” ဟု သမ္မတရာထူးမှ အနားယူတော့မည်ဖြစ်သော ဟာမစ်ကာဇိုင်း(ဟာမစ် ကာဇာအီ)က ဆိုသည်။

    ယီမင် (၂၀၀၂ ခုနှစ်မှ ယနေ့တိုင်)
    ——————————–
    ၂၀၀၀ ခုနှစ် အောက်တိုဘာလ ယီမင်နိုင်ငံ အေဒင်ဆိပ်ကမ်းတွင် အလ်ကိုင်ဒါက USS Cole  သင်္ဘောကိုတိုက်ခိုက်မှုကြောင့် အမေရိကန်ရေတပ်သား ၁၇ ဦး သေဆုံးသည်။ ၂၀၀၂ ခုနှစ် နိုဝင်ဘာတွင် ယီမင်အစိုးရ၏မီးစိမ်းပြမှုဖြင့် ယီမင်နယ်အတွင်း အမေရိကန်မှ ဗုံးစတင်ကြဲရာမှ အကန့်အသတ်မရှိ ထင်တိုင်းကြဲခွင့် ရသွားသည်။

    ယီမင်နိုင်ငံတွင်း စစ်ဆင်ရေးခေါင်းဆောင်၊ ၎င်းပြင် USS Cole သင်္ဘောဗုံးထောင်မှု၌ ၀ါရှင်တန်မှ သံသယနေသူ Qaed Salim Sinan al-Harethi အား ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ၎င်းသူသည် ကားမောင်းခရီးသွားနေစဉ် မောင်းသူမဲ့လေယာဉ်၏ ထိန်းချုပ်ဒုံးကျည်တို့ဖြင့် သေဆုံးခဲ့သည်။ ထိုစဉ်က အမေရိကန် ကာကွယ်ရေး ဒုဝန်ကြီး Paul Wolfowitz က အလွန်အောင်မြင်သော နည်းဗျူဟာစစ်ဆင်ရေးတစ်ရပ်ဖြစ်ပြီး ယင်းသို့လေကြောင်းတိုက်ခိုက်မှုသည် အကြမ်းဖက်များကိုချေမှုန်းခြင်းသာမက အလ်ကိုင်ဒါ၏နည်းဗျူဟာများကိုပါ ဖရိုဖရဲဖြစ်စေသည်ဟု မှတ်ချက်ပြုခဲ့သည်။

    yemen
    အမေရိကန် ရဲ့ လေကြောင်းမှ တိုက်ခိုက်မှုကို ဆန့်ကျင်ဆန္ဒပြနေကြသော ယီမင်နိုင်ငံသားများ

    သမ္မတ ဂျော့ဂ်ျဘုရှ်အစိုးရလက်အောက်မှ အမေရိကန်၏ ကြိုကြားဗုံးခွင်းစစ်ဆင်ရေးသည် သမ္မတ အိုဘားမားအာဏာရလာပြီးချိန်မှစပြီး အရှိန်မြင့်တက်လာခဲ့သည်။ သံသယ၀င်ဖွယ် အလ်ကိုင်ဒါစစ်သွေးကြွများအပေါ် အမေရိကန်လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်ရန် ယီမင်အစိုးရက ခွင့်ပြုခဲ့သည်ဟု ၀ီကီလိခ်မှ ဖော်ပြခဲ့သည်။

    ယီမင်၌ အမေရိကန်၏ ဗုံးခွင်းစီးနင်းမှုကို မောင်းသူမဲ့လေယာဉ်များဖြင့်သာ ပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိနှစ်များအတွင်း ပိုမိုပြင်းထန်များပြားလာသည်။ အမေရိကန်၏ အမည်ခံ War on Terror  အကြမ်းဖက်တန်ပြန်စစ်ပွဲကြောင့် ထိခိုက်ဒဏ်ရာရသူအများအပြားမှာ အရပ်သားများသာ ဖြစ်နေသဖြင့် လူ့အခွင့်အရေးအဖွဲ့များမှ စိုးရိမ်ပူပန်လျက်ရှိနေသည်။ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့၏ ၂၀၁၃ ခုနှစ်အစီရင်ခံစာတစ်ရပ်တွင် ၂၀၀၉ ခုနှစ်မှစ၍ ယီမင်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ရှိခဲ့ကြောင်း သုတေသနပြုဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုများအတွင်း လူ ၈၂ ဦးသေဆုံးပြီး ၎င်းတို့အနက် ၅၇ ဦးမှာ အရပ်သားများ ဖြစ်နေသည်။

    အီရတ် (၂၀၀၃ မှ ၂၀၁၁ ခုနှစ်ထိ)
    ———————————–
    ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက် နျူးယော့ခ်ရှိ ကုလသမဂ္ဂတွင် အမေရိကန်ဝန်ကြီးချုပ် Colin Powell က မိန့်ခွန်းပြောကြားရာ အီရတ်၌ အစုလိုက်အပြုံလိုက်သေကြေစေနိုင်သည့် လက်နက်များ ရှိနေကြောင်း ဆိုခဲ့သည်။ အာဖဂန်နစ္စတန်သို့ ထောင်နှင့်ချီသော တပ်ဖွဲ့များ စေလွှတ်ရန် ပြင်ဆင်ထားသည်ကိုပင် အားမရသေးဘဲ နောက်ထပ် စစ်ရေးပဋိပက္ခတစ်ရပ်ထဲ ပါဝင်ရန် အကြောင်းပြချက်ခင်းလိုက်သည်။

    ၂၀၀၃ ခုနှစ် မတ်လ ၂၀ ရက်တွင် အီရတ်ကို လေကြောင်းတိုက်ပွဲ ဆင်နွှဲတော့သည်။ သုံးပတ်အတွင်း အီရတ်အစိုးရကို ဖြုတ်ချနိုင်ခဲ့သည်။ သို့သော် အာဖဂန်နစ္စတန်နိုင်ငံမှာလိုပင် အမေရိကန်နှင့်အပေါင်းအပါတို့မှာ အပြင်းအထန်ခုခံမှုကို ကြုံလိုက်ရသည်။ သမ္မတ ဆက်ဒမ်ဟူစိန်ကို အားပေးထောက်ခံသူများမှ အစ၊ စွန္နီနှင့် ရှီအိုက် ခုခံရေးအုပ်စုများအလယ်၊ အလ်ကိုင်ဒါနှင့်၎င်း၏ထောက်ခံသူများအဆုံး ဆန့်ကျင်ကြတော့သည်။

    ယင်းပဋိပက္ခနှင့် အမေရိကန်ဗုံးခွင်း စစ်ဆင်ရေးများက အီရတ်ပြည်သူများ အတွက် ကပ်ဆိုးသင့်ခဲ့ရသည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ အေအက်ဖ်ပီ မှဖော်ပြသော ဆောင်းပါးတစ်ပုဒ်တွင် အမေရိကန်၏လက်ဆော့မှုကြောင့် သေဆုံးသူ သန်းတစ်ဝက်ခန့်ရှိကြောင်း ဖော်ပြသည်။ ၂၀၀၃ မှ ၂၀၁၁ ခုနှစ်အတွင်း ၇၀ ရာခိုင်နှုန်းဝန်းကျင်မှာ သမရိုးကျစစ်ပွဲ၌ ကျည်သင့်သေဆုံးကြောင်း၊ ကျန်သည့်အများစုမှာ ကားဗုံးခွဲခြင်းနှင့် အခြားပေါက်ကွဲခြင်းကြောင့်ဖြစ်ကြောင်း သုတေသီများက ထောက်ပြထား၏။ ဤအကြမ်းဖက်တိုက်ခိုက်မှု၏ ၃၅ ရာခိုင်နှုန်း(သေဆုံးသူဦးရေ ၁၂၅,၀၀၀ ပမာဏ)တွင် မဟာမိတ်တပ်များ ပါဝင်ပတ်သက်ခဲ့သည်ဟုလည်း ဆိုသည်။

    ပါကစ္စတန် (၂၀၀၄ မှ လက်ရှိတိုင်)
    ————————————-
    George W. Bush လက်ထက်မှပင် စတင်လာသော ပါကစ္စတန်၌ မောင်သူမဲ့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများမှာ အိုဘားမားအစိုးရလက်ထက်၌ မကြုံဖူးလောက်အောင် တိုးမြင့်သွားသည်။ The Bureau of Investigative Journalism ၀က်ဘ်ဆိုဒ်အဆိုအရ ၂၀၀၄ ခုနှစ်ကတည်းက မောင်းသူမဲ့လေယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှုအကြိမ်ရေ ၃၉၀ ရှိခဲ့ရာ ၎င်းအနက် ၃၃၉ ကြိမ်သည် အိုဘားမားအာဏာ ရပြီးနောက်တွင် ဖြစ်ပွားခြင်း ဖြစ်သည်။ ယင်းတိုက်ခိုက်မှုများကြောင့် လူပေါင်း လေးထောင်နီးပါး သေကြေပြီး ၎င်း၏ လေးပုံတစ်ပုံမှာ အရပ်သားများ ဖြစ်နေသည်။

    ထုံးစံအတိုင်း အမေရိကန် ဦးဆောင်သော မောင်းသူမဲ့လေယာဉ်သုံး လေကြောင်း တိုက်ခိုက်မှုများအပေါ် ပါကစ္စတန် အစိုးရလည်း မနှစ်မြို့မှု ပြသလာခဲ့သည်။

    “ဒရုန်း(မောင်းသူမဲ့တိုက်လေယာဉ်)အသုံးပြုခြင်းဟာ ကျွန်တော်တို့ တိုင်းပြည်ထဲက အကြမ်းဖက်ဝါဒကို ထိထိရောက်ရောက် ချေမှုန်းနိုင်ပေမယ့်လည်း ပိုင်နက်ကျူးလွန်မှု ကိုတော့ ဖြစ်စေပါတယ်။ ပါကစ္စတန်-အမေရိကန် ဆက်ဆံရေးမှာ အနှောင့်အယှက်ဖြစ်လာစေမယ့် ပြဿနာ ဖြစ်လာနိုင်ပါတယ်” ဟု ပါကစ္စတန် ၀န်ကြီးချုပ် Nawaz Sharif က ၂၀၁၃ အောက်တိုဘာလအတွင်း အိုဘားမားနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

    pakistan
    အမေရိကန် ရဲ့ လေကြောင်းမှ တိုက်ခိုက်မှုကို ပါကစ္စတန်နိုင်ငံသားများ ဆန္ဒပြနေစဉ်

    အမေရိကန်၏ ဒရုန်းအသုံးပြုကို ဆန့်ကျင်ဆန္ဒပြမှုများကို ပါကစ္စတန်၌ အမြဲလိုလို တွေ့လာရသည်။ ၂၀၁၃ ဒီဇင်ဘာတွင် ဆန္ဒပြသူပေါင်း ငါးထောင်မှ ဒရုန်းအသုံးပြု၍ တိုင်းပြည်အားစော်ကားနေမှုများကို ချက်ခြင်းရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။ ယင်းဆန္ဒပြမှုကို ပါကစ္စတန်ကာကွယ်ရေးကောင်စီမှ ကြီးမှူးစီစဉ်၍ ဘာသာရေးနှင့်နိုင်ငံရေး အစုအဖွဲ့ပေါင်း ၄၀ ပါဝင်ခဲ့သည်ဟု အေပီသတင်းက ဆိုသည်။ ပါကစ္စတန်မှတဆင့် အာဖဂန်သို့ နေတိုးရိက္ခာပို့လမ်းကြောင်းအား ပိတ်ဆို့ရန်ကိုလည်း ဆန္ဒပြသူများက ဆန္ဒဖော်ထုတ်ကြွေးကြော်ခဲ့ကြောင်းလည်း သိရသည်။

    ၎င်းမတိုင်မီ တစ်လက ပါကစ္စတန် ခရစ်ကက်အားကစားအကျော်အမော် Imran Khan ဦးဆောင်သော Pakistan Tehreek-e-Insaaf (PTI) ပါတီမှ  စီအိုင်အေ၏ ဒရုန်းအသုံးပြု “နယ်ကျော် အမြတ်ထုတ်မှု”ကို တားဆီးရန် ပါကစ္စတန်အနောက်မြောက်ပိုင်း၊ ဟန်ဂူးခရိုင်၊ Tal ရဲဌာနသို့ ပစ်စာပို့ခဲ့သည်။ မီဒီယာများတွင် အဆိုပါစာကို ဖော်ပြခဲ့သော်လည်း အစစ်အမှန် ဟုတ်မဟုတ်ကိုမူ အတည်မပြုနိုင်ခဲ့။

    ၎င်းစာအတွင်း PTI ၏ ဒုပြန်ကြားရေးမှူး Shireen Mazarisaid က “အစ္စလာမဘတ်မှာ ရှိတဲ့ စီအိုင်အေလျှို့ဝှက်ဌာနခေါင်းဆောင်၊ စီအိုင်အေဒါရိုက်တာ John O. Brennan တို့ကို နယ်ကျော်အမြတ်ထုတ်ပြီး လူသတ်မှု၊ ပါကစ္စတန်အပေါ်စစ်ဆင်မှုအတွက် တရားခံစာရင်း သွင်းလိုပါတယ်။ စီအိုင်အေဌာနအကြီးအကဲဆိုတာ သံတမန်ရာထူး မဟုတ်ပါဘူး။ ဒါကြောင့် သူ့အနေနဲ့ သံတမန်အရေမခြုံအပ်ပါဘူး။ ပါကစ္စတန်ရဲ့ ပြည်တွင်းဥပဒေဘောင်အတွင်းမှာပဲ နေထိုင်ရမှာဖြစ်ပါတယ်” ဟု ရေးသားထားသည်။

    ဆိုမားလီးယား (၂၀၀၇ မှ ယနေ့တိုင်)
    ————————————-
    ကင်ညာနှင့် တန်ဇန်နီးယားရှိ အမေရိကန်သံရုံးများကို ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၀၀ သေဆုံးမှုတွင် တာဝန်ရှိသည်ဟုယူဆသော ဆိုမားလီးယားမှ ၀ါရှင်တန်၏သံသယရှိသူ အလ်ကိုင်ဒါခေါင်းဆောင်များအား ၂၀၀၇ ဇန္န၀ါရီလ၌ အမေရိကန်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထိုတိုက်ခိုက်မှုကို ဆိုမားလီးယားသမ္မတ Abdullahi Yusuf Ahmed မှ အပြည့်အ၀ ထောက်ခံရပ်တည်ခဲ့သည်။

    ဆိုမားလီးယားတွင် ၀ါရှင်တန်၏ “အကြမ်းဖက်တန်ပြန်စစ်ဆင်ရေး”ခေါင်းစဉ်တပ် အမေရိကန်ပါဝင်စွက်ဖက်မှုကို ကမ္ဘာ့အသိုင်းအ၀ိုင်းက စိတ်ဝင်စားမှု နည်းပါးခဲ့သည်။

    သို့သော် အလ်ကိုင်ဒါနှင့်အချိတ်အဆက်ရှိနေသော Al-Shabaab အုပ်စုမှ ဆိုမာလစ်ဂျိဟာ့ဒ် သမားတို့သည် မိမိတို့ခေါင်းဆောင် Ahmed Godane မှာ လေကြောင်းတိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ကြောင်း စက်တင်ဘာလအစောပိုင်းက အတည်ပြုခဲ့သည်။ ၎င်းနောက် လက်စားချေတိုက်ခိုက်မှုကို လုပ်ဆောင်မည်ဟု ကြေငြာလိုက်ကြသည်။ ဆိုမားလီးယား ဗဟိုတောင်ပိုင်းရှိ Godane ၏ ယာယီစခန်းများသို့ အမေရိကန်တပ်ဖွဲ့များက ဒုံးကျည်များ၊ လေဆာရောင်ခြည်သုံး လက်နက်များဖြင့် ဖြိုခွင်းခဲ့သည်ဟု ရိုက်တာမှ သတင်းဖော်ပြသည်။ ခုနှစ်လတာ အတွင်း ဆိုမားလီးယား၌ ပထမဆုံးအကြိမ် ဖြစ်သည်။

    လစ်ဗျား
    ———
    လစ်ဗျားသည် ဥရောပနှင့် နေတိုးတပ်ဖွဲ့တို့၏ ဗုံးခွင်းစစ်ဆင်ရေးများမှ ခြွင်းချက်ပေးခံထားရခြင်း ဖြစ်နိုင်ပေသည်။ သို့သော် အမေရိကန်က ယင်းသို့ပြုလုပ်ရန် အချက်ပေးခဲ့ပြီး လစ်ဗျားခေါင်းဆောင်ဟောင်း Muammar Gaddafi ကို ၂၀၁၁ မတ်လတွင် ဖြုတ်ချရန် ကြိုးစားခဲ့သည်။ “နေရာကဆင်း၊ မဆင်းရင် ဗုံးကြဲရလိမ့်မယ်” ကဲ့သို့ ရည်ညွန်းသော ရာဇသံကို ဘားရက်အိုဘားမားက ပေးပို့ရာ ကဒါဖီမှ ၀ါရှင်တန်၏ တောင်းဆိုချက်ကို ငြင်းပယ်သဖြင့် များမကြာမီ စစ်ရေးအရအရေးယူမှု စတင်တော့သည်။

    ပြည်တွင်းစစ်မှာ ၈ လအတွင်း ပြီးဆုံးခဲ့သည်။ သို့သော် နိုင်ငံတွင်းရှိ အုပ်စုကွဲတို့အကြား ဖရိုဖရဲဖြစ်ခြင်းနှင့် တိုက်ပွဲများကတော့ ဆက်လက်ဖြစ်ပေါ်နေဆဲပင်။ နှစ်ဖက်အုပ်စုမှ လစ်ဗျားပြည်သူတို့ ထောင်နှင့်ချီ၍ သေဆုံးကြရပြီး ၎င်းအတွင်း အရပ်သား အများအပြား ပါဝင်ခဲ့ပေသည်။

    xxxxxxxxxxxxxxxxxxxxxx

    ပြန်ဆိုသူ – မြင့်မိုရ်မောင်မောင်
    Ref : Obama bombs 7th country in 6 years (RT)