News @ M-Media

ဘောလုံးသမားများအား တတိယလူ ပိုင်ဆိုင်မှုကို ဖီဖာပိတ်ပင်

စက်တင်ဘာ ၂၈ ၊ ၂၀၁၄
M-Media
1411737338243_wps_13_ZURICH_SWITZERLAND_SEPTEM
– ကစားသမားတစ်ဦးအား ကလပ်အသင်းများမှမဟုတ်ဘဲ တတိယလူတစ်ဦးက ပိုင်ဆိုင်ကာ အပြောင်းအရွှေ့တွင် အကျိုးအမြတ်ရယူမှုများကို ပိတ်ပင်ရန် ဖီဖာအမှုဆောင်ကောင်စီက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမှုဆောင်ကောင်စီတွင် ယမန်နေ့က မဲပေးကာ အတည်ပြုခဲ့ကြခြင်းဖြစ်ပြီး ထိုဥပဒေအတွက် စည်းမျဉ်းစည်းကမ်းများကို ယခုမှစ၍ ရေးဆွဲသွားမည်ဟု ဖီဖာ ဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားခဲ့သည်။

ဘောလုံးသမားများအား တတိယလူက ပိုင်ဆိုင်ခြင်းမှာ အေးဂျင့်များအကြားတွင် ခေတ်စားနေပြီး လက်တင်အမေရိက၊ စပိန်နှင့် ပေါ်တူဂီတို့တွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြသည်။

အင်္ဂလန်တွင်မူ ဘောလုံးသမားများအား တတိယလူပိုင်ဆိုင်ခြင်းကို တားမြစ်ထားသော်လည်း ပြီးခဲ့သည့်အပြောင်းအရွှေ့ဈေးကွက်တွင် ပရီးမီးယားလိဂ် ကလပ်အသင်းများမှာ ၎င်းတို့ခေါ်ယူချင်သည့် ကစားသမားများအား တတိယလူများထံမှ ၀ယ်ယူကြသည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

ထိုအထဲတွင် စပို့တင်းလစ္စဘွန်းမှ နောက်ခံလူ ရိုဂျိုကို မန်ယူက ခေါ်ယူမှုနှင့် ဘင်ဖီကာမှ မာကိုဗစ်ကို လီဗာပူးလ်မှ ခေါ်ယူမှုတို့မှာ တတိယလူများနှင့် အပြောင်းအရွှေ့ ပြုလုပ်ခဲ့သည့် သာဓကများဖြစ်ခဲ့သည်။

တတိယပိုင်ရှင်စနစ်ကိုလိုလားသူများကမူ ဖီဖာ၏ထိုပိတ်ပင်မှုအား ဝေဖန်ခဲ့ပြီး၊ ၎င်းတို့မှာ ကလပ်အသင်းများ အမှန်တကယ်မ၀ယ်ယူနိုင်သည့် ကစားသမားများအား ခေါ်ယူပေးနိုင်သည်ဟု ပြောကြားခဲ့သည်။

ref_ Daily Mail

Comments

Leave a Reply