News @ M-Media

Blog

  • ဝေဖန်မှုများအား တုံ့ပြန်သွားမည် မဟုတ်ဟု စပိန်နည်းပြ ဒဲလ်ဘော့စကေး ပြောကြား

    ဝေဖန်မှုများအား တုံ့ပြန်သွားမည် မဟုတ်ဟု စပိန်နည်းပြ ဒဲလ်ဘော့စကေး ပြောကြား

    စက်တင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    425760_heroa
    – ကမ္ဘာ့ဖလားပြိုင်ပွဲအလွန် မိမိတို့အသင်းမှာ တိုးတက်မှုများရှိနေပြီး မိမိအား ဝေဖန်နေမှုများကို တုံ့ပြန်သွားမည်မဟုတ်ဟု စပိန်အသင်းနည်းပြ ဒဲလ်ဘော့စကေးက ပြောကြားလိုက်သည်။

    ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းမှာ ဘရာဇီးလ်ကမ္ဘာ့ဖလားတွင် ခြေစွမ်းမပြနိုင်ခဲ့ဘဲ အုပ်စုအဆင့်မှပင် ထွက်ခဲ့ရပြီး ပြီးခဲ့သည့် တစ်ပတ်က ပြင်သစ်အသင်းနှင့် ခြေစမ်းပွဲတွင်လည်း ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့သည်။

    ထို့ကြောင့် အဓိကကစားသမားနှစ်ဦး အနားယူသွားပြီးနောက် အသင်းအား ပြန်လည်တည်ဆောက်နေရသည့် နည်းပြဒဲလ်ဘော့စကေးအပေါ် ဝေဖန်မှုများ ရှိလာခဲ့သည်။

    “စပိန်အသင်းရဲ့ စွမ်းဆောင်ရည်ကို သံသယရှိနေတဲ့သူတွေနဲ့ဖက်ပြီး ကျွန်တော် ရန်ဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုပဲ ဝေဖန်ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ချို့ယွင်းချက်တွေနဲ့ ပတ်သက်ပြီးပြောတာကို ကျွန်တော် မကြိုက်ပါဘူး။ ကောင်းတာတွေကို အလေးထားရတာပဲကျွန်တော်ပိုနှစ်သက်ပြီး အားနည်းချက်တွေကိုတော့ အသင်းရဲ့ ၀တ်လဲခန်းထဲမှာပဲ ပြောပါတယ်” ဟု ဒဲလ်ဘော့စကေးက Radio Marca သို့ပြောကြားခဲ့သည်။

    စပိန်အသင်းမှာ လာမည့်အောက်တိုဘာလတွင် ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် စလိုဗက်ကီးယား၊ လူဇင်ဘတ်အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

  • ပစ်ပယ် ခွဲခြားမှုများ ခါးစီးခံနေရသည့် တောင်ကိုရီယားမှ ခင်ပွန်းမဲ့ ဇနီးများနှင့် စွန့်ပစ် ကလေးငယ်များ

    ပစ်ပယ် ခွဲခြားမှုများ ခါးစီးခံနေရသည့် တောင်ကိုရီယားမှ ခင်ပွန်းမဲ့ ဇနီးများနှင့် စွန့်ပစ် ကလေးငယ်များ

    စက်တင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media

    လူ့အသိုင်းဝိုင်းအတွင်း ပစ်ပယ်မှုနှင့် ခွဲခြားမှုများကို ခါးစီးခံနေရသည့်  တောင်ကိုရီယားမှ ခင်ပွန်းမဲ့ ဇနီးများနှင့် စွန့်ပစ် ကလေးငယ်များ

    solo mum2

    – ကိုယ်ဝန်နှင့်သူမကို ချစ်သူဖြစ်သူ ထားသွားခဲ့စဉ်က ပက်ဒါဟွန်းမှာ အသက် ၂၅ နှစ်သာ ရှိသေးသည်။ လုပ်ဖော်ကိုင်ဖက်များ၊ မိဘများကို တိမ်းရှောင်ကာ ဆေးရုံတွင် သူမတစ်ယောက်တည်း ထိုကလေးကို မွေးရလေသည်။ မိဘများက ကလေးဖျက်ချရန် တိုက်တွန်းခဲ့သည်ဟု ပက်ကဆိုသည်။ အချို့သော ချွင်းချက်များမှအပ ကလေးဖျက်ချခြင်းမှာ တောင်ကိုရီးယားတွင် တရားမ၀င်ဖြစ်သည်။ သို့သော်လည်း နှစ်စဉ် ကလေးဖျက်ချမှုနှုန်းမှာ ခန့်မှန်းချေ ၃ သိန်းခန့်ရှိလေသည်။

    မီးဖွားပြီးနောက် ထိုကလေးအား ဆိုးလ်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် ပက်က ထားခဲ့လေသည်။ မွေးကင်းစကလေးများ စွန့်ပစ်ခံရသည်ဟူသော သတင်းများကြောင့် သင်းအုပ်ဆရာ လီဂျွန်ရက်က ဘုရားကျောင်းရှေ့တွင် ကလေးစွန့်ပစ်ရန် သေတ္တာ တစ်ခုထားပေး ခဲ့သည့် ၂၀၀၉ ခုနှစ်မှစ၍ ကလေးစွန့်ပစ်သူ မိခင် ၅၀၀ ကျော်ရှိလာပြီဖြစ်၏။ လီကမူ မိခင်များအား အကြံဥာဏ်များပေးပြီး ကလေးငယ်များအား ခဏတာ ခိုလှုံခွင့်ပေးထားသည်။

    တာဝန်ယူမှုမရှိ၊ အားကိုးမထိုက်သော မိခင်များဟု ထင်ရသော ပက်ကဲ့သို့ အမျိုးသမီးများမှာ လက်မထပ်ဘဲရသည့် ထိုကိုယ်ဝန်အတွက် လူတောသူတောထဲတွင် ခွဲခြားခြင်းခံရလေသည်။ (ကိုယ်ဝန်ဆောင်ခြင်းကြောင့်) ကုမ္ပဏီ၏သတ်မှတ်ချက်နှင့် မကိုက်ညီဟုဆိုကာ ပက် အလုပ်ပြုတ်ခဲ့သည်။

    နောက်ဆုံးတွင် ပတ်ကို မိဘများက ပြန်ခေါ်ခဲ့သောကြောင့် ကံကောင်းသူများထဲတွင် ပါဝင်ခဲ့သည်။ မင်္ဂလာမဆောင်ဘဲ ကလေးမွေးပြီး စွန့်ပစ်သွားခြင်း၊ သို့မဟုတ် ထိုကလေးအား နိမ့်ကျစွာရှင်သန်စေသည့် မိခင်များအား တောင်ကိုရီးယား လူ့အဖွဲ့အစည်းက ပြင်းပြင်း ထန်ထန် ပုတ်ခတ်ပြောဆိုကြသည်။ တရားဝင်အိမ်ထောင်မပြုသော မိဘမှ မွေးဖွားလာသည့် ကလေးများကို ကျောင်းတွင်လည်း ၀ိုင်းပယ်ထားကြ၏။

    ကလေးများအနေဖြင့် မိဘများကို လွယ်ကူစွာရှာဖွေနိုင်ရန်နှင့် တရားဝင် မင်္ဂလာမဆောင်သော မိခင်များ ကလေးများစွန့်ပစ်မှုကို တားဆီးရန်အတွက် ၂၀၁၂ ခုနှစ်တွင် တောင်ကိုရီးယား အစိုးရက အငြင်းပွားဖွယ် ကလေးမွေးစားမှု ဥပဒေကို ပြဌာန်းခဲ့သည်။

    ခင်ပွန်းမရှိသည့် မိခင်များ ကလေးမွေးဖွားပြီး ၇ ရက်အထိ ကြည့်ရှုစောင့်ရှောက်ခြင်းကို မလုပ်မနေရအဖြစ် ပြဌာန်းထားပြီး ထို့နောက်တွင်မှ ကလေးငယ်အား စွန့်လွှတ်မည်လား ဆက်လက်စောင့်ရှောက်မည်လား ဆုံးဖြတ်ရန် သတ်မှတ်ထားသည်။ ကလေးမွေးဖွားမှုကို တရားဝင်မှတ်တမ်းတင်ရပြီး မွေးစားဖို့ ပေးမည်ဆိုလျှင်ပင် မွေးစားမည့် မိဘများနှင့် ကလေးမိခင် တစ်ခါတစ်ရံ အဘိုးအဘွားတို့နှင့် သဘောတူညီချက်ယူရ၏။

    သင်းအုပ်ဆရာလီကတော့ အဆိုပါကလေးမွေးစားသည့် ဥပဒေက မွေးကင်းစ ကလေးများအား မိခင်များက တရားမ၀င်စွန့်ပစ်ခြင်း တိုးပွားလာရန် တွန်းပို့နေပြီး “ကလေးများကို သတ်သော ဥပဒေ” သာဖြစ်သည်ဟု မှတ်ချက်ပေးခဲ့လေသည်။

    ထိုဥပေဒပြဌာန်းပြီးကတည်းက စွန့်ပစ်သည့် ကလေး အရေအတွက်မှာ လေးဆ တိုးလာသည်ဟု လီကဆိုသည်။ ကလေးများစွန့်ပစ်စဉ်က မိခင်များထားခဲ့သည့် စာများကိုလည်း လီကသိမ်းထား၏။ တစ်ချို့မှာ စိတ်ဓာတ်ကျနေပြီး တစ်ချို့ဆိုလျှင် ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့အထိ ထိုစာများတွင် ရေးသားအသိပေးထားလေသည်။

    လီ၏ ဘုရားကျောင်းမှ မှတ်တမ်းအရ မိခင်လေးဦးတွင် တစ်ဦးမှာ သူတို့၏ ကလေးများကို ပြန်လည်ခေါ်ဆောင်ကြသည်ဟု ဆိုသည်။ ကျန်ရှိနေသာကလေးများ ကိုတော့ နိုင်ငံရပ်ခြားမှ စုံတွဲများကို မွေးစားဖို့ ပေးကြသည်။ နိုင်ငံအတွင်း တွင်တော့ မွေးစားမှုအလွန်နည်းကြ၏။ မိဘမဲ့ကလေးများအား ၀ိုင်းပယ်မှု၊ ပုတ်ခတ်မှုများ တောင်ကိုရီးယားတွင် တွင်ကျယ်နေသောကြောင့်ပင် ဖြစ်ပေသည်။

    Aljazeera သတင်းဌာန၏ 101 East အစီအစဉ်မှ  Solo mums  ရုပ်သံသတင်းဆောင်းပါးကို လေးမောင် ဆီလျော်အောင် ပြန်ဆိုသည်။

  • လေဒီဝေ နှင့် ရန်ကုန်ဈေးသည်များ

    လေဒီဝေ နှင့် ရန်ကုန်ဈေးသည်များ

    စက်တင်ဘာ ၇၊ ၂၀၁၄
    M-Media
    -မဝေ(လရိပ်ပြာ) ရေးသည်။
    DSC_3501
    လေဒီဝေတို့ မိသားစု ၁.၆.၁၄ နေ့က မြောင်းမြရွှေမြို့တော်ကြီးကနေ ရန်ကုန်ရွှေမြို့တော်သို့ အပြီးအပိုင် ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ရန်ကုန်မြို့ရဲ့ တာမွေမြို့နယ်ထဲမှာ တိုက်ခန်းနဲ့ နေပါတယ်။ ရန်ကုန်မြို့ နံနက်မိုးလင်းတာနဲ့ ဈေးသည်ပေါင်းစုံရဲ့ အော်သံကြားရပါတော့တယ်။

    “ပဲ………….ပြုတ်”
    “လယ်………ထဲ…တိုး……ဝင်”
    “ကြောင်ကြီးသုပ်”
    “တိုဖူးသုပ်”
    “ကြာဇံချက် ”
    “တပ်တရာ ပူပူလေး”
    “ရေသန့်ရမယ် ရေသန့်”
    “ဖလုတ်လုံး…..”
    “ဆံ…….ကျွတ်……..တွေဝယ်တယ်။”
    “အီမြိုက်……..ပစ်အုံးမလား”
    “ကြွက်ကြော်ပူပူလေး”
    “စိတ် ……စိတ်….စိတ်……..”
    “ပါမုန့်…….ပါမုန့်…”

    ဈေးသည်တွေရဲ့အော်သံကြားတော့ သားရေ ဘာတွေရောင်းနေလဲမသိဘူး။ နားလည်တဲ့ဟာတော့ နားလည်တယ်။ နားမလည်တဲ့ဟာကျတော့ “ကြောင်ကြီးသုပ်တဲ့” မေမေရေ ရန်ကုန်က လူတွေ ကြောင်တောင် သုပ်စားရောင်းစားတယ်။ “မဟုတ်ဘူးသားရဲ့” ရှောက်သီးသုပ်ရောင်းတာ။ “ဟော ကြွက်ကြော် ကြွပ်ကြွပ်လေးတဲ့ ရန်ကုန်မှာ ကြွက်ကြီးတွေက လမ်းပေါ်တောင်သွားနေတာ အဲ့ဒါဖမ်းပြီး ရောင်းတာထင်တယ်။ မဖြစ်နိုင်ဘူး၊ ခေါ်မေးစမ်း။ မစားဘဲနဲ့ မမေးချင်ပါဘူး။

    “လယ်ထဲတိုးဝင်တဲ့” ဘာသည်လဲ ခေါ်ကြည့်စမ်း

    “လာပါအုံး” ဘာလဲ  “ပဲပြုပ်လေ” အဲ့ဒါကို နင်ဘယ်လိုအော်တာလဲ အော်ပုံကထူးစမ်းလှချည်လား။

    “ဖလုတ်လုံး” ယောက်ျား ဘာတွေရောင်းလည်း လှမ်းကြည့်စမ်း …… ဝါးလုံးတွေထမ်းလာတာ မြင်မှ အော် ဝါးလုံးကိုး”

    အီမြိုက် ပစ်အုံးမလား?

    မေမေရှေ့မှာ အော်နေပြန်ပြီ ဘာသည်လည်း မသိဘူး ထွက်ကြည့်အုးံ “သြော် အမှိုက်သမားပါ။”

    အမယ်လေး ရန်ကုန် ဈေးသည်တွေရယ် ကိုးရီးယား ကားထဲကလို အောက်က စားတမ်းထိုး ဘာသာပြန်ပေးကြပါဦး……..

    ဟိုအရင်လွန်ခဲ့တဲ့ အနှစ် ၂၀ လောက် တုန်းက နယ်မှာနေတုန်း လေဒီဝေရဲ့ သူငယ်ချင်းက ရန်ကုန်ကို မိန်းမခိုးပြေးတယ်။ ရန်ကုန်က သူငယ်ချင်းအိမ်တစ်အိမ်မှာ သွားတည်းတယ်။ နယ်ကလူတွေရဲ့ထုံးစံ မနက်စောစောနိုးတယ်။ အိမ်ရှင်တွေက မထကြသေး။ စုံတွဲအသစ်စက်စက် စောစောစီးစီး ဗိုက်ဆာ အိမ်ရှင်မနိုးသေး။ မိုးတွေကလည်းရွာ…

    တိုက်ရှေ့ လမ်းမပေါ် ဈေးသည် တစ်ဦးပြီးတစ်ဦး အော်ပြီးသွား……….သူငယ်ချင်းရဲ့မိန်းမက ကိုရေဗိုက် ဆာပြီ ဒီတခါလာတဲ့ဈေးသည်ကို ဝါရံတာကနေ ခေါ်ပြီးဝယ်ရအောင်ဆိုတော့ အေးကောင်းတယ်၊ ဒီတခါဘာသယ်လာလာ ခေါ်ရအောင်။

    “မိုး….စို…..စီး …….တွေ…..မိုး………စို……စီး…..တွေ ရမယ်။”

    ဟောလာဘီခေါ်လိုက် –

    “လာပါအုံး” (စားစရာတစ်ခုခုမှတ်လို့)

    “ဆိုက်ကြီးလား ဆိုက်သေးလား ဘယ်နှစ်ရံယူမလဲ” ဈေးသည်က အပေါ်ကိုမော့ကြည့်ပြီးပြောတယ်

    “ဘာရောင်းတာလဲ”

    “ခုံဖိနပ်လေ”

    ဗိုက်ဆာနေတာ ခုံဖိနပ်ဝယ်စားမလား နင်ခုနကဘာအော်တာလဲ ….

    “မိုး….စို…..စီး …….တွေ…..မိုး………စို……စီး…..တွေ ရမယ်။”

    ရွှင်လန်းချမ်းမြေ့ပါစေ –

    မဝေ(လရိပ်ပြာ)

    နောက်ခံ ဓါတ်ပုံအညွှန်း- ရန်ကုန်မြို့တွင်း တစ်နေရာရှိ လမ်းဘေးဈေးသည်များအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်) –

  • ဆော်ဒီတွင် အ၀လွန်ရောဂါကြောင့် နှစ်စဉ် လူ ၂ သောင်းခန့် သေဆုံးနေ

    ဆော်ဒီတွင် အ၀လွန်ရောဂါကြောင့် နှစ်စဉ် လူ ၂ သောင်းခန့် သေဆုံးနေ

    စက်တင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    obesity
    – အ၀လွန်ခြင်း၊ ၎င်းနှင့်ဆက်စပ်သည့် ရောဂါများကြောင့် ဆော်ဒီတွင် နှစ်စဉ် လူ ၂ သောင်းဝန်းကျင် သေဆုံးနေကြသည်ဟု လေ့လာမှုများအရ သိရသည်။

    အရွယ်မရောက်သေးသူများနှင့် အရွယ်ရောက်ပြီးသူများတွင် အ၀လွန်ခြင်းမှာတိုးလာနေပြီး ထိုကဲ့သို့ တိုးလာခြင်းကြောင့် ကလေးများအကြား ဆီးချိုရောဂါ ဖြစ်ပွားမှုမှာလည်း တိုးလာနိုင်သည်ဟု ဆော်ဒီဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

    ကျန်းမာရေး အသိပညာပေးခြင်းအစီအစဉ်ကို ကျောင်းများတွင် ထည့်သွင်းထားသော်လည်း ဆော်ဒီတွင် ဆီးချိုရောဂါသည်မှာ ၃ သန်းကျော်ရှိနေသည်။ ထို့ပြင် အ၀လွန်ခြင်းနှင့် အဆင့် ၂ ဆီးချိုရောဂါသည်များမှာလည်း နိုင်ငံလူဦးရေ၏ လေးပုံတစ်ပုံခန့် ရှိလာပြီး တိုကဲ့သို့များပြားလာခြင်းအတွက် နိုင်ငံအရှေ့ပိုင်း ဆီးချိုရောဂါကို စောင့်ကြည့်နေသည့် Saudi Sugar and Endocrinology Society အဖွဲ့ က အစိုးရကို သတိပေးထားသည်။

    “ဒီရောဂါ(အ၀လွန်ခြင်း)ဟာ အခြားနိုင်ငံတွေမှာလိုပဲ ပြည်သူ့ကျန်းမာရေးနဲ့ ဆော်ဒီရဲ့ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေပါတယ်။ ကမ္ဘာ့တစ်ဝှမ်း အ၀လွန်သူအရေအတွက်ဟာ သန်း ၂ ထောင်နီးပါးရှိပြီး၊ ဒီအရေအတွက်ဟာ နိုင်ငံတွေရဲ့ ဘဏ္ဍာရေးအတွက် ၀န်ထုတ်ဝန်ပိုးကို ဖြစ်စေပါတယ်။ နောက်ပြီး ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ကင်ဆာရောဂါပေါင်းစုံကိုလည်း ဖြစ်စေပါတယ်” ဟု အဆိုပါ အဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် အသက်ရှည်စေမည့် လူမှုဘ၀ ပြောင်းလဲခြင်းအပါအ၀င် အ၀လွန်ခြင်းကို လျှော့ချရန်အတွက် ဆောင်ရွက်မှုများကို ချက်ချင်းအကောင်အထည်ဖော်ရေးကိုလည်း အဆိုပါအဖွဲ့က ဆော်ဒီအစိုးရအား တိုက်တွန်းခဲ့သည်။

    ref_ArabNews

  • ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့် အချိန်အား သဘောတူညီချက် ရမည်ဟု ကာတာဆို

    ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့် အချိန်အား သဘောတူညီချက် ရမည်ဟု ကာတာဆို

    စက်တင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    QATAR-2022
    – ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား နွေရာသီ သို့မဟုတ် ဆောင်းရာသီတွင် ကျင်းပမည်လားဆိုသည်ကို ဆုံးဖြတ်ရန် အဖွဲ့များအကြား သဘောတူညီချက်ကို ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေး ဆက်သွယ်မှုနှင့် ဈေးကွက် အမှုဆောင်ဒါရိုက်တာ နာဆာရန် အလ်-ခေတာက ပြောကြားခဲ့သည်။

    ကာတာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်း၊ ပူပြင်းသောနွေရာသီတွင် ကစားသမားများနှင့် ပရိတ်သတ်များ၏ ကျန်းမာရေးစိုးရိမ်ရမူ စသည့်ပြဿနာများကြောင့် ကာတာအား ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့ခြင်းအတွက် ဖီဖာမှာ ဝေဖန်မှုများ ခံနေရသည်။

    ထို့ကြောင့် ပြင်းထန်သောနွေရာသီတွင် ကျင်းပမည့်အစား ပြိုင်ပွဲအား ဆောင်းရာသီတွင် ပြောင်းရွှေ့ကျင်းပရန်အတွက် ပွဲစဉ်ဇယား ပြန်လည်ရေးဆွဲရန် ဖီဖာမှ အမှုဆောင်ကောင်စီမှ အဖွဲ့တစ်ခုကို ဖွဲ့စည်းပေးထားပြီး ယခုသီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    အလ်ခေတာကမူ  အဆိုပါအစည်းအဝေးမှာ အကျိုးရှိခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို မည်သည့်အချိန်တွင် ကျင်းပမည်ကို သဘောတူညီချက်ရရှိရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ထို့ပြင် မိမိတို့အနေဖြင့် ဘောလုံကွင်းအတွင်းနှင့် အများပြည်သူများနှင့် သက်ဆိုင်သော နေရာများတွင် လေအေးပေးစက်များ တပ်ဆင်ကာ အပူချိန်အား လျော့ကြရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခေတာက ထပ်လောင်းပြောကြားခဲ့သည်။