News @ M-Media

Blog

  • ISIS အား ဆန့်ကျင်သော အွန်လိုင်း လှုပ်ရှားမှု အီဂျစ်ရှိ ဒုတိယ အကြီးဆုံး အစ္စလာမ် ဘာသာရေး အဖွဲ့မှ  စတင်

    ISIS အား ဆန့်ကျင်သော အွန်လိုင်း လှုပ်ရှားမှု အီဂျစ်ရှိ ဒုတိယ အကြီးဆုံး အစ္စလာမ် ဘာသာရေး အဖွဲ့မှ စတင်

    သြဂုတ် ၂၆ ၊ ၂၀၁၄
    M-Media

    Dar-Al-Ifta
    အီဂျစ်ထိပ်တန်း အစ္စလာမ် ဘာသာရေး အဖွဲ့ဖြစ်သည့် Fatwa House (Dar al-Ifta) ၏ ရုံး

    – ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ နယ်မြေအချို့ကို သိမ်းယူကာ အစ္စလာမ့်မစ် နိုင်ငံတော် အဖြစ် ကြေညာ ထားသည့် ISIS ၏ အစ္စလာမ် သာသနာအား ပုံဖျက်မှုများကို ဆန့်ကျင်ရန်အတွက် အွန်လိုင်း လှုပ်ရှားမှု တစ်ခုကို အီဂျစ်ထိပ်တန်း အစ္စလာမ် ဘာသာရေး အဖွဲ့ဖြစ်သည့် Fatwa House (Dar al-Ifta) က စတင်လိုက်သည်ဟု သိရသည်။

    အဆိုပါလှုပ်ရှားမှုကို သြဂုတ်လ ၂၄ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်ဟု အီဂျစ်နိုင်ငံ အစ္စလာမ့် သာသနာရေးဆိုင်ရာ ဒုတိယ အကြီးဆုံးဖြစ်သည့် Dar al-Ifta ပြောရေးဆိုခွင့်ရှိသူ မွဖ်သီကြီး အီဘရာဟင် နအီမ်းက အလ်-အာရေဗျ သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

    အစ္စလာမ်သာသနာ၏ စစ်မှန်သော သင်ကြားချက်များဖြစ်သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ဘာသာတရားများနှင့် အသက်ခန္ဓာများအား ကာကွယ်ပေးရေး စသည့်တိုက်တွန်းမှုများနှင့် ကွဲလွဲ ဆန့်ကျင်ကာ လုပ်ဆောင်နေသည့် ISIS ၏လုပ်ရပ်များကို မွတ်စလင်အားလုံးက လက်မခံဟု မွဖ်သီကြီးက ဆိုသည်။

    ထိုပြင့် ISIS အဖွဲ့အားဖော်ပြရာတွင် “အစ္စလာမ့်မစ်နိုင်ငံတော်” ဟု သုံးနှုန်းခြင်းကို ရှောင်ရှားရန် အတွက် နိုင်ငံခြားမီဒီယာများသို့ ရောက်ရှိစေမည့် နိုင်ငံတကာ ဆိုင်ရာ လှုပ်ရှားမှုတစ်ခုကို Dar Al-Ifta မှ ဆောင်ရွက်ခဲ့သည်ဟု မွဖ်သီကြီးက ထည့်သွင်းပြောကြားခဲ့သည်။

    ISIS ၏ အဖွဲ့ဝင်အများစုမှာ ဆီးရီးယားသမ္မတ ဘာရှာအလ် အာဆတ်ကို ဖြုတ်ချရန်အတွက် အမေရိကန်နှင့် အနောက်နိုင်ငံတို့မှ လက်နက်တပ်ဆင် ပေးထား သူများဖြစ်ပြီး အမေရိကန် စစ်တပ်အရာရှိများကိုယ်တိုင် ၎င်းတို့အား လေ့ကျင့်သင်ကြားပေးခဲ့သည့်ဟု အနောက် မီဒီယာများက ဖော်ပြခဲ့ကြသည်။

    ဆီးရီးယားနှင့် အီရတ် နယ်မြေအချို့ကို ထိုအဖွဲ့က သိမ်းယူပြီးနောက်ပိုင်း ပြုလုပ်ခဲ့သည့်  တိုက်ခိုက် သတ်ဖြတ်မှုများကို ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ခေါင်းဆောင်များနှင့် အစ္စလာမ်ဘာသာရေး ပညာရှင်များက ကန့်ကွက်ခဲ့ကြသည်။

    ယခုလအစောပိုင်းကပင် အီဂျစ်မှ ထိပ်တန်း မွဖ်သီတစ်ဦးဖြစ်သည့် ရှောကွီ အလမ်က အစ္စလာမ် သာသနာ၏ သင်ကြားမှုများကို ချိုးဖောက်ကာ ဆောင်ရွက်နေသော အဆိုပါအဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများကို ရှုတ်ချကြောင်း ပြောဆိုခဲ့သည်။

    ထိုအဖွဲ့ဝင်များမှာ အစွန်းရောက် အဖွဲ့အစည်းမှ အကြမ်းဖက်သမားများဖြစ်ကြောင်း၊ အစ္စလာမ်သာသနာ တစ်ခုလုံးအတွက် အန္တရာယ်ရှိကြောင်း ရှောကွီအလမ်က ထည့်သွင်းပြောကြားခဲ့သည်။

    Dar Al-Ifta မှ ဆောင်ရွက်မည့် လှုပ်ရှားမှုတွင် ISIS အဖွဲ့အား ဆန့်ကျင်သည့် Facebook ပေ့ခ်ျ တည်ထောင်မှုလည်း ပါဝင်မည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ခေါင်းဆောင်များနှင့် အစ္စလာမ် ဘာသာရေး ပညာရှင်များ၏ ထိုအဖွဲ့အား ဆန့်ကျင်သော အမြင်များကို ဖော်ပြသွားမည်ဖြစ်သည်။

    ဆော်ဒီမှ အကြီးဆုံးမွဖ်သီချုပ်ကလည်း ISIS ၏ လုပ်ရပ်များမှာ အစ္စလာမ်သာသနာ၏ သွန်သင်ချက်နှင့် ဗြောင် ဆန့်ကျင်နေပြီး ထိုအဖွဲ့မှာ အစ္စလာမ်၏ နံပါတ် ၁ ရန်သူသာဖြစ်သည်ဟု မကြာသေးမီကပင် ပြောကြားခဲ့သေးသည်။

    OnIslam & News Agencies

  • ယူကရိန်း လွတ်လပ်ရေးနေ့ကို လှောင်ပြောင်သည့် ချီတက်မှု ခွဲထွက်ရေးသမားများပြုလုပ်ခဲ့

    ယူကရိန်း လွတ်လပ်ရေးနေ့ကို လှောင်ပြောင်သည့် ချီတက်မှု ခွဲထွက်ရေးသမားများပြုလုပ်ခဲ့

    သြဂုတ် ၂၆ ၊ ၂၀၁၄
    M-Media
    20148256205536734_20
    – ယူကရိန်းတို့၏ လွတ်လပ်ရေး စစ်ရေးပြမှုကို လှောင်ပြောင်သရော်သည့် အနေဖြင့် နိုင်ငံအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများက ၎င်းတို့ဖမ်းဆီးထားသော ယူကရိန်းစစ်သားများကို ကြိုးများဖြင့် တုပ်နှောင်ကာ လှည့်လည် ချီတက်စေခဲ့သည်ဟု သိရသည်။

    ခွဲထွက်ရေးသမားများ သိမ်းပိုက်ထားရာ ဒွန်တက်စ်မြို့လယ်ရှိ လီနင်ရင်ပြင်တွင် ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်သား ၄၀ မှ ၅၀ ခန့် ပါဝင်ခဲ့သည်။

    ယူကရိန်းစစ်သားများ၏ လက်များကို ကြိုးများဖြင့် ချည်နှောင်ထားပြီး လက်နက်ကိုင်ထားသည့် ခွဲထွက်ရေးသမားများက ၀န်းရံ၍ ချီတက်စေခဲ့ခြင်းဖြစ်ကာ ၎င်းတို့ လျှောက်သွားကြသည့် လမ်းကြောင်းများအား ဆေးကြောရန်အတွက် ရေများတင်ဆောင်ထားသည့် ထရပ်ကားနှစ်စီးလည်း ချီတက်မှုတွင် ပါဝင်ခဲ့သည်။

    ပြည်သူများကမူ ယူကရိန်းစစ်သားများအား အမှိုက်များ၊ ရေဘူးအလွတ်များဖြင့် ပစ်ပေါက်ခဲ့ကြပြီး “ဖက်စစ်များ” “သစ်ပစ်မှာ ကြိုးဆွဲချပစ်” စသဖြင့် အော်ဟစ်ဆဲဆိုခဲ့ကြသည်။

    ခွဲထွက်ရေးအဖွဲ့ခေါင်းဆောင် အလက်ဇန်ဒါး ဇက်ခါချန်ကိုကမူ ယူကရိန်း လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားအတွက် လှောင်ပြောင်သည့် စကားများအား ပြောဆိုခဲ့သည်။

    “၂၄ ရက်နေ့ဟာ ယူကရိန်းလွတ်လပ်ရေးနေ့လို့ ယူကရိန်းအစိုးရက ပြောပါပြီး သူတို့ စစ်ရေးပြမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒွန်တက်စ်မှာလည်း ဒီပုံစံအတိုင်း ပြုလုပ်တာပါ။ ဒါပေမယ့် စစ်ရေးပြတာတော့ မဟုတ်ပါဘူး” ဟု အလက်ဇန်းဒါးက ပြောကြားခဲ့သည်။

    ခွဲထွက်ရေးသမားများ၏ ထိုလုပ်ရပ်အား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဝေဖန်ရှုတ်ချခဲ့ပြီး စစ်သုံ့ပန်းများအား အရှက်ရေစေသော နှိမ့်ချသော လုပ်ရပ်ဖြစ်ကာ ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Agencies
  • ဘာလော့တယ်လီ အသင်းပြောင်းတာ အားလုံးအတွက် အကျိုးရှိဟု အေစီမီလန် စီအီးအိုဆို

    ဘာလော့တယ်လီ အသင်းပြောင်းတာ အားလုံးအတွက် အကျိုးရှိဟု အေစီမီလန် စီအီးအိုဆို

    သြဂုတ် ၂၆ ၊ ၂၀၁၄
    M-Media
    439923_heroa
    – တိုက်စစ်မှူး ဘာလော့တယ်လီမှာ အသင်းမှထွက်ခွာရန် အချိန်ကျပြီဖြစ်ပြီး ၎င်း၏ ထွက်ခွာမှုက အားလုံးအတွက် အကျိုးဖြစ်ထွန်းစေခဲ့သည်ဟု အေစီမီလန်အသင်း၏ စီအီးအို အက်ဒရီယာနို ဂီလာနီက ပြောကြားလိုက်သည်။

    ဘာလော့တယ်လီအား ယူရိုသန်း ၂၀ ဖြင့် ခေါ်ယူရန် လီဗာပူးလ်မှ သဘောတူညီမှု ရရှိခဲ့ပြီး အပြောင်းအရွှေ့ကိစ္စမှာ ယနေ့တွင် ပြီးဆုံးခဲ့သည်။ ဂီလာနီက ဘာလော့တယ်လီမှာ အသင်းတွင် ရှိနေရန် ၉၉ ရာခိုင်နှုန်း သေချာသည်ဟု စောစောပိုင်းက ပြောကြားခဲ့သော်လည်း၊ ယခုကဲ့သို့ ရောင်းချရခြင်းမှာ အားလုံး ကောင်းဖို့အတွက်သာဖြစ်သည်ဟု ၀န်ခံခဲ့သည်။

    “ဘာလော့တယ်လီ။ မီလန်နဲ့ လီဗာပူးလ်တို့ အားလုံးရဲ့ အကျိုးအတွက် ချခဲ့တဲ့ ဆုံးဖြတ်ချက်ပါပဲ” ဟု ဂီလာနီက  Millannews သတင်းဌာနသို့ ပြောကြားခဲ့သည်။

    မီလန်နည်းပြ အင်ဇာဂီကမူ ဘာလော့တယ်လီအား ဆုံးရှုံးရခြင်းမှာ ကစားသမားကောင်း တစ်ဦး ဆုံးရှုံးရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ မီလန်မှာ တိုက်စစ်နေရာဖြည့်တင်းရန် အတွက် ရိုမားနှင့် ပေါ်တိုအသင်းတို့မှ တိုက်စစ်မှူးများကို စောင့်ကြည့်နေပြီး ဂီလာနီကလည်း ရှေ့တန်းကစားသမား တစ်ဦးဝယ်ယူရန်မှာ အသင်းအတွက် ဦးစားပေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဘာလော့တယ်လီကမူ အမှားတစ်ခုကြောင့် ထွက်ခွာသွားခဲ့ရသည့် အင်္ဂလန်သို့ ပြန်လည်ရောက်ရှိခဲ့သည့် အတွက် ပျော်ရွှင်မိကြောင်း၊ လီဗာပူးလ်အသင်းအား ချန်ပီယံလိဂ်အောင်ပွဲသို့ ခေါ်ဆောင် သွားချင်ကြောင်း စသဖြင့် စာချုပ်ချုပ်ဆိုသည့် အခမ်းအနားပြီးတွင် ပြောကြားခဲ့သည်။

  • ဒိန်းမတ်တွင် ပထမဆုံး အစ္စလာမ့် ဓမ္မသင်တန်းကျောင်း ဖွင့်လှစ်ခဲ့

    ဒိန်းမတ်တွင် ပထမဆုံး အစ္စလာမ့် ဓမ္မသင်တန်းကျောင်း ဖွင့်လှစ်ခဲ့

    သြဂုတ် ၂၆ ၊ ၂၀၁၄
    M-Media
    Scandinavia-Gets-1st-Islamic-Theology-School
    – တူရကီမှ ကျော်ကြားသော အီမာမ် ဟာတစ်ပ်၏ အစ္စလာမ့် ဓမ္မသင်တန်း ကျောင်းခွဲ တစ်ခုကို ဒိန်းမတ်နိုင်ငံတွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    ဆလာဂီလ်ဆီမြို့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကျောင်းသို့ ဒိန်းမတ်၊ နော်ဝေနှင့် ဆွီဒင်နိုင်ငံတို့မှ ၁၈ နှစ်ပြည့်ပြီးသည့် မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်သည်။ ထိုကျောင်းမှာ ဒိန်းမတ်နိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သည့် အစ္စလာမ့်ဓမ္မသင်တန်းကျောင်း လည်းဖြစ်သည်။

    ထိုကျောင်းတွင် ကုရ်အာန်၊ ဟဒီးစ်နှင့် အစ္စလာ့မ်ကျမ်းဂန်များကို တူရကီရှိ ကျောင်းများတွင် သင်သည့် သင်ရိုးညွှန်းတမ်း အတိုင်း သင်ကြားသွားမည်ဖြစ်သည်။ အီမာမ် ဟာတစ်ပ်၏ အစ္စလာမ့် ဓမ္မသင်တန်းကျောင်းကို ဘယ်လ်ဂျီယံနိုင်ငံတွင်လည်း ဖွင့်လှစ်ထားပြီး ယခုကျောင်းမှာ ဥရောပတွင် ဖွင့်လှစ်သော အီမာမ် ဟာတစ်ပ်၏ ဒုတိယမြောက် ကျောင်းဖြစ်သည်။

    တူရကီ၏ ထင်ရှားသော အီမာမ် ဟာတစ်ပ်မှာ ၁၉၂၀ ပြည့်နှစ်များမှစ၍ အစ္စလာမ့်ဓမ္မသင်တန်းကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ပြီး ၎င်း၏ ကျောင်းများတွင် အစ္စလာမ့် ဘာသာကျမ်းဂန်များနှင့် ၀ိဇ္ဇာသိပ္ပံ ဘာသာရပ်များကို ပူးတွဲသင်ကြားသည်။

    တူရကီရှိ အီမာမ်ဟာတစ်ပ်၏ကျောင်းများတွင် တက်ရောက်နေသူ ကျောင်းသားဦးရေမှာ ၂ သိန်းခွဲခန့်ရှိနေသည်။

    ဒိန်းမတ်နိုင်ငံတွင် အစ္စလာမ်သာသနာမှာ ခရစ်ယာန်ပြီးနောက် ဒုတိယကိုးကွယ်သူ အများဆုံး သာသနာဖြစ်ပြီး နိုင်ငံလူဦးရေ ၅.၆ သန်း၏ ၄.၈ ရာခိုင်နှုန်းမှာ အစ္စလာမ်ကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။

    OnIslam & News Agencies

  • အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်အား ၀န်ကြီးချုပ်အဖြစ် ထိုင်းဘုရင် အသိအမှတ်ပြု

    အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်အား ၀န်ကြီးချုပ်အဖြစ် ထိုင်းဘုရင် အသိအမှတ်ပြု

    သြဂုတ် ၂၆ ၊ ၂၀၁၄
    M-Media
    201482544538515734_20
    – နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် စစ်တပ်ကြီးစိုးသည့် ပါလီမန်က ရွေးချယ်ခဲ့သော ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာအား ၀န်ကြီးချုပ်အဖြစ် ထိုင်းဘုရင် ဘုမိဘောက ယနေ့တွင် အသိအမှတ်ပြုခဲ့သည်ဟု သိရသည်။

    ဘုရင်ကြီး ဘုမိဘောမှ အသိအမှတ်ပြုခြင်းအခမ်းအနားကို စစ်ဌာနချုပ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြားဖြတ်အစိုးရသစ် ဖွဲ့စည်းရေးကို လာမည့် သီတင်းပတ်များတွင် ပြုလုပ်သွားဖွယ် ရှိနေသည်။ ပရာယွတ်အား ၀န်ကြီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ခြင်းကြောင့် အာဏာမှာ စစ်တပ်၏ လက်တွင် ဆက်လက်တည်ရှိနေသည်။

    “ဘုန်းတော် ကြီးမြတ်လှသော ဘုရင်ကြီးက ကျွန်တော့်ကို ၀န်ကြီချုပ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး သိပ်ကို ကျေးဇူးတင်မိပါတယ်။ ဒါဟာ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုအတွက် ဂုဏ်ယူစရာပါ။ တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် ကျွန်တော့်ရဲ့တာဝန်ကို ရိုးသားစွာ ထမ်းဆောင်သွားပါမယ်” ဟု ပရာယွတ်က အခမ်းအနား အပြီးတွင် ပြောကြားခဲ့သည်။

    အဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် ပါလီမန်တွင် စစ်တပ်မှ လွှမ်းမိုးခဲ့ပြီး၊ မကြာခင် ဖွဲ့စည်းမည့် ကြားဖြတ်အစိုးရအဖွဲ့တွင်လည်း စစ်တပ်အရာရှိများသာ ပါဝင်လိ့မ်မည်ဟု လေ့လာစောင့်ကြည့်သူများက ခန့်မှန်းပြောဆိုနေကြသည်။

    Agencies