News @ M-Media

Blog

  • တရုတ်နိုင်ငံ ယူနန်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်၊ ၃၀၀ ကျော်သေဆုံး

    တရုတ်နိုင်ငံ ယူနန်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်၊ ၃၀၀ ကျော်သေဆုံး

    သြဂုတ် ၃၊ ၂၀၁၄
    M-Media
    china003
    – တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ယနေ့ ညနေပိုင်းက အင်အားပြင်ငလျင်တစ်ခု လှုပ်ခတ်ခဲ့သောကြောင့်  လူ ၃၀၀ ကျော် သေဆုံးပြီး ရာပေါင်းများစွာ ပျောက်ဆုံးနေသည်ဟု သိရသည်။

    Ludian နှင့် Qiaojia ခရိုင်တို့တွင် ယနေ့ ညနေ ၄ နာရီခွဲခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြင်းအားမှာ ၆.၁ မဂ္ဂနီကျုရှိသည်။ ဒဏ်ရာရရှိသူ ထောင်ပေါင်းများစွာရှိနေပြီး ငလျင်ကြောင့် ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့ကာ ကားလမ်းများလည်း ပျက်ဆီးခဲ့သည်။ ထို့ပြင် အဆောက်အအုံအချို့လည်း ပြိုကျခဲ့ကာ အပျက်အဆီးများကြား ပိတ်မိနေသူများကို ကယ်ဆယ်ရေးလုပ်သားများက ရှာဖွေနေသည်။

    ယူနန်ပြည်နယ်တွင် လှုပ်ခတ်ခဲ့သော်လည်း စီချွမ်ပြည်နယ်ရှိ အချို့ဒေသများတွပါ ငလျင်ဒဏ်ကို ခံစားခဲ့ရသည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။ ငလျင်လှုပ်ခတ်ပြီး ၂ နာရီအတွင်း နောက်ဆက်တွဲလှုပ်ခတ်မှု ၁၀၇ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ နောက်ထပ် သုံးရက်အတွင်း မိုးရွာနိုင်ဖွယ်ရှိသည်ဟု မိုးလေ၀သက ခန့်မှန်းထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးဖွယ်ရှိနေသည်။

  • မီးခြစ်အတွင်း ဂက်စ်ဖြည့်စဉ် ဂက်စ်ဘူးပေါက်ကွဲမှုဖြစ်

    မီးခြစ်အတွင်း ဂက်စ်ဖြည့်စဉ် ဂက်စ်ဘူးပေါက်ကွဲမှုဖြစ်

    ရန်ကုန်၊ သြဂုတ် ၃
    Yangon Police FB မှ ကူးယူဖော်ပြသည်။

    1972434_527959470666658_5170192363704125023_n
    ၂.၈.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင် များသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/အနောက်ရပ်ကွက်၊ လမ်း(၉၀)ရှိ ဦးတင်မြင့်၏နေအိမ်တွင် ဂက်ဘူးပေါက်ကွဲ မှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။

    ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ ဦးတင်မြင့်၊ (၆၅)နှစ်သည် ၁၁၄၅ အချိန်တွင် ဂက်စ်ဘူးအတွင်းမှ ဂက်စ်များအား မီးခြစ်အတွင်းသို့ဖြည့်စဉ် ပေါက်ထွက်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

    1904059_527959460666659_7354119354120895348_n

    ဂက်စ်ဘူးပေါက်ကွဲမှုကြောင့် ဦးတင်မြင့်တွင် ယာလက်ချောင်းများနှင့် လက်ဖ၀ါး စုတ်ပြဲဒဏ်ရာ၊ မေးစေ့ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရပြီး နေအိမ်ကြမ်းခင်းအနည်းငယ်နှင့် စားပွဲမှန်(၁)ချပ်တို့ ပျက်စီးခဲ့ပါသည်။

    ယင်းသို့ ပေါ့လျော့စြွာ့ပုလုပ်မှုကြောင့် ဂက်စ်ဘူးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် ဦးတင်မြင့်အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၄၇၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၆/၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

    https://www.facebook.com/yangonpolice/posts/527959520666653

  • ၂၀၁၅ မှာဘယ်လို လွှတ်တော် ကိုယ်စားလှယ်တွေကို ရွေးသင့်သလဲ ?

    ၂၀၁၅ မှာဘယ်လို လွှတ်တော် ကိုယ်စားလှယ်တွေကို ရွေးသင့်သလဲ ?

    သြဂုတ် ၁ ၊ ၂၀၁၄
    M-Media
    .ရေးသူ- စည်သူမောင်

    ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ ဘာလိုလိုနဲ့ ၁နှစ် ၀န်းကျင်သာလိုပါတော့တယ် ။ ကျနော်တို့နိုင်ငံမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဖဆပလခေတ် ရွေးကောက်ပွဲ မှီလိုက်သူတွေ ဖြတ်သန်း ခဲ့ဖူးသူတွေ သက်ကြီးပိုင်းတွေထဲမှာသာ ရှိတော့သလို ၁၉၉၀ ရွေးကောက်ပွဲကို ဖြတ်သန်းဖူးသူတွေ မဲပေးသူတွေလဲ အဲဒီကာလကအသက် ၁၈နှစ်အရွယ်လူငယ်တွေဟာ ၄၂နှစ်အရွယ် သက်လတ်ပိုင်းများသာရှိပါတော့တယ် ကျနော်ကိုယ်တိုင်သည်ပင် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အကျဉ်းထောင် အတွင်း ရှိနေခဲ့တာမို့ မဲလုံးဝ မပေးဖူးသေးပါဘူး ။

    ရွေးကောက်ပွဲတစ်ခု နီးလာပြီဆိုလျှင် Election Monitoring ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တွေဖွဲ့ Election Watch တွေလုပ် ။ Voter Education မဲပေးပုံအသိပညာပေး ရေးလုပ်ငန်းတွေ မဲဆန္ဒရှင်ပြည်သူတွေအတွက် လုပ်ကြပါတယ် ဒါပေမဲ့ရွေးကောက်ပွဲလဲပြီးသွားရော ကိုယ်ရွေးပေးလိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်ကြီးဟာ ပါလီမန် လွှတ်တော်မှာ ဘာတွေလုပ်နေလဲ ကိုယ့် မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒတွေ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီမှုမရှိတော့တဲ့ ဥပဒေတွေတွေ ပြင်ဆင်တာ ဖြည့်စွက်တာတွေ ပယ်ဖျက်တာတွေ အပါအ၀င် စစ်အစိုးရခေတ်က အမိန့်ညွန်ကြားချက်များပါ မကျန် ပြန်လည်သုံးသပ်ဖို့ ဘယ်လောက်ထိ လွှတ်တော်ထဲ ကြိုးပမ်းခဲ့တယ် ဆိုတာကို ပြန်လည်စောင့်ကြည့်ဖို့ Parliament Watch ကျတော့ အားနည်းနေပါတယ် ။

    နောက်တစ်ချက်က လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဟာ လွှတ်တော် နားချိန် ရက်တွေမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်က ပြည်သူတွေကို လွှတ်တော် လုပ်ငန်း အတွေ့အကြုံတွေ ရှင်းပြဖို့နဲ့ ပြည်သူတွေရဲ့ လိုလားချက်တွေကို နားထောင်ပြီး လွှတ်တော်တွင်းမှာ မေးခွန်းမေးမြန်းပေးဖို့ အဆိုတင်သွင်းပေးဖို့နဲ့ သက်ဆိုင်ရာ လွှတ်တော်ရေးရာကောက်မတီများမှာ ပေါင်းစပ် အကောင်အထည်ဖော်ဖို့ လိုအပ်လျက်ရှိနေပါတယ် ။ ကိုယ်ရွေးချယ်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်ဟာ လွှတ်တော်တွင်းမှာ

    (၁) အဆိုဘယ်နှစ်ခုကို တင်နိုင်သလဲ ဒါမှမဟုတ် ထောက်ခံဆွေးနွေးနိုင်သလဲ

    (၂) Cross Question မေးနိုင်ခဲ့သလဲ (သို့) အရေးကိစ္စတစ်ခုပေါ်မှာ ဘယ်လောက်ထိ Debate လုပ်နိုင်ခဲ့သလဲ

    (၃) မေးခွန်းဘယ်နှခုမေးမြန်းနိုင်ခဲ့ပြီး အဲဒီမေးခွန်းဟာ အကောင်အထည် ဖော်ဆောင်ရွတ်တဲ့ အဆင့်ထိ ရောက်ခဲ့ပါသလား

    (၄) ဥပဒေကြမ်း အဆင့်ထိ ရောက်ရှိသွားတဲ့အနေအထားအထိ ကိုယ့်ရဲ့အဆိုဟာထောက်ခံမှုရခဲ့ပါသလား

    စသည်ဖြင့် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးရဲ့တာဝန်ဖြစ်တဲ့ ပြည်သူ့အသံ ပြည်သူ့ဆန္ဒကို Legislative ဥပဒေပြုရေး အခန်းကဏ္ဍကနေ တိုင်းပြည်တာဝန်တွေ တိုင်းပြည် အတွက် အရေးကြီးကိစ္စတွေကို စိတ်အား ထက်သန်စွာ ဆွေးနွေးငြင်းခုံနေရမှာပါ။

    ကျနော်တင်ပြခဲ့တဲ့ အထက်ကအချက်တွေ ထက်လဲ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ တာဝန်တွေဟာ ပိုကောင်းပိုနေဦးမှာပါ ။ အဲဒီလိုလွှတ်တော်ထဲမှာ ကိုယ်ရွေးချယ်လိုက်တဲ့ အမတ်ဟာ ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ သတင်း အချက်အလက်တွေကို သိနိုင်ဖို့သက်ဆိုင်ရာ မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ Parliament Watch လုပ်မည့် အဖွဲ့အစည်းများ CSO များ တက်ကြွလှုပ်ရှားသူများ ဟာနေတာကိုတွေ့နေရပါတယ် ဘာကြောင့်လဲဆိုတော့ ယခုရွေးကောက်ပွဲ သက်တမ်း အပြီးနောင်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ကိုယ်ရွေးချယ်လိုက်တဲ့ အမတ်ကသာ ထပ်မံဝင်ရောက် ယှဉ်ပြိုင်မယ်ဆိုရင် အဲဒီ လွှတ်တော် ကိုယ်စားလှယ်ရဲ့ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်း ကြိုးပမ်း လုပ်ဆောင်ချက်များကသာ နောင်ရွေးကောက် ပွဲမှာ ပြန်လည်မဲပေးသင့် မသင့်ဆိုတာကို အဆုံးအဖြတ်ပေးရမှာ ဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် ။

    လွှတ်တော်ထဲထိုင် ငိုင်နေသူများ Active မဖြစ်ခဲ့သူများ ဘာမဟုတ်သည့်ကိစ္စများကို ရေးကြီးခွင်ကျယ် အဆိုတင်သွင်းနေသူများ မေးခွန်းမေးမြန်းနေသူများကို လူရွေးမှားခဲ့လို့ နောက်ထပ် ၅နှစ်သက်တမ်းကို ထိုင်စောင့်နေရမယ့်အစား Right of Recall လို့ခေါ်တဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကို ပြန်လည်ဖြုတ်ချနိုင်ခွင့် တာဝန်မှပြန်လည် ရုတ်သိမ်း ပိုင်ခွင့် အခွင့်အရေးဟာ မဲဆန္ဒရှင်ပြည်သူတိုင်းရဲ့ ဥပဒေ ကပေးထားတဲ့ အခွင့်အရေးများရှိနေပါတယ် ။ ကိုယ်ရွေးချယ်ခဲ့ရာ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဟာ ပြည်သူကိုကိုယ်စားမပြုတော့ဘူး ကိုယ့်သက်ဆိုင်ရာ မြို့နယ် ဒေသ တိုင်းအလိုက် မဲဆန္ဒရှင်ဦးရေ သက်မှတ်ထားသော ရာခိုင်နှုန်းက ကန့်ကွက်တင်ပြလာပါက ရွေးကောက်ပွဲကော်မရှင်ကရော လွှတ်တော်ကပါ ထိုကိုယ်စားလှယ်ကို ပယ်ဖျက်ပေးဖို့ တာဝန်မှ ရပ်စဲပေးဖို့နဲ့ ပြန်လည် အစားထိုးရွေးချယ်ရန် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့တာဝန်ရှိပါတယ် ။

    ဒီမိုကရေစီစနစ်ရဲ့ အခြေခံဟာ ပြည်သူဆန္ဒပါ ။ ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ ပြည်သူသာလျှင် အာဏာရှိတယ်လို့ နိုင်ငံရေး ဒဿန ပညာရှင် အများအပြားက အဓိပ္ပာယ် ဖွင့်ဆိုထားတာတွေ ရှိပါတယ် နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသူနိုင်ငံသားများထံ မှသာ ဆင်းသက်ရမည်ဟု ကြွေးကြော်ထားသော ကျန်ုပ်တို့နိုင်ငံ ။ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒဟု ဆောင်ပုဒ်များ ကပ်ထားသော ကျွန်ုပ်တို့ လွှတ်တော် ။ ပြည်သူ့အသံ လွှတ်တော်အသံဟု တင်စားထားသော ကျန်ုပ်တို့လွတ်တော် ကြီးအားစောင့်ကြည့်မည့် Parliament Watch များများလုပ်နိုင်ကြပါစေ ။

    ခေါင်းပေါင်းစ တလူလူ တိုက်ပုံအရောင်တဖိတ်ဖိတ်နှင့် ဟန်ရေးပြ လွှတ်တော်ကိုယ်စားလှယ် များအား ကျန်ုပ်တို့ပြည်သူများမှ အလိုမရှိပါ မဲဆန္ဒရှင်ပြည်သူများ အကျိုး တိုင်းပြည်၏ အမှန်တကယ်လိုအပ်နေသည့် အရေးအရာများကို ပြုပြင်ပြောင်းလဲနိုင်ရေး အတွက် လွှတ်တော်အတွင်း ရဲဝံ့စွာ တက်ကြွစွာဆွေးနွေးနေသော လွှတ်တော် အမတ်မင်းများကိုသာ အလိုရှိနေပါကြောင်း အသိပေးလိုက်ရပါသည် ။

    ၂၁.၇.၂၀၁၄
    စည်သူမောင် (ရန်ကုန်စီးပွားရေးတက္ကသိုလ်)

  • ဂါဇာတွင် ကယ်ဆယ်ရေး စခန်း UN စာသင်ကျောင်း တခု အစ္စရေး ထပ်မံတိုက်ခိုက် ၁၀ ဦးသေဆုံး

    ဂါဇာတွင် ကယ်ဆယ်ရေး စခန်း UN စာသင်ကျောင်း တခု အစ္စရေး ထပ်မံတိုက်ခိုက် ၁၀ ဦးသေဆုံး

    သြဂုတ် ၃ ၊ ၂၀၁၄
    M-Media

    – ဂါဇာကမ်းမြှောင်ဒေသအား ကျူးကျော်ရာတွင် အရပ်ဖက်ပစ်မှတ်များကို ဦးတည်တိုက်ခိုက်နေသည့် အစ္စရေးမှာ ယနေ့တွင်လည်း ဒုက္ခသည်များခိုလှုံရာ ကုလ စာသင်ကျောင်းတစ်ခုကို တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    ရာဖာရှိ စာသင်ကျောင်းတစ်ခုဖြစ်ပြီး လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ၁၀ ဦးသေဆုံး၍ အများအပြား ဒဏ်ရာရခဲ့သည်။ ထိုတိုက်ခိုက်မှာ ကုလ၏စာသင်ကျောင်းများသို့ အစ္စရေးမှ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    ကုလသမဂ္ဂ ပါလက်စတိုင်း ကူညီကယ်ဆယ်ရေး အေဂျင်ဆီ UNRW မှ ပြောရေးဆိုခွင့်ရှိသူ ခရစ်ဂန်းနက်ကလည်း အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သည်။

    “ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်။ ၀မ်းနည်းစရာကောင်းတာတွေ ထပ်ဖြစ်ခဲ့ပါပြီ။ အများကြီးသေပြီး အများကြီး ဒဏ်ရာရပါတယ်။ တော်တော် စိတ်ပျက်စရာကောင်းတဲ့ အခြေအနေပါပဲ။ ကျွန်တော်တို့က လက်နက်မဲ့ အဖွဲ့စည်းပါ” ဟု ဂန်းနက်က ဆိုသည်။

    ထို့ပြင် အဆိုပါကျောင်းအား ကယ်ဆယ်ရေးစခန်းအဖြစ် အသုံးပြုထားသည်ကို အစ္စရေးသို့ အသိပေထားပြီး တည်နေရာအား သိရှိစေရန်အတွက် ကိုသြဒိနိတ်မျဉ်များပင် ပေးအပ်ထားသည်ဟု ဂန်းနက်က ထပ်လောင်းပြောကြားခဲ့သည်။

    အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုကမူ ဟားမက်စ်တို့၏ လှိုင်ခေါင်းများအား ဖြိုဖျက်ပြီးမှ အခြေအနေများကို ပြန်လည်သုံးသပ်မည်ဟု ယမန်နေ့ ရုပ်မြင်သံကြားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ယခုလက်ရှိတွင် အစ္စရေးမှာ မြေပြင်တိုက်ခိုက်မှုများထက် လေကြောင်းမှ တိုက်ခိုက်မှုများကို ပိုမို လုပ်ဆောင်လျက် ရှိနေသည်။

    ရာဖာရှိ အဆိုပါစာသင်ကျောင်းသို့ ဒုံးကျည်ကျရောက်ခဲ့သည့် ချိုင့်ခွက်မှာ ၁၀ မီတာခန့်ရှိပြီး ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။ ဂါဇာမြောက်ပိုင်းရှိ မြေပြင်တပ်များကို အစ္စရေးက ယနေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။ သို့သော်လည်း ဒေသခံများကမူ ပျက်ဆီးနေသော ၎င်းတို့၏ အိမ်နေရာများသို့ သွားရောက်ရန် တွန့်ဆုတ်နေကြသည်။

    Al Jazeera and agencies
  • တိုက်စစ်မှူး ရှာဖွေနေသည့် လီဗာပူးလ်နည်းပြ ရော်ဂျာ ဘာလော့တယ်လီအား ချီးကျူး

    တိုက်စစ်မှူး ရှာဖွေနေသည့် လီဗာပူးလ်နည်းပြ ရော်ဂျာ ဘာလော့တယ်လီအား ချီးကျူး

    သြဂုတ် ၃ ၊ ၂၀၁၄
    M-Media

    439075_heroa
    – အေစီမီလန်အသင်း၏ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီမှာ ကမ္ဘာပေါ်ရှိ မည်သည့်အသင်းတွင်မဆို ကစားနိုင်သည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    ဘာလော့တယ်လီ၏ အနာဂတ်မှာ လက်ရှိအချိန်တွင် ရှုပ်ထွေးနေပြီး အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အေစီမီလန်အသင်းတွင်ပင် ဆက်ရှိနေရန် အလားအလာရှိနေသည်။

    “ဘာလော့တယ်လီဟာ ပါရမီရှိတဲ့ ကစားသမားပါ။ လူငယ်ကစားသမားအဖြစ် အင်တာမှာ ကစားကတည်းက သူ့ကို ကျွန်တော်တွေ့ခဲ့တာပါ။ မန်စီးတီးကို ရောက်လာတဲ့အခါမှာတော့ သူ့ကို အနီးကပ် စောင့်ကြည့်ခဲ့ပါတယ်။ သူ့မှာ အရည်အချင်းတွေအားလုံးရှိပါတယ်။ လျင်မြန်တယ်၊ကန်ချက်က ကြောက်စရာကောင်းတယ်၊ သူဟာ ဂိုးလည်းသွင်းနိုင်ပါတယ်” ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်အား ယူရို ၈၈ သန်းဖြင့် ရောင်းချခဲ့ပြီးနောက် ရော်ဂျာမှာ အသင်းအား အင်အားဖြည့်တင်းမှုများ ပြုလုပ်နေပြီး ယခုလက်ရှိတွင် တိုက်စစ်မှူးတစ်ဦးခေါ်ယူရန် စီစဉ်နေသည်။ အမေရိကန်တွင် ယှဉ်ပြိုင်နေသည့် International Champions Cup ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် လီဗာပူးလ်မှာ အေစီမီလန်နှင့် တွေ့ဆုံရမည်ဖြစ်သည်။