News @ M-Media

Blog

  • အာဂျင်တိုင်းကွင်းလယ်လူ ဒီမာရီယာ ဆီမီးဖိုင်နယ်ပွဲ လွဲချော်မည်

    ဇူလိုင် ၆ ၊ ၂၀၁၄
    M-Media
    432353_heroa
    – အာဂျင်တီးနားအသင်း၏ အားထားရသည့် ကွင်းလယ်လူ ဒီမာရီယာမှာ ဘယ်လ်ဂျီယံနှင့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ရရှိခဲ့သောဒဏ်ရာကြောင့် ဟော်လန်နှင့်ကစားရမည့် ဆီမီးဖိုင်နယ်ပွဲစဉ်အား လွဲချော်တော့မည်ဟု သိရသည်။

    ဒီမာရီယာမှာ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ပထမပိုင်း ၃၃ မိနစ်သာကစားပြီး ဒဏ်ရာရှိခဲ့သောကြောင့် လူစားလဲခဲ့ရသည်း အေးဂျင့်ဖြစ်သူ ယူဂျီနီယိုလိုပ်က်ဇ်က ဒီမာရီယာမှာ ပေါင်ကြွက်သွား ထိမိသွားခဲ့ပြီး ကျန်ရှိသည့်ပြိုင်ပွဲများတွင် ပါဝင်ကစားနိုင်ခြင်း မရှိတော့ဟု ပြောကြားခဲ့သည်။

    အာဂျင်တီးနားအသင်းမှာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဟော်လန်အသင်းနှင့် လာမည့်ဗုဒ္ဓဟူးနေ့တွင် ကစားမည်ဖြစ်ပြီး မက်ဆီကို အားပြုနေရသည့် အာဂျင်တီးနားအတွက် ဒီမာရီယာ မပါဝင်နိုင်မှုက ထိုးနှက်ချက်ဖြစ်လာမည်ဖြစ်သည်။

  • အီရတ်တွင် ပိတ်မိနေသည့် အိန္ဒိယသူနာပြုများ နေရပ်သို့ပြန်ရောက်

    ဇူလိုင် ၆ ၊ ၂၀၁၄
    M-Media
    indian-nurses-iraq
    – ISIL အဖွဲ့က အီရတ်နိုင်ငံတောင်ပိုင်း တီကရစ်မြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း သုံးပတ်ကြာ ပိတ်မိနေခဲ့သည့် အိန္ဒိယ သူနာပြု ၄၆ ဦးမှာ ယမန်နေ့က အိန္ဒိယနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် ကိုချီမြို့သို့ လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာကြသည့် ၎င်းတို့အား မိဘဆွေမျိုးများနှင့် ပြည်သူများက ပန်းစီးများ၊ ပိုစတာများဖြင့် ကြိုဆိုခဲ့ကြသည်။

    ၎င်းတို့မှာ တီကရစ်မြို့ရှိ အစိုးရဆေးရုံတွင် အလုပ်လုပ်နေကြသူများဖြစ်ပြီး ပြီးခဲ့သည့်လက ISIL သူပုန်များ၏ တိုက်ခိုက်မှုများအတွင်း ၎င်းတို့၏ ဆန္ဒမပါဘဲ မူဆိုးလ်မြို့သို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ သူပုန်များ၏ ဆက်ဆံမှုများနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ ၎င်းတို့က ကောင်းမွန်စွာဆက်ဆံကြောင်း ဖြေကြားခဲ့သည်။

    “သူတို့ ကျွန်မတို့ကို စောင့်ရှောက်ကြပါတယ်” ဟု သူနာပြုတစ်ယောက်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    အဆိုပါ သူနာပြုများအား ပြန်လွှတ်ပေးခဲ့သည့်ကိစ္စနှင့် ပတ်သက်သည့် အခြေအနေများကို ရှင်းရှင်းလင်းလင်း မသိရှိရသေးဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    အိန္ဒိယနိုင်ငံသားအများစုမှာ ၀င်ငွေပိုမိုရရှိရေးအတွက် ပင်လယ်ကွေ့နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြပြီး ISIL သူပုန်များ တိုက်ခိုက်မှုမတိုင်ခင် အိရတ်နိုင်ငံတွင် အိန္ဒိယနိုင်ငံသား အလုပ်သမား တစ်သောင်းဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။

    AFP

  • ပင်နယ်တီနဲ့ နိုင်တဲ့ ဟော်လန်နှင့် ကစားပုံမကောင်းပေမယ် နိုင်ခဲ့တဲ့ အာဂျင်တီးနား ဆီးမီးမှာ တွေ့ပြီ

    ဇူလိုင် ၆ ၊ ၂၀၁၄
    M-Media

    – မနေ့ညနဲ့ ဒီနေ့နံနက်တွေမှာ  ကစားခဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အာဂျင်တီးနားတို့ ဘယ်လ်ဂျီယံကို ရလဒ်ကျဉ်းမြောင်းစွာနဲ့ အနိုင်ရခဲ့ပြီး ဟော်လန်ကလည်း ပင်နယ်တီရောက်မှ ဆီမီးတက်ဖို့သေချာခဲ့ပါတယ်။

    အာဂျင်တီးနား ၁-၀ ဘယ်လ်ဂျီယံ
    10502123_934585289890652_4353683655598231359_n
    ၁၉၈၆ ခုနှစ်က ဆီးမီးဖိုင်နယ်မှာ နောက်ဆုံးအကြိမ်တွေ့ခဲ့တဲ့ အာဂျင်တီးနားနဲ့ ဘယ်လ်ဂျီယံတို့ပွဲကတော့ ကွင်းလယ်မှာပဲ အချိန်ကုန်နေခဲ့ပြီး ပွဲအစ ၈ မိနစ်မှာ ရီးယဲလ်တိုက်စစ်မှူး ဟီဂူအင်ရဲ့ဂိုးနဲ့ အာဂျင်တီးနားတို့ ဆီးမီးတက်နိုင်ခဲ့ပါတယ်။ ဆွဇ်လန်နဲ့ပွဲမှာ ကစားပုံ မကောင်းခဲ့တဲ့ အာဂျင်တီးနားတို့ ဒီပွဲမှာလည်း စွဲမက်စရာ ခြေစွမ်းကို မတွေ့ခဲ့ရပါဘူး။

    10342763_935538566461991_6609998112104420470_n

    ဘယ်လ်ဂျီယံက ဂိုးသွင်းခွင့် ၂ ကြိမ်လောက်ရခဲ့ပြီး အာဂျင်တီးနားကလည်း ဒုတိယပိုင်းမှာ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ၁ ဂိုး ဂိုးမရှိနဲ့ ပွဲပြီးခဲ့ပါတယ်။

    ဟော်လန် ၀-၀ ကော်စတာရီကာ (ပင်နယ်တီ ၄ ဂိုး ၃ ဂိုးဖြင့် ဟော်လန်ဆီမီးတက်)
    10418184_934856393196875_233146842708405306_n
    ပွဲအစ အစအဆုံး တစ်ဖက်သတ်ဖိကစားခဲ့တဲ့ ဟော်လန်တို့ ပွဲချိန်အတွင်း ဂိုးမသွင်းနိုင်ခဲ့ဘဲ ပင်နယ်တီရောက်မှသာ နောက်တစ်ဆင့်တက်ရေး သေချာခဲ့ပါတယ်။ ဆနိုက်ဒါ၊ ရော်ဘင်၊ ဗန်ပါစီတို့ရဲ့ တိုက်စစ် ကော်စတီရီကာဘက်ကို တစ်ချိန်လုံးထိုးဖောက်နိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း တော်တော်များများရခဲ့ပါတယ်။ ဒါပေမယ့် ကော်စတာရီကာရဲ့ ဂိုးသမား၊နောက်တန်းကောင်းမွန်မှုနဲ့ ကန်ချက်အချို့ တိုင်ထိထွက်မှုတွေကြောင့် ပုံမှန်ပွဲကစားချိန်နဲ့ အချိန်ပိုတွေမှာ ဟော်လန်တို့ ဂိုးမရခဲ့ပါဘူး။ ကော်စတာရီကာကတော့ ဟော်လန်ဂိုးပေါက်ကို ၂ ကြိမ်လောက် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

    10494818_935694539779727_7337782376288960857_nအချိန်ပိုနောက်ဆုံးမိနစ်မှာ ဟော်လန်နည်းပြ ဗန်ဂါးလ်က ပွဲထွက်ဂိုးသမား စီလန်ဆန်အစား နယူးကာဆယ်အသင်းမှာ ပင်နယ်တီစံချိန်ကောင်းရထားတဲ့ အရန်ဂိုးသမား ကရူးလ်ကို လူစားခဲ့ပါတယ်။ ဒီလူစားလဲမှုဟာ မှန်ကန်ခဲ့ပြီး ကရူးလ်က ကော်စတာရီကာရဲ့ ပင်နယ်တီ ၂ လုံးကို ကာကွယ်နိုင်ခဲ့တာကြောင့် ဟ်ာလန်တို့ ဆီမီးဖိုင်နယ်တက်ရောက်ခွင့် သေချာသွားခဲ့ပါတယ်။ ဟော်လန်နဲ့ အာဂျင်တီးနားတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကိုတော့ ဇူလိုင် ၁၀ ရက်နေ့ နံနက် ၂ နာရီခွဲမှာ ကစားမှာဖြစ်ပါတယ်။

  • @ ကွာခြားပုံ @ (သူ့အမြင်)

    ဇူလို်င် ၆ ၊ ၂၀၁၄
    M-Media
    .ရေးသူ – အိမ်ဝေးသူ (KZ)

    10012627_532831476823010_4141102866987021982_n

    ဦးဥတ္တမ
    ဦးဝိစာရ
    သင်္ဂဇာဆရာတော်
    ဆရာတော် ဦးဗုဓ်
    ဗန်းမော်ဆရာတော်
    ရှင်မဟာရဋ္ဌသာရ
    ပင်လေးပင်ရှင်လေးပါး
    ရှင်ဒီသာပါမောက္ခ
    ရှင်အရဟံ

    အထက်ပါ ဆရာတော်ကြီးများသည် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏
    မှန်ကန်သော အမျိုးသားရေး၊ စစ်မှန်သော ဘာသာရေးနှင့် စာပေတို့အား
    စွမ်းစွမ်းတမံ မြှင့်တင်ပေးခဲ့ကြသော ပုဂ္ဂိုလ်မွန်များ ဖြစ်ကြသည်။
    ( ငြိမ်းချမ်းစွာ နေထိုင်ကြသော ဘာသာခြားများအား ဒုက္ခပေးခဲ့ခြင်း အလျင်းမရှိ )

    —————၀၀၀——————၀၀၀——————

    ကျွန်တော်အပါအဝင်
    မြန်မာပြည်ဖွား တိုင်းရင်းသား ပေါင်းစုံတို့သည်
    (ဗုဒ္ဓဘာသာဖြစ်စေ၊ မွတ်စလင်မ်ဖြစ်စေ၊ ဟိန္ဒူ ဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ၊)
    ကျောင်းနေအရွယ်မှ စတင်၍ ဗန်းမော်ဆရာတော်၊ ရှင်မဟာရဋ္ဌသာရ တို့၏
    ပျို့ များ၊ ကဗျာများကို သင်ယူလေ့လာခဲ့ကြရ၏။

    ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ဦး မဟုတ်။
    သို့သော်….။
    ရှင်မဟာရဋ္ဌသာရ ၏

    “ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
    သားမယားပင်
    သိမြင်ကင်းကွာ၊ မလိမ္မာလည်း
    စာပေစကား၊ နေ့တိုင်းကြားက
    ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။”

    ဟူသော ဆုံးမစာကို ဖတ်ပြီး လိမ္မာယဉ်ကျေးခဲ့ပါသည်။

    ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ဦး မဟုတ်။
    သို့သော်….။
    ဗန်းမော်ဆရာတော် ၏

    “တရားကို တေးလိုဆို၊
    အဖကို သားကဆဲ၊
    ဆွေမျိုးထဲက ဓားပြတိုက်၊
    မိုက်ရဲလျှင် သောတပန်၊
    မကောင်းကြံက သမာဓိ၊
    ရွှေရှိမှ လူလိမ္မာ၊
    လိမ်နိုင်မှ သစ္စာရှင်၊
    ရိုးသားသူကို အရူးလို့ထင်”

    ဟု အစချီသော ဆုံးမစာကို ဖတ်ပြီး ဆရာတော်၏
    ကဗျာဥာဏ် ကွန့်မြူးပုံကို လေးစားအတုယူခဲ့ဖူးပါသည်။

    ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ဦး မဟုတ်။
    သို့သော်….။

    ”နော့်ရထာ့ကံ၊ အရဟံ၊ ခုန်ပျံကျလှာဝဲ”

    ဟု ဆိုသည့်အတိုင်း သထုံပြည်မှ ပုဂံပြည်သို့ ကြွ၍ သာသနာပြုခဲ့သည့်
    ရှင်အရဟံ နှင့် အနော်ရထာမင်းတို့၏ ဆက်နွယ်မှုတို့ကို
    စိတ်ဝင်တစား ဖတ်ရှုရင်း ထေရဝါဒဗုဒ္ဓ ဘာသာ အကြောင်းကို လေ့လာခဲ့ဖူးပါသည်။

    ထိုမျှမက

    ဆရာတော် ဦးဥတ္တမ ၏ ရဲရဲတောက်သော သတ္တိ
    ဆရာတော် ဦးဝိစာရ၏ မှန်ကန်သော မျိုးချစ်စိတ်
    သင်္ဂဇာဆရာတော်၏ ယဉ်ကျေးလိမ္မာ သိမ်မွေ့သော အဆုံးအမ
    ဆရာတော် ဦးဗုဓ်၏ အမှန်တရားအား မြတ်နိုးတတ်မှု
    ပင်လေးပင်ရှင်လေးပါး၏ ချစ်ဖွယ်သော အဆုံးအမ
    ရှင်ဒီသာပါမောက္ခ၏ လိမ္မာပါးနပ်သော သံတမန်ရေးရာ ကျွမ်းကျင်မှု

    စသည်တို့ကိုလည်း အလျင်းသင့်သလို ဖတ်ရှု လေ့လာခဲ့ရပါသည်။

    သို့ဆိုလျှင်….။
    ယခုခေတ် သင်္ကန်းအရေခြုံ ဦးဝီရသူ၏
    အဆင့်အတန်း…..အဘယ်မှာနည်း။
    အတုယူစရာ…လေးစားစရာ အချက် အဘယ်မှာနည်း။

    ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ဦး မဟုတ်။
    သို့သော်…။
    ဗုဒ္ဓဘာသာဝင် ညီငယ်၊ ညီမငယ်များစွာ ရှိပါသေးသည်။

    အကယ်၍….
    ထိုလူမမယ် ကလေးငယ်များ၏ ရင်ထဲ၌
    ဦးဝီရသူ သင်ကြားပို့ချသော
    အမုန်းတရားများ၊ အကြမ်းဖက်ဝါဒများ၊ အချောင်လုယက်လိုစိတ်တို့
    တစ်ဖြည်းဖြည်း ကိန်အောင်းသွားမည်ဆိုပါက
    မြန်မာ့ နိုင်ငံရေးနှင့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးသည်
    မျှော်လေ…ဝေးလေ ဖြစ်ရပေဦးတော့မည်။

    အိမ်ဝေးသူ (KZ)

    မှတ်ချက်။

    သင်…စွဲကိုင်သော အယူဝါဒ၏ ပူလောင်မှု ၊ အေးမြမှုတို့အား ပထမဆုံး ခံစား၊ စံစားရမည့်သူမှာ သင်ကိုယ်တိုင် ဖြစ်သည်။

  • အေးရိပ်ငြိမ်(ကြာနီကန်) မွတ်စလင်သုဿာန် အကြမ်းဖက် ဖျက်ဆီး ခံခဲ့ရမှု (ဓါတ်ပုံများ)

    ဇူလိုင် ၆၊ ၂၀၁၄
    M-Media
    သုတ

    a3a1a095a130fda3953261087dd761984f7c6b76c0a3037210555e97a804f9f3
    မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ရှိ အေးရိပ်ငြိမ် မွတ်စလင်သုဿန် (ကြာနီကန် ကဘာရ်စတာန်)ကို ဇူလိုင်လ ၄-ရက်နေ့ ညနေပိုင်းနှင့် ဇူလိုင် ၅-ရက်နေ့ မနက်ပိုင်း အကြမ်းဖက်သမားများက ဝင်ရောက် မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ အပျက်အဆီးများ မြင်ကွင်းဖြစ်ပါတယ်။

    အကြမ်းဖက်သမား၏ လုပ်ရပ်ကြောင့် ဗလီအတွင်းပိုင်းနှင့် စာသင်ကျောင်းဆောင်တို့ ပျက်စီးခဲ့ပြီး ၀န်ထမ်းအစောင့်နေအိမ် မီးလောင် ပြာကျသွားခဲ့ရပါတယ်။ ဒါ့အပြင် အကြမ်းဖက်သမားများဟာ မွတ်စလင် အုတ်ဂူများလည်း ဖြိုဖျက်သွားခဲ့ကြပါတယ်။

    မှတ်ချက်- ဓါတ်ပုံပါ နေ့စွဲမှာ ရိုက်ကူးခဲ့သည့် ကင်မရာ Date Setting လွဲမှားနေခြင်းဖြစ်ပါတယ်။

    ဓါတ်ပုံများ Facebook တွင် ကြည့်လိုလျှင် http://goo.gl/3J9d54