News @ M-Media

Blog

  • ဘာသာရေးအကြမ်းဖက်မှုဖြစ်ပွားရန် မန္တလေးတွင် လှုံ့ဆော်ခဲ့သော်လည်း ပြန်လည် တည်ငြိမ်

    ဘာသာရေးအကြမ်းဖက်မှုဖြစ်ပွားရန် မန္တလေးတွင် လှုံ့ဆော်ခဲ့သော်လည်း ပြန်လည် တည်ငြိမ်

    ဇူလိုင် ၁၊ ၂၀၁၄
    M-Media
    သုတ

    ဓါတ်ပုံအညွှန်း - ကိုဇော်မင်းထွန်း FB စာမျက်နှာမှ ကူးယူပါသည်။
    ဓါတ်ပုံ – ကိုဇော်မင်းထွန်း FB စာမျက်နှာမှ ကူးယူပါသည်။

    မန္တလေး ။ ။ မန္တလေးမြို့ ၂၇-လမ်းနှင့် ၈၂-လမ်းထောင့်ရှိ ဆန်းလ္ဘက်ရည်ဆိုင်ရှေ့တွင် အကြမ်းဖက်မှုဖြစ်ပွားစေရန် လှုံ့ဆော်ခဲ့သော်လည်း အချိန်မီ တားဆီး ထိန်းသိမ်းနိုင်သဖြင့် ယခုအခါ အခြေအနေ ပြန်လည် တည်ငြိမ်နေပြီဖြစ်ပါတယ်။

    ယနေ့ည ၈-နာရီဝန်းကျင်ခန့်တွင် ဆန်းလ္ဘက်ရည်ဆို
    င်အနီးသို့ လူတစ်စု ရောက်လာပြီး ဆန်းလ္ဘက်ရည်ဆိုင်အား ဖျက်ဆီးမည်ဟု အော်ဟစ်ခဲ့ကြသဖြင့် အနီးအနားဝန်းကျင်မှ လူများစုရုံးရောက်ရှိလာပြီး လူစုလူဝေးဖြစ်သွားခြင်းဖြစ်ပါတယ်။

    လ္ဘက်ရည်ဆိုင်အား ဖျက်ဆီးမည်ဟု အော်ဟစ်သူများက အော်၍ ထွက်ပြေးသွားခဲ့ပြီး ယခုအခါ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ အခြေအနေအား ထိန်းသိမ်းထားပြီပါတယ်။

    ဇွန်လ ၃၀-ရက်နေ့ သစ်ထူးလွင်ဘလော့ဂ်တွင် ဆန်းလ္ဘက်ရည်ဆိုင်ပိုင်ရှင် မူဆလင်ညီအစ်ကိုနှစ်ဦးက ဗုဒ္ဓဘာသာဆိုင် အလုပ်သမ တစ်ဦးအား အဓမ္မပြုကျင့်ဟူသော သတင်းခေါင်းစဉ်ဖြင့် သတင်းတင်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆူပူလှုံ့ဆော်မှုများ မန္တလေးတွင် ဖြစ်ပွားစေရန် တမင်ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တွေ့ရပါတယ်။

    ၎င်းသတင်းမှာ အမှန်တကယ် ဖြစ်ပွားခြင်းမရှိခဲ့ဘဲ ဘာသာရေးအဓိကရုဏ်းဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသတင်းထွက်ပေါ်ခဲ့ပြီး နောက်ရက်တွင် ယခုကဲ့သို့ မန္တလေး၌ ဆူပူလှုံ့ဆော်ခဲ့သော်လည်း မန္တလေးဒေသခံများမှ ဘာသာလူမျိုးမခွဲခြားခဲ့သည့် အစဉ်အလာအား ဆက်လက်ထိန်းသိမ်း၍ မန္တလေးမြို့ တည်ငြိမ်အေးချမ်းစေရန် ၀ိုင်းဝန်းလက်တွဲ ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

    “ဘယ်ကလူတစ်စုလည်းတော့ မသိဘူး အော်ပြီးထွက်ပြေးကြတာ။ လ္ဘက်ရည်ဆိုင်ကို ဖျက်ပစ်မယ်နဲ့ အော်တယ်။ ပြီးတော့ အဲ့ဒီအချိန်က မွတ်စလင်တွေ ညဘက် ဘုရားဝတ်ပြုဖို့သွားနေကြတာရယ်၊ ဗလီအနီးတစ်ဝိုက်ဖြစ်နေတာရယ်နဲ့ လူတွေ စုပြုံရောက်သွားကြတယ်။ ခဏနေတော့ ရဲတွေလည်း ရောက်လာတယ်။ အော်ပြေးတဲ့သူတွေက ပြေးပြီ။ အဲ့ဒီနား စုရုံးရောက်လာတဲ့လူတွေပဲ ကျန်တော့တာ။ ရဲကလည်း အဲ့ဒီနားရှိနေတဲ့သူတွေကိုပဲ ဖမ်းဖို့လုပ်နေတော့ မဆိုင်သူတွေ ပါကုန်မှာစိုးလို့ ကျွန်တော်တို့ဝိုင်းပြီး ပြောနေရတယ်။ အခုတော့ အခြေအနေ တည်ငြိမ်နေပါပြီ။ ၂၈လမ်း တလျှောက်လည်း လမ်းပိတ်လိုက်တယ်။ ရဲတွေလည်း အစောင့်ချထားတယ်”လို့ အခင်းဖြစ်ပွားရာအနီးတွင် ရောက်ရှိနေသူ မန္တလေးမြို့ခံတစ်ဦးက ဆိုပါတယ်။

  • မီဒီယာတွေရဲ့ ကောက်ကွေ့တတ်တဲ့ သဘာဝ…. (ပြည်သူ့အသံ)

    ဇူလိုင် ၁ ၊၂၀၁၄
    M-Media
    ရေးသူ-ဆွေမွန်
    10392485_1502212313324205_5679360006333593799_n
    ဒီနေ့ 7 Day daily သတင်းမှာ ၁၆ နှစ်က ၁၃ နှစ်ကို မုဒိမ်းကျင့်တယ်၊ လည်ပင်းကို ပုဆိုးနဲ့ ချည်ဆွဲတယ်၊ လက်ကောက်ဝတ်တွေကို ဓားနဲ့ ခုတ်တယ်၊ ဗိုက်ကို အချွန်နဲ့ထိုးတယ်၊ သေပြီထင်လို့ တွင်းကို လက်နဲ့ တူး၍ မြှုပ်ထားခဲ့တယ်။

    မွတ်ဆလင်တွေ မုဒိမ်းမှုကျူးလွန်ရင် ၀မ်းသာအားရ ပြသနာရှာတတ်တဲ့ ဦးဝီရသူ ပါးစပ်ပိတ်နေတယ်။ ပိတ်မှာပေါ့။ ဗုဒ္ဓဘာသာဝင်က မုဒိမ်းကျင့်တာကိုး…။ ကိုးကွယ်ရာဘာသာမပါတဲ့ မုဒိမ်းမှုကျူးလွန်သူဟာ သေချာပေါက်ဗုဒ္ဓဘာသာဝင် ဖြစ်နေလို့ မီဒီယာတွေက ကိုးကွယ်ရာဘာသာကို အသာလေးလျှိုပြီး မဖော်ပြဘဲ ရေးတာပေါ့ဗျာ။

    ဒီနေရာမှာ တစ်ခု ပွင့်ပွင့်ရှင်းရှင်းမေးကြည့်မယ်။ စိတ်မဆိုးကြနဲ့ ။ မုဒိမ်း ဗုဒ္ဓဘာသာလို့ ပြောရင် ကြိုက်ကြမလားဗျ။ ဘယ်ကြိုက်ကြမလဲ။ သာမန် ရိုးရိုးသားသားနေထိုင်ကြတဲ့ ဗုဒ္ဓဘာသာဝင်တိုင်းဟာ မုဒိမ်းမှုနဲ့ ဘာမှ မဆိုင်ဘူးဆိုတာ လူတိုင်းသိနေကြတာပဲဗျ။ ဗုဒ္ဓနဲ့ မုဒိမ်းမှုနဲ့ ဘာတွဲစရာ ရှိသလဲ။

    ဒီအတိုင်းပဲ မွတ်ဆလင်တစ်ဦး မုဒိမ်းမှုနဲ့ အဖမ်းခံရရင် မုဒိမ်းဘာသာလို့ ရေးရင် ခင်ဗျားတို့ မီဒီယာတွေ ဘာလို့ ပျော်ကြတာလဲဗျ။ မွတ်ဆလင်တိုင်း မုဒိမ်းကျင့်နေကြလို့လား။ ဒီလိုဆို သာမန်ရိုးရိုးသားသားနေထိုင်ကြတဲ့ မွတ်ဆလင်တွေ နဲ့ မုဒိမ်းမှု ဘာမှ မသက်ဆိုင်တဲ့အတွက် ကိုးကွယ်ရာဘာသာကြီးနဲ့ တွဲရေးရင် ကျွန်တော်တို့လည်း မကြိုက်ဘူးဗျ။

    ဒီအမှုမှာ မွတ်ဆလင်လုပ်ကြည့်ပါလား။ ဒီလိုပဲ ကိုးကွယ်ရာဘာသာကို ယှဉ်တွဲမဖော်ပြဘဲ၊ ပြသနာအကြီးကြီး မဖြစ်ဘဲနေမယ် ထင်ကြပါသလား။

    ခင်ဗျားတို့ မီဒီယာတွေ ၀မ်းသာအားရ ပွဲမခံဘဲ ဒီလိုလေးပဲပြီးသွားမယ်လို့ရော ထင်ကြပါသလား။

    ဗုဒ္ဓဘာသာဝင်တစ်ယောက် အဲဒီလိုလုပ်တာကို ကျန်တဲ့ ဗုဒ္ဓဘာသာဝင်အများက မနှစ်သက်သလိုပဲ မွတ်ဆလင်တစ်ဦးကျူးလွန်ခဲ့ရင်လည်း ကျန်တဲ့မွတ်ဆလင် အားလုံးက မတရားမှုကို မနှစ်သက်တာ အမှန်ပဲဗျ။ ဒီနေရာမှာ ဗုဒ္ဓဘာသာလို့ ရေးရင် အများက မကြိုက်သလိုပဲ ကျွန်တော်တို့ မွတ်ဆလင်ထဲက အပြစ် ကျူးလွန်ရင်လည်း ဘာသာအမည် တွဲရေးတာကို ကျွန်တော်တို့အားလုံး မကြိုက်ဘူးဗျ။ ဒါ သဘာဝပဲ။

    နားလည်စာနာနိုင်ကြပါစေ။

    7DAY DAILY မှသတင်းဖတ်ရန်  http://7daydaily.com/story/14590

  • အာဖရိက ၂ သင်း ရှုံးထွက် အဆင့်မှထွက်၊ ပြင်သစ် ၊ ဂျာမဏီ ကွာတားတက်တဲ့ ကမ္ဘာဖလား ရှုံးထွက်ပွဲစဉ်များ

    ဇူလိုင် ၁ ရက်၊ ၂၀၁၄
    M-Media

    အာဖရိက နှစ်သင်းထွက်ခဲ့ရပြီး ဥရောပနှစ်သင်း ကွာတားတက်နိုင်ခဲ့တဲ့ ဇွန် ၃၀၊ ဇူလိုင် ၁ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်ပွဲများ

    ပြင်သစ် ၂-၀ နိုက်ဂျီးရီးယား

    10489929_926433707372477_4569324310381567863_n
    – အုပ်စု E မှာ ခြေစွမ်းပြပြီး အုပ်စု ပထမနဲ့ ၁၆ သင်းအဆင့် တက်လာတဲ့ ပြင်သစ်တို့ နိုက်ဂျီးရီးယားကို ၂ ဂိုးပြတ်အနိုင်နဲ့ ကွာတား တက်နိုင်ခဲ့ပါတယ်။ ခြေစွမ်း ပိုင်းမှာတော့ ပြင်သစ်တို့ သိပ် အသာမရခဲ့ဘဲ နိုက်ဂျီးရီးယားက မိနစ် ၆၀ ကျော်အထိ အသာစီးကစားနိုင်ခဲ့တာပါ။ မိနစ် ၂၀ ကျော်မှာ ဗဲလ်ဘွယ်နာရဲ့ ဖြတ်တင်ဘောက တစ်ဆင့် ကွင်းလယ်လူ ပေါ့ဘာ မြေမကျ ကန်သွင်းခဲ့ပေမယ့် နိုက်ဂျီးရီးယား ဂိုးသမား အံ့သြဖွယ် ကာကွယ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နိုက်ဂျီးရီးယားတို့ ဖိကစားနိုင်ခဲ့ပြီး ပြင်သစ် ဂိုးပေါက်ကိုတော့ ခြိမ်းခြောက်နိုင်ခြင်း မရှိပါဘူး။ မိနစ် ၆၀ ကျော်မှာ အိုဒမ်ဝင်ဂီရဲ့ ဧရိယာအပြင်ဘက်က ကန်ချက်တစ်ခုလောက်ပဲ ဂိုးရဖို့နီးစပ်ခဲ့ပါတယ်။ ၆၂ မိနစ်မှာ တိုက်စစ်မှူး ဂျီရော့ဒ်အစား ဂရီဇ်မန်ဝင်လာတဲ့ အချိန်မှာတော့ ပြင်သစ်တိုက်စစ် အသက်ဝင်လာခဲ့ပြီး နိုက်ဂျီးရီးယားဂိုးပေါက်ကို တရစပ်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ၆၉ မိနစ်မှာ ဘန်ဇီမာရဲ့ကန်ချက်ကို နိုက်ဂျီးရီးယားနောက်ခံလူက ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့ပြီး၊ မိနစ်အနည်းငယ်အကြာမှာပဲ ကာဘာယီရဲ့ ဧရီယာအပြင်ဘက်က Volley ကန်ချက် ဘားတန်းထိ ထွက်ခဲ့ပါတယ်။

    10451060_926433787372469_7485480811556308376_n

    ဆက်တိုက်ဆိုသလိုပဲ ဘန်ဇီမာရဲ့ အပိုင်ခေါင်းတိုက်ချက်ကို နိုက်ဂျီးရီးယား ဂိုးသမား အန်ယီမာ အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၇၉ မိနစ်မှာတော့ ဗဲလ်ဘွဲနာရဲ့ ထောင့်ကန်ဘော နိုက်ဂျီးရီးယားဂိုးသမား ထွက်ပုတ်ပြီး ပြန်ကျလာတဲ့ဘောလုံးကို ပေါ့ဘာက အမှားအယွင်းမရှိ ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ သူရဲ့ ကမ္ဘာ့ဖလား ပထမဆုံးဂိုးလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ပြင်သစ်တို့ကသာ ဆက်တိုက် ထိုးဖောက်နိုင်ခဲ့ပြီး ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ နောက်ထပ် တစ်ဂိုး ထပ်ရခဲ့ပါတယ်။ ညာခြမ်းက ဗဲလ်ဘွယ်နာရဲ့ ဖြတ်တင်ဘောဟာ နိုက်ဂျီးရီးယားနောက်ခံလူ ယိုဘိုနဲ့ထိပြီး ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲအနိုင်ရခဲ့တဲ့ ပြင်သစ်တို့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အယ်လ်ဂျီးရီးယားကို နိုင်ခဲ့တဲ့ ဂျာမနီနဲ့ ဇွန်လ ၅ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

    ဂျာမနီ ၂-၁ အယ်လ်ဂျီးရီးယား

    10481471_927265587289289_2214314938303158006_n

    အုပ်စု G ပထမ ဂျာမနီနဲ့ အုပ်စု H ဒုတိယ အယ်လ်ဂျီးရီးယား တို့ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဂျာမနီတို့ တစ်ဖက်သတ် ဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် အချိန်ပို ဂိုးတွေကြောင့်သာ နောက်တစ်ဆင့် တက်နိုင်ခဲ့တာပါ။ ၉၂ မိနစ်မှာ ရှာရဲလ်က ပထမဂိုးနဲ့၊ မိနစ် ၁၂၀ မှာ အိုဇေးလ်က ဒုတိယဂိုးသွင်း ယူပေးခဲ့တာပါ။ အယ်လ်ဂျီးရီးယား အတွက် နှစ်သိမ့်ဂိုးကိုတော့ ဂျာဘူက အချိန်ပို နောက်ဆုံးမိနစ်မှာ သွင်းယူပေး ခဲ့တာဖြစ်ပါတယ်။

     

    10502529_926720694010445_141913989933101096_n

  • အိန္ဒိယတွင် ဆောက်လက်စ အထပ်မြင့်တိုက်ပြိုကျမှု အတွက် ကုမ္ပဏီ ဒါရိုက်တာနှစ်ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

    ဇူလိုင် ၁ ရက်၊ ၂၀၁၄
    M-Media
    A41CA8C6-785F-48B5-BE75-A86EA2D59681_w640_r1_s
    -ဇွန်လ ၂၈ ရက်နေ့ ကဖြစ်ပွားခဲ့သည့် ဆောက်လုပ်စဲ လူနေတိုက်ခန်း ပြိုကျမှုအတွက် ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် နှစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    တမီလ်နန်ဒူးပြည်နယ်ရှိ ၁၂ ထပ်မြင့်သော လူနေတိုက်ခန်းဖြစ်ပြီး ယမန်နေ့ညပိုင်းက ပြိုကျခဲ့ကာ ဆောက်လုပ်ရေး လုပ်သားလေးဦးမှာ နေရာတွင်ပင် သေဆုံးခဲ့သည်။ အခြား ၇ ဦးမှာ ဒဏ်ရာများဖြင့် ဆေးရုံတွင်သေဆုံးခဲ့ပြီး ၃၁ ဦးကို ပြိုကျနေသည့် အဆောက်အဦးမှ ကယ်ဆယ်နိုင်ခဲ့ကာ ရှာဖွေမှုများကို ဆက်လက်ပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့အရာရှိ ဂျော့ ဖာနန်ဒက်ဇ်က ပြောကြားခဲ့သည်။

    ထိုပြိုကျမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများကို စတင်ပြုလုပ်ခဲ့ပြီး Prime Sristi ဆောက်လုပ်ရေး ကုမ္ပဏီမှ ဒါရိုက်တာ နှစ်ဦးကို ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ သို့သော်လည်း ဖမ်းဆီးထား သူများ၏ အမည်ကို ပြောကြားခဲ့ခြင်းမရှိချေ။

    အခြားဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Balaguru ကမူ ထိုအဆောက်အဦးပြိုကျခြင်းမှာ မိုးကြိုးပစ်မှုကြောင့်ဟုဆိုသည်။ စနေနေ့အစောပိုင်းကလည်း နယူးဒေလီရှိ သက်တမ်း နှစ် ၅၀ ရှိသော လူနေတိုက်ခန်းတစ်ခု ပြိုကျခဲ့ပြီး ကလေး ၅ ဦးပါအ၀င် ၁၁ ဦး သေဆုံးခဲ့သည်။

    အိန္ဒိယရှိ မြို့ကြီးများတွင် ထိုကဲ့သို့ လူနေတိုက်ခန်းများ ပြိုကျမှုကြောင့်  ပြီးခဲ့သည့်နှစ်က သေဆုံးသူ ၁၀၀ ခန့်ရှိခဲ့သည်။

    Ref: Al Jazeera and agencies

  • ဂြိုဟ်တု ၅ လုံးတင်ဆောင်သည့် ဒုံးပျံတစ်ခုကို အိန္ဒိယအောင်မြင်စွာ လွှတ်တင်နိုင်ခဲ့

    ဇူလိုင် ၁ ရက်၊ ၂၀၁၄
    M-Media
    133449293_14041304628721n
    – နိုင်ငံခြား ဂြိုဟ်တု ၅ လုံးကို တင်ဆောင်သွားသည့် ဒုံးပျံတစ်ခုကို အိန္ဒိယ နိုင်ငံက ယနေ့တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်ဟု သိရသည်။

    ၄၄.၄ မီတာရှည်ကာ အလေးချိန် တန် ၂၃၀ ရှိပြီး  PSLV-C23 ဟု အမည်ပေးထားသော အဆိုပါ ဒုံးပျံကို နိုင်ငံတောင်ပိုင်း အန်ဒရာ ပရာဒက်ရှ်ပြည်နယ် ဆရီဟာရီကိုတာ မြို့ရှိ Satish Dhawan အာကာသ စင်တာမှ ယနေ့နံနက် ၉ နာရီ ၅၂ မိနစ်တွင် လွှတ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ဒုံးပျံတွင် ပြင်သစ်၊ ဂျာမနီ၊ ကနေဒါနှင့် စင်ကာပူနိုင်ငံများမှ ဂြိုဟ်တု ၅ လုံးကို တင်ဆောင်သွားခဲ့ပြီး၊ အဆိုပါ ဒုံးပျံလွှတ်တင်ပွဲသို့ အိန္ဒိယသမ္မတသစ် မိုဒီက တက်ရောက်ကြည့်ရှုခဲ့သည်။ ထိုကဲ့သို့ လွှတ်တင်နိုင်ခဲ့ခြင်းမှာ အိန္ဒိယ၏ အာကာသ စွမ်းရည်ကို နိုင်ငံတကာက ထောက်ခံချက်ပေးခြင်းဖြစ်သည်ဟု မိုဒီက ပြောကြားခဲ့သည်။

    ထို့ပြင် SAARC ဂြိုဟ်တု ထုတ်လုပ်ရန် မိုဒီက အိန္ဒိယအာကာသသုတေသနအဖွဲ့ ISRO အား တိုက်တွန်းခဲ့သည်။ ISRO မှာ လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ဂြိုဟ်တု ၃၉ လုံးကို လွှတ်တင်ပေးခဲ့ပြီးဖြစ်သည်။

    ဆင်ဟွာ