ဇူလိုင် ၃ ၊ ၂၀၁၄
M-Media
သုတ
မန္တလေးမြို့တွင် ဘာသာရေးအကြမ်းဖက်မှုအသွင်ဖြစ်အောင် ဖန်တီးလှုံ့ဆော်နေသည့် အကြမ်းဖက်သမားများသည် ယနေ့ နံနက် ၂း၀၀ နာရီဝန်းကျင်ခန့်က ဒေးဝန်းရပ်ရှိ ၃၅-လမ်းနှင့် လမ်း ၉၀ အနီးရှိ ဒေးဝန်းဗလီ အား ခဲများဖြင့် ပစ်ပေါက်ခဲ့ရာ ဗလီအား ထိခိုက်မှု မရှိကြောင်းသိရ၊ ဗလီရှေ့ရှိ ဆိုင်ခန်း(၂)ခန်းအား မီးရှို့ခဲ့ကြကြောင်း မီးသတ်ကားများ ရောက်ရှိလာပြီး မီးငြိမ်းသတ်ရကြောင်း၊ ယခုအခါ ရဲများလည်း ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
Blog
-

Breaking News : ဒေးဝန်းဗလီရှေ့ ဆိုင်ခန်း ၂-ခန်း မီးရှို့ခံရ (ည ၂ နာရီ)
-
၂၀၁၅ အပြီး အတူတူဆက် မငိုရအောင် (သူ့အမြင်)
ဇူလိုင် ၃ ၊၂၀၁၄
M-Media
.ရေးသူ- ဆွေမွန်
တကယ်ဆို မန္တလေးသား ဗုဒ္ဓဘာသာဝင်တွေလည်း ညံ့တယ်လို့ထောက်ပြချင်တယ်။အဓိကရုဏ်း (လုံးဝ) မဟုတ်ပါဘဲလျှက်၊
ထောင်ချောက်မှန်းသိပါလျှက်နဲ့၊
ဒီဖြစ်ရပ် မဖြစ်ခင်နေ့တစ်ဝက်လောက်ကြီုတင်သိကြပါလျှက်နဲ့၊
ဒီဖြစ်ရပ်ကို ဗုဒ္ဓဘာသာဝင်မန္တလေးသားတွေ တားနိုင်သင့်တယ်။
ခုထိခိုက်သွားတာ မွတ်ဆလင်တွေပဲ မဟုတ်ဘူး။ မြန်မာအမည်ထက် ကမ္ဘာမှာပိုမိုထင်ပေါ်တဲ့ မန္တလေးအမည်ဟာ ဒီဖြစ်ရပ်နဲ့အတူတူ သေးသိမ်သွားမှာ ဖြစ်လို့ပဲ။ အရင်က google.com မှာ မန္တလေးလို့ ရိုက်ရှာလိုက်ရင် ဘုရားပုထိုးတွေ၊ နန်းတော်၊ ကျုံးတွေနဲ့ သာယာလှပတဲ့ မန္တလေးပုံရိပ်တွေအစား သိပ်မကြာခင် ကမ္ဘာ့မီဒီယာစာမျက်နှာကြားမှာ ဓားတွေ၊ သွေးတွေ၊ မီးလောင်ဒဏ်ရာတွေနဲ့ မန္တလေးကို မြင်တွေ့ရတော့မှာ ဖြစ်နေလို့ပဲ။
ဒီလို မန္တလေးကို ဒဏ်ရာရခွင့်ပေးတဲ့ထဲမှာ ငါတို့နဲ့မဆိုင် ကုလားတွေကိုလုပ်နေတာလို့ ဘေးထွက်ထိုင်နေသူတွေရဲ့ လက်ချက်လည်း ပါတယ်လို့ ထောက်ပြချင်တယ်။
စဖြစ်ကတည်းက မွတ်ဆလင်တွေကို ဘေးဖယ်နေကြ၊ ဒါ အားလုံးနဲ့ ဆိုင်တဲ့ ပြသနာ။ ငါတို့ ဒိုင်ခံရှင်းမယ်လို့ မန္တလေးသားဗုဒ္ဓဘာသာဝင်တွေ ရှေ့ထွက်ရပ်ခဲ့ရင် ဒီပွဲ ပြီးတာ ကြာလှပါပြီ။ ကြမ်းချင်သေးလား။ ကိုယ်က ဦးအောင် ရိုက်ပစ်ရင် အဓိကရုဏ်းဖန်တီး ဆူပူလိုသူတွေရဲ့ လုပ်ရပ်ဟာ မန္တလေးမှာ အပြီးဇာတ်သိမ်းသွားမှာပါ။ ဒီအနေအထားကို မွတ်ဆလင်တွေ လုပ်လို့ မရပါဘူး။
နားလည်ကြမှာပါ။ ၂၀၁၂ ကတည်းက တသသမွေးမြူထားတဲ့ အဓိကရုဏ်းမီးကို ငြိမ်းချင်ရင် ဒီအချိန်ဟာ အကောင်းဆုံးပါပဲ။ ကျွန်တော်တို့ မွတ်ဆလင်တွေအတွက် ဒီစာရေးနေတယ်လို့ မထင်လိုက်နဲ့ဦး။ ကျွန်တော်တို့ အရေထူသင့်တာထက် ထူနေပြီးသားပါ။ မြန်မာပြည် အပြောင်းအလဲကို လိုချင်သူတိုင်း တွေးသင့်တဲ့ အတွေးတစ်စကို ချပြခြင်းမျှသာပါပဲ။
ဗုဒ္ဓဘာသာအများစုနေထိုင်တဲ့ တိုင်းပြည်မှာ ပြသနာကို ငြိမ်းအောင် ဗုဒ္ဓဘာသာဝင်တွေကပဲ ဆောင်ရွက်နိုင်မှာပါ။ မငြိမ်းချင်ဘူး၊ ကုလားတွေ သေပလေ့စေလို့ သဘောထားချင်နေသေးရင် ၂၀၁၅ အပြီးမှာ ခင်ဗျားတို့နဲ့ ကျွန်တော်တို့ လည်ပင်းလေးဖက်ပြီး အတူတူ ဆက်ငိုနေကြရုံပါပဲဗျာ။
-

အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်မှုအတွက် အရေးယူပေးရန် သမ္မတ ဦးသိန်းစိန်သို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက စာပို့တောင်းဆိုထား
ဇူလိုင် ၂၊ ၂၀၁၄
M-Media
ချမ်းငြိမ်းအေးဇူလိုင်လ ၁-ရက်နေ့ညပိုင်းက စတင်ဖြစ်ပွားခဲ့သော ဘာသာရေးအကြမ်းဖက်မှုအသွင်ဆောင်သည့် အကြမ်းဖက်မှုတစ်ခု ဖြစ်ပွားရန် လှုံ့ဆော်ခဲ့ပြီး အစ္စလာမ် သာသနာဝင်များ၏ ဗလီဝတ်ကျောင်းတော်များ၊ နေအိမ်ဆိုင်ခန်းများ၊ ဥစ္စာပစ္စည်းများအား တည်ဆဲဥပဒေများ ချိုးဖောက်ကာ
လူစုလူဝေးဖြင့် အကြမ်းဖက်မှု အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ယနေ့ ဇူလိုင်လ (၂)ရက် နေ့စွဲဖြင့် သမ္မတ ဦးသိန်းစိန်ထံ အကြောင်းကြားစာ တစ်စောင် ပေးပို့လိုက်ကြောင်း သိရပါတယ်။၎င်းကိစ္စနှင့်စပ်လျဉ်း၍ မည်သို့ ဆက်လက်ဆောင်ရွက်သွားရန် ရှိပါသလဲလို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသို့ ဆက်သွယ်မေးမြန်းရာ “(၁) အချက်ကတော့ အခုဖြစ်ပျက်နေတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အစ္စလာမ်သာသနာဝင်တွေဟာ အခုက ရမသွာန်လလည်းဖြစ်တယ်။ အခုအချိန်အခါမှာ ဒီလိုဖြစ်ရတဲ့အတွက် စိတ်မချမ်းမြေ့မှုဖြစ်ရတယ်။ (၂) အချက်ကတော့ အရင် ၃-၄ ရက်က facebook မှာပါနေတဲ့သတင်းလေးတစ်ပုဒ်ကြောင့် ဒီလိုဖြစ်ပျက်လာတာဟာ ကြိုတင်ကာကွယ်မှု လိုတယ်၊ မနေ့က အချိန်ကာလကို ကြည့်လိုက်မယ်ဆိုရင် ထိထိမိမိတားဆီးမှု
မတွေ့ရဘူးတဲ့အတွက် အဲ့ဒီကိစ္စတွေအပေါ် စိုးရိမ်မကင်းဖြစ်နေရတယ်။ အဲ့ဒီအတွက် ဥပဒေအတိုင်း ကျောသားရင်သား မခွဲခြားပဲနဲ့ အကာအကွယ်ပြုပေးဖို့ သမ္မတကြီးကို အန်ကယ်လ်တို့က အသိပေးလိုက်တယ်။ သက်ဆိုင်ရာ ၀န်ကြီးချုပ်ကိုလည်း အသိပေးလိုက်တာပါ။ ဒါက ပထမအဆင့်ပါ။ ဒုတိယအဆင့်အနေနဲ့ လိုအပ်ရင် လိုအပ်သလို အန်ကယ်လ်တို့ အဖွဲ့(၅)ဖွဲ့အနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေအထိ ချဉ်းကပ် ဆွေးနွေးဖို့လည်း ရှိပါတယ်။ ဒါလေးတွေ လုပ်သွားမှာပါ”လို့ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် (မအဖ) အတွင်းရေးမှူး ဟာဂျီ ဦးကျော်ခင်က
ဖြေကြားခဲ့ပါတယ်။အဆိုပါ ပန်ကြားစာတွင် ယခုကာလသည် အစ္စလာမ်သာသနာဝင်များ၏ ရမသွာန် (ဥပုသ်)လ အခါသမယဖြစ်ပြီး သာသနာ့အဆုံးအမနှင့်အညီ ၀တ်ပြုဆုတောင်းခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ကုသိုလ် အလှူဒါပြုခြင်းများကို တည်ငြိမ်စွာ ဆောင်ရွက်နေကြသည့် အချိန်ကာလဖြစ်ပြီး ၎င်းကာလအတွင်း facebook တွင် ဖော်ပြခဲ့သည့် သတင်းတစ်ပုဒ်အား အကြောင်းပြု၍ တည်ဆဲဥပဒေအား ချိုးဖောက်ကာ အစ္စလာမ်သာသနာဝင်များ၏ ဗလီဝတ်ကျောင်းတော်များ၊ နေအိမ် ဆိုင်ခန်းများ၊ ဥစ္စာပစ္စည်းများကို လူစုလူဝေးဖြင့် အကြမ်းဖက်မှုဖြစ်ပွားလာသဖြင့် အစ္စလာမ်သာသနာဝင်များ စိတ်ထိခိုက်ကြေကွဲ စိုးရိမ် ရကြောင်းနှင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် နိုင်ငံတော်သည် အသိအမှတ်ပြုထားသော သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်ဟူသည့် ပြဋ္ဌာန်းချက်နှင့်အညီ အစ္စလာမ်သာသနာဝင်များအား အကြမ်းဖက်နေမှုများကို တည်ဆဲဥပဒေများအရ ထိရောက်စွာ ဟန့်တားအရေးယူ ဆောင်ရွက်ပေးရန် အလေးအနက် ပန်ကြားကြောင်း တွေ့ရှိရပါတယ်။
-

မန္တလေးမြို့ မတည်ငြိမ်သေးဘဲ မြို့ခံများ သတိအနေအထားဖြင့် စောင့်ကြည့်နေကြ
ဇူလိုင် ၃၊ ၂၀၁၄
M-Media
သုတမန္တလေးမြို့တွင် မနေ့ ဇူလိုင်လ ၁-ရက်နေ့ညက စတင်ဖြစ်ပွားခဲ့သော ဘာသာရေးအကြမ်းဖက်မှု အသွင်ဆောင်သည့် အကြမ်းဖက်မှုလုပ်ရပ် လုပ်ဆောင်လာပြီး မွတ်စလင်မ်ပိုင်ပစ္စည်းဥစ္စာများ ဖျက်စီးမှုများရှိခဲ့ပြီးနောက် ဇူလိုင်လ ၂-ရက်နေ့ညနှင့် ယနေ့ ဇူလိုင်လ ၃-ရက် မနက်အစောပိုင်းတို့တွင် မန္တလေးမြို့ရှိ အစ္စလာမ်သာသနာဝင်လူထုအကြား စိုးရိမ်ဖွယ်အခြေအနေများ ခံစားနေရကြောင်းသိရပါတယ်။
ဇူလိုင်လ ၂-ရက် နေ့ည ၁၁-နာရီခန့်ကစတင်၍ မန္တလေးမြို့ ၃၅x၇၅ လမ်းကြား အမြောက်တန်း၊ အရှေ့ကုန်းရိုးနှင့် ၈၄-လမ်း၊ ၃၅x၃၆လမ်းကြားရှိ ဦးကြားကြီးဝင်းတို့တွင် ရန်စမှုများဖြစ်ပေါ်ခဲ့သော်လည်း ပြဿနာကြီးမားစွာ ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း သိရပါတယ်။
“အခင်းဖြစ်ပွားတဲ့နေရာတွေကို ကျွန်တော်တို့ ရောက်ခဲ့တယ်။ အမြောက်တန်းကြီးလည်းရောက်တယ်၊ အရှေ့ကုန်းရိုးလည်းရောက်တယ်၊ ၈၄-၃၅ လမ်းထောင့်လည်း ရောက်ခဲ့တယ်။ ရန်စမှုနည်းနည်းရှိခဲ့ပြီး ပြဿနာအကြီးအကျယ် ဖြစ်သွားတာ မရှိသေးပါဘူး။ အခုက ဖေ့ဘွတ်ပေါ်မှာ တင်နေကြတာတွေက ပြည်သူလူထုကို ပိုပြီး စိုးရိမ်သောကတွေ ဖြစ်စေတယ်။ ဒါကြောင့် ဖေ့ဘွတ်မှာတင်နေကြတာတွေကို နည်းနည်းလေး ထိန်းထိန်းသိမ်းသိမ်း တင်စေချင်ပါတယ်။ ကျွန်တော်တို့ အခု မန္တလေးမြို့ထဲမှာ ပတ်နေကြပါတယ်။”လို့ ပဋိပက္ခတားဆီးရေးအဖွဲ့ဝင် တစ်ယောက်က ဆိုပါတယ်။
မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးအတွက် ဂဠုန်နီဆရာတော်၊ ခလီဖွှာဟ်ဦးသိန်းဝင်းအောင်နှင့် အခြားသော ဘာသာရေးခေါင်းဆောင်များ ဦးဆောင်ပြီး ပဋိပက္ခတားဆီးရေးအဖွဲ့မှ မန္တလေးမြို့အတွင်း လှည့်လည်စောင့်ကြည့်နေကြောင်းလည်း သိရပါတယ်။
-
တရုတ်ဆန့်ကျင်ရေး ဟောင်ကောင်မှ ဆန္ဒပြပွဲ ပါဝင်သူ ၅၀၀ ကျော်ကို ရဲတပ်ဖွဲ့ဖမ်းဆီး
ဇူလိုင် ၂ ၊ ၂၀၁၄
M-Media

– တရုတ်နိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် ဟောင်ကောင်၌ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြပွဲတွင် ပါဝင်သူ လူ ၅၀၀ ကျော်ကို ယနေ့နံနက်စောစောပိုင်းက ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်ဟု သိရသည်။ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါချီတက်ပွဲမှာ ဟောင်ကောင်အား ဗြိတိန်လက်မှ တရုတ်နိုင်ငံသို့ ၁၉၉၇ ခုနှစ်တွင် လွှဲပြောင်းပေးအပ်ပြီးနောက်ပိုင်း လူအများအပြားပါဝင်သည့် အကြီးဆုံး ဆန္ဒပြပွဲလည်းဖြစ်သည်။ အဆိုပါ ချီတက်ပွဲတွင် ပြည်သူများမှာ ကိုလိုနီခေတ် အလံများကို ဝှေ့ယမ်းကာ တရုတ် ဆန့်ကျင်ရေး ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့ကြသည်။
ခွင့်ပြုမိန့်မရှိသည့် လူစုလူဝေးပြုလုပ်မှုတွင် ပါဝင်ခဲ့သောကြောင့် လူပေါင်း ၅၁၁ ဦးကို ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ပြောကြားခဲ့ပြီး ထိုဖမ်းဆီးမှုတွင် ဒီမိုကရေစီလိုလားသူ ဥပဒေပြု အမတ်များလည်း ပါဝင်သည်ဟု ပြည်တွင်း မီဒီယာက ဖော်ပြခဲ့သည်။
လာမည့် ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲတွင် ဟောင်ကောင်အစိုးရ ရာထူးများကို ဟောင်ကောင်ပြည်သူနှင့် ပါတီများပါဝင်သည် ရွေးချယ်ရေးကော်မတီအား ရွေးချယ်ခွင့်ပေးရေး အပါအ၀င် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လူထုဆန္ဒခံယူပွဲကို ပြီးခဲ့သည့် သီတင်းပတ်က ဟောင်ကောင်တွင် ကျင်းပခဲ့ပြီး မဲပေးခွင့်ရှိသူ ၂၀ ရာခိုင်နှုန်း မဲပေးခဲ့ကြသည်။
တရုတ်အစိုးရကမူ ထိုလူထုဆန္ဒခံယူပွဲမှာ တရားမ၀င်ဟု ပြောကြားထားသည်။ တရုတ်အစိုးရက အုပ်ချုပ်နေသည့် ဟောင်ကောင်တွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဆန္ဒပြခွင့်အပါအ၀င် လွတ်လပ်မှုများကို တရုတ်ပြည်မကြီးထက် ပိုမိုရရှိသော်လည်း ထိုအခွင့်အရေးများ အချိန်မရွေးပျောက်ကွယ်သွားမည်ကို ဟောင်ကောင်ပြည်သူများက စိုးရိမ်နေကြသည်။
Ref: AFP/xq