News @ M-Media

Blog

  • မူဆိုးလ် ပြဿနာအား ဆွေးနွေးဖြေရှာရန် အီရတ်အစိုးရကို နိုင်ငံတကာ မွတ်စလင်ပညာရှင်များ အသင်း တောင်းဆို

    ဇွန်လ ၁၃ ရက်၊ ၂၀၁၄
    M-Media
    Egyptian-born cleric Sheikh Yussef al-Qaradawi talks during a news conference in Algiers
    – အီရတ်၏ ဒုတိယအကြီးဆုံးမြို့ မူဆိုးလ် တွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများအား အမြန်ဆုံး အဆုံးသတ်ရန်နှင့် ထိုပြဿနာအတွက် အီရတ်အစိုးရက ဆွေးနွေးမှုများပြုလုပ်ရန် နိုင်ငံတကာ မွတ်စလင် ပညာရှင်များ အစည်းအရုံး IUMS က တိုက်တွန်းလိုက်သည်။

    “အီရတ်အစိုးဟာ ပဋိပက္ခမှာ ပါဝင်တဲ့ အဖွဲ့တွေနဲ့ ဆွေးနွေး အဖြေရှာပြီး ဒီတိုက်ခိုက်မှုတွေကို ရပ်တန့်အောင် လုပ်ဖို့ ကျွန်တော်တို့ အလိုရှိပါတယ်။ စစ်ရေးနည်းလမ်းတွေဟာ ပြဿနာတွေအတွက် အဖြေ မဟုတ်ဘူးဆိုတာ သမိုင်းက သက်သေပြခဲ့ပါပြီ” ဟု IUMS အကြီးအကဲ ယူစွဖ် အလ်-ကွာဒါရာဝီ နှင့် အထွေထွေအတွင်းရေးမှူး အလီ အလ်-ကွာရာဒါဂီတို့ လက်မှတ်ရေးထိုးထားသော ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။ ထို့ပြင် ထိုတိုက်ခိုက်မှုများတွင် အရပ်သားများ မထိခိုက်စေရဟုလည်း ထည့်သွင်းဖော်ပြထားသည်။

    မူဆိုလ်းမျိုးအား ISIL စစ်သွေးကြွအဖွဲ့က သောကြာနေ့တွင် ၀င်ရောက်စီးနင်းခဲ့ပြီးနောက် အီရတ် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး လူသေဆုံးမှုများလည်း ရှိနေကာ ပြည်သူ ထောင်ပေါင်းများစွာမှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

    အီရတ်ဝန်ကြီးချုပ် မာလီကီကမူ မူဆိုးလ်မြို့အား “အမြင့်ဆုံး သတိထားရမည့်နေရာ”အဖြစ်  အင်္ဂါနေ့က သတ်မှတ်ခဲ့ပြီး အရေးပေါ်အခြေအနေကြေညာရန် ပါလီမန်အား တိုက်တွန်းထားသည်။

    ISIL အဖွဲ့မှာ အီရတ်စစ်ပွဲ စတင်ဖြစ်ပွားသည့် အချိန်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အလ်ကိုင်းဒါအား ထောက်ခံသည်ဟု ၂၀၀၄ ခုနှစ်က ကြေညာခဲ့သည်။ သို့သော်လည်း အလ်ကိုင်းဒါးကမူ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ISILအဖွဲ့နှင့် အဆက်အသွယ်ဖြတ်ခဲ့သည်။ ISIL မှာ ယခုလက်ရှိ ဆီးရီးယား

    စစ်ပွဲတွင်လည်း ပါဝင်တိုက်ခိုက်နေသည်။

    Ref: Worldbulletin News

  • “ရိုဟင်ဂျာ” လို့ ခေါ်ခဲ့၍ တောင်းပန်ခဲ့သည့် သတင်း ယူနီဆက်ဖ်ငြင်းဆို

    ဇွန်လ ၁၃ ရက်၊ ၂၀၁၄
    M-Media
    Source: Myanmar Time English

    Tomorrow_-_UNICEF_
    – ရခိုင်ပြည်နယ်ရှိ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပြုလုပ်ခဲ့သည့် ဖိုရမ်တွင် “ရိုဟင်ဂျာ” ဟု သုံးစွဲခဲ့သည့်အတွက် ပြန်လည်တောင်းပန်ခဲ့သည်ဟူသော သတင်းများအား ယူနီဆက်ဖ်က ငြင်းဆိုလိုက်သည်။

    ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သော အဆိုပါ ဖိုရမ်တွင် လုပ်ငန်းစဉ်များကို ရှင်းလင်းရာ၌ ယူနီဆက်ဖ်က “ရိုဟင်ဂျာ” ဟု သုံးနှုန်းခဲ့ခြင်းအတွက် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန ဗိုလ်မှူးကြီး ထိန်လင်း၏ အရှေ့တွင် တောင်းပန်ခဲ့သည်ဟု အာရကန်လူမှုကွန်ရက်(စစ်တွေ)က သတင်းလွှင့်ခဲ့ပြီးနောက် ယူနီဆက်ဖ်က ယခုကဲ့သို့ ငြင်းဆန်ခြင်းဖြစ်သည်။

    အာရကန် လူမှုကွန်ရက် ထုတ်ပြန်ရာတွင် ဇွန်လ ၅ ရက်နေ့နံနက် ၀န်ကြီးရုံး၌ တွေ့ဆုံမှုအတွင်း ယူနီဆက်ဖ် မြန်မာနိုင်ငံကိုစားလှယ် ဘာထရန် ဘိန်ဗဲလ်က “ယူနီဆက်ဖ်အနေဖြင့် အဆိုပါ တရားမ၀င် စကားလုံးကို ထပ်မံ၍ အသုံးမပြုဟု ကတိပြုခဲ့ကြောင်း” ဖော်ပြခဲ့ခြင်းဖြစ်သည်။

    ယူနီဆက်ဖ်ကမူ ထိုတွေ့ဆုံမှု သတင်းအား ငြင်းပယ်ခဲ့ခြင်းမရှိချေ။ သို့သော်လည်း ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာ ချက်တွင် တောင်းပန်သည်ဆိုသော သတင်းအား “မီဒီယာများ၏ မှားယွင်းဖော်ပြမှု” ဟု ရေးသားခဲ့ပြီး  ဗိုလ်မှူးကြီး ထိန်လင်းက တောင်းပန်ရန်

    ပြောကြားခဲ့သော်လည်း မိမိတို့အနေဖြင့် မတောင်းပန်ခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။

    “လုပ်ငန်းစဉ်တွေကို ရှင်းလင်းတဲ့ နေရာမှာ ဒီစကားလုံးသုံးခဲ့တာဖြစ်ပြီး ဒါဟာ အမှတ်တမဲ့ သုံးစွဲခြင်းသာဖြစ်တယ်လို့ ယူနီဆက်ဖ်က ရှင်းပြခဲ့ပါတယ်။ အဲဒီဖိုရမ်မှာ တိုင်းရင်းသားအရေးလို ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ လူနည်းစုအတွက် နိုင်ငံရေးနဲ့ လူသားချင်း စာနာထောက်ထားမှုအခွင့်အရေး၊ ကိုယ်ပိုင် ပြဌာန်ခွင့်တွေကိုရည်ညွှန်းတဲ့အခါ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးအပါအ၀င် ကုလရဲ့ အစီရင်ခံစာ တော်တော်များများမှာ ရခိုင်ပြည်မှာနေထိုင်တဲ့ လူအဖွဲ့အစည်းတစ်ခုကို ရည်ညွှန်းပြီး “ရိုဟင်ဂျာ” လို့ သုံးခဲ့ပါတယ်” ဟု အဆိုပါ  ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါဖိုရမ်ကို ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ ကလေးများ၏ ရေရှည်လိုအပ်ချက်များကို ဖြေရှင်းရန် ၂ နှစ်တာကြာမြင့်မည် အစီအစဉ်တစ်ခုကို သတ်မှတ်ခဲ့သည်။

    ဓါတ်ပုံ အညွှန်း =>ယူနီဆက်ဖ်မှ ရိုဟင်ဂျာခေါ်မိ၍ တောင်းပန်သည့် သတင်း အား ဖော်ပြထားသော မီဒီယာတခု https://www.facebook.com/tomorrow.com.mm/posts/719268681445851

  • မဟာသန္တိသုခ ကျောင်းတိုက်ကို သိမ်းယူမှုအပေါ် ၈၈ ငြိမ်း/ပွင့်မှ ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်

    ဇွန် ၁၂၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်။ ။ မဟာသန္တိသုခ ကျောင်းတိုက်ကို သိမ်းယူမှုအပေါ် ၈၈ မျိုးဆက် ပွင့်လင်းငြိမ်းချမ်းရေးမှ ၎င်းလုပ်ရပ်အပေါ် ကန့်ကွက်ကြောင်း ကြေညာချက် တစ်စောင်ကို ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာခဲ့ပါသည်။

    “အဲ့ဒီညကဖြစ်သွားတဲ့ ဖြစ်ရပ်ဟာ တကယ်ကိုရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပါတယ်။ သာသာနာ့နဲ့ ပတ်သက်တဲ့ကိစ္စရပ်ကို အခုလို အင်အားသုံးပြီးဖြေရှင်းတာဟာ မသင့်တော်ပါဘူး။ ကျွန်တော်တို့အဖွဲ့က ဒါကို ကန့်ကွက်ပါတယ်” ဟု ၈၈ မျိုးဆက်မှ ကိုဂျင်မီကဆိုသည်။

    ၎င်းကျောင်းတိုက်အား သိမ်းယူမှုအပေါ် သီတဂူဆရာတော်ကြီးမှလည်း ကျောင်းတိုက်အတွင်းက သံဃာတော်တွေကို ခေါ်ဆောင်သွားသည်မှာ သင့်လျော်မှု မရှိကြောင်းနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး အတွက်ကိုလည်း ထိခိုက်မည်ကို စိုးရိမ်မိကြောင်း မိန့်ကြားခဲ့ကြောင်း သိရသည်။

    မဟာသန္တိသုခကျောင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယမန်နေ့ နေ့လည် ၂ နာရီတွင် ကျင်းပခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ယင်းမဟာသန္တိသုခကျောင်းသည် နိုင်ငံတော်အစိုးရက သံဃနာယကအဖွဲ့သို့ ရေစက်ချလှူဒါန်းပြီးဖြစ်၍ ၀ိနည်းအရ ပီနန်ဆရာတော်ကြီးထံသို့ ပြန်လည် လွဲပြောင်းပေးရန် မဖြစ်ကြောင်း၊ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့မှ ပီနန်ဆရာတော်ကြီးအား ကျောင်းမှထွက်ခွာရန် အကြိမ်ကြိမ်စာပေးပို့ခဲ့သော်လည်း လိုက်နာမှုမရှိသောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ယခုကဲ့သို့ပြုလုပ်ရခြင်းဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးဌာနမှ တာဝန်ရှိသူများကပြောကြားခဲ့ကြောင်း သိရသည်။

    ထိုကျောင်းတွင် သီတင်းသုံးလျှက်ရှိသော သံဃာတော်များနှင့် နေထိုင်ခဲ့သော လူပုဂ္ဂိုလ်များသည် တရားမ၀င်နေထိုင်ခဲ့သောကြောင့် ဥပဒေကြောင်းအရ စီစစ်အရေးယူသွားမည်ဖြစ်ကြောင်း သာသာနာရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

    မဟာသန္တိသုခကျောင်းတိုက်ကို တိုင်း သံဃနာယက ဆရာတော်များ ဦးဆောင်၍ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား တစ်ထောင်ကျော်ဖြင့် ဇွန်လ ၁၀ ရက် ည ၁၁ နာရီအချိန်တွင် ထိုကျောင်းတိုက်အား ၀င်ရောက်စီးနင်း၍ သံဃာတော်များအား ဖယ်ရှားပြီး ကျောင်းတိုက်ကို ချိတ်ပိတ်ခဲ့ပါသည်။

    88

  • ကမ္ဘာ့အသက်ငယ်ဆုံး ဆရာဝန်အဖြစ် ဂင်းနစ် မှတ်တမ်းဝင်တဲ့ ပါလက်စတိုင်းသူလေး

    ဇွန်လ ၁၂ ၊ ၂၀၁၄
    M-Media
    Eqbal Asa’d
    – ဆရာဝန်အလုပ်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အသက်မွေးဝမ်းကြောင်းတွေထဲမှာ အကောင်းဆုံးဖြစ်ပြီး အရှည်ကြာဆုံးလေ့လာဆည်းပူးရတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ အထက်တန်းအောင် ကျောင်းသား တစ်ယောက် ဆေးကျောင်း စတက်ပြီးတဲ့နောက် ဆရာဝန် ဖြစ်လာတဲ့အချိန်မှာ သူတို့ရဲ့အသက်တွေဟာ ၃၀ ၀န်းကျင်ဖြစ်သွားတတ်ကြပါတယ်။

    ဒါပေမယ့် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးကျောင်းပြီးတဲ့သူတစ်ယောက်ရှိပါတယ်။ သူကတော့ ပါလက်စတိုင်း ဒုက္ခသည်အဖြစ် လက်ဘနွန်နိုင်ငံမှာနေထိုင်တဲ့ အစ်ကဘာလ် အာဆတ်ဆိုသူ အမျိုးသမီးငယ် တစ်ဦးပါပဲ။ အသက် ၁၄ နှစ်မှာ ဆေးကျောင်း စတက်ခဲ့ပြီး အသက် ၂၀ အရွယ် ပြီးခဲ့တဲ့နှစ်မှာ ဆေးကျောင်းကို ထူးထူးချွန်ချွန်နဲ့ ပြီးမြောက်ခဲ့ပါပြီး ဂင်းနစ်မှတ်တမ်း စာအုပ်မှာလည်း အငယ်ဆုံးဒေါက်တာ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

    အာဆတ်ဟာ ကလေးငယ်တွေကို ကုသပေးတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ချင်ပြီး အခုလက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်မှာ ဆေးပညာကို ဆက်လက်ဆည်းပူးနေပြီး သူမရဲ့ဖြစ်ချင်တဲ့ ဆန္ဒကို ကြိုးစား အကောင်အထည်ဖေါ်နေပါတယ်။

    Ref: Worldbulletin

  • Brazil 2014: ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် တောက်ပလာမည့် အာဖရိကနွယ်ဖွား မွတ်စလင် ကစားသမားများ

    ဇွန်လ ၁၂ ၊ ၂၀၁၄
    M-Media
    Black-Muslim-Stars-to-Shine-in-Brazil-2014
    – ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည့်အချိန် နီးကပ်လာတာနဲ့အမျှ ဒီပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရမယ့် နိုင်ငံ လက်ရွေးစင်အသင်းတွေဟာ သူတို့ရဲ့ နောက်ဆုံး လူစာရင်းကို ထုတ်ပြန်ခဲ့ကြပြီး ကမ္ဘာ့နိုင်ငံတိုင်းက အတပ်မက်ဆုံးဖြစ်တဲ့ ဆုဖလားကြီးကို ရယူဖို့အတွက် စိုင်းပြင်နေကြပါပြီ။

    ဒီပြိုင်ပွဲမှာ ပါဝင်မယ့်အသင်းတွေနဲ့ အတူ တောက်ပလာမယ့် မွတ်စလင် ကစားသမားတွေလည်း ရှိနေပြီး အဲဒီအထဲက အာဖရိကနွယ်ဖွား ကစားသမား အချို့ကို ဖော်ပြလိုက်ရပါတယ်။

    ယာယာတိုးယေး
    ——————–

    Yaya-Toure
    အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ တိုးယေးဟာ မန်ချက်စတာစီးတီးအသင်းရဲ့ အဓိက အလယ်တန်းလူ ဖြစ်ပါတယ်။ အိုက်ဗရီကို့စ် အသင်းနဲ့အတူ ကမ္ဘာ့ဖလာပြိုင်ပွဲမှာ ပါဝင်လာမှာဖြစ်ပြီး ကစားသမားဘ၀တစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ်မြောက် ယှဉ်ပြိုင် ကစားခွင့်ရတာပါ။

    ပထမဆုံးနိုင်ငံတကာပွဲကို ၂၀၀၄ ခုနှစ်မှာ စတင်ကစားခဲ့တဲ့ တိုးယေးဟာ ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ စပိန်လာလီဂါ ၂ ကြိမ်၊ ပရီးမီးယားလိဂ် ၂ ကြိမ်၊ ဂရိစူပါဖလား ၁ ကြိမ်၊ ဥရောပချန်ပီယံလိဂ် ၁ ကြိမ်နဲ့ ပြည်တွင်းဖလားတွေအပါအ၀င် ဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူး ရရှိခဲ့ပါတယ်။

    ပွဲစဉ်တစ်ခုမှာ အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ခံရတဲ့ တိုးယေးကို ရှမ်ပိန်တစ်ပုလင်း ဆုချခဲ့ပေမယ့် မိမိဟာ အစ္စလာမ်ဘာသာဝင်ဖြစ်တာမို့ ဒီဆုကိုလက်မခံဘူးလို့ တိုးယေးက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ဖူးပါတယ်။

    သူရဲ့တည်ငြိမ်လှတဲ့ကစားဟန်၊ ဦးဆောင်နိုင်စွမ်းနဲ့အတူ အိုက်ဗရီကို့စ်အသင်းကို ဘယ်အဆင့်အထိ ခေါ်ဆောင်သွားနိုင်မလဲဆိုတာကိုတော့ ကမ္ဘာ့ဘောလုံးပရိတ်သတ်တွေ စောင့်ကြည့်ရပါတော့မယ်….

    ကိုလိုတိုးယေး
    —————

    2013-634982787110249469-24
    ယာယာတိုးရေးရဲ့ အကိုဖြစ်ပြီး အာဖရိကရဲ့ အတွေ့အကြုံအရင့်ဆုံး နောက်ခံလူတစ်ဦးဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းမှာကစားတဲ့ ကိုလိုတိုးယေးဟာ အိုက်ဗရီကို့စ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်မှာဖြစ်ပြီး ညီဖြစ်သူလိုပဲ ကမ္ဘာ့ဖလားကို တတိယအကြိမ်မြောက် ယှဉ်ပြိုင်ကစားရတာပါ။

    ၁၉၈၁ ခုနှစ်မှာမွေးတဲ့ ကိုလိုတိုးယေးဟာ ၂၀၀၀ ခုနှစ် ဇူလိုင်လမှာ နိုင်ငံအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပြီး အခုအချိန်မှာတော့ အိုက်ဗရီကို့စ်အသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားပေးထားပြီးပါပြီ။

    နောက်ခံလူတစ်ဦးဖြစ်ပေမယ့် နိုင်ငံအတွက် သွင်းပေးထားတဲ့ ဂိုးအရေအတွက်ကတော့ ၆ ဂိုးဖြစ်ပြီး အခုပြိုင်ပွဲမှာလည်း ကိုလိုတိုးယေးဟာ ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ကို ကြံ့ကြံ့ခံကာ အိုက်ဗရီကို့စ်ပြည်သူတွေအတွက် ဂိုးတွေသွင်းယူပေးနိုင်မလားဆိုတာကိုတော့ မကြာမီကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တွေ့မြင်ရမှာပါ……

    ဆူလေး မွန်တာရီ
    ———————-

    Sulley-Muntari-Attacked-the-coach
    ဂါနာလက်ရွေးစင် ကစားသမားဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်က မွေးဖွားခဲ့တဲ့ မွန်တာရီဟာ အီတလီကလပ် စီးရီးအေသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမားတစ်ဦးပါ။

    နိုင်ငံအတွက် ၈၁ ပွဲကစားပေးထားပြီး ၂၁ ဂိုးသွင်းယူပေးထားနိုင်တဲ့အထိ ခြေစွမ်းပြခဲ့သူလည်း ဖြစ်ပါတယ်။ မွန်တာရီဟာ အင်္ဂလန်ကလပ် ပို့စ်မောက်အသင်းနဲ့အတူ FA ဖလားကိုလည်း ဆွတ်ခူးရရှိခဲ့ဖူးပါတယ်။ ၂၀၀၆ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဂါနာအသင်းနဲ့ ပါဝင်ခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလား ချက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ မွန်တာရီဟာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် နောက်ဆုံးအဆင့်မှာ ဂါနာရဲ့ ပထမဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

    ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းမှာ အိမ်ဖြည့်အသင်းသာဖြစ်ခဲ့တဲ့ ဂါနာဟာ ပြီးခဲ့တဲ့ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ကွာတာဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း ဂါနာအသင်းဟာ ဘယ်အဆင့်ထိ တက်လှမ်းနိုင်မလဲ။ မွန်တာရီဟာလည်း အသင်းအတွက် ဂိုးတွေ ဘယ်လောက်သွင်းနိုင်မလဲ။ ကမ္ဘာ့ဖလားပရိတ်သတ်တွေ ရင်ခုန်ရပါဦးမယ်……

    အဟ်မဒ် မူဆာ
    —————

    Ahmed-Musa
    ၁၉၉၂ ခုနှစ်မှာ မွေးတဲ့ နိုက်ဂျီးရီးယားလူငယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ တိုက်စစ်မှူးဖြစ်ပြီးနိုက်ဂျီးရီးယား လက်ရွေးစင်အသင်းအတွက် အဓိက ကစားသမားအဖြစ် ရွေးချယ်ခံထားရသူပါ။

    ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘ၀ကို ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပေမယ့် မူဆာရဲ့ အံ့အားသင့်စရာ ခြေစွမ်းကြောင့် ၂၀၁၀ ခုနှစ် စက်တင်ဘာလမှာ နိုက်ဂျီးရီးယားအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပါတယ်။

    လက်ရှိမှာတော့ ရုရှားကလပ် စီအက်စ်ကေအေမော်စကိုအသင်းမှာ ကစားနေပြီး ဘရာဇီးလ်မှာ နိုင်ငံအသင်းနဲ့အတူ ဘယ်လောက်အထိ တောက်ပလာနိုင်မလဲဆိုတာကိုတော့…………..

    Ref: OnIslam