News @ M-Media

Blog

  • အစ္စလာမ့်ပြပွဲ တစ်ခုကို ဂျပန်နိုင်ငံတွင် ပထမဆုံး အကြိမ် ပြုလုပ်

    ဇွန်လ ၁၁ ရက်၊ ၂၀၁၄
    M-Media
    JapanExhibits-Message-of-Islam
    – နိုင်ငံအတွင်းရှိ ပြည်သူများအကြား အတူယှဉ်တွဲနေထိုင်ရေးနှင့် သဟဇာတဖြစ်ရေးကို ရည်ရွယ်သည့် အစ္စလာမ် သာသနာနှင့် ပတ်သက်သော ပြပွဲတစ်ခုကို  ဂျပန်နိုင်ငံ ကျိုတိုမြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    “အိုမန်မှ အစ္စလာမ့်သတင်းစကား” ခေါင်းစဉ်ဖြင့် ဒိုရှိရှာ တက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါပြပွဲကို အိုမန်ဒါန၀တ္ထိကနှင့် သာသနာရေးဝန်ကြီးဌာနက စီစဉ်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ပြပွဲမျိုးကို ကမ္ဘာ့တစ်ဝှမ်းတွင် ပြုလုပ်ဆောင်ရွက်နေခြင်းဖြစ်သည်။

    “ကျွန်တော်လုပ်နိုင်တဲ့ အကောင်းဆုံး အရာကတော့ ငြိမ်းချမ်းရေး သတင်းစကားနဲ့ ဆုမွန်ကောင်းကို လူသားထု တစ်ရပ်လုံးကြားမှာ ပြန့်ပွားစေဖို့ပါ” ဟု အဆိုပါ ၀န်ကြီးဌာနရုံးမှ အကြံပေး ဒေါက်တာ မိုဟာမက် ဘင် စအီဒ် အလ် မာမာရီက ပြောကြားခဲ့သည်။

    ထိုပြပွဲတွင် အိုမန်ဆူလ်တန်များ၏ ဘ၀ဇာတ်ကြောင်း အသေးစိတ် အချက်အလက်များနှင့် အတူယှဉ်တွဲနေထိုင်မှု သဘောတရားများကို မြှင့်တင်ပေးရာတွင် ထားရှိသည့်တန်ဖိုးများင့် ကျင့်ဝတ်များကို ပန်းချီကားများဖြင့် သရုပ်ဖော်ပြသထားပြီး၊ အစ္စလာမ် သာသနာ၏ သင်ကြားချက်များကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။

    ထိုကဲ့သို့ ပြသမှုအား ဂျပန်နိုင်ငံကလည်း ကြိုဆိုခဲ့ကြသည်။

    “အကြောင်းအရာအသစ်တွေကို သင်ယူဖို့ ဂျပန်ပြည်သူတွေဟာ အဆင်သင့်ရှိပါတယ်။ ပြီးတော့ အစ္စလာမ်နဲ့ပတ်သက်ပြီး သင်ယူဖို့အတွက်လည်း ဂျပန်တွေက စိတ်ဝင်စားကြပါတယ်။ ဒီပြပွဲဟာ ဂျပန်ပြည်သူတွေအတွက် အစ္စလာမ်ရဲ့ အခြေခံသဘောတရားတွေကို သင်ယူနိုင်တဲ့ အခွင့်အလမ်းကို ဖန်တီးပေးပါတယ်။ ခန္တီတရားနဲ့ ပတ်သက်တဲ့ သတင်းစကားတွေကို ဖြန့်ဝေရာမှာ အိုမန်ပြည်သူတွေရဲ့ ကောင်းမွန်တဲ့ ကူညီမှုပါပဲ” ဟု ဘာသာယူဝါများ လေ့လာမှုစင်တာမှ ဒါရိုက်တာ ကာတာရှီရို ကိုဟာရက အဆိုပါ ပြပွဲ၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ုထို့ပြင် ဒိုရှိရှာ တက္ကသိုလ်မှ အတွေးအခေါ်ဆိုင်ရာ ပါမောက္ခ ဂျူနီယာ ရှီနိုဟီကလည်း

    “ဒီပြပွဲကို ဒိုရှီရှာ တက္ကသိုလ်မှာလုပ်ဖို့ ရွေးချယ်ခဲ့တဲ့ ဒေါက်တာ အလ်မာမာရီ ဦးဆောင်တဲ့ အိုမန်ကိုယ်စားလှယ်အဖွဲ့ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် အစ္စလာမ့်သာသနာနဲ့ အိုမန်နိုင်ငံ အကြောင်းတွေကို ဂျပန်လူမျိုးတွေ နားလည်နိုင်တဲ့ ဒီလိုပြပွဲမျိုးဟာ သိပ်ကို အရေးပါပါတယ်” ဟု ပြောကြားခဲ့သည်။

    အိုမန်နိုင်ငံမှာ တမန်တော်မုဟမ္မဒ်သခင်(ဆွ) သက်တော်ထင်ရှားရှိစဉ်ကတည်းက အစ္စလာမ်သာသနာကို လက်ခံလာခဲ့ခြင်းဖြစ်ပြီး မုဟမ္မဒ်သခင်ထံသို့ ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ကာ အစ္စလာသာသနာနှင့်ပတ်သက်သည့် လေ့လာမှုများကို အာတက်သရော ဆောင်ရွက်ခဲ့ကြသည်။

    အစ္စလာမ် သာသနာမှာ ဂျပန်နိုင်ငံသို့ ၁၉၂၀ ပြည့်နှစ်များကတည်းက ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်များတွင်တိုးပွားလာခဲ့ကာ ယခုအချိတွင် ဂျပန်နိုင်ငံတွင် အစ္စလာမ်သာသနာဝင် ဦးရေမှာ ခန့်မှန်းခြေအားဖြင့် တစ်သိန်းနှစ်သောင်းခန့်ရှိသည်။

    Ref: OnIslam & Newspapers

  • နစ်မြှုပ် သင်္ဘော ပိုင်ရှင် ဖမ်းရန် တောင်ကိုရီးယား ရဲ ၆၀၀၀ ကျော် ခရစ်ယာန် ဘုရားကျောင်း တခုကို စီးနင်း

    ဇွန်လ ၁၁ ရက်၊ ၂၀၁၄
    M-Media
    10426610_671479222907966_8656712963845221322_n
    – ဧပြီလက နစ်မြုပ်ခဲ့သည့် တောင်ကိုရီးယား ခရီးသည်တင်သင်္ဘော Sewol အား ပိုင်ဆိုင်သော ကုမ္ပဏီပိုင်ရှင်ကို ဖမ်းဆီးရန်အတွက် တောင်ကိုရီးယား ရဲတပ်ဖွဲ့ဝင်များမှာ ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို ယနေ့နံနက်က ၀င်ရောက်စီးနင်းခဲ့သည်ဟု သိရသည်။

    ဆိုးလ်မြို့တောင်ပိုင်း အန်ဆီယွန်ဒေသရှိ ခရစ်ယာန် ဘုရားကျောင်းတစ်ခုဖြစ်ပြီး Chonghaejin Marine ကုမ္ပဏီ ပိုင်ရှင် ယူဗြုံအန်အား ရှာဖွေရန် ဒေသစံတော်ချိန် ယနေ့နံနက် ၈ နာရီတွင် ၀င်ရောက် စီးနင်းခဲ့ခြင်းဖြစ်သည်။  ရဲတပ်ဖွဲ့ဝင် အချို့မှာ ပဋိပက္ခနှိမ်နှင်းရေး ၀တ်စုံပြည့် ၀တ်ဆင်ထားကာ တပ်ဖွဲ့ဝင် ၆ ထောင်ကျော် ပါဝင်သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

    Sewol သင်္ဘော နစ်မြုပ်ခြင်းနှင့် ပတ်သက်သည့် တရားခံပြေးများကို ဖမ်းဆီးရန် သမ္မတပတ်ဂျုံဟေးက တာဝန်ရှိသူများအား ယမန်နေ့တွင် တိုက်တွန်းခဲ့ပြီးနောက် ယခုကဲ့သို့ ကြီးမားသော စစ်ဆင်ရေးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယူဗြုံအန်နှင့် ၎င်း၏သားဖြစ်သူကို ရှာဖွေရန်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း ထိုစစ်ဆင်ရေးမှာ ယူဗြုံအန်အား  လွတ်မြောက်အောင် ကူညီပေးသည့် ဘုရားကျောင်းတာဝန်ရှိသူနှစ်ဦးအား ပစ်မှတ်ထားရှာဖွေခြင်းသာဖြစ်သည်ဟု Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ယူဗြုံအန်နှင့် ၎င်း၏သားဖြစ်သူကို ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိသေးပါဘူး။

    ယူဗြုံအန်မှာ တောင်ကိုရီးယား ဧ၀ံဂေလိ နှစ်ခြင်းခရစ်ယာန်အသင်းတော် ခေါင်းဆောင်ပိုင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ Sewol သင်္ဘောနစ်မြုပ် ခဲ့ခြင်းမှာ ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ စံများနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းကြောင့်ဖြစ်သည်ဟု တွေ့ရှိခဲ့ရပြီးနောက် ပိုင်ရှင်ဖြစ်သူ ယူဗြုံအန်အား မေးမြန်းရန် ရဲတပ်ဖွဲ့က အလိုရှိနေသည်။

    ယူဗြုံအန်အား ဖမ်းဆီးရန်အတွက် အချက်အလက်များပေးနိုင်ပါက ယွမ် သန်း ၅၀၀ နှင့် ၎င်းသားဖြစ်သူအတွက် ယွမ်ငွေ သန်း ၁၀၀ ချီးမြှင့်မည်ဟု တောင်ကိုရီးယား ရဲတပ်ဖွဲ့က ဆုငွေထုတ်ထားသည်။ Sewol ခရီးသည်သင်္ဘောနစ်မြုပ်မှုအတွင် လူပေါင်း ၃၀၀ သေဆုံခဲ့ပြီး အများစုမှာ ကျောင်းသားများဖြစ်ကြသည်။

    Ref: AFP/xq/ac

    Photo- ရိုက်တာ

  • ရဲမှုခင်း ကင်းတဲ့ ဘတ်စ်ကားများကိုသာ CNG ဓါတ်ငွေ့ ပေးတော့မည်။

    ဇွန် ၁၁၊ ၂၀၁၄
    M-Media
    လမင်း
    CNG-Car-2
    ရန်ကုန်။        ။ ရန်ကုန်မြို့တွင်းပြေးဆွဲလျှက်ရှိသော ခရီးသည်တင်ယာဉ် ဘတ်စ်ကားများကို ယာဉ်ထိန်း ရဲတပ်ဖွဲ့ဌာနမှ ရဲမှုခင်း ကင်းစင်သည့် ကားများကိုသာ CNG ဓာတ်ငွေ့ ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောသည်။

    “ကျွန်တော်တို့  CNG ဓာတ်ငွေ့ဆိုင်နဲ့တွေနဲ့ ပူးပေါင်းပြီး ယာဉ်မှုကင်း ကင်စင်တဲ့ယာဉ်တွေကိုသာ  CNG ဓာတ်ငွေ့ ထုတ်ပေးသွားဖို့အတွက် စီစဉ်နေပါတယ်။ အဲ့လိုလုပ်လိုက်ရင် သူတို့လည်း တစ်လတစ်ခေါက်တော့ ယာဉ်မှုခင်း ကင်းမကင်း လာစစ်ဆေးဖြစ်မှာ ဖြစ်ပါတယ်”  ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    ယာဉ်ထိန်းရဲဌာနတွင် ယာဉ်မှုခင်း ကင်း/မကင်း စစ်ဆေးပြီး ယာဉ်ထိန်းရဲဌာနမှ ကင်းစင်ကြောင်း အမှတ်အသားပါမှသာ  CNG ဓာတ်ငွေ့ ထုတ်ပေးရန်အတွက် ယာဉ်ထိန်းရဲဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပူးပေါင်းပြီးဆောင်ရွက်သွားမည်ဖြစ်သည်။

    ယခင်အစိုးရလက်ထက်က ယခုကဲ့သို့ ယာဉ်မှုခင်းကင်းမှသာ  CNG ဓာတ်ငွေ့ ထည့်ခွင့်ရှိပြီး ယာဉ်မှုခင်း မကင်းသည့်ယာဉ်များအနေနဲ့ ထည့်ခွင့်မရှိကြောင်းသိရသည်။

    ယခုအခါတွင် စည်းကမ်းမလိုက်နာသည့် ယာဉ်များ များပြားလာပြီး ယာဉ်ထိန်းရဲအင်အားမှာနည်းပါးနေသောကြောင့် မီးပ္ပိုင့်များတွင် ကင်မရာများတပ်ဆင်ပြီး ဖမ်းဆီးလျှက်ရှိနေသည်။ ယခုဆိုလျှင်လည်း Online တွင် ယာဉ်ထိန်းရဲဌာနမှ Page တစ်ခုပြုလုပ်ပြီး စည်းကမ်းမဲ့ယာဉ်များကို ပြည်သူများမှ တိုင်ကြားနိုင်ပြီး ယာဉ်ထိန်းရဲဌာနမှ ထိရောက်စွာအရေးယူလျှက်ရှိနေပါသည်။

    စွမ်းအင်ဝန်ကြီးဌာနမှ  CNG ဓာတ်ငွေ့ များကို ၂၄ နာရီရောင်းချပေးလျှက်ရှိနေပြီး ရန်ကုန်မြို့တွင် သဘာဝဓာတ်ငွေ့အရောင်းဆိုင်ပေါင်း ၄၁ ဆိုင်ရှိသည်။

    ဓါတ်ပုံအညွှန်း – ဓါတ်ငွေ့ဖြည့်နေသည့် CNG ကားတစီး (Photo- မြစ်မခ)

  • ပြည်မြို့တွင် တတိယ အကြိမ်မြောက် ဘားကမ့် ပြုလုပ်မည်

    ဇွန် ၁၁၊ ၂၀၁၄
    M-Media
    လမင်း
    DSC02528
    ရန်ကုန်။      ။ တတိယအကြိမ်မြောက် ဘားကမ့်(ပြည်) ကို ပြည်မြို့တွင် ဇွန်လ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့ထိ အ.ထ.က (၁) ပြည်မြို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ၂ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၀ ရက်နေ့တွင် မြန်မာဂျာနယ်လစ်ကွန်ယက် ရုံးခန်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအရ သိရပါသည်။

    နယ်ပယ်အသီးသီးမှ ၀ါသနာတူ၊ ဦးတည်ချက်တူသူများကို တစ်နေရာတည်းတွင် စုစည်းကြပြီး မိမိတတ်မြောက်ထားသော နည်းပညာများကို အခြားသူများနှင့် မျှဝေဆွေးနွေးနိုင်ရန်၊  နည်းပညာများကို လေ့လာနိုင်ရန်၊ အတွေ့အကြုံများကို ဖလှယ်နိုင်ရန်၊ အသိပညာများပြန့်ပွားလာစေရန် တို့အတွက် ယခုကဲ့သို့ ဘားကမ့် ပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းကို ပွဲစီစဉ်သူ Organizer အဖွဲ့မှ ကိုအောင်မြင့်သန်း က ဘားကမ့်ပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ပြောကြားခဲ့ပါသည်။

    “လူငယ်တွေအသိပညာတွေ တိုးတက်လာစေရန်နှင့် ၀ါသနာတူရာ လူငယ်တွေ စုစည်းပြီး မိမိဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိမဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားပြီး တစ်ယောက်နဲ့ တစ်ယောက် မသိသေးတဲ့ ဗဟုသုတတွေကို မျှဝေ ဖလှယ်နိုင်ရန်အတွက်ပဲဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    ပြည် ဘားကမ့်တွင် နည်းပညာပိုင်း၊ ရှေးဟောင်းသုတေသနပိုင်း၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုးရေးး စသည့် ကဏ္ဍမျိုးစုံကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။ Topic Room ၁၀ ခန်းထားရှိပြီးဆွေးနွေး သွားမည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံဖြည့်စွက်သွားမည်ဖြစ်သည်။ နယ်ပယ်အသီးသီးမှ ပညာရှင်များမှလည်း ပြည် ဘားကမ့်တွင် လာရောက်၍အားဖြည့်ဆွေးနွေးသွားကြမည်ဖြစ်သည်။

    “ပြည်မြို့ဟာ ရှေးကျတဲ့ မြို့တစ်မြို့ဖြစ်တဲ့အတွက် အခြားမြို့များမှ ဘားကမ့်သို့ လာရောက်တဲ့သူတွေကို ပြည်မြို့ရဲ့ရှေးဟောင်းမြို့တွေဖြစ်တဲ့ ထင်ရှားသော ခေတ္တရာမြို့ဟောင်းတွေကို လိုက်ပို့ပေးပြီး ရှေးဟောင်း ယဉ်ကျေးမှုတွေကို လိုက်လံပြသပေးသွားမှာဖြစ်ပါတယ်” ဟု ပွဲစီစဉ်သူ Organizer အဖွဲ့မှ ကိုစည်သူက ဆိုသည်။

    ဘားကမ့် ပြည် သို့ တက်ရောက်မည့် အနယ်နယ် အရပ်ရပ်မှ တက်ရောက် လိုသူများ အတွက် Online တွင် Registration ကိုဇွန်လ ၂၀ ရက်နေ့နောက်ဆုံး ထားပြုလုပ်နိုင်မည်ဖြစ်ပါသည်။

ုပြည်မြို့တွင် ပထမအကြိမ် အဖြစ် ဘားကမ့်ကို ၂၀၁၂ ခုနှစ်သြဂုတ်လတွင်ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၃ ခုနှစ် ဇွန်လတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဘားကမ့် ပြည် ကို နှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပြီးနောက် ပြည်မြို့တွင် ၀ါသနာတူရာလူငယ်များစုစည်းပြီး အသင်းအဖွဲ့များ ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။

  • သမိုင်းဝင် သိမ်ဖြူ ကွင်းနေရာ အဆောက်အဦးများ ဆောက်ခွင့်ပေး၍ အစိုးရ အဖွဲ့အစည်းများအား တရားစွဲမည်

    ဇွန် ၁၁၊ ၂၀၁၄
    M-Media
    လမင်း
    DSC02551
    ရန်ကုန်။        ။ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိသော သိမ်ဖြူအားကစားကွင်းတွင် အထပ်မြင့် အဆောက်အဦးများဆောက်လုပ်ခြင်း အပေါ် တရား လွှတ်တော်ရှေ့နေ ဦးအေးမင်း (ရှေ့နေများကွန်ရက်) နှင့်အတူ ကော်မတီဝင် ၂ ဦးတို့က တရားလိုများပြုလုပ်ကာ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

    မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြန်မာ့ ရင်းနှီးမြုပ်နှံမှု ကော်မရှင်နှင့် ကုမ္ပဏီတို့အား တရားစွဲဆို သွားမည်ဖြစ်မည်။ ဇွန်လ ၁၂ ရက်နေ့တွင် သတိပေးစာ တစ်စောင်ပေးပို့သွားမည်ဖြစ်ပြီး သတိပေးစာပေးပို့သည့်နေ့မှ ရက်ပေါင်း ၆၀ ပြည့်သောနေ့တွင် တရားစွဲဆို သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

    “ကျွန်တော်တို့ တရား ဥပဒေဘောင် အတွင်းကနေပဲ လုပ်ဆောင်သွားမှာပါ။ မြို့နေလူထုကလည်း ဒါကို ဆန့်ကျင်နေကြတာပါ။ တိုင်းတစ်ပါးနဲ့ စာချုပ်ချုပ်ထားတဲ့ မြစ်ဆုံ စီမံကိန်းတောင် ယခုအစိုးရ လက်ထက် ရပ်တန့်ထားလို့ရသေးတာပဲ။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံသား အချင်းချင်းချုပ်ထားတဲ့ စာချုပ်ကို ဘာလို့ဖျက်လို့ မရတာလည်းလို့ မေးချင်ပါတယ်” တရားလွှတ်တော်ရှေ့နေ ဦးအေးမင်း ကဆိုသည်။

    သိမ်ဖြူအားကစားကွင်းသည် ရှေးယခင် အဆက်ဆက်က နိုင်ငံတော်၏ သမိုင်းဝင်နေ့များကို ပြုလုပ်ကျင်းပခဲ့သည့်နေရာဖြစ်ကာ ထိုနေရာသည် သမိုင်းဝင်နေရာ တစ်ခုသာဖြစ်ကြောင်း၊ ယခုကဲ့သို့ အဆောက်အအုံများ ဆောက်လုပ်မည်ဆိုပါက ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး စသည့် နစ်နာဆုံးရူံးမှုများဖြစ် လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းလင်းပြောကြားခဲ့သည်။

    အားကစားကွင်းဆိုတာ ပြည်သူတွေရဲ့ အပန်းဖြေတဲ့နေရာ တစ်ခုဖြစ်ပြီး ယခုကဲ့သို့ အပန်းဖြေရမည့်နေရာများပျောက်ဆုံးနေပြီဖြစ်သောကြောင့် တရားဥပဒေဘောင် အတွင်းကနေပဲ ရင်ဆိုင်ဖြေရှင်း သွားမည်ဖြစ်ကြောင်း ကို နိုင်ငံရေးအကျဉ်းသားတစ်ဦး ဦးလှဌေးကဆိုသည်။

    အဆိုပါ သိမ်ဖြူအားကစားကွင်းအား ကာလပေါက်ဈေး ကျပ်သိန်းပေါင်း တစ်သိန်းကျော် တန်ကြေးရှိသော မြေအား ကျပ်သိန်း ၅၀၀၀ မျှဖြင့်သာ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါနေရာတွင် Office Tower 16ထပ်၊ Service Apartment Building 23ထပ်၊ Service Apartment Building 23ထပ်၊ Hotel Tower 21ထပ်  ဆောက်လုပ် လျှက်ရှိနေကြောင်း သိရသည်။

    သိမ်ဖြူ အားကစားကွင်းမှာ ၁၉၉၂ တွင်ယာဉ်မောင်းသင်တန်းအဖြစ်စတင်အသုံးပြုခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်ပိတ်သိမ်းခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလတွင် အဆောက်အအုံများကို စတင်ဆောက် လုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ အဆောက်အအုံများဆောက် လုပ်နေခြင်းအပေါ် ပြည်သူများမှ ကန့်ကွက်ဆန္ဒဖော်ထုတ်မှုကို ၄ ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး မီဒီယာများအား စာနယ်ဇင်း ရှင်းလင်းပွဲကို ၃ ကြိမ်တိုင်ပြုလုပ်ခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်သမ္မတ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်တကွ တိုင်းတရားလွှတ်တော် ဥက္ကဌ အပါအ၀င် သက်ဆိုင်ရာဌာနများသို့ အဆောက်အဦးဆောက်လုပ်မှုအား ရပ်ဆိုင်းရန် တရားဝင် စာအကြိမ်ကြိမ်ပေးပို့ခဲ့သော်လည်း ထူးခြားမှု မရှိကြောင်း သိရသည်။