News @ M-Media

Blog

  • အကျဉ်းသား ၇ ဦးအား သတ်ဖြတ်မှု ဂွာတီမာလာ ရဲတပ်ဖွဲ့ အကြီးအကဲဟောင်း ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျ

    ဇွန် ၇ ၊ ၂၀၁၄
    M-Media

    201466235152827734_20

    – အကျဉ်းသား ၇ ဦးသေဆုံးမှုတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရ၍ အမေရိကတိုက်အလယ်ပိုင်း ဂွာတီမာလာနိုင်ငံမှ ရဲတပ်ဖွဲ့ အကြီးအကဲဟောင်း တစ်ဦးအား ဂျနီဗာတရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်ဟု သိရသည်။

    အာဝင် စပီရီဆန်ဆိုသူဖြစ်ပြီး အကျဉ်းသား ၆ ဦးသေဆုံးမှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး အခြားတစ်ဦး သေဆုံးမှုတွင် တိုက်ရိုက်တာဝန်ရှိကြောင်း တွေ့ရှိခဲ့ရ၍ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု တရားသူကြီး အစ်ဘယ်လီ  ကျူအန်ဒတ်က ပြောကြားခဲ့သည်။

    ဂွာတီမာလာ သမ္မတ အွတ်တို ပီရက်စ်မူ မိမိတို့၏အစိုးရမှာ တရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားပြီး ထိုဆုံးဖြတ်ချက်အတွက် စပီရီဆန်၏ ဥပဒေကြောင်းအရ ချေပမှုများလုပ်ဆောင်မှုကို အားပေးသွားမည်ဟုဆိုသည်။

    သေဆုံးသွားခဲ့သည့် အကျဉ်းသားတစ်ဦး၏ မိခင်ဖြစ်သူက အထောက်အထားများကို စုဆောင်းကာ တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုကြောင့် ထိုအမှုကို မေလ ၁၅ ရက်နေ့တွင် စတင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

    စပီရီဆန်မှာ ဂွာတီမာလာနှင့် ဆွဇ်လန် နှစ်နိုင်ငံ၏ နိုင်ငံသားဖြစ်ပြီး လက်ရှိတွင် ဆွဇ်လန်နိုင်ငံ၌ နေထိုင်နေကာ နိုင်ငံရပ်ခြားတွင် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် နိုင်ငံအတွင်း စီရင်ခွင်ရှိသည့် ဆွဇ်လန်ဥပဒေကြောင့် ယခုကဲ့သို့ တရားစွဲဆိုကာ ပြစ်ဒဏ်ချမှတ် ခံရခြင်းဖြစ်သည်။
    Ref: Agencies
    ဓါတ်ပုံ- AFP

  • Golden Temple ဘုရားကျောင်းတွင် ဆစ်ခ်လူမျိုး အုပ်စုနှစ်ခု အချင်းများ၊ အနည်းဆုံး ၁၂ ဦးခန့် ဒဏ်ရာရ

    ဇွန် ၇ ၊ ၂၀၁၄
    M-Media
    _75344559_75344558
    – အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ ဆစ်ခ်လူမျိုးတို့၏ အထွဋ်အမြတ်ထားရာ Golden Temple ဆစ်ခ် ဘုရားကျောင်းတွင် ယမန်နေ့က ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    “ကြယ်ပြာ စစ်ဆင်ရေး” နှစ် ၃၀ ပြည့် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်နေစဉ်အတွင်း ဆစ်ခ်လူမျိုးအုပ်စု ၂ ခုမှ ခေါင်းဆောင်နှစ်ဦးမှာ မိန့်ခွန်းပြောကြားရန် အငြင်းပွားရာမှာ ထိုကဲ့သို့  ဓားခုတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲအရာရှိ တစ်ဦးက ဆိုသည်။ ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဘုရားကျောင်းတစ်ဝိုက်တွင်လည်း လုံခြုံရေများကို အပြည့်အ၀ချထားခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “ကြယ်ပြာစစ်ဆေးရေး” မှာ ၁၉၈၄ ခုနှစ်တွင် ထိုစဉ်က ၀န်ကြီးချုပ် အင်ဒရာဂန္ဒီ၏ အမိန့်ပေးမှုဖြင့် အိန္ဒိယစစ်တပ်က Golden Temple ဘုရားကျောင်း အတွင်းပြုလုပ်သော စစ်ဆင်ရေးဖြစ်သည်။ ဆစ်ခ်လူမျိုးတို့၏ ဘာသာရေးပွဲတော်ကျင်းပနေစဉ် ဆစ်ခ်ခွဲထွက်ရေး သမားများက ထိုဘုရားကျောင်းအား သိမ်းပိုက်လိုက်ခြင်းကြောင့် အိန္ဒိယစစ်တပ်က ရဟတ်ယာဉ်များ၊ တင့်ကားများ၊ အမြောက်များကို အသုံးပြုကာ နှိမ်နင်းခဲ့ခြင်းဖြစ်သည်။

    ထိုစစ်ဆင်ရေးတွင် အရပ်သား ၄၉၂ ဦး သေဆုံးခဲ့သည်ဟု အိန္ဒိယ အစိုးရက ကြေညာခဲ့သော်လည်း လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများအရ သေဆုံးသူမှာ ၅၀၀၀ ခန့်ရှိသည်ဟု သိရသည်။ ထိုစစ်ဆင်ရေးအပြီး လေးလကြာပြီးနောက် အင်ဒရာဂန္ဒီကို ၎င်း၏ ဆစ်ခ်ကိုရံတော်နှစ်ဦးက လုပ်ကြံခဲ့သည်။

    ဆင်ဟွာ

    ဓါတ်ပုံ – BBC

  • ခရိုင်းမီးယားအား စွန့်လွှတ်သွားမည်မဟုတ်ဟု ယူကရိန်း သမ္မတသစ်ဆို

    ဇွန် ၇ ၊ ၂၀၁၄
    M-Media
    201467123055280734_20
    – ယူကရိန်းအနေဖြင့် ခရိုင်းမီးယားဒေသအား စွန့်လွှတ်သွားမည်ဟုတ်ဟု သမ္မတသစ် ပိုရိုရှန်ကိုက ယနေ့တွင်ပြုလုပ်ခဲ့သည့် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ပြောကြားလိုက်သည်။

    ယူကရိန်းတွင် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ကာ ရုရှားလိုလားသည့် သမ္မတ ယာနူကိုဗစ်ခ်ျပြုတ်ကျခဲ့ပြီးနောက် ပြီးခဲ့သည့်မတ်လက ခရိုင်းမီးယားဒေသအား ရုရှားက သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ပိုရိုရှန်ကိုကမူ ခရိုင်းမီယားမှာ မိမိတို့၏ ပိုင်နက်သာဖြစ်သည်ဟု ဆိုသည်။

    “ခရိုင်းမီးယားဟာ အရင်ကရော၊ အခုရော၊ နောင်ရော ယူကရိန်းပိုင်ဖြစ်ပါတယ်” ဟု ကျမ်းကျိန်ပြီးနောက် ပိုရိုရှန်ကိုက ပြောကြားခဲ့သည်။ ထို့ပြင် ပိုရိုရှန်ကိုက ညီညွတ်ရေးရရှိရန် နိုင်ငံအရှေ့ပိုင်းရှိ နိုင်ငံသားများနှင့် ဆွေးနွေးသွားမည်ဖြစ်ပြီး ထိုထဲတွင် ခွဲထွက်ရေးသမားများ မပါဝင်ကြောင်း၊ ရုရှားနိုင်ငံက အကြံပြုသည့် ဖက်ဒရယ်စနစ်လည်း ဖြစ်လာမည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ယူကရိန်းမှာ ဥရောပယူနီယံ၏ တင်းပြည့်အဖွဲ့ဝင်ဖြစ်ရန် ပထမခြေလှမ်းအဖြစ် စီးပွားရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးသွားမည်ဖြစ်ပြီး၊ ဆန္ဒပြမှုများတွင် အကြမ်းမဖက်သူများ အတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးသွားမည်ဟု ၎င်းက ဆိုသည်။

    မေလ ၂၅ ရက်နေ့ ရွေးကောက်ပွဲအနိုင်ရပြီးကတည်းက ပိုရိုရှန်ကို၏ ယူကရိန်းအစိုးရသစ်မှာ နိုင်ငံအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများအား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့သည်။

    Ref: Agencies

  • ” သီတဂူဆရာတော်ကြီး မျက်စိနှစ်လုံး ခွဲစိပ်ကုသရခြင်း “

    ဇွန် ၅ ၊ ၂၀၁၄

    (တပည့်များ စိတ်အေးစေရန် ကြေငြာချက် – OFFICIAL Report)

    10352762_10204096438680147_6292082343803553048_n

    သီတဂူဆရာတော်ကြီးသည် ညာဘက်မျက်လုံး အနီးအဝေး မမြင်သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည်။ ၂၀၁၄ နိုဝင်ဘာလ ၂၄ရက်နေ့က နီပေါလ်နိုင်ငံ လုမ္ဗိနီဒေသ ဗုဒ္ဓဘာသာအမွေနှစ်များ ထိမ်းသိန်းစောင့်ရှောက်ရေးအတွက် အကြိုညှိနှိုင်းအစည်းဝေးကြွခဲ့သည်။ အပူချိန် ၄၀အထိရှိသည့် လုမ္ဗိနီဒေသ ဖိနပ်မစီးရ သတ်မှတ်ထားသော နေရာများတွင် ဖိနပ်မစီးဘဲ တော်တော်ကြာ လမ်းလျှောက်ခဲ့ပြီး ဟိုတယ်အပြန် ရေချိုးလိုက်သောအခါ ဘယ်ဘက်မျက်စိပါ အလင်းမရ ဖြစ်ခဲ့သည်။

    ထို့နောက်တွင် နီပေါလ်နိုင်ငံမှ သြစတေးလျနိုင်ငံသို့ သီတဂူသံဃာများနှင့်အတူ သိမ်သမုတ်ပွဲ ကြွခဲ့သည်။

    သြစတေးလျမှ အင်္ဂလန်နိုင်ငံသို့ အစည်းအဝေးတစ်ခု တက်ရောက်ရန် ရောက်ရှိနေခိုက် အင်္ဂလန်နိုင်ငံရှိ တပည့်များဖြစ်ကြသည့် ဒေါက်တာသိန်းမြင့်၊ ဒေါက်တာကိုကို၊ ဒေါက်တာကျော်မြင့်ဦး တို့နှင့် မျက်စိကိစ္စ တိုင်ပင် ဖြစ်ခဲ့သည်။

    တပည့်ဆရာဝန်များ၏ အကြံပေးချက်အရ စစ်ကိုင်းသီတဂူအာယုဒါန ဆေးရုံတော်ကြီးတွင် လုပ်အားပေးခဲ့ဖူးသော တန်ဇားနီးယားနိုင်ငံဖွား၊ ပါကစ္စတန်နိုင်ငံသား ဆေးရုံ ပိုင်ရှင်ဖြစ်သော DR. Sherez Daya နှင့်ပြသဖြစ်ခဲ့သည်။ ကြုံတုန်းကြုံခိုက် အခြေနေလည်းပေးသဖြင့် ခွဲစိတ်ကုသသွားပါရန် အကြံပြုကြသည့်အတိုင်း ဆရာတော်ဘုရားမှ ၄-၆-၂၀၁၄ တွင် မျက်စိနှစ်ဖက်လုံး ခွဲစိတ်ကုသမှု ခံယူတော်မူခဲ့သည်။

    10346210_603511289756539_3681562077777895701_n
    ယခုအခါ မျက်မှန်မပါဘဲ အဝေးကြည့်ကို ကောင်းစွာမြင်နိုင်သည်။ အနီးကြည့်ကိုတော့ နောက်နှစ်ရက်တွင် ကောင်းစွာမြင်နိုင်မည်။

    ကုန်ကျစရိတ် စတာလင်ပေါင် (၁၀၀၀၀) တစ်သောင်းကျော် အားလုံးကိုလည်း ထိုဆေးရုံပိုင်ရှင် ဆရာဝန်ကြီးမှ လှူဒါန်းခဲ့သည်။

    ဆရာတော်ကြီးသည် ယခုအခါ ကျန်းမာရေးရော မျက်လုံးနှစ်ဖက်ပါ ကျန်းကျန်းမာမာရှိပါကြောင်း စိတ်ပူကြသည့် တပည့်များအား အသိပေးပါသည်။

    ဆရာတော်ကြီး (ကိုယ်စား)
    သီတဂူစတား

    Link=>http://www.sitagustar2020.net/2014/06/blog-post.html

  • စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် ရှပ်နီခေါင်းဆောင် တစ်ဦးကို ထိုင်းစစ်တပ်ဖမ်းဆီး

    ဇွန် ၆ ၊ ၂၀၁၄
    M-Media
    Sombat_Boonngamanong_0606_840_883_100
    – အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်ဆန္ဒပြရန် အွန်လိုင်း စာမျက်နှာများတွင် လှုပ်ရှားမှုများပြုလုပ်ခဲ့သည့် အာဏာသိမ်း ဆန့်ကျင်ရေး ခေါင်းဆောင်ကို ဖမ်းဆီးလိုက်သည်ဟု ထိုင်း စစ်တပ်က ယနေ့တွင် ကြေညာလိုက်သည်။

    Sombat Boonngamanong ဆိုသူဖြစ်ပြီး ယမန်နေ့ညပိုင်းက နိုင်ငံအရှေ့ပိုင်း ချွန်ဘူရီ ပြည်နယ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ Boonngamanong မှာ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများပြုလုပ်ရန်နှင့် “Hunger Games” ရုပ်ရှင်တွင် ပါဝင်သည့် စစ်အစိုးရအား ဆန့်ကျင်သော လက်သုံးချောင်းထောင် သင်္ကေတကို ပြုလုပ်ရန် ဆော်သြခဲ့သူဖြစ်သည်။ ၎င်းမှာ စစ်အစိုးရ၏ အမိန့်ကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါ ထောင်ဒဏ် ၂ နှစ် ကျခံရဖွယ်ရှိနေသည်။

    Boonngamanong မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ယင်းလပ်တို့ကို အားပေးထောက်ခံသူ ရှပ်နီခေါင်းဆောင်လည်းဖြစ်သည်။ မေလ ၂၂ ရက်နေ့က အာဏာသိမ်းခဲ့ပြီးနောက် ထိုင်းစစ်တပ်မှာ နိုင်ငံရေးသမား၊ ပညာရှင်များနှင့် ဂျာနယ်လစ် ရာပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

    မည်သူများကို ဖမ်းဆီးထားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်မှုများရှိနေပြီး၊ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများအဖွဲ့ကမူ ဖမ်းဆီးခံထားရသည့်ဦးရေမှာ ၂၀၀ ခန့်ရှိသည်ဟု ဆိုသည်။

    Photo- ရိုက်တာ

    Ref: Al Jazeera and agencies

    Reuters
    Reuters