News @ M-Media

Blog

  • ပါလက်စတိုင်း အစိုးရသစ် ဖွဲ့စည်းမှုကို တုံ့ပြန်သည့် အစ္စရေး အခြေချအိမ်ရာ ကြေညာချက်အား အမေရိန်ကန် ရှုတ်ချ

    ဇွန် ၆ ၊ ၂၀၁၄
    M-Media
    2014659236597734_20
    – ညီညွတ်သော ပါလက်စတိုင်းအစိုးရ ဖွဲ့စည်းမှုကြောင့် ပါလက်စတိုင်းပိုင် နယ်မြေများတွင် ဂျူးအခြေအိမ်ရာများတည်ဆောက်မည်ဟု အစ္စရေး၏ ကြေညာချက်ကို အမေရိကန်က ယမန်နေ့တွင် ကန့်ကွက်ရှုတ်ချခဲ့သည်။

    “အနောက်ဘက်ကမ်းခြေမှာ အခြေချ အိမ်ရာတွေဆောက်တာကို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်။ အဲဒီလိုပဲ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ ကြေညာချက်ကိုလည်း ဆန့်ကျင်ပါတယ်။ ဒီအငြင်းပွားဖွယ် ကိစ္စ ရှိသည်ဖြစ်စေ မရှိသည့်ဖြစ်စေ ပါလက်စတိုင်း အစိုးရသစ်နဲ့ ကျွန်တော်တို့ ဆက်လက် ဆက်သွယ်သွားမှာပါ” ဟု အစ္စရေးဆိုင်ရာ အမေရိကန် သံအမတ် ဒန်ရှာပီရိုက အစ္စရေး စစ်တပ်ရေဒီယိုသို့ ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင် အနောက်ဘက် ကမ်းခြေနှင့် အရှေ့ဂျေရုစလင်တို့တွင် တရားမ၀င် အခြေချ အိမ်ရာများ တည်ဆောက်သွားမည်ဟု အစ္စရေးက ယမန်နေ့တွင် ကြေညာခဲ့ပြီး အိုးအိမ်ဝန်ကြီး ယူရီအေရီယဲလ်ကမူ ပါလက်စတိုင်း အကြမ်းဖက် ကတ်ဘိနက် ဖွဲ့စည်းခြင်းအတွက် ဇီယွန်ဝါဒီများ၏ တုံ့ပြန်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး အတွက် ညှိနှိုင်းရေးအကြီးအကဲ စအီးဘ် အရီကတ်ကမူ နိုင်ငံတကာက အားပေးထောက်ခံသည့် ပါလက်စတိုင်း၏ ခြေလှမ်းသစ်ကို အသုံးချကာ အစ္စရေးက နယ်ချဲ့မှုကို ဆက်လက် လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

    Ref:Al Jazeera

  • ခရိုင်းမီးယား တာတာမွတ်စလင် ခေါင်းဆောင်ကို ပိုလန်က ဒီမိုကရေစီ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်

    ဇွန် ၆ ၊ ၂၀၁၄
    M-Media
    TURKEY-POLITICS-DIPLOMACY
    – ဒီမိုကရေစီဖွံ့ဖြိုးရေးကို ရည်ရွယ်လုပ်ဆောင်နေသည့် ခရိုင်းမီးယားရှိ တာတာ မွတ်စလင်ခေါင်းဆောင် မွတ်စ်တာဖာ ဒဇ်မီလက်ဗ်အား ပိုလန်နိုင်ငံက
    ဒီမိုကရေစီ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခဲ့သည်ဟု သိရသည်။

    Lech Walesa Solidarity Award ဟု အမည်ရသည့်ဆုဖြစ်ပြီး ဇွန် လ ၃ ရက် အင်္ဂါနေ့က ပိုလန်နိုင်ငံ ၀ါဆောမြို့၌ ချီးမြှင့်ခဲ့ခြင်းဖြစ်ရာ ထိုအခမ်းအနားသို့ ယူကရိန်း သမ္မတသစ် ပိုရိုရှန်ကိုနှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီတို့လည်း တက်ရောက်ခဲ့ကြသည်။ ထိုဆုပေးပွဲအခမ်းအနားကို ပိုလန်တွင် ကွန်မြူနစ်ဝါ ကျဆုံးပြီးသည့် ၂၅ နှစ်ပြည့် အခမ်းအနားတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ဒဇ်မီလက်ဗ်မှာ တာတာလူမျိုးများ ညှင်းပမ်းနှိပ်စက်ခံရသည့် ဆိုဗီယက်ခေတ်တွင် ဆိုဗီယက် အစိုးရအားဆန့်ကျင်သူဖြစ်ပြီး၊ ရုရှားမှ ခရိုင်းမီးယားဒေသအား သိမ်းယူမှုကိုလည်း ကန့်ကွက်ခဲ့သူဖြစ်သည်။ ခရိုင်းမီးယားဒေသ ရုရှားအတွင်းသို့ ၀င်ရောက်ရန် ပြည်သူ့ဆန္ဒခံယူပွဲတွင် ဒဇ်မီလက်ဗ် ဦးဆောင်သည့် တာတာလူမျိုးများ မပါဝင်ခဲ့ဘဲ ရုရှားသမ္မတ ပူတင်က စည်းရုံးသိမ်းသွင်းခဲ့သော်လည်း ဒဇ်မီလက်ဗ် ငြင်းပယ်ခဲ့သည်။

    သမ္မတ တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံခြားခရီးစဉ်အဖြစ် ပိုလန်နိုင်ငံသို့ ရောက်ရှိနေသည့် ယူကရိန်း သမ္မတ ပိုရိုရှန်ကိုကမူ ဒဇ်မီလက်ဗ်အား “ယူကရိန်း သူရဲကောင်းကြီး” ဟု ကင်ပွန်းတပ်ခဲ့သည်။

    Ref: AFP

  • ပရီးမီးယားလိဂ်ဝင်ငွေ အခြားလိဂ် ပြိုင်ပွဲများထက်သာလွန်၊

    ဇွန် ၆ ၊ ၂၀၁၄
    M-Media

    ပရီးမီးယားလိဂ်ဝင်ငွေ အခြားလိဂ် ပြိုင်ပွဲများထက်သာလွန်၊ အသားတင် အမြတ်ငွေတွင် ဂျာမန်ဘွန်ဒစ်လီဂါက ထိပ်ဆုံး၌ရှိ

    403639_heroa

    – ဘောလုံးလောက ဘဏ္ဍာရေးအခြေအနေများကို စောင့်ကြည့်လေ့လာသည့် Deloitte ကုမ္ပဏီမှ ဘဏ္ဍာရေးကျွမ်းကျင်သူများ၏ အဆိုအရ ပရီးမီးယားလိဂ် ၀င်ငွေမှာ ၂၀၁၂-၁၃ ဘောလုံးရာသီတွင် ယူရို ၃.၁ ဘီလီယံ ရှိလာခဲ့သည်ဟု ဆိုသည်။

    ထိုပမာဏမှာ ဂျာမနီ၊ စပိန်၊ အီတလီ စသည့်နိုင်ငံများမှ ထိပ်တန်းလိဂ်များ၏ ၀င်ငွေများထက်ပို၍ များပြားနေသည်။ သို့သော်လည်း ဂျာမန်ဘွန်ဒစ်လီဂါ၏ အသားတင်အမြတ်ငွေမှာ ယူရို ၂၇၈ သန်းဖြင့် အမြင့်ဆုံးဖြစ်နေပြီး ပရီးမီးယားလိဂ်က ယူရို သန်း ၁၀၀ သာရှိသည်။

    ၂၀၁၁-၁၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်တွင် အသားတင်အမြတ်ငွေရရှိသည့် အသင်းမှာ ၁၀ သင်းသာရှိခဲ့သော်လည်း ၂၀၁၂-၁၃ ဘောလုံးရာသီတွင် ၁၃ သင်းအထိရှိခဲ့သည်။ အသံလွှင့်ခွင့် သဘောတူညီချက်အသစ်များနှင့် ရောင်းဝယ်မှုများ တိုးတက်လာခြင်းကြောင့်ဖြစ်ပြီး ၂၀၁၃-၁၄ ဘောလုံးရာသီတွင် ပရီးမီယားလိဂ် ၀င်ငွေမှာ ယူရို ၃.၉ ဘီလီယံ ရှိလာမည်ဟု Deloitte က ခန့်မှန်းထားသည်။

့ပရီးမီးယားလိဂ် ကလပ်အသင်းများမှာ ၎င်းတို့၏ ၀င်ငွေကို ကစားသမားများ၏ လစာပေးချေမှုတွင် အမြောက်အများသုံးစွဲကြသည်ဟု ဆိုသည်။ ပရီးမီးယားလိဂ် ၀င်ငွေမှာ မြင့်မားနေသော်လည်း ချန်ပီယံရှစ် ပြိုင်ပွဲ၏ ၀င်ငွေမှာမူ အလွန်နည်းပါးသည်။

  • ရွှေဥာဏ်တော် ‘စူးရောက်’ သူများ (ပြည်သူ့အသံ)

    ဇွန် ၆ ၊ ၂၀၁၄
    M-Media
    .ရေးသူ- ကိုဆွေမွန်

    10415674_1495433064002130_5037998500389041751_n

    အူရီဒူးက အစိုးရရဲ့ ခွင့်ပြုချက် နဲ့ တရားဝင်စာချုပ်ပြီးလုပ်တဲ့ operator ဖြစ်နေတယ်။ ရင်းနှီးမြှပ်နှံမှုကလည်း မြန်မာပြည်ထဲမှာ ဒေါ်လာ သန်း ထောင်ချီဝင်နေပြီးပြီ။ ဘယ်လိုနည်းနဲ့မှ နောက်ဆုတ်တော့မှာ မဟုတ်သလို နောက်ဆုတ်အောင်လည်း ဘယ်လိုနည်းနဲ့မှ လုပ်လို့မရတော့ဘူး။

    နောက်ဆုတ်အောင်လုပ်လိုက်ရင်
    (၁) အူရီဒူးတစ်ခုတည်းနဲ့တင် မပြီးဘဲ နောင်လာမယ့် နိုင်ငံတကာက စီးပွားရေး ရင်းနှီးမြှပ်နှံမှုအားလုံးဟာ ကိုယ့်ကြောင့် ရပ်တန့်သွားနိုင်တယ်ဆိုတာရယ်….
    (၂) တကယ်ကန့်ကွက်ရမှာက အူရီဒူးကို မဟုတ်ဘဲ အူရီဒူးကို operator အဖြစ်ရွေးခဲ့တဲ့ လက်ရှိအစိုးရကိုသာ ကန့်ကွက်သင့်တယ်ဆိုတဲ့ အသိဥာဏ်လောက်တော့ ဒီ မဘသတွေမှာ ရှိသင့်တယ်။

    မဘသက ကန့်ကွက်ချင်ရင်တောင် လုံးဝခွင့်မပြုရမှာက အစိုးရရဲ့ တာဝန်ပဲ။ မျက်စိပိတ်ပြီး မသိချင်ယောင်ဆောင်နေလို့ကို မရဘူး။ ဓမ္မစက်၊ အာဏာစက်နဲ့ တားကို တားရမယ့်အပြင် တားလည်း တားသင့်တာ အစိုးရရဲ့ တာဝန်ပါပဲ။ ပြည်သူ့အကျိုးအတွက် လုပ်ကို လုပ်ရမှာပါ။

    ခုတော့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ပေါ်လစီကို ကိုင်စွဲထားတဲ့ အစိုးရကတော့ အူရီဒူးကို မြန်မာပြည်ထဲကို တရားဝင်ခေါ်သွင်းသလို နောက်ကွယ်က ဆိုင်းဘုတ်တွေ မုခ်ဦးတွေဆောက်ပြီး အူရီဒူးကို ကန့်ကွက်ပွဲတွေလုပ်ခွင့်ပေးနေတာက …. တကယ်တမ်းတော့ မြန်မာပြည်ရဲ့ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား သိက္ခာကို ချပစ်နေခြင်းတစ်မျိုးပါပဲ။

    နိုင်ငံတကာမှာ ချမ်းသာပါပေ့ဆိုတဲ့ သူဋ္ဌေးနိုင်ငံကြီးတွေ၊ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာတောင် ရင်းနှီးမြှပ်နှံမှုတွေ မ၀င်လာရင် ၀င်လာချင်အောင် နည်းလမ်းအမျိုးမျိုးနဲ့ ဆွဲဆောင်နေကြရချိန်မှာ ရင်းနှီးမြှပ်နှံမှုအလွန်အကျွံလိုအပ်နေတဲ့ မြန်မာလို ဆင်းရဲသားနိုင်ငံက(စာထဲမှာပဲ ရွှေနိုင်ငံနော်၊ မဆဲကြနဲ့ဦး) ရှားရှားပါးပါးဝင်လာတဲ့ရင်းနှီးမြှပ်နှံမှုကို ကန့်ကွက်မယ်ဆိုတော့ အရမ်းကို ရွှေဥာဏ်တော် {(စူးရောက်)}တဲ့ ပုဂ္ဂိုလ်ကြီးတွေလို့ပဲ နိုင်ငံတကာက သတ်မှတ်ကြတော့မှာလိုပဲ ပြောပါရစေတော့။

     

    ဓါတ်ပုံ- Internet

    M-Media “ပြည်သူ့အသံ” ကဏ္ဍတွင် ဖော်ပြပေးစေလိုလျှင်  [email protected] သို့ မေးလ်ပေးပို့နိုင်ပါသည်။ စိစစ်ပြီး ဖော်ပြပေးပါမည်။

  • Ooredoo အား သပိတ်မှောက်ရေး ဗုဒ္ဓဘာသာ ဘုန်းကြီးအချို့ လှုပ်ရှားမှု အရှိန်မြင့်လာ

    ဇွန် ၆ ၊ ၂၀၁၄
    M-Media

    ကာတာပိုင် အူရီဒူး ဆက်သွယ်ရေး ကုမ္ပဏီအား  သပိတ်မှောက်ရေး ဗုဒ္ဓဘာသာ ဘုန်းကြီးအချို့ လှုပ်ရှားမှု အရှိန်မြင့်လာ

    10259734_1438974349688916_9022897898064727305_n

    – မြန်မာနိုင်ငံတွင် ဆက်သွယ်ရေုးလုပ်ငန်းလိုင်စင်ရရှိထားပြီး ၀န်ဆောင်မှုပေးရန် ဆောင်ရွက်နေသည့် အူရီဒူးးဆက်သွယ်ရေး ကုမ္ပဏီအား သပိတ်မှောက်ရန် အစွန်းရောက် မြန်မာ ဗုဒ္ဓဘာသာဘုန်းကြီးများက ပြည်သူများအား တိုက်တွန်းဆော်သြနေသည်။

    အူရီဒူးအား သပိတ်မှောက်ခြင်း၏ အဓိကအကြောင်းအရင်းမှာ မွတ်စလင်နိုင်ငံဖြစ်သည့် ကာတာအခြေစိုက် ကုမ္ပဏီဖြစ်ခြင်းကြောင့်ဖြစ်ပြီး အမျိုး ဘာသာ သာသနာအား ကာကွယ်စောင့်ရှောက်သည့်အနေဖြင့် ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

    အူရီဒူးမှ ရောင်းချသော ဆင်းကဒ်များနှင့် ဟန်းဆက်များအား ၀ယ်ယူအသုံးမပြုရေး ပညာပေး ဟောပြောပွဲကို မနက်ဖြန်တွင် ရန်ကုန်မြို့၌ ပြုလုပ်ရန် စီစဉ်ထားသည်။ ထိုအစီအစဉ်အား အမျိုးသားရေးဝါဒီ ဘုန်းကြီးဖြစ်သူ အရှင်ပါမောက္ခက ဦးဆောင် ပြုလုပ်ခြင်းဖြစ်သည်။

    “ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေပိုင်တဲ့ဆိုင်မှာ ၀ယ်တာကိုပဲ လိုချင်ပါတယ်။ အဲဒီအကျိုးအမြတ်တွေက ဗုဒ္ဓဘာသာအတွက် ဖြစ်ပါလိ့မယ်” ဟု အရှင်ပါမောက္ခက ပြောကြားခဲ့သည်။

    OOREDOO-Flyer-2

    ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ဖြစ်လာပြီးနောက် မြန်မာနိုင်ငံတွင် အစွန်းရောက် ဗုဒ္ဓဘာသာ ဘုန်းကြီးများဦးဆောင်သည့် အမျိုးသားရေးလှုပ်ရှားမှုများ ကြီးထွားလာခဲ့ပြီး မွတ်စလင်များ၏ စီးပွားရေးလုပ်ငန်းများအား သပိတ်မှောက်ရန် ဆော်သြခဲ့ကြသည်။ ထို့ပြင် ဘာသာရေး လွတ်လပ်ခွင့်ကို ကန့်သတ်သည့် အငြင်းပွားဖွယ် ဥပဒေများကိုလည်း အဆိုပြုခဲ့သည်။

    မြန်မာနိုင်ငံတွင် ယခင် စစ်အာဏာရှင်လက်ထက်က တယ်လီဖုန်းဈေးနှုန်းများမှာ အဆမတန်ကြီးမြင့်ပြီး လူ ၁၀ ဦးတွင် ၁ ဦးသာ ဖုန်းကိုင်နိုင်သည်။ သို့သော်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ပြီးနောက်ပိုင်း  ဆက်သွယ်ရေးလုပ်ငန်းများ အတွက် နိုင်ငံခြားကုမ္ပဏီများကို တင်ဒါခေါ်ယူခဲ့ပြီး ကတာအခြေစိုက် အူရီဒူး နှင့် နော်ဝေအခြေစိုက် တယ်လီနောတို့က တင်ဒါအောင်မြင်ခဲ့သည်။ ထိုကုမ္ပဏီနှစ်ခုမှာ ယခုအခါ မြန်မာနိုင်ငံအတွင်း တန်ဖိုးနည်း ဖုန်းများကို ရောင်းချရန် ဆောင်ရွက်နေကြသည်။

    Ref: AFP

    ဓါတ်ပုံ- Internet