News @ M-Media
Blog
  • ကမ္ဘာ့ဖလားလာကြည့်မယ့် မွတ်စလင် ပရိတ်သတ်အတွက် လမ်းညွှန်စာအုပ် ဘရာဇီးတွင် အခမဲ့ဖြန့်ချီ
    .မေ ၆ ၊ ၂၀၁၄
    M-Media
    – ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲသို့ လာရောက်ကြမည့် အစ္စလာမ်ဘာသာဝင် ပရိတ်သတ်များ ဗလီဝတ်ကျောင်းတော်များနှင့် ဟာလာလ် စားသောက်ဆိုင်များကို လွယ်ကူစွာ ရှာဖွေနိုင်ရန်အတွက် လမ်းညွှန်း စာအုပ်တစ်အုပ်ကို ဘရာဇီး၌ အခမဲ့ ထုတ်ဝေလိုက်သည်ဟု သိရသည်။
    Salam-Brazil
    ထိုစာအုပ်အား Salam Brazil(Hello Brazil) ဟု အမည်ပေးထားပြီး စာမျက်နှာ ၃၂ မျက်နှာ ပါဝင်ကာ ဘရာဇီး အစ္စလာမ်အသင်းများ အဖွဲ့ချုပ်နှင့် အိုမန်သံရုံးတို့မှ ပူးပေါင်းကာ ထုတ်ဝေခြင်းဖြစ်သည်။ ထိုစာအုပ်တွင် ဘရာဇီးလ်တွင်ရှိသည့် အစ္စလာမ့်စင်တာများ၊ ဗလီဝတ်ကျောင်းတော်များ၊ ဟာလာလ် စားသောက်ဆိုင်များနှင့် ရှရီအာ ဥပဒေနှင့်သင့်လျော်သည့် အပန်းဖြေစင်တာများ၏ လိပ်စာများ ပါဝင်သည်ဟု အဖွဲ့ချုပ် အကြီးအကဲ မိုဟာမက်ဟူစိန် အလ်-ဇက္ကဘီက ပြောကြားခဲ့သည်။
    ထို့ပြင် ဘရာဇီးရှိ အစ္စလာမ်ဘာသာတရားနှင့် မွတ်စလင်တို့၏ သမိုင်းအကျဉ်းချုပ်နှင့် ဘရာဇီးယဉ်ကျေးမှုတွင် အစ္စလာမ်သာသနာ၏ အကျိုးသက်ရောက်မှုကိုလည်း ထည့်သွင်းဖော်ပြထားသည်။
    ဘရာဇီးသို့ သွားရောက်မည့် အစ္စလာမ်ဘာသာဝင်များ အကြား ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိစေရန် အတွက် ထိုလမ်းညွှန်စာအုပ်ကို အစ္စလာမ် အများစုရှိရာ နိုင်ငံများနှင့် အာရဗ်နိုင်ငံများရှိလေကြောင်းလိုင်းများသို့ ဖြန်ချီထားသည်သည်။
    ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အစ္စလာမ်ဘာသာဝင် အများစုရှိရာ နိုင်ငံများဖြစ်သည့် အီရန်၊ အလ်ဂျီးရီးယားနှင့် ဘော့စနီးယား ဟာဇိဂိုဗီနာတို့ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ပြင်သစ်၊ အိုက်ဗရီကို့စ်နှင့် ကင်မရွန်းအသင်းများတွင်လည်း အစ္စလာမ်ဘာသာဝင် ကစားသမားများ ပါဝင်သည်။
    ယခုလမ်းညွှန်စာအုပ်မှာ ဘရာဇီးရှိ အစ္စလာမ် ဘာသာရေးအဖွဲ့မှလုပ်ဆောင်သည့် ပထမဆုံးအားထုတ်မှု မဟုတ်ချေ။ အစ္စလာမ်နှင့် ပတ်သက်သည့် အဓိကအချက်များကို ကောက်နှုတ်ဖော်ပြထားသည့် Know Islam စာအုပ်ကိုလည်း ထုတ်ဝေထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသို့ လာရောက်ကြမည့် ပရိတ်သတ် သန်းပေါင်းများစွာအား ဖြန့်ဝေသွားရန် အစီအစဉ်ရှိနေသည်။
    ထို့ပြင် ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်၊ ပေါ်တူဂီနှင့် အခြားသော ဘာသာစကားများဖြင့် ဖော်ပြထားသော အစ္စလာမ်နှင့် ပတ်သက်သည့် ဇာတ်လမ်းတိုများကိုလည်း ထုတ်လုပ်ဖြန့်ချီသွားမည်ဖြစ်သည်။
    ကမ္ဘာဖလားပြိုင်ပွဲကို ဇွန်လ ၁၂ ရက်နေ့မှ ဇူလိုင် ၁၃ ရက်နေ့အထိ ဘရာဇီးရှိ မြို့ ၁၂ မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
    ၂၀၀၁ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ ဘရာဇီးလ်တွင် အစ္စလာမ်ဘာသာဝင် ၂၇၂၃၉ ဦးရှိသည်ဟု သိရသည်။ သို့သော်လည်း ဘရာဇီးအစ္စလာမ် အဖွဲ့မူ အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၁ သန်းခွဲခန့်ရှိမည်ဟု ခန့်မှန်းထားသည်။
    Fuminense Federal တက္ကသိုလ်မှ အစ္စလာမ့်ရေးရာ ကျွမ်းကျင်သူ ပေါ်လို ပင်တိုက ဘရာဇီးတွင် အစ္စလာမ်ဘာသာဝင် ၁ သန်းခန့်ရှိမည်ဟု ဆိုသည်။ ဘရာဇီးတွင် အစ္စလာမ်ဘာသာဝင်ဦးရေ တိုးတက်လာခြင်းကို နိုင်ငံတစ်ဝှမ်းများပြားလာသည့် ဗလီဝတ်ကျောင်းတော်များကို ကြည့်၍ သိရှိနိုင်သည်။ ယခုလက်ရှိတွင် ဘရာဇီး၌ ဗလီဝတ်ကျောင်းတော်ပေါင်း ၁၂၇ လုံးရှိနေပြီး ၂၀၀၀ ခုနှစ်ကထက် ၄ ဆခန့် တိုးတက် လာခြင်းဖြစ်သည်။
    OnIslam & News Agencies
  • ပန်းဝင်ခါနီး ခြေခေါက်သွားတဲ လီဗာပူး၊ ချယ်ဆီး သရေကျပြီး ချန်ပီယံ မျှော်လင့်ချက် အဆုံးသတ်တဲ့ EPL ပွဲစဉ် ၃၇ လက်ကျန်
    မေ- ၆ ၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ ရဲ့ လက်ကျန် ၃ ပွဲကို မနေ့ကနဲ့ ဒီနေ့မနက်တွေမှာ ကစားခဲ့ပါတယ်။
    CRYSTAL PALACE VS LIVERPOOL 26 of 28
    ဒီနေ့မနက်ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ လီဗာပူးလ်တို့ရဲ့ပွဲမှာတော့ ချန်ပီယံဆုအတွက် အမှားခံလို့မရတဲ့ လီးဗာပူးလ်တို့ ၃ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လိုအပ်တဲ့ အနိုင် ၃ မှတ်တော့ ရခဲ့ခြင်းမရှိပါဘူး။ တစ်ပွဲလုံး ဘောလုံးပိုင်ဆိုင်မှုအသာ ဂိုးသွင်းခွင့်အသာရလာခဲ့တဲ့ လီဗာပူလ်းတို့ ဒုတိယပိုင်း ပွဲပြီးကာနီး ၁၀ မိနစ်အတွင်းမှာပဲ ၃ ဂိုးပြန်ပေးလိုက်ရပြီး ချန်ပီယံမျှော်လင့်ချက်ေ၀၀ါးခဲ့ရတာပါ။
    ဒီပွဲသရေကျခဲ့တာကြောင့် ၃၇ ပွဲကစားပြီး ၈၁ မှတ်နဲ့ ဇယားထိပ်ဆုံးမှာရှိနေခဲ့ပေမယ့် မန်စီးတီးအသင်းက ၁ ပွဲလျော့ တစ်မှတ် အကွာနဲ့ ဒုတိယနေရာမှာ ရှိနေတာကြောင့် လီဗာပူးလ်ဟာ ချန်ပီယံဖြစ်ဖို့ မန်စီးတီးရဲ့ ခြေချော်မှုကို စောင့်နေရတော့မှာပါ။ ဒီပွဲမှာ ၁ ဂိုးသွင်းပြီး ၃၁ ဂိုးနဲ့ ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းနိုင်ခဲ့တဲ့ ရော်နယ်ဒို၊ အလန်ရှီးယားတို့နဲ့ စံချိန်တူသွားတဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ကတော့ ပွဲအပြီးမှာ ၀မ်းနည်းပက်လက် ငိုကြွေးခဲ့ပါတယ်။
    ထိပ်ဆုံး ၂ သင်းရဲ့ အမှားကိုစောင့်နေတဲ့ မော်ရင်ဟိုရဲ့ ချယ်ဆီးကတော့ မနေ့က ကစားခဲ့တဲ့ပွဲမှာ နော်ဝစ်ခ်ျအသင်းကို အိမ်ကွင်းမှာ သရေသာရခဲ့ပါတယ်။ ဒ့ါကြောင့် ပရီးမီးယားလိဂ် ဗိုလ်စွဲရေး အဆုံးသတ်သွားခဲ့ပါပြီ။ ချယ်ဆီးတို့ ဂိုးသွင်းခွင့်အချို့ရခဲ့ပေမယ့် တိုက်စစ်မှူးတွေ အဆုံးသတ် မသေချာခဲ့တာကြောင့် ဂိုးမရခဲ့တာပါ။ နော်ဝစ်ခ်ျကတော့ အဆင့် ၁၈ နေရာမှာရှိနေပြီး ဖူလ်ဟမ်၊ ကာဒစ်ဖ်တို့နဲ့အတူ တန်းဆင်းဖို့အတွက် အလွန်နီးစပ်နေပါတယ်။
    လူပြန်စုံလာတဲ့ အာဆင်နယ်ကလည်း မနေ့က ကစားခဲ့တဲ့ ၀က်စ်ဘရွန်းနဲ့ပွဲမှာ  ဂျီရော့ရဲ့ ပထမပိုင်း ၁၄ မိနစ် တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ခရစ္စတယ်ပဲလေ့စ် ၃-၃ လီဗာပူးလ်
    ချယ်ဆီး ၀-၀ နော်ဝစ်ခ်ျ
    အာဆင်နယ် ၁-၀ ၀က်စ်ဘရွန်း
    အက်စတွန်ဗီလာ ၃-၁ ဟားလ်စီးတီး
    မန်ယူ ၀-၁ ဆန်းဒါးလန်း
    နယူးကာဆယ် ၃-၀ ကာဒစ်ဖ်
    စတုတ် ၄-၁ ဖူလမ်ဟမ်
    ဆွမ်ဆီး ၀-၁ ဆောက်သက်တမ်
    အဲဗာတန် ၂-၃ မန်စီးတီ
  • လူမျိုးရေး ပဋိပက္ခများ၊ မီဒီယာ လွတ်လပ်ခွင့်၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ဖွဲ့စည်းပုံပါ နိုင်ငံတော် အခြေခံမူ
    မေ ၆၊ ၂၀၁၄
    M-Media
    ဆောင်းပါးရှင် – မောင်သမာဓိ
    (၁) စာနယ်ဇင်း လွတ်လပ်ခွင့်ရပြီ။
    မြန်မာနိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့် ပေမီ ဒေါက်မီ ရနေပြီဟု ယုံကြည်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဧပြီလ ၃၀ ရက်နေ့က မဇ္ဈိမကို ပြောသည်ဟု ၂၀၁၄ ခုနှစ် မေလ ၁ ရက်နေ့ထုတ် Mizzima Daily သတင်းစာတွင် ရေသား ဖေါ်ပြထားသည်ကို ဖတ်လိုက်ရပါသည်။
    ထို့ကြောင့် စာနယ်ဇင်းကောင်စီမှ ဦးဇော်သက်ထွေးမှ သတင်းလွတ်လပ်ခွင့်က ပေမီ ဒေါက်မီ ရှိနေပြီ ဆိုတာ ဘယ်ပေတံနဲ့ တိုင်းတာပါသလဲဟု မေးခွန်းထုတ်လိုက်ပါသည်။
    (၂) အစွန်းရောက် မီဒီယာနှင့် အစွန်းရောက် တရားစီရင်ရေး မဏ္ဍိုင်
    ဖွှဲစည်းပုံက အသိအမှတ် ပြုထားသော ဘာသာတစ်ခုနှင့် တစ်ခုအကြား အမုန်းတရား စကား (Hate Speech) နှင့် ခွဲခြား ဆက်ဆံသော အသုံးအနှုံးများကို သတင်းစာနှင့် စာနယ်ဇင်းများတွင် အရေးယူမှုမရှိဘဲ လွတ်လပ်စွာ ထုတ်ဖေါ် ရေးသားခွင့် ရှိနေချိန်တွင် မြို့နယ် ပညာရေးမှူးရုံးတစ်ခုတွင် ရုံးချိန်အတွင်း သတင်း သွားယူသော DVB သတင်းထောက် ကိုဇော်ဖေတစ်ယောက်  ပိုင်နက်ကျူးလွန်မှုနှင့် တရားဆွဲ ခံရကာ ထောင် ဒဏ် အပြစ်ပေး ခံရလေသည်။
    မန္တလေးဝန်ကြီးချုပ် အိမ်မီးလောင်မှုတွင် အိမ်ထောင်ဦးစီး တစ်ယောက်ကိုသာ တရားစွဲသော်လည်း ၄၈ လမ်းကျောင်း မီးလောင်မှုတွင် လူနှစ်ဦးကို တရားစွဲပြီး နှစ်ဦးစလုံးကို ၈ နှစ်စီ ထောင်ဒဏ် ချမှတ်လေသည်။
    တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တည့်မတ်၍ မရနိုင်တော့သော တရားစီရင်ရေး မဏ္ဍိုင်အဖြစ်သို့ ရောက်မှန်းမသိ ရောက်သွား ပေတော့သည်။
    (၃) နှုတ်က ငြင်းသော်လည်း လုပ်ရပ်က ဝန်ခံ။
    အဓမ္မလုပ်အားပေး ခိုင်းစေမှု မရှိပါဟု အစဉ်တစိုက် ငြင်းခဲ့ပေမဲ့ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းမှ ကာ ကွယ်ပေးသည့် ဥပဒေကို ပြဌာန်းပေးခဲ့ရသည့် အပြင် အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းကို စောင့်ကြည့်သော ILO ရုံးတစ်ခုကို Trader Hotel တွင် ဖွင့်ခွင့် ပြုခဲ့ရလေ၏။
    နိုင်ငံရေး အကျဉ်းသားမရှိပါဟု အင်ဒိုနီးရှားနိုင်ငံတွင် သမ္မတကြီးဦးသိန်းစိန် ငြင်းဆန်ခဲ့သော်လည်း ယ္ခုအခါ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဖွဲ့ကာ နိုင်ငံရေး အကျဉ်းသား စာရင်းကို ပြုစုစေ၏။
    ကလေးစစ်သား မရှိပါဟု တောက်လျှောက်ငြင်းဆန်လာခဲ့သော်လည်း ကလေးစစ်သားများကို မိဘ များထံ ပြန်အပ်သည့် အခန်းအနားများကို စစ်ဌာနချုပ်များတွင် အဆက်မပြတ် ကျင်းပပေးနေရလေ၏။
    မြန်မာပြည်တွင် ရိုဟင်ဂျာ မရှိပါဟု အစဉ်တစိုက် ငြင်းနေရာက ထူးခြားသော စကားတစ်ချို့ကို ဧပြီလ ၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ပါရှိသော မျိုးမြင့်သောင်း ရေးသည့် သတင်းဆောင်းပါးတွင် ဖတ်လိုက်ရပါ သည်။ မြန်မာ့ သမိုင်းကို လေ့လာကြည့်ပါတယ် ဆိုတဲ့ ဦးရဲထွဋ်က ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရ ဟာ ၁၉၄၆ ခုနှစ် ကနေ ၁၉၅၀ ကျော်နှစ်တွေအထိ ဖြစ်ပေါ်ခဲ့တဲ့ မူဂျာဟစ် ခွဲထွက်ရေး လှုပ်ရှားမှုတွေကတဆင့် စတင် ပေါ်ပေါက်ခဲ့ပေမဲ့ လက်ရှိဘင်္ဂါလီတွေဟာ ဗြိတိသျှကိုလိုနီ လက်ထက် ၁၉၃၁ ခုနှစ် သန်းကောင်စာရင်း ကောက်စဉ်ကပင် ရှိနေခဲ့တယ် လို့ ဆိုတယ်ခင်ဗျာ့။
    ကျွန်တော် စဉ်းစားလို့ မရတာက မြန်မာပြည်ရဲ့ လက်ရှိတည်ဆဲ နိုင်ငံသားပြုမှု ဥပဒေဟာ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုတာလား၊ လွန်ခဲ့ နှစ်ပေါင်း ၈၀ ကျော်ကတည်းက နေထိုင်ခဲ့ ကြောင်း သေချာနေတဲ့ လူတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုတာလားဆိုတဲ့ အချက်ပါဘဲ။
    ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ဗဒုံမင်းခေါ် ဘိုးတော် ဘုရား (ဦးဝိုင်း) ရခိုင်ကို သိမ်းပိုက်ခဲ့တဲ့ သ မိုင်းနဲ့ ၁၈၀၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Dr. Francis Buchanan ရဲ့ မြန်မာ တိုင်းရင်းသားတွေ အကြောင်းကို ရေး သားထားတဲ့ စာအုပ်တွေကို ဖတ်ပြီးရင်တော့  ဦးရဲထွဋ် အပါအဝင် မြန်မာ အစိုးရအဖွဲ့ဝင်တွေရဲ့ ရိုဟင်ဂျာ ပေါ် အမြင်ဟာ ကြိမ်းသေ ပြောင်းလဲ သွားပါ လိမ့်မယ်။ မှန်နန်းရာဇဝင် ကိုရေးသားခဲ့တဲ့ပညာရှင် နာမည်ကိုက ဦးကုလား တဲ့ဗျာ။ ကဲ.. မြန်မာပြည်မှာ ကုလား မရှိဘူးလို့ ငြင်းဦးမလား။
    (၄) ရေငုတ်၍ အလေးစွန့်သလိုပ။
    အောက်ပြည် အောက်ရွာတွင် သား အမိ နှစ်ဦးရှိလေသည်။ တစ်ဦးတည်းသော သား ဖြစ်သူသည် အ ရက်သေစာကို မိဘမသိအောင် ခိုးသောက်ရုံသာမက တစ်ခုလပ် အမျိုးသမီး တစ်ဦးနှင့် တိတ်တိတ်ပုံး ချစ်ကြိုး ဝင်နေသည်ကို ကြားသိရသော မိခင်ဖြစ်သူက သားကို  မသင့်တော်ကြောင်း ဆုံးမရာ သားဖြစ် သူက အမေ့ကို သတင်းပေးသူများသည် မိမိကို မလိုမုန်းထား ရှိသူများသာဖြစ်ပြီး ထိုသတင်း များသည်လည်း ကောလဟာလ များသာ ဖြစ်ကြောင်း ဖြေကြားလေသည်။
    ထိုအခါ မိခင်လုပ်သူမှ သားဖြစ်သူကို ပြောလိုက်သည့် စကားမှာ မှတ်သားလောက်သည်သာမက လက်ရှိ အစိုးရနှင့် ပြန်ကြားရေး ဝန်ကြီးဌာနကို စောင်းပြောလေသလားဟု ထင်လိုက်မိပါသည်။
    ဒီမှာငါ့သား မင်းရဲ့လုပ်ရပ်က ချောင်းထဲမှာ ရေဆင်းချိုးတဲ့အခါ သူများ မသိအောင် ရေငုတ်ပြီး ချေး (ချီး) ယိုတဲ့ သူလိုဘဲ၊ နင်ပြန်မပေါ်သေးဘူး နင် ယိုလိုက်တဲ့ ချီးတုံးက နင့်ထက်အရင် ပေါ်လော ပေါ်နေပြီ ဟူ၏။
    (၅) လွတ်လပ်စွာ ပြောဆိုခွင့်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော် အခြေခံမူတွေနဲ့ ဆက်စပ် စဉ်းစားဖို့လို။
    ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုံးဟာ အခုအချိန်မှာ သာမန်ပြဿနာ တစ်ရပ်အနေနဲ့ မှတ်ယူလို့ မရတော့ဘဲ နိုင်ငံလုံခြုံရေးနဲ့ အမျိုးသားရေးဆိုင်ရာ ပြဿနာအဖြစ် ကူးပြောင်းရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီပြဿနာမျိုး ဟာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်ဆိုတဲ့ ရှုထောင့်တစ်ခုတည်းက ကြည့်လို့မရဘဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော် အခြေခံမူတွေနဲ့ ဆက်စပ်ထည့်သွင်းစဉ်းစားရတဲ့ လုပ်ငန်းစဉ်လို့ ရှုမြင်ဖို့လိုတယ်ဟု နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က ပြောကြောင်း၊ ၂၀၁၄ ခုနှစ် ဧပြီလ ၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၀ တွင် ကလောင်ရှင် မျိုးမြင့် သောင်းက ဆောင်းပါး အဖွင့် ရေးသားထားပါသည်။
    anti
    ဦးရဲထွဋ်ကို တစ်ခုမေးချင်ပါသည်။ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် (Freedom of expression) ရှိသည်ဟု ဆိုကာ OIC ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုတွင် သားဖေါက်နှုန်းမြန် အစ္စလာမ်၊ တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြဆိုသော စားတန်းကို သံဃာတော်များ ကိုင်ဆွဲကာ ဆန္ဒပြကြတာကိုရော ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လွတ်လပ်စွာကိုးကွယ် ခွင့် ရှိသည်ဆိုတဲ့ ဒါမှမဟုတ် လူမျိုးရေး ဘာသာရေး လှုံ့ဆော်မှုများသည် ဤ အခြေခံမူနှင့် ဆန့်ကျင်သည်ဆိုတဲ့၊ နိုင်ငံတော် အခြေခံမူ တွေနဲ့ ဆက်စပ်ထည့်သွင်းစဉ်းစားရတဲ့ လုပ်ငန်းစဉ်လို့ မရှုမြင်ဘူးလားခင်ဗျာ။
    (၆) လူမပေါ်ခင် ချေးတုံး အရင်ပေါ်ပြီ။
    ၂၀၁၄ ခုနှစ် ဧပြီလ ၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၀ တွင် ရခိုင်ပြည်နယ်အတွင်း သန်းကောင် စာရင်းကောက်ယူရာတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်နေသည့် ဘင်္ဂါလီလူများကို တွေ့မြင်ရစဉ် ဟူသော အောက်ခြေ စာတမ်းပါ ဓါတ်ပုံများနှင့်တကွ ကလောင်အမည် မျိုးမြင့်သောင်း အမည်ဖြင့် ဆောင်းပါး တစ်စောင်ပါရှိခဲ့ပါသည်။
    unnamed
    ဓါတ်ပုံများတွင် အိမ်သူအိမ်သားများ၏ မျက်နှာကို မမှတ်မိအောင် ဖျက်ထားသော်လည်း စာရင်း ကောက်သူများ၏ မျက်နှာများကိုမူ ဖျက်ထားခြင်း မရှိဘဲ မူလအတိုင်း ထည့်သွင်းထားလေသည်။
    ပထမ ဓါတ်ပုံသည် ရခိုင်ပြည်နယ်တွင် ရိုက်ယူထားခြင်း မဟုတ်ဘဲ၊ အမှတ် ၂၂၀ (မြေညီ) လမ်း ၄၀ အလယ်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တွင်တည်ရှိသော အပ်စမာ (Asmah) ခရီးသွား ကုမ္ပဏီ အခန်းသာ ဖြစ် ကြောင်း မှတ်မိသူများက ပြောကြပါသည်။
    (၇) မျက်မြင် သက်သေ အရေးကြီး။
    ထိုနေ့က လမ်း ၄၀ အလယ်လမ်းရှိ ထိုကုမ္ပဏီ အခန်းကို အရင်ဆုံး စာရင်းကောက်ယူခြင်းဖြစ်ပြီး အိမ်ရှင်မှလည်း စာရင်း ကောက် အဖွဲ့ကို အစားအသောက်များဖြင့် ကောင်းမွန်စွာ ဧည့်ခံသည်ဟု မျက်မြင် သက်သေ များက အတိအလင်း ဆို၏။
    ထိုသတင်းဓါတ်ပုံ ပါပြီးနောက်တနေ့ အထက်ပါ အိမ်ရှင်မှ လမ်းထဲသို့ သန်းကောင်စာရင်း ကောက်ရန် ဝင်လာသော ဓါတ်ပုံပါ ဆရာမကို လှမ်းခေါ်၍ တစ်စုံတစ်ရာ စောဒက (Complaint) တက်ရာ ဤကိစ္စများ သည် မိမိနှင့် မဆိုင်ကြောင်း၊ သိလည်းမသိကြောင်း ပြောဆို၊ လက်ကာပြကာ ထွက်ခွာသွားကြောင်း မျက်မြင် သက်သေများက အခိုင်အမာ ဆိုကြ၏။
    (၈)  လူမျိုးရေး ပဋိက္ခ နောက်ကွယ်မှ တာဝန်ရှိသူ။
    ဤကဲ့သို့ ရည်ရွယ်ချက်ရှိရှိ သတင်းမှား တင်ပြမှုသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ခေါင်းရှောင်နိုင်ပေမဲ့ ပြည်သူများကို သတင်းမှားပေးကာ အစိုးရသတင်းစာတွင် ဝါဒဖြန့်ခြင်းအတွက် ပြန်ကြားရေး ဝန်ကြီးဌာနမှာသာ တာဝန်အရှိဆုံး ဖြစ်ပါလိမ့်မည်။
    news 2
    ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းခေတ်ကလည်း တောင်ကုတ် ပြဿနာနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ရာတွင် အကြမ်းဖက် သတ်ဖြတ်ခံရသော ပြည်ထောင်စုသား မွတ်ဆလင်များ ကိုခွဲခြား ဆက်ဆံသည့် စကားလုံးဖြစ်သော ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များ ဟူ၍၎င်း၊ ခိုးဝင်သူများအဖြစ် ပုံဖေါ်ရန် မွတ်ဆလင် ကုလားများ ဟူ၍၎င်း သုံးနှုံးခဲ့ဘူးရာ ဝန်ကြီးပြောင်းသော်လည်း မူဝါဒမှာ မပြောင်း လဲသေးကြောင်း သတိပြုမိ ပါသည်။
    မြန်မာနိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့် ပေမီ ဒေါက်မီ ရနေပြီဟု ယုံကြည် ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောဆိုခြင်းသည် ဤကဲ့သို့ အစိုးရအာဘော် သတင်းစာများတွင် သတင်းမှားများကို မီဒီယာကျင့်ဝတ်နှင့် လွတ်ကင်းစွာ ရေးသားခွင့် ရနေခြင်းကို ဆိုလိုလေသလားဟု စေ့ငု နေမိ ပါတော့သည်။
    လေးစားစွာဖြင့်
    မောင်သမာဓိ
    ** ဆောင်းပါးရှင် မောင်သမာဓိ မှ M-Media သို့ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။
  • ဘောလုံး ဂျာနယ်လစ်များအဖွဲ့ FWA မှ ချီးမြှင့်သော အကောင်းဆုံး ကစားသမားဆုကို ဆွာရက်ဇ် ဆွတ်ခူး
    မေ ၆ ၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး ရေပန်းစားနေသည့် လီဗာပူးလ်အသင်း တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်မှာ ဘောလုံးဂျာနယ်လစ်များ အဖွဲ့ FWA က မဲပေးရွေးချယ်သည့် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။
    390286_heroa
    မဲပေးသူ ၅၂ ရာခိုင်နှုန်းက ဆွာရက်ဇ်အား မဲပေးခဲ့ကြပြီး အသင်းဖေါ် စတီဗင်ဂျရတ်နှင့် မန်စီးတီး အသင်း၏ အဓိက ကွင်းလယ်လူ ယာယာတိုးယေးတို့က ဒုတိယနှင့် တတိယ အသီးသီး ရရှိခဲ့ကြသည်။
    “ဆွာရက်ဇ်ပါတဲ့ ပွဲတစ်ပွဲမှာ အတူကစားခွင့်ရတဲ့ ကစားသမားတွေက ဆွာရက်ဇ်ဟာ သိပ်ကို အံသြစရာကောင်းတဲ့ ကစားသမားဆိုတာ ၀န်ခံခဲ့ကြပါတယ်။ (ဆွာရက်ဇ်ရဲ့) မရပ်မနားကြိုးစား အားထုတ်မှုနဲ့ အများနဲ့မတူတဲ့ နိုးကြားမှုတွေက ခုခံ ကာကွယ်လို့မရတဲ့ ပေါင်းစပ်မှု စွမ်းအားကို ဖြစ်စေပါတယ်။ ဖန်တီးနိုင်စွမ်းနဲ့ ရဲတင်းတဲ့ အဆုံးသတ်မှုတွေကို ပေါင်းထည့်မယ်ဆိုရင်တော့၊ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားမျိုးဆိုတာ ခင်ဗျားတွေ့ရမှာပါ။ လူးဝစ်ဟာ ကျွန်တော်တို့ ပေးတဲ့ဆုကိုရတဲ့ ထူခြားတဲ့ ကစားသမား စာရင်းတွေထဲမှာ ပါဝင်လာတဲ့ ပြောင်မြောက်တဲ့ ကစားသမားတစ်ဦးပါ” ဟု FWA ဥက္ကဌ အန်ဒီဒန်က ပြောကြားခဲ့သည်။
    ပရီးမီးယားလိဂ် ပထမဆုံး ၅ ပွဲအား ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင့်ခဲ့သော်လည်း ဆွာရက်ဇက်မှာ ဂိုး ၃၀ သွင်းယူထားနိုင်ပြီး ပရီးမီးယားလိဂ် ဂိုးအများဆုံး စာရင်းတွင် ဦးဆောင်နေသည်။ ထို့ကြောင့် ပရီးမီးယားလိဂ် ၃၈ ပွဲတွင် ဂိုးအများဆုံးအဖြစ် ၃၁ ဂိုးသွင်းယူထားနိုင်သည့် ရော်နယ်ဒိုနှင့် အလန်ရှီးယားတို့၏ စံချိန်ကို ချိုးဖျက်ရန် ၂ ဂိုးသာလိုတော့သည်။
  • ပြည်​​ထောင်​စုသား မွတ်​စလင်​များ၏ ပြည်လုံးကျွတ် ​ညီလာခံကြီး ယခုနှစ် စက်တင်ဘာတွင် ကျင်းရန်ရှိ
    မေ ၅၊ ၂၀၁၄
    M-Media
    လမင်း
    1622557_1559026480990492_5194370598241276622_o
    ရန်​ကုန်​  ။           ။     ပြည်​​ထောင်​စုသား မွတ်​စလင်​များ၏ သမိုင်းဝင်​ညီလာခံကြီးတစ်ရပ် ကျင်းပမည်ဖြစ်​​ကြောင်းကို ယ​နေ့ရန်​ကုန်​မြို့​တော်​၀င်​နှင်းဆီတွင်​ပြုလုပ်​​သော ပြည်​လုံးကျွတ်​ညီလာခံကျင်းပ​ရေး​ကော်​မတီက​ပြောသည်​။
    ၎င်းညီလာခံကြီး​ အောင်​မြင်​စွာ ကျင်းပနိုင်​​ရေးအတွက်​ ညီလာခံကျင်းပ​ရေး ညှိနှိုင်းအစည်းအ​ဝေးကြီးကို ​မေလ ၃ ရက်​နှင့်​ ၄ ရက်​​နေ့များတွင်​ ​တော်​၀င်​နှင်းဆီခန်းမ၌ ပြုလုပ်​ခဲ့ခြင်းဖြစ်​သည်​။ ထိုအစည်းအ​ဝေးကြီးကို တိုင်းနှင့်​ပြည်​နယ်​အသီးသီးမှ ကိုယ်​စားလှယ်​ ၄၇၂ ဦးတက်​​ရောက်​ခဲ့ကြသည်​။ ထိုတက်​​ရောက်​လာသူများမှ ညီလာခံကျင်းပ​ရေး​ ကော်​မတီဝင်​ ၁၂၀-ဦး၊ ဗဟိုအလုပ်​အမှု​ဆောင်​အဖွဲ့ဝင်​ ၂၅-ဦး၊ ဗဟိုအကြံ​ပေးဘုတ်​အဖွဲ့ဝင်​ ၅၀-ဦးတို့ဖြင့်​ အသီးသီးဖွဲ့စည်းခဲ့ကြသည်​။
    ‘ကျွန်​​တော်​တို့အခုလို​ ကော်​မတီဖွဲ့လိုက်​တယ်​ဆိုတာ ညီလာခံကြီးကို​အောင်​မြင်​စွာကျင်းပနိုင်​ရန်​အတွက်​ပါ။ ဒီညီလာခံကြီးမှာ ​ဒေသအသီးသီးကမွတ်​စလင်​​တွေရဲ့ အခက်​အခဲ​တွေ၊ ဆန္ဒ​တွေကို ​ဆွေး​နွေးသွားမှာပါ။ ညီလာခံကြီးမှာရလာတဲ့ အချက်​အလက်​​တွေကိုလည်း ထုတ်​ပြန်​သွားမှာပါ’ဟု ပြောရေးဆိုခွင့်ရှိသူ ဦးအုန်း​မောင်​ကဆိုသည်​။
    ဤညီလာခံကြီးတွင်​ ပြည်​​ထောင်​စုသားများ၏ တာဝန်​၊ အခွင့်​အ​ရေး၊ သာသနာ​ရေး၊  လူ့အခွင့်​အ​ရေးနှင့်​ ဒီမိုက​ရေစီအခွင့်​အ​ရေးများတွင်​ တန်းတူအပြည့်​အ၀ ထမ်း​ဆောင်​ခွင့်​ရ​ရေး၊ လူနည်​စုအခွင့်​အ​ရေးများ ကာကွယ်​​စောင့်​​ရှောက်​​ရေး တို့ကိုဦးတည်​​ကြောင်း ဆိုထားသည်​။
    ပြည်​လုံးကျွတ်​ညီလာခံကြီးကို ၂၀၁၄ စက်​တင်​ဘာ ဝန်းကျင်တွင် ကျင်းပနိုင်​ရန်​ စီစဉ်​ထား​ကြောင်း သိရပါသည်​။