မေ ၁၁၊ ၂၀၁၄
M-Media
– ပြီးခဲ့သည့်နှစ်က ဆီးရီးယားတွင်ဖြစ်ပွားခဲ့သော ဓာတုလက်နက်နှင့် တိုက်ခိုက်မှုများ၏ အကျိုးဆက် အဖြစ် ခန္ဓာကိုယ်ချို့ယွင်းသည့် ကလေးများ မွေးဖွားလာခဲ့ ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
ဆီရီးယားရှိ ဆရာဝန်များနှင့် တက်ကြွလှုပ်ရှားသူများက ဒမတ်စကတ်၌ ခန္ဓာကိုယ်ချို့ယွင်းစွာမွေးဖွား လာခဲ့ပြီး မကြာမီသေဆုံးသွားခဲ့သည့် ဖာတီမာ အဘ်ဒူလ် ဂဖ်ဖာရ်၏ ပုံကိုဖြန့်ဝေခဲ့ကြသည်။
အဆိုပါသမီးငယ်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ ချို့ယွင်းခြင်းမှာ နိုင်ငံအရှေ့ပိုင်း ဂူတာမြို့တွင် ပြီးခဲ့သည့်နှစ် သြဂုတ်လက ဖြစ်ပွားခဲ့သော ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုကြောင့်ဖြစ်သည်ဟု ကျန်းမာရေး လုပ်သားများက ဆိုကြောင်း တက်ကြွလှုပ်ရှားသူ နစ်ဟဲလ် ရှိကာနီက ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် လူပေါင်း ရာချီ သေဆုံးခဲ့သည်။
ထို့ပြင် ဆရာဝန်များမှာ ဂျူဒ်ဟု အမည်ရသည့် အသက် ၄ လအရွယ်ကလေးငယ်၏ ပုံကိုလည်း ပြသခဲ့ပြီး ထိုကလေးငယ်မှာ မွေးစဉ်ကတည်းက ဘယ်ဘက် ခြေထောက် နှင့် လက်ချောင်း၊ ခြေချောင်းများ ပါလာခြင်းမရှိပေ။
ဂျူဒ်၏ အမေမှာ ကိုယ်ဝန်ဆောင်နေစဉ် ပြီးခဲ့သည့်နှစ် ဇူလိုင်လက ဟုမ်းမြို့တွင် ဓာတုလက်နက်ဖြင့်တိုက်ခိုက်မှုပြီးနောက် ထွက်ပေါ်လာသည့် အဆိပ်ဓာတ်ငွေ့ကို ရှုရှိုက်မိခဲ့သည်ဟု ဆိုသည်။
ဆီးရီးယားအခြေစိုက် NGO တစ်ခုဖြစ်သည့် ဥပဒေချိုးဖောက်မှု မှတ်တမ်းပြုစုရေး စင်တာကမူ ထိုကဲ့သို့ ခန္ဓာကိုယ်ချို့ယွင်းနေသည့် ကလေးများ မွေးဖွားလာမှုမှာ ဓာတုလက်နက်များကြောင့် ဟုတ်မဟုတ် ဆုံးဖြတ်ရန် အတွက် အချက်အလက်များကို စုဆောင်းနေကြောင်း Al Arabiya သတင်းဌာနသို့ ပြောကြားခဲ့သည်။
Ref : English Alarabiya


Leave a Reply
You must be logged in to post a comment.