News @ M-Media

Blog

  • သက်ကြီးရွယ်အိုများ အတွက် ဂေဟာသစ်များ ဖွင့်လှစ်ရန် နှင့် စောင့်ရှောက်ရေး ပေါ်လစီ ရေးဆွဲနေဟု ဦးခင်ရီပြော

    ဖေဖော်ဝါရီ ၊ ၁၉၊ ၂၀၁၄
    M-Media
    image_623ဘွားရိပ်သာမှာ မှီခိုနေရသော အဘွားအိုတစ်ဦး © Jessica Mudditt/ IRIN

    – လာမည့် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုအရေအတွက်မှာ တိုးပွားလာမည်ဟု ခန့်မှန်းရသောကြောင့် နိုင်ငံအတွင်း ဘိုးဘွားရိပ်သာအသစ်များ ဆောက်လုပ်ရန် လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက တိုက်တွန်းခဲ့သည်ဟု ပြည်တွင်း မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။

    ရန်ကုန်မြို့ရှိ မြို့နယ် ၂၀ တွင် အစမ်းပြုလုပ်ခဲ့သော သန်းခေါင်စာရင်း ကောက်ယူမှုများအရ အသက် ၅၇ နှစ်မှ ၅၉ နှစ်အတွင်းရှိ လူဦးရေမှာ ၁၉၇၃ ခုနှစ်၌ ၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ၁၂.၂ ရာခိုင်နှုန်းရှိနေသည်ကို တွေ့ရကြောင်းဦးခင်ရီ၏ ပြောကြားမှုကို  ကိုးကား၍ Myanma Freedom Daily နေ့စဉ် သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

    ရန်ကုန်မြို့တွင် အိမ်ခြေမဲ့ဦးရေမှာ ၁ သောင်းကျော်ရှိပြီး ၎င်းတို့ထဲမှ ၈ ရာခိုင်နှုန်းမှာ သက်ကြီးရွယ်အိုများဖြစ်ကြသည်ဟု လူဦးရေဌာန၏ စစ်တမ်းကောက်ယူမှုအရ သိရသည်။

    ကမ္ဘာတစ်ဝှမ်းရှိ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေး အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံရှိ ပြည်သူ့ရေးရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်  HelpAge International အဖွဲ့က မြန်မာနိုင်ငံတွင် ယခင်က မရှိခဲ့သည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးပေါ်လစီကို ရေးဆွဲလျက်ရှိနေသည်။

    မြန်မာနိုင်ငံသားများ၏ ပျမ်းမျှ သက်တမ်းမှာ ၆၇ နှစ်ဖြစ်ပြီး၊ ဒေသတွင်းနိုင်ငံများ၏ ပျမ်းမျှ သက်တမ်းထက် နိမ့်ကျလျက်ရှိနေသည်။

    နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သေချာစွာ ဆောင်ရွက်နိုင်ရန်တွက် ၂၀၁၄ ခုနှစ်တွင်ပြုလုပ်မည့် သန်းခေါင်စာရင်းကောက်ယူမှုတွင် မြန်မာနိုင်ငံသားများအနေဖြင့် မှန်ကန်စွာဖြေကြားသင့်သည်ဟု ဦးခင်ရီက ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ယူမှုကို နိုင်ငံတကာစံနှုန်းများ၊ လူ့အခွင့်အရေး စံချိန်များနှင့်အညီ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။

    ကိုးကား ဆင်ဟွာ

  • ပါလက်စတိုင်းရှိ ရှေဟောင်း လှေကားထစ် စိုက်ခင်းအား ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းရန် ယူနက်စကို စဉ်းစားမည်

    ဖေဖော်ဝါရိ ၁၉၊ ၂၀၁၄
    M-Media

    Terraced agricultural fields are seen in Battir, south of Jerusalem

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေရှိ ရှေးဟောင်းလှေကားထစ်စိုက်ခင်းအား ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်စာရင်းတွင် ထည့်သွင်းရန် ပါလက်စတိုင်း၏ တောင်းဆိုမှုအား ယူနက်စကိုက လက်ခံခဲ့ပြီး လာမည့် ဇွန်လတွင်ပြုလုပ်မည့် အစည်းအဝေးတွင် သုံးသပ်ကာ မဲခွဲ ဆုံးဖြတ်သွားမည်ဟု သိရသည်။

    ကမ္ဘာ့ သမိုင်းဝင် အမွေအနှစ် သတ်မှတ်ရေး ကော်မတီမှာ ကာတာနိုင်ငံ ဒိုဟာမြို့တွင် လာမည့် ဇွန်လ ၁၅ ရက်နေ့မှ ၂၅ ရက်နေ့အထိ တွေ့ဆုံရန်ရှိနေပြီး သမိုင်းဝင် အမွေအနှစ် အဖြစ် သတ်မှတ်ရန် ကမ္ဘာတစ်ဝှမ်းမှ တင်သွင်ထားသည့် နေရာ ၄၁ ခုအား ကြည့်ရှုသုံးသပ်ကာ အရည်အချင်းပြည့်မှီခြင်း ရှိမရှိကို ဆုံးဖြတ်သွားမည်ဖြစ်သည်။

    အနောက်ဘက်ကမ်းခြေ Battir ရွာရှိ အဆိုပါ ရှေးဟောင်းလှေကားထစ်စိုက်ခင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ခန့် ရောမခေတ်က စိုက်ခင်းတစ်ခုဖြစ်ပြီး ပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော နေရာတစ်ခုဖြစ်သည်ဟု ယူနက်စကို၏ ပြောရေးဆို ခွင့်ရှိသူ ရိုနီ အမီလန်က ပြောကြားထားပြီး ယူနက်စကိုမှ ကျွမ်းကျင်သူများကလည်း အဆိုပါရွာသို့သွားရောက်ကြည့်ရှုရန်ရှိနေသည်။

    ထိုစိုက်ခင်းအား ယခုအချိန်တွင် အစ္စရေးက လုံခြုံရေး အဆီးအတားအဖြစ် အသုံးပြုထားသည်။ ကုလမှ ထိုနေရာအား ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပါက ထိုနေရာတွင် အဆောက်အဦးများ ဆောက်လုပ်ခြင်းကို အစ္စရေးက ရပ်တန့်ရမည်ဖြစ်သည်။

    Battir ရွာအား ရှေးဟောင်းအမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ပါက ဘက်သလင်ဟမ်ရှိ Church of the Nativity ခရစ်ယာန် ဘုရားကျောင်းပြီးနောက် ကမ္ဘာ့ သမိုင်းဝင်အမွေအနှစ်စာရင်းတွင် ဒုတိယမြောက် ပါဝင်သည့် ပါလက်စတိုင်းနိုင်ငံ၏ နေရာဖြစ်လာမည်ဖြစ်သည်။ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ ယူနက်စကိုမှာ ပါလက်စတိုင်းအား နိုင်ငံအဖြစ် ၂၀၁၁ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။

    အဆိုပါရှေဟောင်း လှေကားထစ်စိုက်ခင်းကို ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်စာရင်းထဲသို့ ထည့်သွင်းရန်အတွက် ယူနက်စကိုအဖွဲ့ဝင်နိုင်ငံပေါင်း ၂၁ နိုင်ငံက ဆုံးဖြတ်ရမည်ဖြစ်သည်။
    (Al Arabiya)

  • ဖွဲ့စည်းပုံပြင်ဆင်ရန် ပြည်မြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေသခံပြည်သူများ ဆန္ဒဖော်ထုတ်

    ဖွဲ့စည်းပုံပြင်ဆင်ရန် ပြည်မြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေသခံပြည်သူများ ဆန္ဒဖော်ထုတ်

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၄
    M-Media
    လမင်း

    ပြည်  ။          ။       ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပုဒ်မ ၅၉ (စ) တို့အား ပယ်ဖျက်ရေးအတွက် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် မြို့သူမြို့သားများမှ ပူးပေါင်း၍ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

    ယခုလိုဆန္ဒဖော်ထုတ်မှုကို မြို့နယ်ရဲတပ်ဖွဲ့မှူးက ငြင်းပယ်ခဲ့သော်လည်း ခရိုင်ရုံးနှင့် ညှိနှိုင်းပြီး တရားဝင်ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒဖော်ထုတ် ပွဲတွင် ပုဒ်မ ၅၉(စ) ကိုပယ်ဖျက်ရန်၊ ပုဒ်မ ၅၉ (ဃ) ကိုပြင်ဆင်ရန်၊ ပုဒ်မ ၄၃၆ တို့ကိုပြင်ဆင်ရန် တို့ကို ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရပါသည်။

    ပြည်သူလူထုတွေကလည်း ဒီပုဒ်မတွေကို အလိုမရှိကြပါဘူး။ ပယ်ဖျက်ချင်နေတယ်ဖြစ်တယ်ဆိုတာကို သိစေချင်လို့ အခုလိုဆန္ဒပြသမှုကို ပြုလုပ်ရခြင်း ဖြစ်တယ်လို့ မြို့နယ်တာဝန်ခံတစ်ဦးက ပြောခဲ့ပါတယ်။

    ဆန္ဒဖော်ထုတ်ပွဲကို မူယာပင်ရပ် NLD ရုံးခန်းရှေ့မှ စတင်ချီတက်ခဲ့ကြပြီး ဗိုလ်ချုပ်လမ်း၊ ရွှေတချောင်းလမ်း၊ လမ်းမတော်လမ်း အစရှိသည့် လူစည်ကား သည့်နေရာများသို့ လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ ပေါင်းတည်၊ ပန်တောင်း၊ မှော်ဇာ၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ၀က်ထီးကန် အစရှိတဲ့ နီးစပ်ရာမြို့နယ်များမှ ပြည်သူများနှင့် ဒေသခံပြည်သူများအပါအ၀င် ဆန္ဒဖော်ထုတ်သူ ၆၀၀ ကျော်ပါဝင်ခဲ့သည်။ နိုင်ငံရေးပါတီက တရားဝင်ခွင့်တင်ပြီး ဆန္ဒပြသခဲ့တာဟာ ပြည်မြို့တွင် ပထမဆုံးအကြိမ်ဖြစ်ပါသည်။

  • ဘာကာကို အိမ်ကွင်းမှာ ရှုံးတဲ့ မန်စီးတီးနှင့် အဝေးကွင်း ဂိုးပြတ်နိုင်တဲ့ PSG တို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၄
    M-Media

    ဒီမစ်ချယ်လီရဲ့ အနီကဒ်နဲ့အတူ အိမ်ကွင်းမှာ ဘာကာကို အရှုံးပေးခဲ့ရတဲ့ မန်စီးတီး၊ အဝေးကွင်းမှာ ဂိုးပြတ်ခဲ့တဲ့ ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်များ

    370842_heroa

    – ဥရောပချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်ရဲ့ ပထမအကျော့ ၂ ပွဲကို ယနေ့နံနက်မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ပယ်လီဂရီနီရဲ့ မန်စီးတီးအသင်းက ဘာစီလိုနာကို အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ အီဗရာဟီမိုဗစ်ရဲ့ ခြေစွမ်းပြမှုနဲ့ အတူ လေဗာကူဆင်ကို အဝေးကွင်းမှာ ဂိုးပြတ်နဲ့နိုင်ခဲ့ပါတယ်။

    အီတီဟတ်မှာကစားခဲ့တဲ့ မန်စီးတီးနဲ့ ဘာကာတို့ပွဲမှာ စပိန်ထိပ်သီး ဘာစီလိုနာအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့ပြီး သက်တောင့်သက်သာ အနိုင်ရခဲ့တာပါ။ နှစ်သင်းစလုံး လူစုံထုတ်ကစားခဲ့ပြီး ချန်ပီယံလိဂ်အတွေ့အကြုံရှိတဲ့ ဘာကာကို မန်စီးတီးတို့ မယှဉ်နိုင်ခဲ့ပါဘူး။

    ပထမပိုင်းမှာ ဘာစီလိုနာတို့ ဖိကစားနိုင်ခဲ့ပေမယ့် မန်စီးတီးဂိုးပေါက်ကို ထိထိရောက်ရောက်ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့ဘဲ ဒုတိယပိုင်း ၅၄ မိနစ်မှာတော့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ မန်စီးတီးရဲ့ အာဂျင်တိုင်းနောက်ခံလူ ဒီမစ်ချယ်လီက ဧရိယာအတွင်းမှာ တစ်နိုင်ငံတည်းသား မက်ဆီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက် အထုတ်ခံခဲ့ရပြီး၊ ပင်နယ်တီပေးခဲ့ရပါတယ်။ ဒီပင်နယ်တီကို မက်ဆီကပဲ အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ကာ ဘာစီလိုနာကို ဦးဆောင်စေခဲ့ပါတယ်။ ဒီဂိုးဟာ မက်ဆီရဲ့ ချန်ပီယံလိဂ် ၇ ဂိုးမြောက်လည်းဖြစ်ပါတယ်။

    ပရီးမီးယားလိဂ်မှာ တိုက်စစ်အကောင်းအဆုံးအသင်းဖြစ်နေတဲ့ မန်စီးတီး ဒီပွဲမှာတော့ ဂိုးသွင်းခွင့် မယ်မယ်ရရ မရခဲ့ဘဲ ပထမပိုင်းမှာ ၂ ကြိမ်သာ ဘာကာဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့တာပါ။ ဒုတိယပိုင်း တစ်ယောက် ထုတ်ခံရပြီးတဲ့ နောက်မှာတော့ ဘာကာတို့  ထိန်းကစားခဲ့ပြီး ဒုတိယပိုင်းနောက်ဆုံး မိနစ်မှာ အဲလ်ဗက်စ်က ဒုတိယဂိုးကို ထပ်သွင်းခဲ့ပြီး ၂ ဂိုး ဂိုးမရှိနဲ့ ပွဲသိမ်းနိုင်ခဲ့ပါတယ်။

    ဒီပွဲနိုင်ခဲ့တဲ့အတွက် နောက်တစ်ဆင့် တက်ရေးအတွက် ဘာကာတို့ အခွင့်အရေးကောင်းသွားပြီး မန်စီးတီးကတော့ ဒုတိယအကျော့မှာ ရုန်းကန်ရတော့မှာပါ။

    ပီအက်စ်ဂျီကလည်း အဝေးကွင်းမှာ လေဗာကူဆင်ကို အီဗရာဟီမိုဗစ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ကစားကွက်ပိုင်း၊ ခြေစွမ်းပိုင်း အသာရခဲ့တဲ့ ပီအက်စ်ဂျီတို့ ပထမပိုင်းမှာတင် ၃ ဂိုးပြတ်ခဲ့တာပါ။ ဒုတိယပိုင်း ၅၉ မိနစ်မှာ လေဗာကူဆင်က အီမီစပါဟစ် တိုက်ရိုက် အနီကဒ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ၈၈ မိနစ်မှာ နယူးကာဆယ် ကပြောင်းလာတဲ့ ကာဘာယီ စတုတ္ထမြောက် ဂိုးသွင်းယူပေးခဲ့ပြီး ပီအက်စ်ဂျီအသင်းကို နောက်တစ်ဆင့်တက်ရေး အခြေအနေကောင်းစေခဲ့ပါတယ်။

    မန်စီတီး ၀- ၂ ဘာစီလိုနာ
    လေဗာကူဆင် ၀-၄ ပီအက်စ်ဂျီ

  • အပ်နဲ့ ထွင်းရမဲ့အရေးကို ပေါက်ဆိန်နဲ့ ပေါက်ကြရတော့မယ် (သူ့အမြင်)

    အပ်နဲ့ ထွင်းရမဲ့အရေးကို ပေါက်ဆိန်နဲ့ ပေါက်ကြရတော့မယ် (သူ့အမြင်)

    ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၄
    ရေးသူ- အောင်တင်

    အောက်က သက်နှင်း သုန္ဒရီရဲ့ ပို့စ်လေးကို ဖတ်ပါ။ အဲဒီပို့စ်ထဲက NLD ဆိုတဲ့ နေရာတိုင်းမှာ မွတ်စလင်ဆိုတာကို အစားထိုး ထည့်ကြည့်ပြီး ပြန်ဖတ်ပါ။ စဉ်းစားပါ။ လေးလေးနက်နက် စဉ်းစားကြပါ။

    အရင်တုန်းက ကိုင်းဖျား ကိုင်းနားတွေကို တိုက်နေရာက အခုတော့ ဌာနချုပ်ကို အတိအလင်း အမြောက်နဲ့ ပစ်လာပြီလေ။ တစ်ကယ်တော့ မွတ်စလင်တွေ ရိုဟင်ဂျာတွေကို စပြီးတိုက်တာ NLD က ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ပြီးမှ ဖြစ်ခဲ့တာပါ။ မြန်မာ့နိုင်ငံရေး Time Line ကို သေသေချာချာ ပြန်ကြည့်ပါ။

    ဒါကြောင့် အဲဒီကတည်းက ဖဆပလနှစ်ခြမ်းကွဲတော့ ဖဆပလပါတီကြီးရဲ့ ယန္ထရားကြီးတစ်ခုလုံး ဦးကျော်ငြိမ်း၊ ဦးဘဆွေလက်ထဲရောက်သွားပြီး လဇင်းကျွတ်ကျန်ခဲ့တဲ့ ဦးနုက ဘာသာရေးကို မဲပုံးထောင်ပြီး တည်မြဲ ဖဆပလကို အပြတ်အသတ် အလဲထိုးခဲ့တယ်ဆိုတဲ့ သမိုင်းကိုထောက်ပြီး ကျုပ်အတန်တန် သတိပေးခဲ့တယ်။

    ပြည်ထောင်စုပြိုကွဲမှာ ကြောက်လို့ အာဏာသိမ်းတဲ့ စစ်တပ်က ကွန်မြူနစ်တွေ အန္တရယ်က ကာကွယ်ဖို့ ရှစ်လေးလုံးမှာ အာဏာသိမ်းပြန်တယ်။ အခု အမျိုး ဘာသာ သာသနာနဲ့ ဒီမိုတွေကို အပြတ်လှဲလိမ့်မယ်လို့ ကျုပ်ထောက်ပြခဲ့တယ်။ ဘာသာရေး လူမျိုးရေး အစွန်းရောက်တွေကို နုစဉ်ကတည်း ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ တိုက်တွန်းခဲ့တယ်။ ကျုပ်Facebook ရဲ့ Time Line ကို သေသေချာချာ ပြန်ရှာဖတ်နိုင်ပါတယ်။

    ဦးတင်ဦးကို မနှစ်က ဇန္နဝါရီမှာ ကိုယ်တိုင်တွေ့ဆုံပြီး လူမျိုးရေး ဘာသာရေး အစွန်းရောက်မှုတွေမှာ ပါတီဝင်တွေ မပါဝင်ကြဖို့ ညွှန်ကြားချက်တစ်စောင် အမြန်ထုတ်ပေးပါရန် တင်ပြတောင်းဆိုခဲ့တယ်။ ဦးတင်ဦးက သဘောပေါက်တဲ့အတွက် အမှုဆောင်အဖွဲ့ကို တင်ပြပြီး လုပ်ဆောင်ပေးမယ်လို့ ကျုပ်ကို ပြောခဲ့တယ်။ ၉၆၉ နဲ့ KKK ဆိုတာတွေကို လူမှုရေးအဖွဲ့အစည်းတွေလို့ ထင်တဲ့ ဦးညာဏ်ဝင်းလို လူမျိုးတွေကြောင့် ဘာမှ ဖြစ်မလာပါဘူး။

    ဒါနဲ့ဘဲ NLD နဲ့ ရှစ်လေးလုံးတွေရဲ့ အောက်ခြေတွေကလည်း လူမျိုးရေး ဘာသာရေး အစွန်းရောက်မှုတွေမှာ လွတ်လွတ်လပ်လပ်ကြီး ပါဝင်ဆင်နွှဲနေကြတော့တယ်။  NLD နဲ့ ရှစ်လေးလုံးတွေရဲ့ အေက်ခြေတွေကို အစွန်းရောက်တွေက လွှမ်းမိုးချုပ်ကိုင်ခွင့် ရလာတယ်။

    NLD ရှစ်လေးလုံး အပါအဝင် ဒီမိုတွေအားလုံးကလည်း အမျှော်အမြင်နည်းပါးစွာ ကိုယ့်မထိသေးဘူးဆိုပြီး နိုင်ငံရေး အချောင်လမ်းလိုက် မသိချင်ယောင် ဆောင်နေခဲ့ကြတယ်။

    အခုတော့ ဒီအန္တရာယ်က ထိမ်းမနိုင် သိမ်းမရအောင် မြွေဆိပ် ထိပ်တက်လာပြီလေ။ သံဃာကို အစဉ်အဆက် နှိပ်စက်ခဲ့တဲ့ စစ်အာဏာရှင်ကို ကယ်တင်ရှင်လို့ သီတဂူဆရာတော်ရဲ့ သြဝါဒခံယူတဲ့ မဘသအပါအဝင် သံဃာတွေက ထင်လာကြပြီ။

    မြွေပွေးကို ငယ်သည်ဟု အလိမ်ပါယ်ပြနေခဲ့တော့ အခုမှ ကိုယ့်ထိ မချိဖြစ်ကြရပြီး အပ်နဲ့ထွင်းရမဲ့ အရေးဟာ ပေါက်ဆိန်နဲ့ ပေါက်ရမဲ့ကိန်း ဖြစ်နေပြီပေါ့။

    သင်္ဘောပျက်ရင်လည်း ဆန်ဆေးတောင်းနဲ့ဖြစ်ဖြစ် ရသမျှကို ပြန်ဆယ်ရမှာဘဲ။ ထိုင်ငြီးနေလို့ ဘာမှ မဖြစ်လာဘူး။ အမှားမြင်ရင် အမှန်ပြင်ကြ။

    Better Late than Nothing.
    ==============

    NLD ကိုအပြစ်ပုံချနေရအောင် ဘုန်းကြီးတွေကို သတ်ခဲ့တာ NLD မဟုတ်ဘူး…ဘုန်းကြီးခေါင်းကို နံပါတ်တုတ်နဲ့ ခွပ်ခနဲ နေအောင်ရိုက်ပြီး သွေးအလိမ်းလိမ်း ထွက်အောင် လုပ်ခဲ့တာ NLD မဟုတ်ဘူး…ကျောင်းတိုက်ကနေ ဘုန်းကြီးတွေကို နှင်ထုတ်တာ NLD မဟုတ်ဘူး…တိုင်မှာ ကြိုးတုတ်ပြီး ရိုက်နှက် နှိပ်စက်တာ NLD မဟုတ်ဘူး…ဘုရားရုပ်ပွားတော်တွေနဲ့ ဆင်းတုတွေကို ဖျက်ဆီးပစ်တာ NLD မဟုတ်ဘူး…မီးလောင်ဗုံးနဲ့ ပစ်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် လုပ်ခဲ့တာလည်း NLD မဟုတ်ဘူး…အဲ့တော့…ဘယ်သူပဲ ဖြစ်ဖြစ် NLD နဲ့ ဒီမိုအင်အားစုတွေကို အပြစ်ရှာကြံပြီး ရန်ညှိုးဖွဲ့နေမဲ့ အစား ဘုန်းကြီးတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားသတ်ဖြတ်ခဲ့တဲ့ စစ်တပ်နဲ့ အစိုးရလူကြီးမင်းများကိုသာ နာကျည်းသင့်တယ်…တခါသေဖူး ပျဉ်ဖိုး နားမလည်ဘဲ ထပ်ခါထပ်ခါ သေချင်နေတာကိုက မိုက်တွင်းနက်တာ မရှိတော့ဘူးလို့ပဲ ပြောချင်ပါတယ်…သက်နှင်း သုန္ဒရီ

    အောင်တင်
    စာရေးသူ၏ FB စာမျက်နှာ https://www.facebook.com/aungtin.nld

    စာရေးသူ၏ အမြင်နှင့် အာဘော်ဖြစ်ပါသည်။