News @ M-Media

ထိုင်းနိုင်ငံတွင် ဆန္ဒပြလူအုပ် အတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးသေဆုံး

ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
M-Media
thai-unrest
နိုင်ငံရေးမငြိမ်သက်ဖြစ်နေသည့် ထိုင်းနိုင်ငံအရှေ့ဘက် ပြည်နယ်တစ်ခုရှိ အစိုးရ ဆန့်ကျင်ဆန္ဒပြနေသော လူအုပ်အတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် အသက် ၅ နှစ်အရွယ် သမီးငယ်တစ်ဦး သေဆုံးခဲ့ပြီး လူ ၃၀ ဒဏ်ရာရရှိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။

ယမန်နေ့ ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံအရှေ့ပိုင်း Trat ပြည်နယ် Khao Saming ခရိုင်ရှိ ဈေးတစ်ခုတွင် စခန်းချထားသော ဆန္ဒပြလူအုပ်အတွင်းသို့ ပစ်ကပ်ကား ၂ စီးဖြင့် လာရောက်သော သေနတ်သမားများက ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ရဲအရာရှိ Thanaphum Naewanit က ပြောကြားခဲ့သည်။

“အသက် ၅ နှစ်အရွယ် သမီးငယ်တစ်ဦး သေနတ်မှန်ခဲ့ပြီး နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ အခြား လူ ၃၀ လည်း ဒဏ်ရာရခဲ့ပါတယ်” ဟု ၎င်းကဆိုပြီး ပစ်ခတ်မှုမှာ ဆန္ဒပြမှုများကို ရပ်တန့်သွားစေရန် ရည်ရွယ်ခြင်းဟု ယုံကြည်ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပစ်ခတ်မှုကြောင့် လူများထွက်ပြေးသွားခဲ့ပြီး လမ်းမပေါ်ရှိ လူမရှိသော ဈေးဆိုင်များနှင့် ပြောင်းပြန်လန်နေသော ပလတ်စတစ်ခုံများအား ရုပ်သံမှ ထုတ်လွှင့်ပြသသွားခဲ့သည်။

ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာအား ဖြုတ်ချရန်ပြုလုပ်နေသော ဆန္ဒပြမှုများနှင့်အတူ၊ ကျယ်ကျယ်ပြန့်ပြန်ဖြစ်ပွားနေသော အကြမ်းဖက်မှုများအတွက် ကြောက်ရွံ့မှုများလည်း ပြင်းထန်လာခဲ့ပြီး ထိုင်းအစိုးရနှင့် အတိုက်အခံ နှစ်ဘက်စလုံးရှိ နိုင်ငံရေးအကွဲအပြဲ တင်းမာမှုများလည်း မြင့်တက်လာခဲ့သည်။

ဆန္ဒပြသူများက အဓိက နေရာများကို ပိတ်ဆို့နေကြသည့် မြို့တော်ဘန်ကောက်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့ပြီး၊ သောကြောနေ့ကလည်း ဘန်ကောက်မြို့ရှိဆန္ဒပြလူစုအတွင်း ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၆ ဦးဒဏ်ရာရခဲ့သည်။ ထိုင်းနိုင်ငံတွင် လအတော်ကြာ ဖြစ်ပွားနေခဲ့သည့် နိုင်ငံရေး မငြိမ်သက်မှုအတွင်း ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများနှင့် ဗုံးခွဲမှုများကြောင့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့ရသည်။

ဓါတ်ပုံ အညွှန်း- ထိုင်းနိုင်ငံမှ ဆန္ဒပြပွဲမြင်ကွင်းတခု Photo-AP

Ref: CNA

Comments

Leave a Reply