News @ M-Media

Blog

  • အကြီးဆုံး လေတပ် စစ်ရေးလေ့ကျင့်မှု တစ်ခု အီရန်ပြုလုပ်

    ဒီဇင်ဘာ ၂၁၊ ၂၀၁၃
    M-Media

    13920131152315910408503
    – Harim Velayat 4  ဟု အမည်ရသည့် လေတပ်ဆိုင်ရာ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို အီရန်နိုင်ငံက ပြုလုပ်နေပြီး ထိုစစ်ရေးလေ့ကျင့်မှုမှာ အီရန်လေတပ် IRIAF မှ ပြုလုပ်သော လေးကြိမ်မြောက် စစ်ရေးလေ့ကျင့်မှုဖြစ်သည်ဟု အီရန်လေတပ်အကြီးအကဲ ဗိုလ်မှူးချုပ် အလီရီဇာ ဘာခိုရ်က ပြောကြားခဲ့သည်။

    ယမန်နေ့က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အီရန်တောင်ပိုင်းနှင့် Hormozgan ပြည်နယ်ရှိ ဝေဟင်ပြင်တွင် အဓိကပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှုအား အဆင့်သုံးဆင့်ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ပထမဆင့်တွင် ကင်းထောက်ကာ လေ့ကျင့်မည့် ပစ်မှတ်များကို ရှာဖွေခြင်း၊  ဒုတိယအဆင့်တွင် တိုက်လေယာဉ်များ၊ ဗုံကြဲလေယာဉ်များနှင့် ထိုပစ်မှတ်များအား ဖျက်စီးခြင်း၊ ထို့နောက် တတိယအဆင့်တွင် ပြည်သူ့ကာကွယ်ရေး နည်းစနစ်များကို လေ့ကျင့်ခြင်း စသဖြင့် စီစဉ်ထားကြောင်း  ဘာခိုရ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    အီရန်နိုင်ငံမှာ ပြီးခဲ့သည့် အောက်တိုဘာလကလည်း နိုင်ငံအနောက်မြောက်ပိုင်းဒေသတွင် လေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတစ်ခုကိုပြုလုပ်ခဲ့ပြီး ထိုလေ့ကျင့်မှုတွင် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ တပ်သား ၁၂၀၀၀ ပါဝင်ခဲ့ကာ သတ်မှတ်ထားသည့် လေ့ကျင့်ခန်းများကို အပြည့်အ၀ဆောင်ရွက်နိုင်သည်ဟု အီရန်လေတပ်မှ ပြောကြားခဲ့သည်။

    Ref:Tasnimnews.com

  • ဒီဇင်ဘာ ၂၁၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၁၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၁၊ ၂၀၁၃
    M-Media


    မန်ယူအသစ် ဒဏ်ရာစာရင်း နောက်တယောက်ထပ်တိုး

    –   မန်ချက်စတာယူနိုက်တက်အသင်း၏ ကွင်းလယ်ကစားသမားဖြစ်သူ ရော်နီ ဖယ်လိုင်နီမှာ နောက်ကျောနှင့် လက်ကောက်ဝတ် ဒဏ်ရာကြောင့် နှစ်လခန့် အနားယူရမည်ဟု မန်ယူအသင်းက ယမန်နေ့ညတွင် ပြောကြားခဲ့သည်။ မန်ယူအသင်းတွင် တိုက်စစ်မှူး ရူနီ၊ ဗန်ပါစီ၊ ကွင်းလယ်လူ မိုက်ကယ် ကာရစ်နှင့် နာနီ စသည့်ကစားသမားများမှာလည်း ဒဏ်ရာများနှင့် ရင်ဆိုင်နေရပြီး ယခုသတင်းက နည်းပြမိုယက်စ်အတွက် ထိုးနှက်ချက် တစ်ခုလည်းဖြစ်ခဲ့သည်။
    …………………………
    ဆွာရက်ဇ်ကို တလ ပေါင်း ၁သန်း နီးပါးဖြင့် စာချူပ်သစ်ချူပ်

    –  တိုက်စစ်မှူး ဆွာရက်ဇ်အား လီဗာပူးလ်အသင်းက တစ်လလုပ်ခ ပေါင် ၁-သန်းနီးပါးပေးကာ စာချုပ်သစ်ချုပ်ဆိုလိုက်သည်ဟုသိရသည်။ ထိုစာချုပ်သစ်အရ ဆွာရက်ဇ်မှာ လာမည့် ၂၀၁၈-ခုနှစ်အထိ အသင်းတွင်ရှိနေမည်ဖြစ်ပြီး ပရီးမီးယားလိဂ် လခအမြင့်ဆုံးကစားသမားအဖြစ် မန်ယူတိုက်စစ်မှူး ရူနီ၊ မန်စီးတီးကွင်းလယ်လူ ယာယာတိုးရေးတို့နှင့်အတူ ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။

    ပြီးခဲ့သည့် နွေရာသီတွင် အသင်းမှထွက်ခွာရန် စီစဉ်ခဲ့ဖူးသည့် ဆွာရက်ဇ်က စာချုပ်သစ်ချုပ်ဆိုရခြင်းအတွက် ၀မ်းသာမိကြောင်၊ လီဗာပူးလ်မြို့နှင့် လီဗာပူးလ်အသင်းကို နှစ်သက်ကြောင်း၊ အခက်အခဲများနှင့်ကြုံတွေ့နေရစဉ် မိမိအား အားပေးနှစ်သိမ့်ခဲ့သည့် ပရိတ်သတ်များအား ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။
    ………………………….
    အသစ်စိတ်ဓါက်ကို ပြောင်းလဲပစ်ခဲ့ဟု နာပိုလီနည်းပြ ဘင်နီတက်ဇ်ပြော

    –  နည်းပြအဖြစ်တာဝန်ယူပြီးကတည်းက အသင်း၏ စိတ်ဓာတ်အား ပြောင်းလဲပစ်ခဲ့သည်ဟု နာပိုလီအသင်း၏ နည်းပြဖြစ်သူ ဘင်နီတက်ဇ်က ပြောကြားလိုက်သည်။ ဘင်နီတက်ဇ်မှာ နာပိုလီအသင်းသို့ ပြီးခဲ့သည့် နွေရာသီကမှ စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အသင်းအား ကိုင်တွယ်သည့် ခြောက်လအတွင်းတွင် ပုံစံကောင်းများရရှိခဲ့သည်။ ယခုအချိန်တွင် စီးရီးအေ ထိပ်ဆုံး၌ ဦးဆောင်နေသည့် ဂျူဗင်တပ်စ်အသင်းနှင့် ၁၆ မှတ် ကွာဟနေသော်လည်း အသင်း၏ ရလဒ်အားကျေနပ်ကြောင်း၊ မိမိစရောက်စဉ်ကထက်စာလျှင် အသင်းမှာ အပြုသဘောဆောင်သောပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း ဘင်နီတက်ဇ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
    ………………………..
    လေ့ကျင့်ခန်းပိုမိုလုပ်ဆောင်ပြီး ကြိုးစားရန် မိုယက်စ်ပြောကြားမှု ဝဲလ်ဘက် ငြင်းဆန်

    –  လေ့ကျင့်ခန်းများ ပိုမိုလုပ်ဆောင်ကာ စွမ်းဆောင်ရည်တိုးတက်လာအောင် ကြိုးစားရန် လိုအပ်သည်ဟု နည်းပြမိုယက်စ်၏ ပြောကြားမှုအား မန်ချက်စတာ ယူနိုက်တက်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ၀ဲလ်ဘတ်က ငြင်းဆန်လိုက်သည်ဟု သိရသည်။ ၀ိန်းရူနီအား နမူနာယူကာ ပွဲအကြို ပြင်ဆင်မှုများအား တိုးမြှင့်လုပ်ဆောင်ရန် ၀ဲလ်ဘတ်အား ပြီးခဲ့သည့် တစ်လခန့်က သတိပေးခဲ့သည်ဟု နည်းပြမိုယက်စ်က ယခုသီတင်း အပတ် အစောပိုင်းက ပြောကြားခဲ့ပြီးနောက် ၀ဲလ်ဘက်က ယခုကဲ့သို့ တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်ပြီး၊ မန်ယူအသင်းသို့ ရောက်ရှိလာပြီးကတည်းက လေ့ကျင့်ခန်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ ဂိုးများများသွင်းနိုင်ရန် မျှော်လင့်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

     

  • တောင်သူလယ်သမားအရေး သတင်းစာရှင်းလင်းပွဲ

    တောင်သူလယ်သမားအရေး သတင်းစာရှင်းလင်းပွဲ

    တောင်သူလယ်သမားများ လယ်ယာမြေ ပြသာနာဖြေရှင်းရာတွင် အဖက်ဖက်မှဒုက္ခရောက်နေရခြင်း ကိစ္စသတင်းစာရှင်းလင်းပွဲပြုလုပ်

    ဒီဇင်ဘာ ၂၀-၂၀၁၃
    M-Media
    သီရိ

    DSC02305

    ရန်ကုန် ။          ။         လယ်ယာမြေပြသာနာများဖြေရှင်းရာတွင် တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ လယ်ယာမြေများမှားယွင်းနေခြင်းနှင့် ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အားနည်းမှုတို့ကြောင့် တောင်သူလယ်သမားများ ဒုက္ခရောက်နေရခြင်း ကိစ္စနှင့်ပတ်သက်ပြီး  သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ ၃၆-လမ်းရှိ MJN ရုံးတွင်ပြုလုပ်ခဲ့သည်။

    ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်နှင့် ၀ါးခယ်မမြို့နယ်များတွင် လယ်သမားများနေ့စဉ်နှင့်အမျှ ခြိမ်းခြောက်၊ ဖမ်းဆီး၊ ထောင်ချခံ နေရမှု တို့ကြောင့် များစွာဒုက္ခရောက်နေရကြောင်း၊ တောင်သူလယ်သမားများမှာမိမိတို့စားဝတ်နေရေးအတွက် မိမိတို့ပိုင်ဆိုင်ခွင့်ရှိသော လယ်ယာ မြေများပေါ်တွင် ယခုနှစ်မိုးရာသီ (၂၀၁၃)မှ စပါးများကို စိုက်ပျိုးခဲ့ရကြောင်း၊ ထိုလယ်ယာမြေများ သိမ်းပိုက်ယူထားသည့် ငွေရှင်ကြေးရှင်များ၊
    ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် မြေစာရင်းတို့မှ ပူးပေါင်းပြီး တောင်သူလယ်သမားများကို ပုဒ်မ ၄၄၇/၄၂၇ တို့ဖြင့် ဖမ်းဆီးတရားစွဲထောင်ချခြင်းများကို နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိပြီး တစ်ချို့သော မိသားစုများမှာ အိမ်ရှိ လူကုန်ထောင်ချခံရသဖြင့် ကျောင်းတက်နေသော ကလေးများနှင့် အိမ်မွေး တိရစ္ဆာန်များကို အိမ်နီးချင်းများကစောင့်ရှောက်ပေးနေရကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြသည်။

    “ကျွန်တော်တို့မြို့နယ်မှာ လယ်သမား ဦးရေ ၁၀၀၀ ကို တရားစွဲတာခံရပါတယ်၊ အဲဒီတရားစွဲတဲ့ထဲမှာ ကလေးတွေရော အသက်ရွယ်ကြီးတဲ့လူတွေရော ပါသွားတယ်၊ ဘယ်လောက်တောင်လဲဆိုအိမ်ရှိ လူကုန်ကိုစွဲသွားတယ်၊ အိမ်မှာခွေးအစာကျွေးမဲ့လူတောင် မကျန်ခဲ့ပါဘူး၊ ကျွန်တော့လယ်ယာမြေကို ၂၀၀၂ ခုနှစ်ကသိမ်းခံရတယ် ဧက ၁၆၇ ဧက၊ ဘာကြောင့်သိမ်းတာလဲဆိုတော့ မြို့နယ်မ.ယ.က ဥက္ကဌ နဲ့ ကျေးရွာ ရ.ယ.က စာရေးက သိမ်းခဲ့တာ တာဝန်မကျေလို့ဆိုပြီးအကြောင်းပြုပြီးသိမ်းတယ်။ သိမ်းတဲ့အချိန်မှာကတည်းကတရားဥပဒေနှင်အညီသိမ်းခဲ့တာမဟုတ်ဘူး၊ ပြီးတော့သူတို့ ဆက်လုပ်ကိုင်နေတယ်၊ သူတို့ကကျွန်တော်တို့မတရားယူခဲ့ပြီး အခုကျွန်တော်တို့ကပြန်တောင်းတော့ ကျွန်တော်တို့ကို တရားပြန်စွဲနေတယ်” ဟု
    လယ်သမားရေးလှုပ်ရှားသူတစ်ဦးဖြစ်သူ ဦးဖေခင်မှပြောကြားခဲ့သည်။

    ” ၈၈ နောက်ပိုင်း န၀တ ကအာဏသိမ်းပိုင်းနောက် မဟာဗျူဟာလမ်းတွေဖောက်တယ် လယ်ယာမြေတွေကိုဖြတ်ပြီးဖောက်ရတယ်၊ အဲဒီလိုလမ်းတွေ ဖောက်ပြီးဘေးနဖူးဝဲယာက လယ်ကွက်တွေဈေးတက်တယ်၊ လမ်းပန်းဆက်သွယ်ရေးကောင်းပြီး ဈေးလဲကောင်းတော့ မတရားသိမ်းယူကြတယ်”ဟု ဦးဝင်းချိုကပြောကြားခဲ့သည်။

    ယခုအခါမြန်မာနိုင်ငံ၏ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးတွင် လယ်ယာမြေပြသာနာများ ဖြစ်ပွားလျက်ရှိပြီး နိုင်ငံတော် အစိုးရပြည်ထောင်စု လွှတ်တော် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး အစိုးရများအနေနှင့် လယ်ယာမြေပြသာနာများကို တရားမျှတစွာ ဖြေရှင်းနိုင်မှု မရှိကြောင်း နှင့် ကြန့်ကြာခက်ခဲနေကြောင်းကို နိုင်ငံတော်သမ္မတရုံး၏ထုတ်ပြန်ချက်အရ ၂-လ အတွင်း လယ်ယာမြေအမှု ၅ မှုသာဖြေရှင်းပြီးကြောင်း ဖော်ပြချက်မှ သိရသည်။

    တောင်သူလယ်သမားများမှာ မိမိတို့မတရားသိမ်းပိုက်ခံနေရသော လယ်မြေများတွင်ထွန်ယက်စိုက်ပျိုးခြင်းကြောင့်ထောင်ချခံနေရသည်။ လူဦးရေ ၁၀၀၀ ကျော်ခန့်တရားစွဲခံနေရပြီး ၁၀၀ ကျော်ကိုထောင်ချခံနေရပြီဖြစ်ပါသည်။

  • ဒီဇင်ဘာ ၂၀၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၀၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media
    ကျောက်ဖြူအနီး တည်ဆောက်မည့် ရဲတပ်ရင်း လွှတ်တော်၌ တင်သွင်းကန့်ကွက်မည်

    – ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီး တည်ဆောက်မည့် ရဲတပ်ရင်းအား လွှတ်တော်တွင် တင်သွင်းကန့်ကွက်မည်ဖြစ်ပြီး ရဲတပ်ရင်းတည်ဆောက်မည့်နေရာသည် ဒေသခံများ၏ လယ်ယာမြေ တောတောင်များဖြစ်သည့်အတွက် လွှတ်တော်တွင် တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း ကျောက်ဖြူဒေသခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဧရာဝတီသို့ ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

    Sea Game အမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာ ၆ ဂိုး ဂိုးမရှိနှင့် မလေးရှားအသင်းအား အနိုင်ရ

    – ဒီဇင်ဘာ ၂၀-ရက်နေ့ညပိုင်း၌ မန္တလေးမြို့ မန္တလာသီရိကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းမှ မလေးရှားအသင်းအား ၆-ဂိုး ဂိုးမရှိ အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး တတိယ ကြေးတံဆိပ်ကို ဆွတ်ခူးရရှိသွားပြီ ဖြစ်ပါသည်။
    ________________________

    KIA မှ ခေါ်ဆောင်သွားသည့် ရှမ်းတိုင်းရင်းသားများ ပြန်လွှတ်ပေးရေး ဆန္ဒပြ တောင်းဆို

    – KIA မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရှမ်းတိုင်းရင်းသားများကို ပြန်လွှတ်ပေးရန်အတွက် ဒီဇင်ဘာ ၂၀-ရက်နေ့ မနက်ပိုင်းက မြစ်ကြီးနားမြို့မှာ လူ(၇၀၀)ခန့်ဖြင့် လူထုအစည်းအဝေးပြုလုပ်ကာ ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။
    ________________________

  • မိတ္ထီလာ အကြမ်းဖက်ခံရသူများ အိမ်ရာ ပြန်လည် ထူထောင်ရေး ကိစ္စ ရောင်နဒ်ဗလီ မိသားစုမှ ၀ိုင်းဝန်းကူညီမည်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media
    KK
    MM
    ၂၀၁၃-ခု မတ်လက မိတ္ထီလာမြို့ အကြမ်းဖက်ခံရမှုတွင် နေအိမ်များ ပျက်စီးဆုံးရှုံးပြီး ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြသူများ အနက် ရေအရင်းအမြစ်နှင့် ပို့ဆက်ဝင်း CAMP အတွင်းရှိ  ချမ်းအေးသာယာ ရပ်ကွက်မှ အကြမ်းဖက်ခံများအတွက် မြေကွက်နေရာပြန်ပေးခြင်းနှင့် တိုက်ခန်းများဆောက်လုပ်ပေးမည့် အစီအစဉ်အတွက် ဂျာနယ်တစ်ခုတွင် ပါရှိလာခဲ့သော သတင်းတစ်ပုဒ်ကြောင့် ရောင်နဒ်ဗလီမိသားစုများမှ ကူညီခြင်း မပြုတော့ဟု သတင်းများ ထွက်ပေါ်လာသည့် အတွက် မိတ္ထီလာရှိ ဒုက္ခသည်များ နေအိမ်ပြန်ရောက်ရေး ဆောင်ရွက်ပေးနေသူ တချို့နှင့် ဒုက္ခသည် တချို့မှ စိုးရိမ်မှုများ ရှိလာသည့် အတွက် M-Media ကို ဆက်သွယ်ပြောပြလာခဲ့ပါတယ်။

    M-Media အနေနှင့် မိတ္ထီလာ ဒုက္ခသည်စခန်းနှင့် ရောင်နဒ်ဗလီမိသားစုမှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    “ဂျာနယ်တစ်စောင်မှာပါလာတဲ့ သတင်းတစ်ပုဒ်ကြောင့် ကျွန်တော်တို့ ဒီက လူတွေ တော်တော် စိတ်ညစ်သွားကြတယ်။ ဂျနယ်မှာပါလာတာက အခု မြေကွက်ချပေးမယ့် အစီအစဉ်က တိုင်းဒေသ၀န်ကြီး၊ မိတ္ထီလာခရိုင်မှူးနဲ့ ရန်ကုန်မြို့ ရောင်နဒ်ဗလီ မိသားစုဟု အမည်ခံထားသော ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု ပူးပေါင်း လုပ်ဆောင်ကြတယ်လို့ ပါလာတယ်။ ကျွန်တော်တို့တွေ ဒီ မိတ္ထီလာမှာ လုပ်ဆောင်ပေးနေတာက ဒုက္ခသည်တွေလည်း ကျေနပ်လို့ ကျွန်တော်တို့ လုပ်ဆောင်ပေးနေတာပါ။ ဒုက္ခသည်တွေ လက်မခံရင် ကျွန်တော်တို့ လုံးဝ မလုပ်ပါဘူး။ ရောင်နဒ်ဗလီက လူတွေကလည်း ဒီသတင်းကြောင့် လုပ်ပေးချင်စိတ်မရှိတော့လို့ ကြားလိုက်ရတယ်။ ဒီ CAMP ထဲက လူတွေ ဒီပုံစံအတိုင်း ဆက်နေရင် လုံးဝ အခြေအနေမကောင်းတော့ဘူး။ ရာသီဥတု အအေးဒဏ်ကြောင့် မနေ့ကလည်း ကလေး တစ်ယောက်သေသွားတယ်ဗျာ။ ဒီလိုပုံစံနဲ့ ဘယ်လိုမှ ဆက်နေလို့မရဘူး။”ဟု ဒုက္ခသည်အရေးကိစ္စ ဆောင်ရွက်နေသူ မိတ္ထီလာ မြို့ခံတစ်ဦးမှ ပြောပါတယ်။

    ဂျာနယ်၌ ဖော်ပြထားသကဲ့သို့ ပေ ၂၀ – ပေ ၄၀ အခန်းတွေရိုက်ပေးမည် မဟုတ်ပဲ ဒီဇင်ဘာ ၃-ရက်နေ့က M-Media တွင် ပါရှိခဲ့သော သတင်းကဲ့သို့ ယခင်က ပေ ၅၀ – ပေ ၃၀ ပတ်လည် တစ်ကွက် ပိုင်ဆိုင်ခဲ့ကြသူများအား ပေ ၄၀ – ပေ ၃၀ မြေကွက်များ ပြန်လည်ပေးအပ်မည်ဖြစ်ပြီး၊ မြေတစ်ကွက် အတွင်း အိမ်ထောင်စု ၂-စု ၃-စု နေထိုင်ခဲ့ကြသူများ အတွက်ကိုမူ အမည်နာမည်ပေါက်ရှိသူများအား မြေကွက် ပြန်လည်ပေးမည်ဖြစ်ပြီး အမည်နာမည်ပေါက် မရှိသူများအား တိုက်ခန်းများ ဆောက်လုပ်ပြီး မြေညီထပ်၌ ထားရှိမည်ဖြစ်ပြီးကြောင်း၊ အဆိုပါ တိုက်ခန်းများတွင် ချမ်းအေးသာယာ ရပ်ကွက်မှ မဟုတ်သူများနှင့် ချမ်းအေးသာယာ ရပ်ကွက်အတွင်း ကျူးကျော်နေထိုင်ခဲ့သူများကိုလည်း တိုက်ခန်း အပေါ်လွှာများတွင် ထားရှိမည်ဖြစ်ကြောင်း ကိုလည်း ၎င်းမှ ထပ်မံ ပြောပြခဲ့ပါတယ်။

    ရောင်နဒ်ဗလီမိသားစုမှ အိမ်ရာဆောက်လုပ်ရေးတွင် ကူညီတော့မည် မဟုတ်ကြောင်း ကြားသိရပြီး ဒုက္ခသည်များ စိတ်မကောင်းဖြစ်နေကြသည်ဆိုသည့် အတွက် ရောင်နဒ်ဗလီမိသားစုထံ ဆက်သွယ်မေးမြန်းခဲ့ရာ –

    “ဟုတ်ကဲ့။ ဂျာနယ်ကသတင်း ကျွန်တော် ဖတ်လိုက်ရပါတယ်။ အဲ့ဒီ သတင်းကြောင့် ကျွန်တော်တို့ တွေဝေသွားတယ်ဆိုတာက တချို့တွေက သိတဲ့အတိုင်းပဲဗျာ။ ဥပမာ ဒုက္ခသည်စခန်းမှာ လူ ၁၀၀၀ ရှိတယ်ထား။ ၁၀၀၀ လုံးကတော့ စိတ်အတူတူဖြစ်ချင်မှ ဖြစ်မယ်လေ။ အဲဒီထဲကမှ ကျွန်တော်တို့သွားပြီး မေးလိုက်တဲ့ အချိန်မှာ အများစုရဲ့ ကျေနပ်မှုကြောင့် ကျွန်တော်တို့ လုပ်ဆောင်ပေးတာပါ။ အခု ဂျာနယ်မှာ ပါသွားတဲ့ သတင်းအတွက်က ခုနက ပြောတဲ့ အများစု ကျေနပ်သူ ရှိသလို အနည်းငယ်က မနှစ်သက်သူလည်း ဖြစ်မယ်။ အဲ့ဒီသတင်းကိုရေးတဲ့သူ မေးလိုက်သူက မနှစ်သက်သူ တချို့ထဲက ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒါအတွက်ကြောင့်တော့ ကျွန်တော်တို့ နောက်ဆုတ်ဖို့ မရှိပါဘူး။ စာရွက်စာတမ်း အထောက်အထား အားလုံး ရရှိထားတာကြောင့် ကျွန်တော်တို့ ဆက်လုပ်သွားမှာပါ။”ဟု ရောင်နဒ်ဗလီမိသားစုဝင်၏ တာဝန်ရှိသူ တစ်ဦးမှ ဖြေကြားခဲ့ပါတယ်။

    ယခု ပြန်လည်နေရာချထားရေး လုပ်ငန်းတွင်လည်း မိမိမိတို့ အနေနှင့် ဆောက်လုပ်ပေး ရုံသာဖြစ်ပြီး နေရာချထားမှုသည် နိုင်ငံတော်မှ လုပ်ဆောင် မည်ဖြစ်ကြောင်း၊ ရောင်နဒ်ဗလီ မိသားစုနှင့် မိတ္ထီလာခရိုင်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့နှင့် ပူးပေါင်း လုပ်ဆောင်သည်ဆိုသည်မှာလည်း မဟုတ်ကြောင်းကို ၎င်းက ထပ်မံ ပြောပြပါတယ်။

    “ရောင်နဒ်ဗလီ မိသားစုဝင် အမည်ခံထားတဲ့ ဆောက်လုပ်ရေးကုမ္ပဏီ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရောင်နဒ်ဗလီမှာ ၀ိုင်းပြီး လုပ်ကြတာက ဆောက်လုပ်ရေး ကုမ္ပဏီဆိုတာလည်း ကျွန်တော်တို့ အုပ်စုတွေပဲ။ ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီးလုပ်ကြတာ။ ရောင်နဒ်ဗလီ မိသားစုက အလှူငွေတွေနဲ့ အခြားက လှူတဲ့သူတွေ အားလုံးစုပြီး လုပ်ကြတာပါ။ ရမည်းသင်းဘက်မှာလည်း ကျွန်တော်တို့ ဆောက်ပေးခဲ့ပြီးပြီ။ တခြားနေရာတချို့မှာလည်း ကျွန်တော်တို့ ဆောက်ပေးခဲ့ပါတယ်။ တခြား ဘယ် ကုမ္ပဏီမပါဘူး။ ကျွန်တော်တို့ဆီက ဆောက်လုပ်ရေး ကုမ္ပဏီတွေပဲ။ အားလုံး အကူအညီတွေနဲ့ ကျွန်တော်တို့တွေက ဦးစီးပြီး လုပ်ပေးမှာပါ။ ရောင်နဒ်ဗလီ မှာပေးကြတဲ့ အလှူငွေတွေရယ် နိုင်ငံတော်က ခွင့်ပြုချက်ရယ်နဲ့ လုပ်ပေးမှာပါ။ ကျွန်တော်တို့ အကျိုးအမြတ်အတွက် လုပ်ဆောင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဗလီက အမည်ခံတာပါ အားလုံး အလှူငွေတွေနဲ့ လုပ်ဆောင်တာပါ။ ဂျာနယ်ထဲက ကိစ္စအတွက်လည်း မကြာခင် ၃-ရက်လောက်အတွင်း သတင်းစာမှာ အတိအလင်း ပါလာပါလိမ့်မယ်။ မလိုလားသူအဖွဲ့တစ်ခုက အနှောက်အယှက် လုပ်နေတာပါ။ နောက်တစ်ပတ်လောက်ဆို ဒီကိစ္စ အဖြေပေါ်လာမှာပါ”လို့ ၎င်းကပဲ ထပ်မံ ရှင်းလင်း ပြောပြခဲ့ပါတယ်။

    ယခု ကိစ္စနှင့် စပ်လျဉ်း၍ မကြာမီတွင်လည်း မီဒီယာများနှင့် တွေ့ဆုံပြီး ရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ထပ်မံ သိရှိရပါတယ်။

    ဓါတ်ပုံ- MM ရောင်နသ် ဗလီ FB စာမျက်နှာမှ