News @ M-Media
Blog
  • ဒေသတွင်း တည်ငြိမ်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် ဆော်ဒီအား အီရန်နိုင်ငံခြားရေး ၀န်ကြီး တိုက်တွန်း
    ဒီဇင်ဘာ- ၅ ၂၀၁၃
    M-Media
    Irans-Foreign-Minister-Mohammad-Javad-Zarif
    ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အတွက် ဆောဒီအာရဗျနှင့် အီရန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အီရန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က တိုက်တွန်းပြောကြားခဲ့သည်။
    ထို့ပြင် အီရန်နှင့် ဆောဒီအာရေဗျတို့မှာ ဒေသအတွင်း အင်အားကြီးနိုင်ငံများဖြစ်ကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းအေးချမ်းရေး အတွက် တာဝန်ယူနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ဇာရစ်ဖ်မှာ ကူဝိတ်နှင့် အိုမန်နိုင်ငံများသို့ သွားရောက်ခဲ့ပြီးနောက် ကာတာနိုင်ငံ ဒိုဟာမြို့သို့ တနင်္လာနေ့ကရောက်ရှိလာခဲ့သည်။ ၃ ရက်တာကြာမြင့်သည့် ပင်လယ်ကွေ့နိုင်ငံများသို့ လည်ပတ်မှုအတွင်း နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကာ ဒေသတွင်းအခြေအနေများအား ဆွေးနွေးခဲ့သည်။
    Source : Presstv
  • မြန်မာ-ဖိလစ်ပိုင် ဗီဇာကင်းလွတ်ခွင့် အပါအဝင် သဘောတူချက်(၆) ခု သမ္မတဦးသိန်းစိန်၏ ဖိလစ်ပိုင်ခရီးစဉ်၌ သဘောတူလက်မှတ်ထိုး
    ဒီဇင်ဘာ- ၅ ၂၀၁၃
    M-Media
    460x
    – နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေးအား ခိုင်မာစေရန် ရည်ရွယ်သော သဘောတူညီချက် ၆ ခုကို မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်တို့ ယနေ့တွင် လက်မှတ်ထိုးခဲ့ကြသည်ဟု သိရသည်။
    ထိုသဘောတူညီချက်အား ဖိလစ်ပိုင်နိုင်ငံသို့ ၃ ရက်ကြာအလည်အပတ်ရောက်ရှိနေသော မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် ဖိလစ်ပိုင်သမ္မတ အကွီနိုတို့တွေ့ဆုံစဉ် လက်မှတ်ရေးထိုခဲ့ခြင်းဖြစ်ပြီး၊ အစားအသောက်ဆိုင်ရာ လုံခြုံမှု၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတို့တွင်ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ရေဒီယိုနှင့် ရုပ်သံလိုင်းများသို့ ဂျာနယ်လစ်များ အပြန်အလှန်လည်ပတ်ကာ လေ့လာမှုများ ဆောင်ရွက်ရေးတို့ ပါဝင်သည်။
    ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသားများကို မြန်မာနိုင်ငံအတွင်း ဗီဇာမလိုဘဲ ၁၄ ရက်နေခွင့်ပေးရန်နှင့် မြန်မာနိုင်ငံသားများအား ဖိလစ်ပိုင်နိုင်ငံတွင် ဗီဇာမလိုဘဲ ရက် ၃၀ နေထိုင်ခွင့်ပေးရေးတို့အတွက်လည်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
    Ref: ဆင်ဟွာ
    (AP Photo/Aaron Favila)
  • မန်ယူနှင့် နယူးကာဆယ်တို့ ရှုံးနိမ့်ခဲ့သည့် ပရီးမီးယား လိဂ်ပွဲစဉ် ၁၄
    ဒီဇင်ဘာ ၅ ၊ ၂၀၁၃
    M-Media
    ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် ပွဲစဉ် ၉ ပွဲကို ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီးနှင့် ချယ်ဆီး အသင်းတို့ အသီးအသီးအနိုင်ရရှိခဲ့ကြပြီး မန်ယူအသင်းမှာ အိမ်ကွင်း အိုးထရက်ဖို့ဒ်တွင် အဲဗာတန်အသင်းအား အရှုံးပေးခဲ့ရပြီး၊ ပရီးမီးယားလိဂ်နောက်ဆုံး လေးပွဲဆက်တိုက် အနိုင်ရခဲ့သည့် နယူးကာဆယ်အသင်းမှာလည်း ယခုပွဲတွင် အဝေးကွင်း၌ ရှုံးနိမ့်ခဲ့သည်။
    347212hp2
    အာဆင်နယ် ၂-၀ ဟားလ်စီးတီး
    ထိပ်ဆုံး၌ ဦးဆောင်နေသေ အာဆင်နယ်အသင်းမှာ ယခုပွဲတွင် အိမ်ကွင်းအီမရိတ်၌ အခက်အခဲမရှိခဲ့ဘဲ လွယ်လွယ်ကူကူဖြင့် အနိုင်ရရှိခဲ့သည်။ အာဆင်နယ်အသင်းတွင် တိုက်စစ်မှူးဘန်တနာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့ပြီး ခြေစွမ်းပြခဲ့ကာ တိုက်စစ်မှူး နေရာအတွက် ထိုက်တန်ကြောင်း ပြသခဲ့သည်။
    ဦးဆောင်ဂိုးကို ပွဲအစ ၂ မိနစ်မှာပင် ရိုစစ္စကီးနှင့် ရမ်ဆေးတို့၏ ဖန်တီးမှုမှတစ်ဆင့် ဘန်တနာက သွင်းယူပေးခဲ့သည်။ ထို့နောက် အာဆင်နယ်အသင်းကသာ ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များရရှိခဲ့သည်။
    ဒုတိယပိုင်းတွင်လည်း အာဆင်နယ်ကသာ ဖိကစားနိုင်ခဲ့ပြီး ၄၇ မိနစ်တွင် အိုဇေးလ်က ရမ်ဆေး၏ ၀မ်းတူးမှတစ်ဆင့် သွင်းယူပေးခဲ့သည်။
    ပွဲအပြီးတွင် အာဆင်ဝင်းဂါးက ဘန်တနာ၏ ကစားပုံအား ချီးကျူးပြောဆိုခဲ့ပြီး၊ ခရစ္စမတ်ကာလ ပွဲကျပ်များကြောင့် မိမိအနေဖြင့် ကစားသမားများကို လှည့်လည်အသုံးပြုခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ဟားလ်စီးတီးအသင်း နည်းးပြ စတီဗ်ဘရုစ်က အာဆင်နယ်မှာ အသင်းကောင်း တစ်သင်းဖြစ်ကြောင်း၊ မိမိအသင်းမှာ နှစ်ပွဲဆက် ပွဲကြပ်ကစားခဲ့ရပြီး ၁ ပွဲနိုင်ခဲ့ကာ သုံးမှတ်ရရယူနိုင်ခဲ့သောကြောင့် ရလဒ်ကောင်းဟု ဆိုနိုင်ကြောင်းပြောကြားခဲ့သည်။
    ……………………………
    အိမ်ကွင်းတွင် ရာနှုန်းပြည့်အနိုင်ရထားသော်လည်း အဝေးကွင်းတွင် ရလဒ်မကောင်းဖြစ်နေသည့် မန်စီးတီးအသင်းမှာ ယခုပွဲတွင် အနိုင်ရရှိအောင် ကစားနိုင်ခဲ့သည်။
    လမ်းများပိတ်ဆို့မှုကြောင့် ထိုပွဲအား ၁၅ မိနစ်ခန့် နောက်ကျကာ ကစားခဲ့ရသည်။ မန်စီးတီးအသင်းတွင် ဒဏ်ရာကြောင့် ၂ လခန့် အနားယူနေရသည့် အသင်းခေါင်းဆောင် ကွန်ပနီပြန်လည်ပါဝင်လာခဲ့ပြီး ပွဲအစတွင် မန်စီးတီးက လျင်လျင်မြန်မြန်ဖြင့် ထိုးဖောက်ကစားနိုင်ခဲ့သည်။
    အဖွင့်ဂိုးကို ၉ မိနစ်တွင်ရရှိခဲ့ပြီး ဇာဘလက်တာ၏ ဖန်တီးမှုမှတစ်ဆင့် အဂူရိုက သွင်းယူပေးခဲ့သည်။ ထိုနောက် ၂၄ မိနစ်တွင် မန်စီးတီးအသင်း အတွက် ပွဲပေါင်း ၁၅၀ ပြည့်ကစားပေးခဲ့သည့် ယာယာတိုးရေးက ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင်လည်း မန်စီးတီးအင်းက ဖိကစားနိုင်ခဲ့ပြီး ၇၄ မိနစ်တွင် ရရှိသည့်ပင်နယ်တီကို ယာယာတိုးယေးကပင် ကန်သွင်းယူနိုင်ခဲ့သည်။ ၀က်စ်ဘရွန်းအတွက်ခြေပဂိုးများကို ၈၅ မိနစ်တွင် မန်စီးတီးကစားသမား ပန်တီလီမွန်၏ ကိုယ့်ဂိုးကိုယ်သွင်းမှုနှင့် ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် အနီချီဘီ၏ ကန်သွင်းမှုတို့မှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သည်။
    …………………………
    လီဗာပူးလ် ၅-၁ နော်ဝစ်ခ်ျ
    အိမ်ကွင်းအန်ဖီးလ်တွင် အိမ်ရှင် လီဗာပူးလ်တို့မှာ ဆွာရက်ဇ်၏ ခြေစွမ်းပြမှုနှင့်အတူ ဂိုးပြတ်ဖြင့် အောင်ပွဲခံနိုင်ခဲ့သည်။ ယခုပွဲအနိုင်ကြောင့် လီဗာပူးလ်းအသင်းမှာ အမှတ်ပေးဇယား အဆင့်လေးနေရာတွင်ရှိနေပြီး နော်ဝစ်ခ်ျမှာ တန်းဆင်းဇုံ အထက်နားသို့ ရောက်ရှိသွားခဲ့သည်။
    လီဗာပူးလ်အသင်းအတွက် ဂိုးများကို ၁၅၊ ၂၉၊ ၃၅ နှင့် ၇၄ မိနစ်တို့တွင် ဆွာရက်ဇ်တစ်ဦးတည်းနှင့် ၈၈ မိနစ်တွင် ရဟီမ်းစတာလင်တို့က သွင်းယူပေးခဲ့သည်။ နော်ဝစ်ခ်ျအသင်းအတွက် နှစ်သိမ့်ဂိုးကို ၈၃ မိနစ်တွင် ဘရဒ်လီ ဂျွန်ဆင်က သွင်းယူပေးခဲ့သည်။
    …………………………
    ဆန်းဒါလန်း ၃-၄ ချယ်ဆီး
    ယခုနောက်ပိုင်းတွင် ခြေစွမ်းတည်ငြိမ်လာသည့် ချယ်ဆီးအသင်းမှာ ဆန်းဒါးလန်း၏ အလင်းရောင်ကွင်းတွင် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ သို့သော် အိမ်ရှင်ဆန်းဒါးလန်းအသင်းက ၁၄ မိနစ်တွင် ဂျိုဇီအလ်တီဒိုရီ၏ ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး ၃ မိနစ်အကြာတွင် လမ်းပတ်က ချေပဂိုးသွင်းယူပေးခဲ့ကာ၊ ၃၆ မိနစ်တွင် ဟဇာဒ်က ဧရိယာအပြင်မှနေ၍ ကန်သွင်းယူခဲ့ပြီး ချယ်ဆီးအတွက် ဒုတိယဂိုးသွင်းယူခဲ့သည်။
    ဒုတိယပိုင်း မိနစ် ၅၀ တွင် မန်ယူ ကစားသမားဟောင်း ဂျွန်အိုးရှေးက အိမ်ရှင်အတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး၊ ချယ်ဆီးအတွက် တတိယနှင့် စတုတ္ထဂိုးများကို ၆၂ မိနစ်တွင် ဟာဇာဒ်က လည်းကောင်း၊ ၈၄ မိနစ်တွင် ဖိလစ်ဘာ့ဒ်စလေက ကိုယ့်ဂိုးကိုယ်သွင်းမိ၍လည်းကောင်း ရရှိခဲ့သည်။ ၈၆ မိနစ်တွင် ဘာ့ဒ်စလေကပင် အိမ်ရှင်အတွက် တတိယချေပဂိုး သွင်းယူပေးခဲ့သော်လည်း နာက်ထပ် ဂိုးများသွင်းယူနိုင်ခြင်း မရှိခဲ့သောကြောင့် ဆန်းဒါးလန်း အသင်းမှာ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ပြီး ဇယားအောက်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။
    ……………………………………..
    မန်ယူ ၀-၁ အဲဗာတန်
    ပြီးခဲ့သည့် ၂ ပွဲဆက်တိုက် သရေကျခဲ့သည့် မန်ယူအသင်းမှာ ယခုပွဲတွင်လည်း အဲဗာတန်အသင်းကို အိမ်ကွင်းတွင် နောက်ကျဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ထိုပွဲ ရှုံးနိမ့်မှုမှာ မန်ယူအသင်း၏ ၁၂ ဆက်တိုက် ရှုံးပွဲမရှိ စံချိန် အဆုံးသတ်သွားခြင်းလည်းဖြစ်ပြီး ၁၉၉၂ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် အဲဗာတန်အသင်းအား အိမ်ကွင်းတွင် အရှုံးပေးခဲ့ရခြင်းလည်းဖြစ်သည်။
    ယခုပွဲတွင်အဲဗာတန်အသင်းမှာ ကစားပုံကောင်းခဲ့ပြီး မန်ယူအား ဒုက္ခပေးနိုင်ခဲ့သည်။ အဲဗာတန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ခြေစွမ်းပြနေသည့် တိုက်စစ်မှူး လူကာကူ၏ ဖန်တီးပေးပို့မှုမှတစ်ဆင့် ဘရိုယန်အိုဗီဒိုက ကန်သွင်းပေးခဲ့ခြင်းဖြစ်ပြီး အဲဗာတန်မှာ နောက်ဆုံး ၇ ပွဲဆက်တိုက် ရှုံးနိမ့်ခြင်း မရှိအောင် ကစားနိုင်ခဲ့သည်။
    မန်ယူနည်းပြ မိုယက်စ်က ထိုပွဲအရှုံးအတွက်အလွန်စိတ်ပျက်မိကြောင်း၊ အခွင့်အရေးတစ်ချို့ရခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင် ခဲ့ကြောင်း ပြောကြားခဲ့ပြီး အဲဗာတန်အသင်း၏ ကစားပုံအား ချီးကျူးခဲ့သည်။
    ………………………………..
    ဆွမ်းဆီး ၃-၀ နယူးကာဆယ်
    ချယ်ဆီးနှင့် စပါးအသင်းများအပါဝင် နောက်ဆုံးလေးပွဲဆက် အနိုင်ရရှိခဲ့သည့် နယူးကာဆယ်အသင်းမှာ ယခုပွဲတွင် ဆွမ်ဆီးအသင်းအား ဂိုးပြတ်ဖြင့် အရှုံးပေးခဲ့ရသည်။
    အိမ်ရှင်အတွက်ဂိုးများကို ပထမပိုင်းနာကျင်အချိန်ပိုတွင် ဒိုင်ယာက လည်းကောင်း၊ ၈၁ မိနစ်တွင် ဂျွန်ဂျို ရှယ်လ်ဗီက လည်းကောင်း၊ ၆၆ မိနစ်တွင် ဒီဘောက်ချီ၏ ကိုယ့်ဂိုးကိုယ် သွင်းမှုမှလည်ကောင်း ရရှိခဲ့ခြင်းဖြစ်သည်။
    ပွဲအပြီး၌ နယူးကာဆယ်နည်းပြ အလန်ပါဂျူးက မိမိတို့အသင်းမှ ယခုပွဲအရှုံးနှင့် ထိုက်တန်သည်ဟု မထင်ကြောင်း ပထမပိုင်းတွင် ဘောလုံး ပိုင်ဆိုင်မှု မရှိခဲ့ဘဲ၊ ဂိုးပေးခဲ့ရပြီး၊ ဒုတယိပိုင်းတွင် ဂိုး သွင်းခွင်များ ဖန်တီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
    ……………………………..
    ဖူလ်ဟမ် ၁-၂ စပါး
    ဆောက်သက်တမ် ၂-၃ အက်စတွန်ဗီလာ
    ခရစ္စတယ်ပဲလေ့စ် ၁-၀ ၀က်စ်ဟမ်း
    နောက်ဆုံးလေးပွဲတွင် နိုင်ပွဲမရရှိခဲ့သည့် စပါးအသင်းမှ ယခုပွဲတွင် ချီရစ်ချီနှင့် ဟော့လ်ဘီတို့၏သွင်းဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အဆင့် ၆ သို့ တက်ရောက်နိုင်ခဲ့သည်။ ပြီးခဲ့သည့် တစ်ပါတ်ကျော်က အဆင့်လေးနေရာသို့ တက်လှမ်းလာနိုင်ခဲ့သည့် ဆောက်သက်တမ်မှာ ယခင်အပါတ်က အာဆင်နယ်အသင်းအား ရှုံးနိမ့်ခဲ့ပြီး ယခုပွဲတွင်လည်း အက်စတွန်ဗီလာ အသင်းအား ထပ်မံရှုံးနိမ့်ခဲ့သည်။ အင်္ဂါနေ့ညက ကစားခဲ့သည့် ခရစ္စတယ်ပဲလေ့စ်နှင့် ၀က်စ်ဟမ်းတို့ပွဲတွင် တန်းဆင်းဇုံမှ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ အာဆင်နယ်တိုက်စစ်မှူးဟောင်း ချာမက်၏ သွင်းဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။
  • ပသီအမျိုးသားများပြုလုပ်ခဲ့တဲ့ စာဆိုတော်နေ့
    ပသီအမျိုးသားများပြုလုပ်ခဲ့တဲ့ စာဆိုတော်နေ့
    ဒီဇင်ဘာ ၅၊ ၂၀၁၃
    M-Media
    သီရိ
    PC040294
    ရန်ကုန်   ။         ။       စာဆိုတော်နေ့ကျင်းပရေးကော်မတီ (ပသီ)မှ ကြီးမှူးကျင်းပသော စာဆိုတော်နေ့အခမ်းအနားတစ်ရပ်ကို ဒီဇင်ဘာလ ၄-ရက်နေ့ နေ့လည် ၂-နာရီမှ ၅း၃၀-နာရီအထိ ရန်ကုန်မြို့ ယုဇနဂါးဒင်းဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူ ၁၀၀၀ ၀န်းကျင်ခန့်ရှိခဲ့ပါတယ်။
    စာဆိုတော်နေ့အခမ်းအနားတွင် ယခု ၂၀၁၃-ခုတွင် စာရေးဆရာများဖြစ်သည့် တစ်သက်တာစာပေဆုရ ဆရာကြီးသိပ္ပံမှူးတင်၊ ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း – ရန်ကုန်တက္ကသိုလ်)နှင့် ဦးထွန်းဝင်း (ထွန်းဝင်း – ပုသိမ်)တို့က ဟောပြောခဲ့ကြပြီး၊ ကဗျာဆရာများဖြစ်သည့် ကိုအင်းဝ၊ မောင်ရင်ဆု၊ ကိုညီသွေးတို့က ကဗျာများ ရွတ်ဆိုခဲ့ကြပါတယ်။ စာဆိုတော်နေ့အခမ်းအနားတွင် ဟောပြောသည့် စာရေးဆရာသုံးဦး၏ ကိုယ်ရေးအထုပ္ပတ္တိအကျဉ်းကိုလည်း ဖတ်ကြားခဲ့ကြပါတယ်။
    အခမ်းအနားမှာ ပသီအမျိုးသားသီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ပြီး နိုင်ငံတော် အလံအားလည်း အလေးပြုခဲ့ကြပါတယ်။ ထို့နောက် သဘာပတိ ဦးမြင့်ဝေ (စာရေးဆရာ တက္ကသိုလ်မြင့်ဝေ)က အမှာစကားပြောကြားပြီး အခမ်းအနားပြုလုပ်ရခြင်းကို ပြောခဲ့ပါတယ်။
    ဆရာကြီး သိပ္ပံမှူးတင်မှ ဟောပြောရာတွင် ဆရာကြီးဦးရာဇတ်လို ပုဂ္ဂိုလ်များပေါ်ထွန်းခဲ့ပါက တိုင်းပြည်ကောင်းစားမည်ဖြစ်ပြီး၊ တိုင်းပြည်မှာ အမျိုးသားအထက်တန်း ကျောင်း ပေါ်လာအောင် ကြိုးပမ်းခဲ့သူဖြစ်ပြီး ကျောင်းသားများကို သူ့ကျွန်မခံလိုစိတ်နဲ့ တော်လှန်လိုစိတ်ဖြစ်အောင် မွေးထုတ်ပေးခဲ့သူလည်းဖြစ်ကြောင်း၊ ပသီဆိုသူများ သည် သမိုင်းအရ အနှစ်နှစ်အလလ တိုင်းပြည်မှာ နေထိုင်ခဲ့ကြသူများဖြစ်တာကြောင့် နိုင်ငံခြားသားဟု ယူဆ၍ မရကြောင်း၊ နိုင်ငံကောင်းကျိုးအတွက် ပသီနှင့်တကွ ဘာသာစုံ လူမျိုးစုံ ၀ိုင်းဝန်းကြိုးပမ်းကြရန် ထည့်သွင်း ဟောပြောခဲ့ပါတယ်။
    ဒေါက်တာသန်းဝင်းမှ မွတ်စလင်မ် စာဆိုတော်များဖြစ်သည့် စာဆိုတော်ကြီး ဆရာကြီးဦးနု၊ စာတော်ဖတ် ဦးဖိုးလှ၊ ကာတွန်းဦးဘကလေး(ရွှေတလေး)နှင့် သီပေါဘုရင် မိဖုရား စုဖုရားလတ်၏ အပျိုတော်များဖြစ်သည့် မြန်မာမွတ်စလင်မ်အပျိုတော်များအကြောင်းကို ဟောပြောခဲ့သည်။ ဦးထွန်းဝင်းမှ ပသီအမျိုးသားသမိုင်းကို ဟောပြောခဲ့ ပါတယ်။
    “ဆရာကြီး ဦးရာဇတ်လို ပုဂ္ဂိုလ်သာ ကျွန်တော်တို့တိုင်းပြည်မှာ အများအစားပေါ်ထွန်းခဲ့ရင် ကျွန်တော်တို့တိုင်းပြည်အတွက် ကောင်းပြီ။ တို့တိုင်းပြည်မှာ သူ့ကျွန်မခံရ အောင် အင်္ဂလိပ်ကို ပြန်တော်လှန်နိုင်အောင် သင်ကြားပေးခဲ့တယ်။ မြန်မာစာသင်ချိန်မှလွဲပြီး ကျန်တဲ့အချိန်တွေမှာ အင်္ဂလိပ်လိုပြောရတယ်။ အင်္ဂလိပ်လိုမှ မတတ်ရင် အင်္ဂလိပ်ပြောတာ နားမလည်ပဲဖြစ်မှာကြောင့်လို့ဆိုတယ်။ ကျွန်တော် ဒီနေ့ သိပ္ပံစာရေးဆရာဖြစ်တာဟာ ဆရာကြီး ဦးရာဇတ်ကြောင့်ပါ။ ဆရာကြီးကျေးဇူးကြောင့် ကမ္ဘာ့သိပ္ပံကို အင်္ဂလိပ်လို ဖတ်နိုင်လို့သာ ကျွန်တော် သိပ္ပံစာရေးဆရာ ဖြစ်လာတာပါ။ ကျွန်တော်ဟာ ဆရာကြီးဦးရာဇတ်ရဲ့ တပည့်တစ်ယောက်ဖြစ်ခဲ့ပြီး ဆရာကြီး ရိုက်တာခံရဖူးပါတယ်။ ဆရာကြီးရိုက်တာဟာ မုန်းလို့မဟုတ်ပဲ ချစ်လို့ရိုက်ခဲ့တာပါ။ ဆရာကြီးဦးရာဇတ်ဟာ ကျောင်းသားတွေကို မရိုက်ခဲ့ဘူးဆိုတာ မဟုတ်ဘူး။ ရိုက်ခဲ့တယ်ဆိုတာ ကျွန်တော် ကိုယ်တိုင် ကိုယ်တွေ့မျက်မြင်ပါပဲ။ ကျွန်တော်အခု ပြောသွားတာတွေမှာ ဆရာကြီးဦးရာဇတ်လိုပုဂ္ဂိုလ်တွေရှိသော်လည်း ကျွန်တော်တို့ မိဘတိုင်းက၊ ကျွန်တော်တို့ နောင်လာနောက်သားတိုင်းက ခရောင်းတော သွားတဲ့အခါ သတ္တိရှိအောင် သင်မပေးနိုင်ရင် ကျွန်တော်တို့ တိုင်းပြည်ပျက်တော့မယ့် အချိန်အခါပါ။ “ဟု ဆရာကြီး သိပ္ပံမှူးတင်က ပြောခဲ့ပါတယ်။
    “ကျွန်တော်က ငယ်ငယ်ကတည်းက မွတ်စလင်မ်တွေနဲ့ အများကြီး အတူနေခဲ့ရတဲ့အတွက် အီတီဆိုတာ ကြားဖူးခဲ့ပါတယ်။ အိဒ်နေ့တိုင်း အီတီတောင်းတယ်၊ စမိုင်စားတယ်ဆိုတာ ကျွန်တော် အဲ့ကတည်းကစားတာ ဒီနေ့ထိပဲ။ မွတ်စလင်မ် ပသီတွေနဲ့ ညီလိုကိုလို နေလာကြတာပါ။ ၀မ်းအိုဝမ်းဆိုလည်း ကျွန်တော်တို့နဲ့ ကျောင်းနေဖက်သူငယ်ချင်း။ ကျွန်တော့်ရဲ့ အမျိုးထဲမှာတောင် ပသီတွေရှိပါတယ်။ ကျွန်တော့်ဘကြီးက မန္တလေးက အမြောက်တန်းသူကို ယူထားတာပါ။ ကျွန်တော်တို့ဟာ တသက်လုံးအတူတူနေလာကြတာပဲ။ တချို့ မုတ်ဆိတ်တွေ ရှိချင်ရှိမယ်။ နောက် ဦးထုတ်လေးများ ဆောင်းတဲ့အခါဆောင်းတယ်။ အဲဒါကလွဲလို့ တစ်သက်လုံး ဒီလူတွေပဲဗျ။ အခုမှ ပြဿနာပုံစံ လုပ်တာ ကျွန်တော်တို့က နည်းနည်းလေးမှ လက်မခံဘူး။ ဒီလူတွေဟာ ကျွန်တော်တို့နဲ့ တသက်လုံး အတူနေလာတဲ့သူတွေ။ မြန်မာဘုရင်လက်ထက်ကတည်းက နေလာတဲ့ ပုဂ္ဂိုလ်တွေ။ သမိုင်းအရ အနှစ်နှစ်အလလ ကျွန်တော်တို့ တိုင်းပြည်မှာ နေလာခဲ့သူတွေ။ ကျွန်တော်တို့ဘာမှ နိုင်ငံခြားသားလို့ ယူဆလို့မရဘူး။ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေပါပဲ။ ဘယ်သူဘာပြောပြော ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေပါ။” လို့ ဟောပြောမှုမှာ ပြောခဲ့ပါတယ်။
    ဆက်လက်ပြီး “တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ကုသိုလ်ကံ မကောင်းစဉ်အချိန်အခါက အထင်အမြင်လွဲပြီး နှိပ်ကွပ်ခံရတာရှိတယ်။ ၁၉၆၀-ခုနှစ်က ဗိုလ်ချုပ်ကြီးနေ၀င်း ကျွန်တော့်ကို ပြောတာ ပြောချင်ပါတယ်။ ကျွန်တော် သင်တန်းတက်ပြီးပြန်လာတော့ ဗိုလ်ချုပ်ကြီးနေ၀င်းတပ်ကိုရောက်တယ်။ သူက ‘ဟေ့ကောင် ဆိုရှယ်လစ်လမ်းစဉ်ဝင်ကွာ’တဲ့ ကျွန်တော်မ၀င်ချင်ဘူး။ ကျွန်တော် တစ်သက်လုံး ပါတီ မ၀င်ခဲ့ဘူး။ ဒီလူက သိပ်အကင်းပါးတယ်။ ဦးနေ၀င်းအကြောင်း ထဲထဲဝင်ဝင်သိပြီး ကျန်ရစ်ခဲ့သူက ကျွန်တော်နဲ့ တခြားတစ်ယောက်ပဲ ရှိတော့မယ်။ ၁၉၅၀-ခုနှစ်မှာ ဗိုလ်ချုပ် မောင်မောင်က မန္တလေး-ရန်ကုန် လမ်းမကြီး ဆောက်ဖို့ လုပ်တဲ့အခါမှာ တရုတ်က အလယ်က ကျွန်းမပါရင် မဆောက်ပါနဲ့တဲ့။ ကျွန်းမပါရင် နေထိုင်မှုစရိတ်နဲ့ သူ့ရဲ့ လုံခြုံရေးကို ထိခိုက်မှာစိုးတဲ့အတွက် မလုပ်ပါနဲ့ပြောတဲ့အခါ နီးရာဓါး ကြောက်တဲ့အတွက် ကျွန်တော်တို့ ဒီလိုဖြစ်တာ။”
    “အခုလို စာဆိုတော်နေ့ ဟောပြောပွဲမှာ တက်ရောက်ပြောကြားခွင့်ရတာ ကျေးဇူးတင်ပါတယ်။ ဒါကြောင့် မွတ်စလင်မ်ရော၊ ဗုဒ္ဓဘာသာရော၊ ခရစ်ယာန်ရော၊ ရှမ်းရော၊ ကချင်ရော အားလုံးကိုပြောချင်တာ။ နိုင်ငံခြားကလူတွေ လာလိမ့်မယ်။ ကျွန်တော်တို့ညံ့ရင် ခံရမယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ၀ိုင်းပြီးကြိုးစားကြဖို့လိုတယ်။ ဗိုလ်ချုပ် အောင်ဆန်းပြောတာ ကျွန်တော်တို့တိုင်းပြည်မှာ တိုးတက်ဖို့ ၀ိုင်းပြီး ကြိုးစားဖို့လိုတယ်။ ကြိုးစားတာ လွယ်လွယ်လေးပါ။ ဒါပေမယ့် ပြဲနေအောင် ကြိုးစားမှ ဖြစ်မှာပါတဲ့။ ဒါကြောင့် ကျွန်တော်တို့ဒီမှာ ရှိသမျှ ယောက်ျား – မိန်းမ၊ ပသီ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ အကုန် ၀ိုင်းပြီးတော့ ပြဲနေအောင် ကြိုးစားကြရင် ကျွန်တော်တို့ တိုင်းပြည်ဟာ တိုးတက် ကောင်းမွန်လာမှာပါ။ ဒါကြောင့် အားလုံးဝိုင်းပြီး ကြိုးစားကြပါလို့”ဟောပြောမှု နိဂုံးချုပ်မှာ ပြောကြားသွားခဲ့ပါတယ်။
  • Facebook, Gmail နှင့် Twitter အကောင့်ပေါင်း (၂)သန်း ဟက်ကာများ လက်တွင်းသို့ ရောက်ရှိခဲ့
    ဒီဇင်ဘာ ၅၊ ၂၀၁၃
    M-Media
    social1
    Facebook, Google, Twitter, Yahoo နှင့် အခြားဆိုရှယ်နက်ဝေါ့က်အကောင့်ပေါင်း နှစ်မီလီယံမှ username နှင့် password များကို ဟက်ကာများခိုးယူးခဲ့ကြောင်း စီအင်အင်က ယခုတပတ်ထွက်ပေါ်လာသည့် အစီရင်ခံစာများကို အခြေခံကာ သတင်းတင်ပြထားသည်။
    ကမ္ဘာပေါ်ရှိ အရေအတွက်မဖော်ပြနိုင်သော ကွန်ပျူတာများ၌ keylogging ဟုခေါ်သော software တစ်မျိုးအား ထည့်သွင်းမိရာမှ ထို software မှတဆင့် အင်တာနက်အသုံးပြု သူများ၏ ဒေတာများကို လွယ်ကူစွာ ခိုးယူခြင်းဖြစ်နိုင်ကြောင်း ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်သည့် Trustwave က ဆိုသည်။ ထို keylogging ဗိုင်းရပ်စ်သည် ကျော်ကြားသည့် ၀က်ဘ်ဆိုက်ဒ်များကို အသုံးပြုသူများ၏ ဒေတာများကို လွန်ခဲ့သည့် လများအတွင်း ထိန်းသိမ်းထားပြီး ဟက်ကာများ၏ ဆာဗာများသို့ ပုံမှန်ပို့ပေးနေကြောင်း သိရသည်။
    Trustwave မှ သုတေသီများက နယ်သာလန်နိုင်ငံတွင် အခြေဆိုက်သော ဟက်ကာဆာဗာများကို နိုဝင်ဘာ ၂၄ က လေ့လာမိရာမှ အင်တာနက်အသုံးပြုများ၏ အချက်အလက်များကို သိုမှီးထားကြောင်း တွေ့ရှိခဲ့သည်။ ၄င်းတို့တွေ့ရှိခဲ့သည့် ၀က်ဘ်ဆိုက် များမှာ ၉၃၀၀၀ ကျော်ဖြစ်ကြောင်းလည်း သိရသည်။ အချိုးအစားကိုမူ အောက်ပါအတိုင်း ဖော်ပြထားသည်။
    Facebook – account စုစုပေါင်း ၃၁၈၀၀၀
    Google – account စုစုပေါင်း ၇၀၀၀၀
    Yahoo – account စုစုပေါင်း ၆၀၀၀၀
    Twitter – account စုစုပေါင်း ၂၂၀၀၀
    Odnoklassniki (Russian social network) – account စုစုပေါင်း ၉၀၀၀
    ADP – account စုစုပေါင်း ၈၀၀၀
    Linkedin – account စုစုပေါင်း ၈၀၀၀
    ADP ၊ Facebook ၊ Linkedin နှင့် Twitter တို့က ၄င်းတို့အား အသုံးပြုနေသူများထဲမှ ဓါးစာခံအဖြစ် သံသယဖြစ်ဖွယ် account များ၏ password များကို reset ချကာ အသုံးပြုသူများကိုလည်း အသိပေးခဲ့ကြောင်း စီအင်အင်သို့ ပြောပြသည်။ Google ကမူ တစ်စုံတစ်ရာ မှတ်ချက်ပြုပြောကြားဖို့ ငြင်းဆိုခဲ့သည်။
    ဓါးစာခံ account များထဲမှ စုစုပေါင်း ၄၁၀၀၀ မှာ FTP ခေါ် လေးလံသည့် ဖိုင်များအား တစ်နေရာမှ တစ်နေရာသို့ ပေးပို့သည့် အခါ အသုံးပြုသည့် protocol ကို သုံးခဲ့ကြကြောင်း စစ်တမ်းများက ဆိုသည်။
    ဟက်ကာများက မိမိတို့၏ လုပ်ငန်းစဉ်ကို အောက်တိုဘာ ၂၁ ကတည်းက စတင်ခဲ့ကြောင်း သိရသည်။