News @ M-Media

Blog

  • ဖဲကြိုးဖြူနေ့ (သို့)ကမ္ဘာ့အမျိုးသမီးများ အကြမ်းဖက်ခံရမှု ရပ်တန့်ရေးနေ့ တောင်ကြီးတွင် ကျင်းပါမည်။

    နိုဝင်ဘာ-၂၄ ၂၀၁၃
    M-Media
    မင်းထွဋ်ကောင်း

    1465377_218491598332115_1961463503_n

    ရှမ်းပြည်နယ် တောင်ကြီးမြို့မှာလည်း ၂၅.၁၁.၂၀၁၃၊ တနလာင်္နေ့၊ စိန့်ဂျိုးဇက်အောက်မေ့ဘွယ်ဓမ္မာရုံမှာ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ဖဲကြိုးဖြူနေ့ သို့မဟုတ် ကမ္ဘာ့အမျိုးသမီးများ အကြမ်းဖက်ခံရမှု ရပ်တန့်ရေးနေ့ အခမ်းအနားကို ကျင်းပဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များမှလည်း ဖဲကြိုးဖြူနေ့နဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာ ဘာသာတရား ရှုထောင့်က ဟောပြောမှု အပါအ၀င် စိတ်ဝင်စားစရာ အစီအစဉ်များလည်း ပါဝင်ကြောင်း သတင်းရရှိပါတယ်။

    ဖဲကြိုးဖြူနေ့ (သို့)ကမ္ဘာ့အမျိုးသမီးများ အကြမ်းဖက်ခံရမှု ရပ်တန့်ရေးနေ့ ဖြစ်ပေါ်လာပုံ အကျဉ်း

    ၁၉၈၉ ခုနှစ်၊ ကနေဒါနိုင်ငံ မွန်ထရီမြို့မှာ အင်ဂျင်နီယာကျောင်းသူ ၁၄ ဦးကို Marc Lepine ဆိုသူက သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။ ဒီလိုအစုလိုက်အပြုံလိုက်သတ်ဖြတ်လိုက်တာဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်တတာကြောင့် သေဆုံးသွားတဲ့အမျိုးသမီးတွေအတွက် အချည်းနှီးမဖြစ်စေရဘူး ဆိုပြီး အမျိုးသမီးအရေးလှုပ်ရှားသူ Judy Rebick က “ ငါတို့ရဲ့ ပူဆွေးဝမ်းနည်းမှုတွေဟာ နောင်တစ်ချိန်မှာ အမျိုးသားများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်စေတဲ့အဖြစ်ကို ပြောင်းလဲစေရမယ် ” လို့လည်း သံဓိဌာန်ချခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်ကစပြီး အောက်မေ့ဘွယ်နေ့နဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိုအရေးယူဆောင်ရွက်တဲ့နေ့အဖြစ် ကျင်းပလာခဲ့ကြတယ်။

    ၁၉၉၉ ခုနှစ်မှာကျင်းပတဲ့ ၅၄ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၅၄/၁၄၃ အရ နိုဝင်ဘာလ ၂၅ ရက်နေ့ကို “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေးနေ့” အဖြစ် သတ်မှတ်ခဲ့ကြတယ်။

    အဲ့ဒီနေ့မှာ အမျိုးသမီးတွေကို အကြမ်းမဖက်တော့ပါဘူး၊ အကြမ်းဖက်မှုတွေကိုလည်း ဖြစ်နိုင်သမျှ ကာကွယ်တားဆီးပေးပါမယ်၊ ရေငုံနှုတ်ပိတ်မနေပါဘူး ဆိုတဲ့ ခံဝန်ကတိတွေနဲ့အတူ ဖဲကြိုးဖြူလေးတွေကို တပ်ဆင်လာကြတဲ့အတွက် “ဖဲကြိုးဖြူနေ့” လို့လည်း ခေါ်တွင်ပါတယ်။ ကမ္ဘာ့ဒေသအနှံ့မှာ နှစ်စဉ်ကျင်းပကြပါတယ်။

  • ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းတွငိ ၁၅ ထပ်အထပ်မြင့်ကား ပါကင်ဆောက်လုပ်

    နိုဝင်ဘာ-၂၄ ၂၀၁၃
    M-Media
    သီရိ

    Yangon-Traffic-580x386

    ရန်ကုန်။           ။ရန်ကုန်မြို့တော်တွင် ယာဉ်အစီးရေ တိုးပွားလာမှုနှင့် အတူ ယာဉ်ရပ်နားနိုင်သည့်နေရာ မရှိသည့်အတွက် ယာဉ်ကြော ပိတ်ဆို့မှုများဖြစ်ပေါ်လျက် ရှိပါသည်။

    ထိုသို့ ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ကားပါကင်များ ဆောက်လုပ်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးမှ ရည်ရွယ်ခဲ့ရာ ယခုပထမဆုံး အနေဖြင့် ၁၅ ထပ်အမြင့်ရှိ ကားပါကင်အား ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းတွင် ဆောက်လုပ်ရန် စီစဉ်နေသည်ဟု သိရပါသည်။

    ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင်မြေ အကျယ်အ၀န်း ပေ ၃၀× ပေ ၅၀ ရှိ မြေကွက်တွင်ဆောက်လုပ်သွားရန် စီစဉ်နေပြီး တစ်ထပ်လျှင် ကားရှစ်စီးမှ ၁၀ စီးခန့်အထိ ရပ်နားနိုင်မည်ဖြစ်ကာ စုစုပေါင်း ၁၅ ထပ်အတွက် ကားအစီးရေ ၁၀၀ ကျော်ရပ်နားနိုင်မည်ဖြစ်သည်၊ ယင်းသို့ရပ်နားခြင်းအတွက် ယာဉ်ရပ်နားခ ကောက်ခံမည်ဖြစ်ကြောင်း သိရပါသည်။

    ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်၍ အထပ်မြင့်ကားပါကင်များကို ဆောက်လုပ်ရန် ပြည်ပ လုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက စက်တင်ဘာလက ပြောကြားခဲ့ပါသည်။

  • အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးနေ့ ကျင်းပ

    နိုဝင်ဘာ ၂၄-၂၀၁၃
    M-Media
    သီရိ

    DSC01322a

    ရန်ကုန်။ ။ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (Elimination of Violence Against Women Day) ကို ဂုဏ်ပြုသောအားဖြင့် ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် နေ့လည် ၃ နာရီမှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

    အခမ်းနားကို “လွတ်လပ်ခြင်း နဲ့ ဖဲကြိုးဖြူ” သီချင်းဖြင့် ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဦးစီးမှုး၊ လူမှုဝန်ထန်းဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက် ၁၆ ရက်တာကာလ လှုပ်ရှားမှုကိုတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြောကြားခဲ့ပါသည်။အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုသည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သော နိုဝင်ဘာလ ၂၅ ရက်နေ့မှစတင်ပြီး လူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာ ၁၀ ရက်နေ့ထိဖြစ်ကြောင်း ၄င်းကရှင်းလင်းပြောကြားခဲ့သည်။

    ယင်းအခမ်းအနားသည် မြန်မာပြည်တွင် ဒုတိယအကြိမ်မြောက် ကျင်းပသော အခမ်းအနားဖြစ်ပြီး ပထမအကြိမ်ကို ၂၀၁၂ ခုနှစ်က ကန်တော်ကြီး အမျိုးသားဥယျာဉ်တွင် ကျင်းပခဲ့ကြောင်းလည်း သိရပါသည်။

    ထိုပွဲတွင် ပဟေဠိ အမေးအဖြေ၊ သံချပ်၊ ပြဇာတ်၊ တေးသရုပ်ဖော် စသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

  • နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်အား နှစ်ကုန်ပိုင်းတွင် မြန်မာ အစိုးရ ပြန်လွှတ်ပေးမည်

    နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်အား နှစ်ကုန်ပိုင်းတွင် မြန်မာ အစိုးရ ပြန်လွှတ်ပေးမည်

    နိုဝင်ဘာ-၂၄ ၂၀၁၃
    M-Media

    မြန်မာအစိုးရအနေဖြင့် အကျဉ်းထောင်းအတွင်း ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများအား အသေးစိတ် စစ်ဆေးမှုများပြုလုပ်နေပြီး ယခုနှစ်ကုန်ပိုင်းနှင့် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်လွှတ်ပေးမည်ဟု နိုင်ငံပိုင်မီဒီယာများက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ထိုကဲ့သို့ အကျဉ်းသားများအား လွှတ်ပေးမည့်အစီအစဉ်ကို အစိုးရ၏ နိုင်ငံရေးအကျဉ်းသားများ စီစစ်ရေးကော်မတီမှ ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    နိုဝင်ဘာ ၁၅ ရက်နေ့က သမ္မဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသား ၆၉ ဦးအား လွှတ်ပေးခဲ့သည်။ ထိုကဲ့သို့လွှတ်ပေးမှုမှာ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား အားလုံးအား လွှတ်ပေးမည်ဟူသည့် သမ္မတဦးသိန်းစိန်၏ ကတိက၀တ်အား အကောင်အထည်ဖော်သည့် အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။

    မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့က အရပ်သား အစိုးရ တာဝန်ယူပြီးနောက်ပိုင်း လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်မှာ ယခုအချိန်အထိ ၂၉၈၂၀ ဦးရှိပြီဖြစ်သည်။

    Ref: ဆင်ဟွာ

  • နိုဝင်ဘာ၂၄-နိုင်ငံတကာသတင်း စုစည်းမှု

    နိုဝင်ဘာ၂၄-နိုင်ငံတကာသတင်း စုစည်းမှု

    နိုဝင်ဘာ-၂၄ ၂၀၁၃
    M-Media

    UN_Climate_Talks_Reuters_360

    – ကမ္ဘာကြီးပူနွေးလာမှုအား လျှော့ချရန် အစီအစဉ်များအား ၂၀၁၅ ခုနှစ်ပြုလုပ်ရန် အတွက် သဘောတူညီချက်ကို ၀ါဆောတွင်ပြုလုပ်နေသည့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲတွင် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် စီးပွားရေး လျင်မြန်စွာ တိုးတက်နေသည့် နိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၂၀၀ ကျော်က ယမန်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။ ထိုကဲ့သို့ သဘောတူညီမှုများရရှိရန် အကြိတ်အနယ် ဆွေးနွေးခဲ့ကြရပြီး ဆွေးနွေးပွဲနောက်ဆုံး အချိန်တွင်မှ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

    – ယခုနှစ်အတွင်း အဆိုးဝါးဆုံး တိုင်ဖုန်းမုန်တိုင်း ဟိုင်ယန်ဒဏ်ခံစားရသည့် ဖိလစ်ပိုင်နိုင်ငံ ဒေသများတွင် ရေနှင့် အစားအသောက် မလုံလောက်မှုကြောင့် ကလေးငယ် ၁.၅ သန်းမှာ အာဟာရပြတ်လတ်မှုနှင့် တွေ့ကြုံနေရသည်ဟု ကုလသမဂ္ဂက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် မုန်းတိုင်းဒဏ်ခံ ဒေသပြန်လည်ထူထောင်ရေး အတွက် နိုင်ငံတကာမှ အလှူငွေများ ပိုမိုထည့်ဝင်ရန်လည်း တိုက်တွန်းခဲ့သည်။

    – အန်ဂိုလာ နိုင်ငံတွင် အစိုးရမှ အတိုက်အခံပါတီမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦးအား သတ်ပစ်ခဲ့သည်ဟု စွပ်စွဲကာ ထိုကိစ္စအား မကျေနပ်ကြသည့် ထောင်ပေါင်း များစွာသော အတိုက်အခံအားပေးသူများ၏ ဆန္ဒပြမှုများအား အန်ဂိုလာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ ပစ်ကာ လူစုခွဲခဲ့ပြီး၊ သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ အတိုက်အခံ MPLA မှ Isaias Cassule နှင့် Antonio Alves Camulingui တို့မှာ လုပ်ခလစာများ တိုးမြှင့်ပေးရန် ၂၀၁၂ မေလက ဆန္ဒပြစဉ်ကတည်းက ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့သည့် သီတင်းပတ်က သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟု ဆန္ဒပြသူများက ပြောကြားခဲ့သည်။

    – ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကိစ္စအတွက် အဖြေရှာရန် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီမှာ ဗြိတိန်၊ ဆီးရီးယား၊ အီရန်နှင့် လစ်ဗျားနိုင်ငံများသို့ သွားရောက်မည်ဟု အမေရိကန်အစိုးရက ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံစဉ်အတွင်း အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ကိစ္စအတွက်လည်း ဆွေးနွေးမည်ဟု သိရသည်။

    – အမေရိကန်အနေဖြင့် နယ်သာလန်နိုင်ငံအား ၁၉၄၆ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ လျှိုက်ဝှက်ထောက်လှမ်းခဲ့သည်ဟု အမေရိကန် အမျိုးသားထောက်လှမ်းရေး အေဂျင်စီမှ ၀န်ထမ်းဟောင်း အက်ဒ၀ပ် စနိုးဒင်၏ ဖွင့်ချမှုအား ကိုးကား၍ နယ်သာလန်သတင်းစာ Dutch NRC တွင် ယမန်နေ့က ဖော်ပြခဲ့သည်။ သို့ရာတွင် ၁၉၆၈ ခုနှစ်နောက်ပိုင်း ထောက်လှမ်းမှုအား ရပ်တန့်ခဲ့ခြင်း ရှိ/မရှိကိုမူ အသေးစိတ် မသိရှိကြောင်း ဖော်ပြခဲ့သည်။

    – ပါကစ္စတန်ပိုင်နက်အတွင်း အမေရိကန်မှ ပြုလုပ်နေသော ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုအား ဆန့်ကျင့်သည့်အနေဖြင့် အာဖဂန်နစ္စတန်ရှိ နေတိုးတပ်များအတွက် အထောက်အပံ့ ပစ္စည်းပေးပို့သည့် လမ်းကြောင်းအား ပါကစ္စတန်နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ထောင်ပေါင်းများစွာက ယမန်နေ့တွင် ဆန္ဒပြပိတ်ဆို့လိုက်သည်။ ထိုဆန္ဒပြပွဲမတိုင်မီ ပါကစ္စတန်ကလည်း နှစ်နိုင်ငံနယ်စပ်အား ပိတ်ထားခဲ့သည်ဟု သိရသည်။

    -အိန္ဒိယနိုင်ငံသည် နျူကလီးယားထိပ်ဖူး တပ်ဆင် ပစ်လွှတ်နိုင်သော Dhanush အမည်ရှိ ဒုံကျည်အား နိုင်ငံအရှေ့ပိုင်း အိုရစ်စာပြည်နယ်ရှိ ဘင်္ဂလား ပင်လယ်အော်တွင် ရေတပ်သင်္ဘောမှ ယမန်နေ့တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်ဟုသိရသည်။ အိန္ဒိယရေတပ် စစ်ရေးလေ့ကျင့်ခန်းတွင် ထည့်သွင်းစမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ထိုဒုံးကျည်မှာ ကီလိုမီတာ ၃၅၀ ကီလိုမီတာ အကွာအဝေးအထိ ရောက်ရှိနိုင်သည်။

    – တိုင်းပြည်အတွင်း မတည်မငြိမ်ဖြစ်စေရန် အဖွဲ့အစည်းတစ်ခုအား အားပေးထောက်ပံ့နေသည်ဟု စွပ်စွဲကာ တူရကီသံအမတ် ဟူစိန် အဗ်နီ ဘော့ဆာလီအား အီဂျစ်နိုင်ငံက မောင်းထုတ်လိုက်သည်ဟု သိရသည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော သမ္မတမော်စီအား ဖြုတ်ချမှုမှာ လက်မခံနိုင်သော လုပ်ရပ်ဖြစ်သည့်ဟု တူရကီသမ္မတ ရီစက်ပ် တိုင်ယစ်ပ် အာရ်ဒိုဂန်မှ မကြာသေးမီက ဝေဖန်ပြောဆိုခဲ့ပြီးနောက်ပိုင်း အီဂျစ်ဘက်မှ ထိုကဲ့သို့ပြုလုပ်လိုက်ခြင်းဖြစ်သည်။

    – လက်နက်များဖျက်ဆီးရန် နောက်ဆုံးရက်မှာ နီးကပ်လာသည့်အချိန်တွင် ဆီးရီးယားနိုင်ငံရှိ ဓာတ်လက်နက်များအား ပင်လယ်ပြင်တွင် ဖျက်ဆီးခြင်းမှာ လွယ်ကူ၍ စိတ်ချရသောနည်းလမ်းဖြစ်သည်ဟု ဓာတုလက်နက် ဖျက်သိမ်းရေးအဖွဲ့မှ ပြောကြားခဲ့သည်။ ဆီးရီးယားနိုင်ငံတွင် ဓာတုလက်နက် ၇၉၈ တန်နှင့် ဓာတုလက်နက် ထုတ်လုပ်ရေးလုပ်ငန်းမှ ထွက်လာသော ရေဆိုး လီတာ ၇.၇ သန်းဖျက်ဆီးရန် ရှိနေသည်။

    – ဂျပန်နိုင်ငံနှင့် ပိုက်နက်အငြင်းပွားနေသည့် ကျွန်းရှိ လေပိုင်နက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ ပြုလုပ်မည့် ဥပဒေအသစ်အား အမေရိကန်က ဝေဖန်ပြောကြားလိုက်ပြီး ဒေသအတွင်း မတည်ငြိမ်အောင်ပြုလုပ်သော ကြိုးပမ်းမှုတစ်ခုအဖြစ် မှတ်ချက်ပေးခဲ့သည်။ တရုတ်နိုင်ငံက ‘တရုတ်အရှေ့ပိုင်းလေကြောင်းရန်ကာကွယ်ရေးဇုန်’အဖြစ် ဇုန်တစ်ခုသတ်မှတ်ရန်ရှိနေပြီး ထိုဇုန်အတွင်း ဂျပန်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်း၏ လေကြောင်းနယ်ပယ်အများစု ပါဝင်မည်ဖြစ်သည်။