News @ M-Media

ဖေဖော်ဝါရီလအတွင်း ရုရှားထံမှ ဒေါ်လာ ၁၄ သန်းတန် ရေဒါကို စစ်ကောင်စီ ရယူခဲ့

ဧပြီ ၂၁၊ ၂၀၂၁
M-Media

မြေပြင်ကဝေဟင်ပစ် ဒုံးကျည်စနစ် Pantsir-S1)

-အာဏာသိမ်းစစ်ကောင်စီဟာ ဖေဖော်ဝါရီလအတွင်းက ရုရှားထံကနေ ရေဒါပစ္စည်းတွေ ရယူခဲ့တယ်လို့ သိရပါတယ်။

အာဏာမသိမ်းခင် ပြီးခဲ့တဲ့ဇန်နဝါရီလ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်အတွင်း မြေပြင်ကဝေဟင်ပစ် ဒုံးကျည်စနစ် Pantsir-S1၊ ထောက်လှမ်းရေးဒရုန်း Orlan-10E နဲ့ ရေဒါပစ္စည်းတွေ ရောင်းချဖို့ သဘောတူခဲ့တာပါ။

ဖေဖော်ဝါရီလက မြန်မာနိုင်ငံကိုရောက်လာတဲ့ ဒေါ်လာ ၁၄.၇ သန်းတန် ရေဒါပစ္စည်းတွေဟာ ဒီရောင်းချမှုက တစ်စိတ်တစ်ပိုင်းလားဆိုတာ တိတိကျကျ မသိရပါဘူး။

ဒီကိစ္စအတွက် မေးမြန်းမှုကို ရုရှားအကောက်အခွန်ဌာန FCS က မဖြေခဲ့ဘူးလို့ The Moscow Times က ဖော်ပြပါတယ်။

အာဏာသိမ်းမှုကြောင့် နိုင်ငံတကာက ဖယ်ကျဉ်ခံလာရတဲ့ မြန်မာစစ်တပ်ကို ထောက်ပံ့မှုတိုးမြှင့်ဖို့ ရုရှားက ဆောင်ရွက်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၇ ရက်နေ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့အခမ်းအနားကို ရုရှာ ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါး ဖိုမင် တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း မြန်မာစစ်တပ်ဟာ ရုရှားကနေ ကန်ဒေါ်လာ ၈၀၇ သန်းဖိုး လက်နက်တွေ ဝယ်ယူခဲ့ပြီး တရုတ်ထံကပြီးရင် ဒုတိယအများဆုံး ဝယ်ယူမှုဖြစ်တယ်လို့ ၂၀၁၉ ခုနှစ် Stockholm International Peace Research Institute က ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာလတုန်းကလည်း ရုရှားဟာ ‘လျှို့ဝှက်’ ဆိုတဲ့ခေါင်းစဉ်နဲ့ ကန်ဒေါ်လာ ၉၆ သန်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို မြန်မာစစ်တပ်ဆီ တင်ပို့ခဲ့ပါတယ်။ စစ်လက်နက်ပစ္စည်းတွေကို ရုရှားက ‘လျှို့ဝှက်’ ဆိုပြီး တံဆိပ်တပ်ထားလေ့ ရှိပါတယ်။

Ref: The Moscow Times