News @ M-Media
Blog
  • နိုဝင်ဘာ ၁၀ ပြည်တွင်း သတင်းတို
    နိုဝင်ဘာ ၁၀ ပြည်တွင်း သတင်းတို
    နိုဝင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    ပြည်ထောင်စု ဝန်ကြီးတွေနဲ့ နိုင်ငံရေး ပါတီများတွေ့ဆုံ
    ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ၊ နိုင်ငံရေးအကျဉ်းသား ထပ်မံလွတ်ပေးရေး အပါအ၀င် တိုးမြင့်ကောက်ခံမယ့် လျှပ်စစ်ဓာတ်အား အသုံးပြုခ နှုန်းထား အသစ်နဲ့ ပတ်သက်ပြီး သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိမ်း နဲ့ လျှပ်စစ်ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးတို့ဟာ နိုင်ငံရေး ပါတီတွေနဲ့ ဒီကနေ့ ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာတွေ့ဆုံပြီး ဆွေးနွေးခဲ့ကြကြောင်း RFA သတင်းဌာနမှတဆင့် သိရှိရပါတယ်။
    _______________________
    ဖက်ဒရယ်စနစ်ပေါ်ထွန်းလာရန် ပူပန်စရာမလိုဟု ဦးအောင်မင်းပြော
    လက်ရှိဦးတည်ဆွေးနွေးနေသည့်အထဲတွင် ဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်လာရေးက ပါရှိပြီးသားဖြစ်သည့်အတွက် ဖက်ဒရယ်နှင့်ညီညွတ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုနှင့် ညီညွတ်သည့် တပ်မတော် ဖြစ်လာမည်ဖြစ်ပြီး ဖက်ဒရယ်ကို ရည်ညွှန်းထားသည့်အတွက် စိုးရိမ်စရာမဖြစ်ဟု ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာတွင် နိုင်ငံရေးပါတီများနှင့် ယနေ့ တွေ့ဆုံစဉ်တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့ကြောင်း မဇ္ဈိမသတင်းဌာနတွင် ဖော်ပြထားပါတယ်။
    ______________________
    ဆီးဂိမ်းလှုံ့ဆော်ရေး ဖျော်ဖြေမှုများပြုလုပ်
    ၄၄-နှစ်ကြာပြီးမှ ဆီးဂိမ်းအားကစားပွဲတော် အိမ်ရှင်အဖြစ် ပထမဆုံး ပြန်လည်ကျင်းပခွင့်ရတဲ့ အထိမ်းအမှတ်အဖြစ်နဲ့ ဆီးဂိမ်းလှုံ့ဆော်ရေးတွေကို ဂီတနဲ့အကတွေနဲ့အတူ ရန်ကုန်မြို့တွင် ရက် ၂ဝကြာ ကျင်းပနေကြောင်း ကမာရွတ် ရုပ်သံ မီဒီယာမှတဆင့် သိရှိရပါတယ်။
  • မွတ်စ်လင်မ် ကမ္ဘာလှည့် ခရီးသွားများအား ဂျပန်မှ အာရုံစိုက် အလေးထားလာ
    နိုဝင်ဘာ- ၁၀ ၂၀၁၃
    M-Media
    japan-muslim
    မွတ်စ်လင်မ်တို့သည် မိမိတို့တိုင်းပြည်တွင် နေထိုင်သည့်အတိုင်း အဆင်ပြေချောမွေ့ရမည်ဟု အလေးထားပြောဆိုလာသော ဂျပန်ခရီးသွားကုမ္ပဏီများ ပိုမိုများပြားလာသည်
    တရုတ်ဂျပန်နယ်မြေပိုင်ဆိုင်ရေးပြဿနာများကြောင့် ယမန်နှစ်နှောင်းပိုင်းမှစတင်၍ ဂျပန်၌ တရုတ်ကမ္ဘာ့လှည့်ခရီးသည်များ ဆိုးဆိုးဝါးဝါး လျော့ပါးသွားခဲ့သည်။
    ထိုင်ဝမ် နှင့် အခြားအရှေ့တောင်အာရှနိုင်ငံများ အထူးသဖြင့် မလေးရှားနှင့်အင်ဒိုနီးရှားထံမှ ခရီးသည်များ တအုံတကျင်း ၀င်ရောက်လာမှုကြောင့်သာ ခံသာနေရသည်။
    သာဓကအားဖြင့် တရုတ်ဧည့်သည်ဦးရေမှာ အောက်တိုဘာလအတွင်း ၃၃ ရာခိုင်နှုန်းအထိ ထိုးကျသွားသော်လည်း ယမန်နှစ်ထိုလပိုင်းနှင့်နှိုင်းယှဉ်ပါက မလေးရှားဧည့်သည်များကမူ ၆၆ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားက ၄၀ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရ၏။
    မွတ်စ်လင်မ်ခရီးသွားများကို ၄င်းတို့၏ ဘာသာရေးလိုအပ်ချက်များနှင့်အညီနေထိုင်နိုင်ရေးအတွက် ကောင်းစွာကြိုဆိုပြင်ဆင်ရေးလမ်းကြောင်းသစ်၌ ဂျပန်တို့မှာ အားတက်သရော ဆောင်ရွက်လျက်ရှိသည်။
    ယမန်နှစ်က ဂျပန်သို့ မလေးရှားနိုင်ငံသားပေါင်း တစ်သိန်းသုံးသောင်းကျော် လာရောက်လည်ပတ်ခဲ့ရာ ၂၀၁၀ ခုနှစ်ထက် ၁၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ စားရိတ်ကျဉ်းအစီအစဉ်များဖြင့် နိုင်ငံခြားသို့ခရီးသွားရန် တတ်စွမ်းနိုငသည့် အလယ်အလတ်လူတန်းစား မလေးနိုင်ငံသားများ တိုးပွားလာခြင်းကြောင့်ဖြစ်သည်။
    ဂျပန်နိုင်ငံတွင် မိမိတို့ဘာသာရေးထုံးဓလေ့များကျင့်ဆောင်ရန် ခက်ခဲမှုရှိသည်ဟု ကနဦးက အမြင်ရှိခဲ့သော မလေးမွတ်စ်လင်မ်များသည်ပင်လျှင် ဤခရီးသွားဧည့်သည်များဦးရေအတွင်း အလွန်တိုးတက်များပြားလာသည်။
    ဂျပန်နိုင်ငံတွင် မွတ်စ်လင်မ်ဦးရေသည် ငါးသောင်းမှ တစ်သိန်းအတွင်းသာ ရှိသည်။ အများစုမှာ နိုင်ငံခြားမှ လာရောက်သူများဖြစ်၏။ လူဦးရေသန်း ၁၂၀ အနက် ဂျပန်လူမျိုးမွတ်စ်လင်မ်များမှာ တစ်ထောင်အောက်သာ ရှိနေ၏။
    ဂျပန်လူမျိုးအများစု အစ္စလာမ့်အဆုံးအမများနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိကြချေ။ ခရီးသွားဧည့်သည်လှိုင်းသစ်ကြောင့် ဂျပန်ခရီးသွားလာရေးလုပ်ငန်းတို့သည် မွတ်စ်လင်မ်များနှင့်စပ်လျဉ်း၍ အမြင်ပွင့်လာကြသည်။
    “ အဓိကပြဿနာကတော့ သူတို့အတွက် ၀တ်ပြုဖို့နေရာ နဲ့ ဟလာလ်အစားအသောက် စီစဉ်ပေးဖို့ဖြစ်တယ် ” ဟု မီယာကို ကိုကုဇိုင်း Miyako Kokusai ကုမ္ပဏီမှ ကာဇူနာရီ ကုရိုဆာဝါ Kazunari Kurosawa က ဆိုသည်။ အိုဆာကာရှိ ယင်းခရီးသွားအေဂျင်စီသည် အာရှသားမွတ်စ်လင်မ်ဧည့်သည်များအတွက် နေရာထိုင်ခင်းကို စီစဉ်ပေးလျက်ရှိသည်။
    သူသည် Malaysia’s Jakim (Department of Islamic Advancement of Malaysia) မှ အသိအမှတ်ပြုထားသော  Japan Halal Association တာဝန်ရှိသူများနှင့်အတူ ဟလာလ်အစားအသောက်အကြောင်းကို ဟလာလ်နည်းကျ စားသောက်ဆိုင်များသို့ သွားရောက်လေ့လာခဲ့သည်။ အထူးသဖြင့် ၀က်သားမသုံး အရက်မရောင်းချသည့် ဆိုင်များ ဖြစ်ကြောင်း သေချာစေရန်ဖြစ်သည်။
    အရက်သေစာနှင့်မကင်းလွတ်သည့် ဂျပန်၌ မွတ်စ်လင်မ်ဧည့်သည်များသည် တစ်ခါသုံး ဇွန်း၊ ခွက် စသည့် စားသောက်ပစ္စည်များ အသုံးပြုလေ့ရှိသဖြင့် သူက ယင်းကဲ့သို့စီမံပေးရသည်။ ထို့ပြင် သူက ဧည့်သည်များအတွက် ကစ်ဗလဟ်( ကအ်ဗဟ်ဝတ်ကျောင်းတော်ဖက်မျက်နှာမူရာအရပ်)အား ညွှန်ပြအသိပေးခြင်း၊ လည်ပတ်သွားလာသော နေရာများနှင့်နားနေရာများတွင် ၀တ်ပြုနေရာစီစဉ်ပေးခြင်းကိုလည်း ၀န်ဆောင်ပေးသည်။
    ကုရိုဆာဝါသည် မလေးရှားမှလာရောက်သည့် မွတ်စ်လင်မ်ခရီးသွားဧည့်သည်ပေါင်း ၅၀၀ ခန့်ကို ၀န်ဆောင်ပေးပြီးသည့်အပြင် သူ၏ ချယ်ရီပွင့်ချိန်နွေဦးခရီးသွားအစီအစဉ်မှာလည်း ကြိုတင်စာရင်းသွင်းထားသူများဖြင့် ပြည့်နေပြီဖြစ်သည်။
    အရှေ့တောင်အာရှသား ကမ္ဘာလှည့်ခရီးသွားတို့သည် ဆောင်းတွင်း၌ ဆီးနှင်းဖုံးလွှမ်းသော ဂျပန်နိုင်ငံမြောက်ပိုင်းဒေသများသို့လည်း သွားရောက်လည်ပတ်လေ့ရှိတတ်သည်သာမက နှင်းလျှောစီးမှုကိုလည်း ခုံမင်ကြသည်။
    လတ်တစ်လောတွင် မွတ်စ်လင်မ်များအပါအ၀င် အရှေ့တောင်အာရှသား ကမ္ဘာလှည့်ခရီးသွားတို့သည် နိုင်ငံမြောက်ဖျားရှိ ဟော့ကိုင်းဒိုးကျွန်းကို ပိုမိုနှစ်ခြိုက်လျက်ရှိ၏။
    အခြေအနေနှင့်လိုက်လျောညီထွေအောင် ဆက်ပိုရိုရှိ ချီတိုစဲဈေးဝယ်စင်တာ Chitose Outlet Mall Rera မှ မွတ်စ်လင်မ်တို့အဖို့ ၀တ်ပြုနေရာအတွက် သောကမရောက်ပဲ နာရီပေါင်းများစွာ လည်ပတ်ဈေးဝယ်နိုင်ရန် ၀တ်ပြုခန်းတစ်ခု ထည့်သွင်းလာသည်ကို တွေ့ရ၏။
    ဟလာလ်နှင့်ဆက်နွှယ်သော လုပ်ငန်းနှင့်ဈေးကွက်အား တိုးမြှင့်နိုင်ရန်အလို့ငှာ ဟလာလ်၏လိုအပ်ချက်များနှင့်ထုံးဓလေ့များကို ပညာပေးခြင်း၊ ဆွေးနွေးခြင်းအစီအစဉ်များအတွက် အောက်တိုဘာလက တိုကျိုတွင် ဂျပန်ဟလာလ်စီးပွားရေးအဖွဲ့အစည်း Japan Halal Business Association ကို တည်ထောင်ခဲ့သည်။
    ဂျပန်အစိုးရကလည်း ဘာသာတရားအခြေပြုခရီးသွားလုပ်ငန်းအကြောင်းကို အမြန်ဆုံးလေ့လာနေကြပါသည်။
    အစိုးရ၏ခရီးသွားလုပ်ငန်းတိုးမြင့်ရေးလက်ရုံးတစ်ဆူဖြစ်သော Japan National Tourism Organisation မှ မွတ်စ်လင်မ်တိုးရစ်များအတွက် ဂျပန်ရှိ စားသောက်ဆိုင်များ၊ ၀တ်ပြုနေရာများ ဖော်ပြထားသည့် ဟလာလ်လက်စွဲစာအုပ်ကို တရားဝင်ထုတ်ဝေနိုင်အောင် စီစဉ်လျက်ရှိသည်။
    ယင်းအစီအစဉ်က ၂၀၁၁ ခုနှစ်ထက် နှစ်ဆတိုး၍ အရှေ့တောင်အာရှသား ခရီးသွားဧည့်သည်များကို ဦးရေတစ်သန်းအထိ တိုးတက်လာမည်ဟု မျှော်လင့်ထားသည်။
    မလေးရှားနိုင်ငံသားတိုးရစ်များ ပိုမိုရရှိရေးအတွက် Japan National Tourism Organisation သည် Malaysian Association of Tour and Travel Agents နှင့် ဇန္န၀ါရီလက နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
    ပြီးခဲ့သည့်လတွင်လည်း အာရှသားမွတ်စ်လင်မ်တိုးရစ်များ ပိုမိုရရှိရေးကို စိတ်ပါဝင်စားသော ဂျပန်လုပ်ငန်းရှင်များတွက် ယင်းအဖွဲ့အစည်းမှ Japan-Muslim tourism seminar ကို ကျင်းပဆောင်ရွက်ပေးခဲ့သည်။
    ယမန်နှစ်က ခရီးသွားဧည့်သည်ပေါင်း ၈.၃၇ သန်းအထိ တိုးတက်လာခဲ့သော်လည်း သဘာဝဘေးအန္တရာယ်ကြောင့် ၉ သန်းဟူသော ရည်မှန်းချက် မပြည့်မီခဲ့ချေ။
    မြေယာ၊ အခြေခံအဆောက်အဦ နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာဝန်ကြီး အကီဟီရို အိုတ Akihiro Ohta က “ ခုထက်ထိတော့ ကျေနပ်လောက်စရာ အနေအထား မရောက်သေးပါဘူး ” ဟု ဆိုခဲ့သည်။
    ယခုနှစ်တွင်မူ ဧည့်သည်ပမာဏ ၁၀ သန်းအထိ ရရှိရန် ရည်မှန်းထားသည်။ အာရှနှင့်ကမ္ဘာ့အခြားဒေသမှ မွတ်စ်လင်မ်ဧည့်သည်များအပေါ် အထူးဦးတည်၍ ခရီးသွားလုပ်ငန်းအား အစွမ်းကုန်မြှင့်တင်ကြိုးပမ်းကြရန် ၄င်းက မိမိ၏ဌာနခွဲအားလုံးသို့ မေတ္တာရပ်ခံထားသည်။
    Ref: New Straits Times
  • လီဗာပူးလ်၊ ဆောက်သက်တမ်တို့အနိုင်ရ ချယ်ဆီးသရေကျသွားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ စနေနေ့ညပွဲများ
    လီဗာပူးလ်၊ ဆောက်သက်တမ်တို့အနိုင်ရ ချယ်ဆီးသရေကျသွားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ စနေနေ့ညပွဲများ
    နိုဝင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    187300_herol
    ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ အဖြစ် ယမန်နေ့ညတွင် ၆ ပွဲကစားခဲ့ရာ ထိပ်ဆုံးပိုင်းမှ လီဗာပူးလ်နှင့် ဆောက်သက်တမ်တို့ အနိုင်ရရှိခဲ့ပြီး ချယ်ဆီးနှင့် အဲဗာတန်တို့မှာ အိမ်ကွင်းတွင် သရေကျသွားခဲ့သည်။
    လီဗာပူးလ် ၄-၀ ဖူလ်ဟမ်
    အိမ်ကွင်းအန်ဖီးလ်တွင် ကစားခဲ့သည့် ယခုပွဲတွင် လီဗာပူးလ်အသင်းမှာ အမှားအယွင်းမရှိ ကစားနိုင်ခဲ့သည်။
    လီဗာပူးလ်အသင်းမှာ ပြီးခဲ့သည့်သီတင်းပတ်က အာဆင်နယ်အသင်းအား ရှုံးနိမ့်ခဲသည့်ပွဲမှ လူစာရင်းကို သုံးနေရာအပြောင်းအလဲလုပ်ကာ ဖူလ်ဟမ်အား ဧည့်ခံကစားခဲ့သည်။
    လီးဗာပူးလ်အသင်း၏ ဦးဆောင်ဂိုးကို ၂၃ မိနစ်တွင် ရရှိခဲ့ပြီး ဖူလ်ဟမ်ကစားသမား ဖာနန်ဒို အေမိုရီဘီယီတာက ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ခြင်းဖြစ်သည်။ ၂၆ မိနစ်တွင် လီဗာပူးလ်အသင်း ဒုတိယဂိုးရရှိခဲ့ပြီး နောက်ခံလူစကာတယ်က ခေါင်းတိုက် သွင်းယူပေးခဲ့သည်။ တတိယနှင့် စတုတ္ထဂိုးများကို လူးဝစ်ဆွာရက်ဇ်က ၃၆ မိနစ်နှင့် ၅၄ မိနစ်တို့တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ယခုပွဲအနိုင်ကြောင့် လီဗာပူးလ်အသင်းမှာ ထိပ်ဆုံးမှ အာဆင်နယ်အသင်းထက် တစ်ပွဲအသာ နှစ်မှတ်လျော့ဖြင့် ဒုတိယနေရာတွင်ရှိနေပြီး၊ ဖူလ်ဟမ်အသင်းမှာ နောက်ဆုံးလေးပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ရပြီး တန်းဆင်းဇုန်နားသို့ရောက်ရှိနေသည်။
    ……………………………
    ဆောက်သက်တမ် ၄-၁ ဟားလ်စီးတီး
    ဆောက်သက်တမ်အသင်းမှာ ပြီးခဲ့သည့် ပရီးမီးယားလိဂ် ၄ ပွဲတွင် ပေးဂိုးမရှိခဲ့သည့်အသင်းဖြစ်ပြီး ယခုပွဲတွင်လည်း အိမ်ကွင်းတွင် ဟားလ်စီးတီးအား သက်တောင့်သက်သာဖြင့် အနိုင်ရရှိခဲ့သည်။
    ဦးဆောင်ဂိုးကို ၁၆ မိနစ်တွင် ဆောက်သက်တမ်အသင်းက ရရှိခဲ့ပြီး မော်ဂန် ရှန်ဒါလင်ကသွင်းယူပေးခဲ့သည်။ မိနစ် ၃၀ တွင် ဆောက်သက်တမ်အသင်းက ပင်နယ်တီရရှိခဲ့ပြီး အင်္ဂလန်လက်ရွေးစင် ရစ်ကီလမ်ဘာတ်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့သည်။ ၃၇ မိနစ်တွင် အဒမ် လာလနာက ဂိုသမား၏ ညာဘက်အောက်ထောင့်ကို လှပစွာကန်သွင်းခဲ့ပြီး ဆောက်သက်တမ်အတွက် တတိယဂိုးကို သွင်းယူပေးခဲ့သည်။
    ၅၅ မိနစ်တွင် ဟားလ်စီးတီးတို့ ချေပဂိုးရရှိခဲ့ပြီး ယာနစ်ဆာဂ်ဘိုက သွင်းယူပေးခဲ့သည်။ သို့သော်လည်း ၈၈ မိနစ်တွင် စတီဗင်ဒါးဗီးစ်က ဆောက်သက်တမ်အတွက် နောက်ဆုံးပိတ်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။
    ဆောက်သက်တမ်အသင်းမှာ အခုပွဲအနိုင်ကြောင့် ပရီးမီးယားလိဂ်ဇယားတွင် တတိယနေရာသို့ တက်ရောက်နိုင်ခဲ့သည်။
    ………………………………………
    ချယ်ဆီး ၂-၂ ၀က်စ်ဘရွန်း
    ပြီးခဲ့သည့် သီတင်းပတ်က နယူးကာဆယ်အား အဝေးကွင်းတွင်ရှုံးနိမ့်ခဲ့သည့် ချယ်ဆီးအသင်းမှာ ယခုပွဲတွင်လည်း အိမ်ကွင်းတွင် ၀က်စ်ဘရွန်းအသင်းအား အနိုင်မယူနိုင်ခဲ့ဘဲ အေဒင် ဟာဇာဒ်၏ နောက်ကျပင်နယ်တီကြောင့်သာ သရေတစ်မှတ်ရခဲ့ခြင်းဖြစ်သည်။
    ယခုပွဲမှာ မော်ရင်ဟို၏ ချယ်ဆီးအသင်းနှင့် အိမ်ကွင်း ၁၀၀ ပြည့်မြောက်သည့် ပွဲဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ပွဲတွင် အသင်း၌မပါဝင်ခဲ့သည့် အေဒင်ဟာဇာဒ်မှာ ပြန်လည်ပါဝင်လာခဲ့ပြီး ပထမပိုင်းတွင် ချယ်ဆီးအသင်းမှာ ဂိုးသွင်းခွင့် အနည်းငယ်ရရှိခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းနိုင်ခဲ့ဘဲ ပွဲပြီးကာနီးတွင်မှ အဖွင့်ဂိုးရရှိခဲ့သည်။ ထိုဂိုးအား အီတူးက အနီးကပ်ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။
    ဒုတိယပိုင်းတွင် ၀က်စ်ဘရွန်းတို့ ချေပဂိုးနှင့်အနိုင်ဂိုးများရရှိခဲ့ပြီး မိနစ် ၆၀ တွင် ရှိန်းလောင်နှင့် ၆၈ မိနစ်တွင် စတီဖိန်း ဆက်ဆဂ်နန်ကသွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ချယ်ဆီးအသင်းမှာ ချေပဂိုးရရန်အတွက် ကြိုးစားကစားခဲ့ပြီး ဒုတိယပိုင်းပွဲအပြီး နာကျင်အချိန်ပိုတွင် ကံကောင်းစွာဖြင့် ချယ်ဆီးတို့ပင်နယ်တီရရှိခဲ့သည်။ ထိုပင်နယ်တီအား ဟာဇာဒ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့သောကြောင့် ချယ်ဆီးအသင်း အဖိုးသရေတစ်မှတ်ရရှိခဲ့ခြင်းဖြစ်သည်။
    ……………………………
    အက်စတွန်ဗီလာ ၂-၀ ကာဒစ်ဖ်
    ဗီလာမှာ ယခုပွဲတွင်အနိုင်ရရှိခဲ့သော်လည်း အနိုင်ဂိုးများကို ဒုတိယပိုင်းတွင်မှ ရရှိခဲ့ခြင်းဖြစ်ပြီး ၇၅ မိနစ်တွင် လီယိုနာဒို ဘာကျူနာက ဖရီးကစ်မှလည်းကောင်း၊ ၈၃ မိနစ်တွင် လီဘို ကိုဇက်က ခေါင်းတိုက်၍လည်းကောင်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    …………………………….
    နော်ဝစ်ခ်ျ ၃-၁ ၀က်စ်ဟမ်း
    ခရစ္စတယ်ပဲလေ့စ် ၀-၀ အဲဗာတန်
    အခြားပွဲစဉ်များတွင် နော်ဝစ်ခ်ျအသင်းက ၀က်စ်ဟမ်းအသင်းအား အိမ်ကွင်းတွင် ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး၊ အဲဗာတန်အသင်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည်။
  • ကမ္ဘာသိ မြန်မာ့သမိုင်းရှင် ဗိုလ်မှုးဘရှင်၏ ရာပြည့်စာဖတ်ခန်းဖွင့်လှစ်
    ကမ္ဘာသိ မြန်မာ့သမိုင်းရှင် ဗိုလ်မှုးဘရှင်၏ ရာပြည့်စာဖတ်ခန်းဖွင့်လှစ်
    နိုဝင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    A.N.Lay
    DSC00274
    ရန်ကုန်     ။      ။       ကမ္ဘာသိ မြန်မာ့သမိုင်းရှင် ဗိုလ်မှူးဘရှင် မွေးနေ့ နှစ်တစ်ရာပြည့်အထိမ်းအမှတ်ဖြစ်သော ရာပြည့်စာဖတ်ခန်းကို  နိုဝင်ဘာ ၁၀-ရက်နေ့ နံနက် ၈-နာရီ အချိန်တွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် အမှတ်-၁၇ နတ်မောက်လမ်း တွင်ဖွင့်လှစ်ခဲ့ပါသည်။
    အဆိုပါ ရာပြည့်စာဖတ်ခန်းဖွင့်လှစ်ပွဲတွင် မြန်မာစာ ပါမောက္ခ ဦအော်ဇော်က “စာဖတ်ခန်းဖွင့်တာဟာ တိုင်းပြည်ကို အကျိုးပြုတဲ့လုပ်ငန်း၊ လူမျိုးကိုအကျိုးပြုတဲ့ လုပ်ငန်း သာသနာကိုအကျိုးပြုတဲ့လုပ်ငန်း များကို အကျိုးပြုနိုင်ရန် ထိပ်ဆုံးကပါဝင်နေပါတယ်။ ဒီနေ့ တာဝန်သိတဲ့ လူငယ်တစ်စုကနေပြီးတော့ ဗိုလ်မှူးဘရှင်က တစ်သက်လုံး စာဖတ်ခဲ့တယ်။ ပညာနဲ့လည်း တပ်မတော်ကိုအကျိုးပြုခဲ့တယ်။ မြန်မာနိုင်ငံမှာသာမက ကမ္ဘာကိုပါ ပညာနဲ့အကျိုးပြုခဲ့လို့ အယ်မာရီးယက်စ် ဘွဲ့ရခဲ့တယ်။ ဗိုလ်မှူးဘရှင်ကိုအားကျတယ်၊ ဗိုလ်မှူးဘရှင်ကို လေးစားတယ်ဆိုရင် ဗိုလ်မှူးဘရှင်ပြောသွားတဲ့ စကားတွေကို လိုက်နာတာဟာ စံပြအနေနဲ့ပြုလုပ်တာပဲ။ ဒီနေ့တာဝန်သိ လူတွေဟာ တော်တော်ကြိုးကြိုးစားစားနဲ့ လုပ်တော့ တစ်ခုပဲ စိုးရိမ်တယ်။ အစတော့ကောင်းပြီ အနှောင်းသေချာဖို့လိုပါတယ်။ အနှောင်းသေချာဖို့ ကလည်း တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်ဆောင်လို့မရတဲ့ အတွက် အလားတူ တာဝန်တိတဲ့ ပုဂ္ဂိုလ်တွေက ဝိုင်းဝန်း ကြိုးပမ်းပြီးတော့ ရာပြည့်အထိမ်းအမှတ် စာကြည့်တိုက်ဖွင့်ပွဲလို့တက်တဲ့ ရာပြည့်ဝေါဟာရကို ဒီစာတိုက်ကြီးလည်းရာပြည့်နိုင်အောင် တည်တံ့နိုင်အောင် ဝိုင်းဝန်း ကြိုးပမ်းကြပါ”လို့ ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး ဆရာကြီးဗိုလ်မှူးဘရှင်၏ တပည့်များထဲမှ တစ်ဦးဖြစ်တဲ့ ဦးတင်ဦးက “ကျွန်တော်ဖြစ်စေချင်တဲ့ စာဖတ်ခန်းကတော့ လုပ်ပြီးသွားပြီ၊ နောက်ပြီး ဆရာ့ရဲ့ စာအုပ်တွေလည်း စဉ်ဆက်မပြတ် ထုတ်ဝေချင်ပါတယ်။ ဆရာရဲ့ နာမည်နဲ့ဖောင်ဒေးရှင်းတစ်ရပ်လည်း ထူထောင်ချင်ပါတယ်”လို့ သူရဲ့ ရည်ရွှယ်ချက်လေးတွေကို ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး အဆိုပါ စာဖတ်ခန်းဖွင့်လှစ်ပွဲတွင် ဆရာကြီးရဲ့ ညီမအငယ်ဆုံးဖြစ်တဲ့ ဆရာမကြီး ဒေါ်ခင်ရွှေ (ပါမောက္ခ၊ သတ္တဗေဒ)က မိသားစု ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အလှူငွေများပေးအပ်ခဲ့ရာ ၎င်းအလှူငွေကို ဦးကြည်လွင်က လက်ခံရယူခဲ့ပြီး စာဖတ်ခန်းဖွင့်ပွဲ အခမ်းအနားကို ရပ်နားခဲ့ပါသည်။
  • ကလေးတယောက်၏ အသက်ကို ၁ ဒေါ်လာဖြင့် ကယ်တင်နိုင်မည့် ပရောဂျက်
    နိုဝင်ဘာ- ၁၀ ၂၀၁၃
    M-Media
    Save-A-Child-With-One-Dollar
    မပြတ်တမ်းတင်ဆက်နေသည့်အကြောင်းများအနက် ထပ်မံတင်ပြမည့်အရာမှာ လူမှုကယ်ဆယ်ရေး မွတ်စ်လင်မ်အဖွဲ့ (Muslims 4 Humanity Section) မှ ၄င်း၏  တမူထူးခြားသော မှတ်တိုင်များ နှင့် လူမှုကယ်ဆယ်ရေးစီမံချက်များကို ပရိသတ်များထံဝေငှချက်ပင် ဖြစ်သည်။
    ယခုအင်တာဗျူးတွင် ဆိုမားလီးယား(Somali) ကလေးငယ်များစွာအား ကယ်တင်ခဲ့သော “အံ့မခန်းစီမံချက်” (Extraordinary Project)” အကြောင်းကို တွေ့မြင်ရပေမည်။ ကျွန်တော်တို့၏မေးခွန်းများအား စိတ်ရှည်စွာအသေးစိပ်ဖြေကြားပေးခဲ့သော ယခုစီမံချက်ကို ဦးဆောင်အကောင်ထည်ဖော်သူ အစ်ကို ခရစ္စ မူလာလီ(Brother Chris Mullaly) အား အထူးပင်ကျေးဇူးတင်ရှိပါသည်။
    ( မေး )   ပထမဆုံးအနေဖြင့် မိမိကိုယ်ကို ပရိသတ်များနဲ့ မိတ်ဆက်ပေးစေချင်ပါတယ်။
    ( ဖြေ )   ဟုတ်ကဲ့ပါ၊ ကျွန်တော်က ခရစ္စ မူလာလီ ဖြစ်ပါတယ်။ နယူးယောက်(New York)က အလ်ဘာနီ(Albany) မှာ ကျွန်တော့်ဇနီး ဂျင်း(Jin) ၊ ကျွန်တော့်သမီး ဂျက်စ်စမင်း(Jasmine) တို့နဲ့အတူနေထိုင်ပါတယ်။ ကျွန်တော့်မှာ အမေရိကန်မှသားရေကုန်ကြမ်းများကို အများအားဖြင့် အာရှတိုက်ကစက်ရုံတွေဆီ ပြည်ပပို့ကုန်အဖြစ် တင်သွင်းတဲ့ အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုရှိပါတယ်။
    ( မေး )  အစ်ကို့ရဲ့ စီမံကိန်းအကြောင်း နဲ့ ဒီအကြံဥာဏ်ကို ဘယ်လိုရရှိခဲ့သလဲဆိုတာ ကျွန်တော်တို့ကို ပြောပြပေးစေချင်ပါတယ်။
    ( ဖြေ )   ၂၀၁၁ ခုနှစ်၊ သြဂုတ်လမှာ ကျွန်တော် CNN ကလာတဲ့ သတင်းတစ်ပုဒ်ကိုကြည့်ရှုမိပါတယ်။ ဆိုမားလီးယားအတွင်း မိုးခေါင်မှု နှင့် အငတ်ဘေးဆိုက်နေတဲ့သတင်းပါ။ မိုးခေါင်ရေရှားအငတ်ဘေးဆိုက်မှုကြောင့် ကလေးငယ်ပေါင်း ၆၀၀၀,၀၀၀ အထိ အသက်ဆုံးရှုံးနိုင်တယ်လို့ သတင်းမှာ ပြောဆိုသွားပါတယ်။ ကျွန်တော် ဒါကိုကြားသိရချိန်မှာ အလွန်ကိုတုန်လှုပ်သွားခဲ့ပါတယ်။ ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာမြေပေါ်မှာ ယခုလိုအဖြစ်မျိုးရှိနေတာကို မယုံနိုင်လောက်အောင်ဖြစ်သွားရတယ်။ အဲ့ဒီအခြေအနေအတွက် ကျွန်တော့်ကို ဘုရားသခင်က တစ်ခုခုလုပ်ဆောင်ဖို့ နှိုးဆော်နေပြီလို့ခံစားရတယ်။ ယခင်က ဒီလိုလှူဒါန်းမှုမျိုးကို တစ်ခုမှမလုပ်ဖူးတဲ့ ကျွန်တော်ဟာ ဒီကိစ္စအတွက် တစ်စုံတစ်ရာကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော့်ကို ဘုရားသခင်က လမ်းညွှန်ပြသပေးမယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်အ၀နဲ့ပေါ့။
    အဲ့ဒီနောက် ကျွန်တော့် သူငယ်ချင်းများအကူအညီနဲ့အတူ လပေါင်းအနည်းငယ် ကောက်ခံစုဆောင်းပြီးတဲ့နောက်ပိုင်း  ကျွန်တော်တို့ရဲ့ဝက်ဘ်ဆိုဒ်ကို တည်ထောင်တယ်၊ အကျိုးအမြတ်မရည်မျှော်တဲ့အဖွဲ့ (Not-For-Profit Incorporation) အဖြစ် နယူးယောက်အတွင်း လက်ခံလာအောင်လုပ်တယ်၊ Extraordinary Project အတွက် တံဆိပ်ကိုရေးဆွဲတယ်၊ နောက်ဆုံး ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ Extraordinary Project ကို စတင်ခြေလှမ်း အကောင်ထည်ဖော်နိုင်ခဲ့တယ်။
    ( မေး )   အစ်ကိုပြောခဲ့သလို Extraordinary Project ဟာ လူတစ်ဦးချင်းစီရဲ့ အားထုတ်လုပ်ဆောင်မှုဆိုတော့ ဒီပရောဂျက်ရဲ့ဒဏ်ကို အစ်ကိုနဲ့အစ်ကို့မိသားစုဖက်က ဘယ်လိုခါးစည်းခံခဲ့ရသလဲ ?
    ( ဖြေ )   ဒီမေးခွန်းမေးမြန်းတဲ့အတွက် ကျွန်တော် ၀မ်းမြောက်မိတယ်။ ကျွန်တော့်အတွက်တော့ တကယ်ကို အလုပ်အများအပြားဖြစ်သွားစေတယ်၊ ကျွန်တော့်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးကို အချိန်ပြည့်တာဝန်ယူရတဲ့အပြင် ဖခင်တစ်ယောက်၊ ခင်ပွန်းတစ်ဦးရဲ့တာဝန်တွေကိုလည်း မပျက်ကွက်ဖို့ အချိန်ပေးနေရတယ်။
    ကျွန်တော် Extraordinary Project ကို စတင်ချိန်မှာ အချိန်ပြည့်လုပ်ငန်းနှစ်ခုကို တစ်ပြိုင်တည်းလုပ်နေရသလိုပါပဲ။ ခုအချိန်ကျတော့ အရင်ကလောက် အလုပ်မများတော့ပါဘူး၊ ဒါပေမယ့် အချိန် တော်တော်ပေးနေရသေးတာပေါ့။ မည်သို့ဆိုစေ Extraordinary Project ဆိုတာ ကျွန်တော်တစ်ယောက်ထဲလုပ်ဆောင်တဲ့ အဓိပ္ပာယ်မထွက်ကြောင်း နားလည်ဖို့အရေးကြီးပါတယ်။ လူများအားလုံးရဲ့ လုပ်ဆောင်ချက်တစ်ခုပါပဲ။
    ပရောဂျက်မှာ “ ငါ – ME ” ဆိုတာမျိုးမဟုတ်ဘဲ “ ငါတို့ – WE ” ဆိုတဲ့အမြင်မျိုးကို ထာဝစဉ် သဘောထားခဲ့ပါတယ်။  အားလုံးစည်းလုံးမှသာ ယခုလို အောင်မြင်မှုကို ကျွန်တော်တို့တည်ဆောက်နိုင်မှာဖြစ်တယ်။ ဘုရားသခင်ကသာမန်လူများကိုအသုံးပြုပြီး သာမန်မဟုတ်တဲ့အံ့ဖွယ်စီမံကိန်းကို အကောင်အထည်ဖော်စေခဲ့ခြင်းကြောင့် Extraordinary Project လို့ ကျွန်တော် အမည်ရွေးခေါ်တွင်ခဲ့တာဖြစ်တယ်။
    ( မေး )   ဆိုမားလီးယားက ကလေးငယ်များကို ကူညီဖို့ အစ်ကို့ကိုဘယ်အချက်တွေက လှုံ့ဆော်ခဲ့တာလဲ ? အစ်ကို့အသိုင်းအ၀ိုင်းက ဒီလိုအကြံဥာဏ်မျိုး လက်ခံဖို့ နဲ့ ကျယ်ပြန့်လာဖို့ ဘယ်လိုစည်းရုံးလုပ်ဆောင်ခဲ့ရပါသလဲဆိုတာ ပြောပြပေးစေချင်ပါတယ်?
    ( ဖြေ )   ကျွန်တော်ပြောသွားခဲ့သလိုပါပဲ။ ကလေးငယ် ၆၀၀,၀၀၀ ဟာ ဒီလိုပုံစံနဲ့သေဆုံးသွားနိုင်မယ်ဆိုတာ ကျွန်တော် မတွေးရဲလောက်အောင်ဖြစ်သွားတယ်။ ကျွန်တော် ဒီအခြေအနေအတွက် တစ်ခုခုကိုတော့ ကြိုးစားလုပ်ဆောင်ပေးချင်လာတယ်။ ဖခင်တစ်ယောက်အနေနဲ့ သူတို့မိဘတွေ ဘယ်လိုများ မျှော်လင့်ချက်မဲ့စွာခံစားနေရမလဲ ဆိုတာ ကျွန်တော် မတွေးဝံ့တော့ဘူး။ သူတို့တွေဟာ သူတို့ရင်သွေးငယ်များအတွက် မစို့မပို့လောက်သာ လုပ်ဆောင်ပေးနိုင်တော့မယ် ဒါမှမဟုတ် ဘာမှကိုမလုပ်ပေးနိုင်တော့လို့ဆိုပြီး ရင်ကျိုးလုမတတ်ခံစားနေရမှာ သေချာပါတယ်။
    Extraordinary Project အတွင်း လူများ ပါဝင်လာဖို့ဆိုယင် ဒီစီမံချက်ကို ဒေသတွင်းလူထုတွေ သတိပြုမိအောင် တတ်နိုင်သမျှ အမြန်ဆုံးလုပ်ဖို့က ပထမဆုံးအချက်ဖြစ်တယ်လို့ ကျွန်တော် နားလည်ခဲ့တယ်။ ထို့အတူ ဒီရည်မှန်းချက်အောင်မြင်ဖို့ လူတစ်ဦးကို တစ်ဒေါ်လာလေးသာလှူဒါန်းလိုက်ရုံနဲူ့တစ်သန်းလောက်ကို ကယ်တင်နိုင်မယ့်အကြောင်း ပြောပြဖို့လိုတယ်။ ကျွန်တော်တို့မှာ လိုလားစွာ လှူဒါန်းမယ့်၊ ဒီသတင်းကိုလက်ဆင့်ကမ်းမယ့် သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ အမြောက်အများရှိကြသော်လည်း လူအမြောက်အများ ထပ်မံသိဖို့လိုအပ်တယ်ဆိုတာ ကျွန်တော်သဘောပေါက်မိတယ်။ ကြိုးစားမှုတစ်ချို့လွန်မြောက်ပြီးတဲ့နောက်မှာ ပြည်တွင်းရုပ်မြင်သံကြားလိုင်း ၄ ခုကတဆင့် ဒီစီမံချက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အင်တာဗျူးလုပ်ပြီး တင်ပြပြောကြားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လူသိများတဲ့ ပြည်တွင်းသတင်းစာ ၃ စောင်မှာလည်း Extraordinary Project အကြောင်းဆောင်းပါးများ ရေးသားဖော်ပြပေးဖို့ လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါတွေဟာ ကျွန်တော်တို့အတွက် အဓိကအထောက်အကူတွေဖြစ်သွားခဲ့တယ်လေ။ အဲ့ဒီအင်တာဗျူးများ နဲ့ သတင်းဆောင်းပါး အများစုကို  ကျွန်တော်တို့ဝက်ဘ်ဆိုဒ်ထဲ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
    ( မေး )   အစ်ကိုက လူတစ်သန်းဆီကနေ ဒေါ်လာတစ်သန်းအထိရအောင် စုဆောင်းနေတာပေါ့။ ဒါဆို အခုထိဘယ်လောက်ရရှိပြီလဲ ?
    ( ဖြေ )   ခုချိန်ထိတော့ ကျွန်တော်တို့ ဒေါ်လာ ၅၄,၂၄၇ ရရှိပြီးပါပြီ။ လှူဒါန်းမှုအများအပြားဟာ တကယ့်ကို တစ်ဒေါ်လာစီပါပဲ။ ဒါကိုကြည့်ယင် ပါဝင်လိုသူအမြောက်အများရှိနေတာကို မြင်နိုင်ပါတယ်။ တစ်ချို့လူများကတော့ $5, $10 သို့မဟုတ် $20 စသဖြင့် လှူကြပါတယ်။  $100 မှ $1000 ထိလှူကြတဲ့ လူအနည်းအကျဉ်းလည်းရှိပါတယ်။ လူတစ်ဦးကတော့ $20,000 အထိ ထည့်ဝင်လှူဒါန်းခဲ့တဲ့အခါ ကျွန်တော်တို့အတွက် အံ့သြတုန်လှုပ်ခဲ့ရပါတယ်။
    ထူးထူးခြားခြား တစ်ခါတစ်လေ $12 သို့မဟုတ် $26 စသဖြင့် ကပ်သီးကပ်သပ်ပမာဏကို လှူဒါန်းကြတာတွေ့ရတယ်။ အမှန်တော့ ဒါဟာ မိသားစုဝင်တစ်ဦးကိုတစ်ဒေါ်လာနှုန်းနဲ့ မိသားစုလိုက်စုပေါင်းလှူဒါန်းမှုပါပဲ။
    ဒီထက်ပိုပြီးအံသြဖို့ကောင်းတာက ဒီလုပ်ဆောင်ချက်ဟာ ထင်ထားသလောက် အခြေအနေထိ အောင်မြင်ခဲ့တယ်ဆိုတာပဲ။ ကျွန်တော့်စီမံကိန်းကို လူတော်တော်များများက သူတို့ကိုယ်ပိုင် ပရောဂျက်တစ်ခုအနေနဲ့ သဘောထားလို့ သူတို့သိကျွမ်းသူများထံကနေ အလှူငွေကောက်ယူပြီး ကျွန်တော်တို့ဆီကို ပြန်လွှဲပေးကြတယ်။ ကျွန်တော်မသိကျွမ်း မတွေ့မြင်ဖူးတဲ့လူတွေလည်း ပါကြတယ်။ အခြားသော အငယ်စားကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ငွေကြေးမတည်ပြီး သူတို့ဖောက်သည်များဆီက အလှူခံကြတယ်။ ပြီးတော့ ကျွန်တော်တို့ကို ပြန်လွှဲပေးတာမျိုးလည်း ရှိပါတယ်။ ထို့အတူ စားသောက်ဆိုင်များကလည်း ဒီအစီအစဉ်အတွက် အထူးနေ့လည်စာ သို့မဟုတ် ညစာအထူးအစီအစဉ်များကို ပြုလုပ်ရောင်းချကြပြီး အဲ့ဒီအထဲမှ တစ်စိပ်တစ်ဒေသကို ပြန်လည်ပေးကမ်းလှူဒါန်းကြတယ်။ မိမိတို့နဲ့ အတူတစ်ကွအလုပ်လုပ်သူများထံမှ လှူဒါန်းငွေများကောက်ခံပေးကြတဲ့ နယ်ခံစီးပွားရေးသမားတစ်ချို့ကိုလည်း တွေ့ရပါသေးတယ်။ အလားတူဖြစ်စဉ်မျိုး ရှေ့ဆက်လာတဲ့အခါ မယုံနိုင်လောက်အောင် အောင်မြင်မှုရရှိသွားခဲ့ပါတယ်။
    ( မေး )   ဒီအချိန်အတိုင်းအတာအတွင်း ကြုံခဲ့ရတဲ့ အဓိကအခက်ခဲကို ပြောပြစေချင်ပါတယ်။
    ( ဖြေ )   အခုချိန်အထိတော့ အဓိကအခက်ခဲဟာ လူအများရဲ့ အသိစိတ်ထဲမှာ Extraordinary Project ကို ရှင်သန်စိတ်စွဲနေအောင် လုပ်ဆောင်ရခြင်းပါပဲ။ လူတွေဟာ နေ့စဉ်နဲ့အမျှ သတင်းသစ်တွေ၊ သတင်းထူးတွေကို ကြားသိတွေ့မြင်နေရတာကြောင့် အကြောင်းအရာဟောင်းများကို မေ့ပျောက်သွားလေ့ရှိကြတယ်။ ဒီသတင်းကို ဆက်လက်ထိန်းသိမ်းထားဖို့ လူအများရှေ့မှောက်မှာ ဒီထက်မက ကျွန်တော်တို့ အင်တိုက်အားတိုက် ကြိုးစားဖို့လိုပါတယ်။ ကျွန်တော်တို့မှာ လုပ်ဆောင်ဖို့ အများကြီးကျန်နေပါသေးတယ်။ လူသားအားလုံးရဲ့ အားပေးပါဝင်မှုလည်းလိုအပ်တယ်။ ရှေ့ဆက်ပြီး ကျွန်တော်တို့ ဒီလို ဒေသတွင်း အဆင့်ကနေ နိုင်ငံတကာအဆင့်ထိရောက်ဖို့ လုပ်ဆောင်ရေးကို ဆန္ဒပြင်းပြလျက်ရှိပါတယ်။ ဒီလိုဖြစ်လာနိုင်အောင်လည်း ကြိုးစားသွားမှာပါ။ ဒါပေမယ့် ဒါဟာ လွယ်ကူတဲ့အလုပ် တစ်ခု မဟုတ်တဲ့အတွက် အောင်မြင်ပြီးမြောက်ဖို့ အကူအညီအများကြီးလိုအပ်ပါသေးတယ်။
    ( မေး )   နိုင်ငံတကာအဆင့်ထိ ရောက်ရှိသွားပါစေဗျာ။ ဒါနဲ့ စာဖတ်သူပရိသတ်များအနေနဲ့  Extraordinary Project ကို ဘယ်လိုထောက်ပံ့ကူညီပေးနိုင်မယ်ဆိုတာ ကျွန်တော်တို့ကို ပြောပြပေးနိုင်မလားခင်ဗျာ ?
    ( ဖြေ )   ဆိုမာလီကလာတဲ့လူတွေ အမေရိကန်နိုင်ငံမှာ တော်တော်များများရှိကြပါတယ်။ သူတို့ကို ဒီလုပ်ဆောင်ချက် အကြောင်းအသိပေးနိုင်မယ်ဆိုယင် အကောင်းဆုံးအကူအညီတစ်ခု ဖြစ်သွားမှာပါပဲ။ ယခုလုပ်ဆောင်ချက်ကို လူတိုင်းအသိကိုယ်စီနဲ့ ကမ္ဘာအနှံ့ ဖြန့်ကျက်ပေးနိုင်ရင် လူတစ်သန်းမှ တစ်ဦးကိုတစ်ဒေါ်လာနှုန်းဆိုတဲ့ ကျွန်တော်တို့ရဲ့လှူဒါန်းမှုပန်းတိုင်ဟာ အမြန်ဆုံးအကောင်အထည်ပေါ်လာနိုင်မှာဖြစ်ပါတယ်။ ထို့အတူ့ ဆိုမားလီးယားအဆိုတော် (K’naan) လို လူသိများကျော်ကြားတဲ့သူများပါဝင်လာဖို့လည်း မျှော်လင့်ပါတယ်။ သူတို့ဟာ  နိုင်ငံတကာအဆင့်လူထုဆီအရောက် ကျွန်တော်တို့ကိုအကောင်းဆုံးဆက်သွယ်ပို့ဆောင်ပေးမယ့် ပုဂ္ဂိုလ်တွေဖြစ်လို့ပါပဲ။
    OnIslam မှ Save A Child With One Dollar အင်တာဗျူးကို မြတ်နိုး မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]