News @ M-Media

Blog

  • အာရပ်- အစ္စရေး ပဋိပက္ခ၌ ရံပုံငွေ အကန့်အသတ်မဲ့ သုံးနေသော ဂျူးအုပ်စုများကို ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဟောင်းမှ ရှုတ်ချ

    အောက်တိုဘာ- ၂၉ ၂၀၁၃
    M-Media

    Jack Straw

    အာရပ်- အစ္စရေး ပဋိပက္ခ၌ ရံပုံငွေများကို အကန့်အသတ်မဲ့ အသုံးပြုနေသော ဂျူးအုပ်စုများကို ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဂျက်စထရော Jack Straw မှ ထုတ်ဖော်ရှုတ်ချလိုက်သည်။

    “ ဗြိတိသျှအမျိုးသားဗိမာန်ထဲ ကမ္ဘာ့သံတမန်များ မျက်နှာစုံညီဆွေးနွေးပွဲ  Round Table Global Diplomatic Forum မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျက်စထရောပြောဆိုတာကိုကြားလိုက်တော့ ခနောခနဲ့ ထိုင်ခုံပေါ်ကနေ ကျွန်မ ပြုတ်ကျလု မတတ်ဖြစ်ခဲ့တယ်။ ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံး အဟန့်အတားတွေထဲမှာ ယူအက်စ်က AIPAC နဲ့ ဂျူးအဖွဲ့အစည်းတွေက ရံပုံငွေတွေကို ဒေသတွင်း အမေရိကန်မူဝါဒကို လမ်းကြောင်းပြောင်းဖို့နဲ့ ထိန်းချုပ်ဖို့ အကန့်အသတ်မဲ့ သုံးစွဲနေတယ် ဆိုပြီး ထုတ်ဖော်ပြောကြားသွားတယ်လေ။ ဂျူးတွေက မီဒီယာတွေကို ထိန်းချုပ်ထားကြောင်း ဖော်ပြဖို့ကိုတော့ သူက လျစ်လျူရှုလိုက်ပုံရတယ် ” ဟု အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ Knesset Einat Wilf မှ သူမ၏ ဖေ့စ်ဘွခ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    အစ္စရေးကို ကာကွယ်နေခြင်းအပေါ် စထရောမှ ဂျာမဏီကိုလည်း ပြစ်တင်ခဲ့သည်။

    စထရောသည် အစ္စရေး-အာရဗ် ပဋိပက္ခအပေါ် ပြုသော မှတ်ချက်များကြောင်း အစ္စရေးခေါင်းဆောင်များမှ စိတ်ကွက်ခဲ့သည့် ရာဇ၀င်ရှိသူဖြစ်သည်။ ၂၀၀၃ ခုနှစ်က ဆက်ဒမ်ဟူစိန်၏ အီရတ် ကို အစ္စရေးနှင့်နှိုင်းယှဉ် သုံးသပ်ခဲ့သည့်အတွက် နိုင်ငံခြားရေး ၀န်ကြီးဌာနအပေါ် အမျက်ထွက်ခဲ့ဖူးသည်။ ၂၀၀၆ ခုနှစ်ကလည်း အီရန် နျူကလိယ အစီအမံအရေးကဲ့သို့ အစ္စရေး၏ နျူကလိယဆောင်ရွက်ချက်များ ဖြုတ်သိမ်းရေးကိုလည်း ကမ္ဘာမှ အလေးအနက် ထားသင့်ကြောင်း သူက ပြောဆိုခဲ့၏။ စထရော လက်ထက်က ဗြီတိန်နိုင်ငံခြားရေး ၀န်ကြီးဌာနသည် ဟားမားစ် အဖွဲ့ဝင်များနှင့် သံတမန် ဆက်ဆံရေးထားရှိရန် စဉ်းစားခဲ့ဖူးသည်။

    By Maayana Miskin / israelnationalnews

  • အောက်တိုဘာ-၂၉ နိုင်ငံတကာနှင့် ပြည်တွင်းသတင်း စုစည်းမှု

    အောက်တိုဘာ- ၂၉ ၂၀၁၃
    M-Media

    ဖွဲ့စည်းပုံအခြေခံဥပဒေဆွေးနွေးမှု NLD နှင့် ပြည်ခိုင်ဖြိုးတို့ အသီးသီး ပြုလုပ်

    ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး NLD မှ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင်လည်း အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောဆွေးနွေးခဲ့ပြီး သဘောထားခံယူပွဲကိုလည်း ပြုလုပ်ခဲ့သလို ပြည်ခိုင်ဖြိုး ပါတီမှလည်း မိုးညှင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရုံးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း မြန်မာ့ခေတ် သတင်းဌာနတွင် ဖော်ပြထားပါတယ်။
    _______________________
    လိုင်ဇာညီလာခံ ၀နဲ့ မိုင်းလားမတက်

    အောက်တိုဘာ ၃၀-ရက်နေ့ကစတင်ပြုလုပ်မယ့် ၃-ရက်ကြာမည့် ပြည်တွင်း ပြည်ပ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ စုစည်းဆွေးနွေးကြမယ့် ညီလာခံအား တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၈-ဖွဲ့ဖိတ်ကြားထားရာ တခြားအဖွဲ့များ ရောက်ရှိနေကြပြီဖြစ်သော်လည်း ၀နှင့် မိုင်းလား အဖွဲ့များ ရောက်ရှိ မလာကြောင်း၊ ဆွေးနွေးပွဲတွင် ဗမာလိုပဲ ပြောဆိုဆွေးနွေးကြမည်ဖြစ်ပြီး မိမိတို့အနေနှင့် ဗမာစကားမပေါက်သည့်အတွက် မတက်ရောက်တာဖြစ်ကြောင်း UWSA (၀) ဗဟိုဦးစီးအဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီသတင်းဌာနကို ပြောကြားကြောင်း၊ မိုင်းလားအခြေစိုက် NDAA အနေဖြင့် UWSA မတက်လို့ မတက်ရောက်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
    ______________________
    လောင်းကစားမှုသိမ်းဆည်းငွေ ၂-နှစ်ကျော်အတွင်း သိန်း ၆၀၀၀ နီးပါးရှိ

    သမ္မတဦးသိန်းစိန်၏လမ်းညွှန်ချက်ဖြင့်  ၂၀၁၁-ခု ဇူလိုင်လအတွင်းမှစတင်ပြီး လောင်းကစားမှုပပျောက်ရေး အတွက် ဖမ်းဆီးခဲ့ရာ ၂၀၁၃-ခု စက်တင်ဘာလကုန်အထိ ၂-နှစ်ကျော်အတွင်း ဖမ်းဆီးရမိ သိမ်းဆည်းငွေ သိန်း ၆၀၀၀ နီးပါးရှိပြီး လူပေါင်း ၂-သောင်းနီးပါးကို ဖမ်းဆီးခဲ့သည်ဟု ပြည်ထဲရေး ဒု-၀န်ကြီး ဗိုလ်ချုပ်ကျော်ဇံမြင့်က ပြောကြောင်း မဇ္ဈိမသတင်းဌာနတွင် ဖော်ပြထားပါတယ်။
    ______________________
    ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် ပြင်ဆင်ဖွဲ့စည်း

    နိုင်ငံတော် သမ္မတရုံး၏ ၂၀၁၃-ခု ဇူလိုင်လ ၅-ရက်၊ အမိန့်အမှတ် (၁၅/၂၀၁၃)ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင် ဗိုလ်ချုပ်ဇော်ဝင်း၊ ဒုတိယ၀န်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနအစား ဗိုလ်ချုပ်မောင်မောင်အုန်းအား ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ၂၀၁၃-ခု အောက်တိုဘာလ ၂၈-ရက် ရက်စွဲဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ခန့်အပ်လိုက်ကြောင်း သမ္မတရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပါသည်။
    ______________________

    မဟာမိတ်နိုင်ငံများကို လျှို့ဝှက်ထောက်လှမ်းခြင်းများအား အဆုံးသတ်ရန် အမေရိကန် လွှတ်တော်အမတ် တစ်ဦးပြောဆို

    ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကယ်လ်အား အမေရိကန် အမျိုးသားထောက်လှမ်းရေးအေဂျင်စီ (NSA) မှ လျှို့ဝှက်ထောက်လှမ်းခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အမေရိကန်၏ ထောက်လှမ်းရေးလုပ်ငန်းများ အားလုံးကို ပြန်လည် သုံးသပ်ရန် အမေရိကန်လွှတ်တော်၏ ထောက်လှမ်းရေးကော်မတီ အကြီးအကဲ ဒီယန်နီ ဖိန်စတိန်းက တိုက်တွန်းလိုက်သည်။

    ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးဖြစ်သော ဖိန်စတိန်းက တရားရုံး၏ လျှို့ဝှက်အမိန့် အရ NSA မှ ပြုလုပ်သော ဖုန်းကြားဖြတ်ထောက်လှမ်းမှုများကို ၎င်း၏ ကော်မတီကို အကြောင်းကြားခဲ့သော်လည်း ဂျာမန်ဝန်ကြီးချုပ်အား ဆယ်စုနှစ် တစ်ခုအကြာ ထောက်လှမ်းခဲ့မှုများအား ကော်မတီမှ သတင်းရရှိခြင်းမရှိခဲ့ဟု ပြောဆိုခဲ့သည်။ ထို့ပြင် သမ္မတအိုဘားမားကလည်း အကြောင်းကြားခဲ့ခြင်း မရှိဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    “အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ စပိန်၊ မက္ကဆီကိုနဲ့ ဂျမနီနိုင်ငံတွေရဲ့ခေါင်းဆောင်တွေကို အမေရိကန်အမျိုးသား ထောက်လှမ်းရေးအေဂျင်ဆီက လျှို့ဝှက်ထောက်လှမ်းမှုတွေနဲ့ ပက်သက်ပြီး ကျွန်မအနေနဲ့ ပြတ်ပြတ်သားသားပြောရမယ်ဆိုရင်၊ ဒါကို ကျွန်မလုံးဝ ဆန့်ကျင်ပါတယ်” ဟု လွှတ်တော်ရှိ ထောက်လှမ်းကော်မတီမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖိန်စတိန်းက ပြောဆိုထားသည်။

    ထို့ပြင် ထိုနိုင်ငံများနှစ် စစ်ဖြစ်ခြင်း သို့မဟုတ် အရေးပေါ်လိုအပ်ချက်ကြောင့် ထိုကဲ့သို့သော ထောက်လှမ်းမှုများကိုပြုလုပ်ခြင်း မဟုတ်လျှင် အမေရိကန်အနေဖြင့် မိတ်ဆွေနိုင်ငံများ၏ သမ္မတများ ၀န်ကြီးချုပ်များ၏ ဖုန်းခေါ်ဆိုမှုများနှင့် အီမေးလ်အချက်အလက်များကို စုဆောင်းနေခြင်းအား ယုံကြည်လက်ခံလိမ့်မည် မဟုတ်ကြောင်း ထိုကြေညာချက်တွင် ဖြည့်စွက်ပြောကြားခဲ့သည်။

    Ref:aljazeera

    201310290588243734_20
    …………………………………………

    စပိန်နိုင်ငံ မိုင်းတွင်းတွင် မတော်တဆမှုဖြစ်ပွား လူ ၆ ဦးသေဆုံး

    စပိန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုတွင် ဂက်စ်ယိုစိမ့်မှုဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    နိုင်ငံအနောက်မြောက်ပိုင်း  Asturias ပြည်နယ် Pola de Gordon မြို့နားရှိ Lucia မိုင်းတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူများမှာ အသက် ၃၅ နှစ်မှ ၄၅ နှစ်အကြားရှိ မိုင်းလုပ်သားဖြစ်ကြသည်။ ထို့ပြင် အခြားမိုင်းလုပ်သားငါးဦးမှာလည်း ဒဏ်ရာ ရရှိခဲ့သည်။

    ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ ပေးပို့ကုသထားပြီး ဒဏ်ရာရသူများထဲမှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ စိုးရိမ်ရသောအနေအထားတွင် ရှိနေသည်ဟု ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။
    Ref:ဆင်ဟွာ
    ……………………………………
    ၂၀၁၄ ခုနှစ်တွင် သွားရောက်လည်ပတ်ရမည့် မြို့ ၁၀ မြို့ စာရင်းတွင် အက်ဒလေ့မြို့ ပါဝင်လာ

    ကမ္ဘာ့လူကြိုက်အများဆုံး ခရီသွားလမ်းညွှန် စာအုပ်တစ်အုပ်ဖြစ်သည့် Lonely Planet မှ ထုတ်ပြန်သော ၂၀၁၄ ခုနှစ်တွင် သွားရောက်လည်ပတ်ရမည့် မြို့၁၀ မြို့စာရင်းတွင် သြစတေးလျတောင်ပိုင်းရှိ အက်ဒလေ့မြို့လည်းပါဝင်လာသည်ဟု သြစတေးလျ သတင်းမီဒီယာများက ယနေ့တွင်ဖော်ပြခဲ့ကြသည်။

    ထိုမြို့ ၁၀ မြို့မှာ ပဲရစ်၊ ထရီနီဒတ်၊ ကိပ်တောင်း၊ ရီဂါ၊ ဇရစ်ခ်ျ၊ ရှန်ဟိုင်း၊ ဗန်ကူးဗား၊ ချီကာဂို၊ အက်ဒလေ့နှင့် အော့ကလန်တို့ဖြစ်ကြသည်။

    သြစတေးလျတိုက်၏ အရှေ့ဘက်တွင်တည်ရှိသည့် အက်ဒလေ့မြို့အား စိန့်ဗင်းဆင့် ပင်လယ်ကွေ့နှင့် လော့ဖတီ တောင်တန်းတို့က၀ိုင်းရံထားပြီး၊ ဘုရားကျောင်းများပေါများရာ၊ စိတ်ငြိမ်သော၊ ဘာသာရေးကိုင်းရှိုင်းပြီး အလယ်အလတ်ကျသော မြို့တစ်မြို့အဖြစ် Lonely Planet တွင် ဖော်ပြထားသည်။

    သြစတေးလျဝန်ကြီးချုပ် ဂျေး ၀ဲသာအီလ်ကလည်း အက်ဒလေ့မြို့မှာ Mad March ပွဲတော်ကြောင့် ပြည်တွင်းနှင့် ပြည်ပတွင်ပါကျော်ကြားသော မြို့တစ်မြို့ဖြစ်ပြီး ခရီးသွားများအတွက် စိတ်ကျေနပ်စရာ အမြောက်အများ ရှိသည်ဟု အင်တာဗျူးတွင်ပြောကြားခဲ့သည်။
    Ref: ဆင်ဟွာ


    ……………………………..
    ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အမေရိကန်နှင့် နယူးဇီလန်တို့ ပြန်လည်ဆောင်ရွက်မည်

    နှစ်ပေါင်း ၃၀ ကြာပြတ်တောက်ခဲ့သည့် ကာကွယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများကို ပြန်လည်လုပ်ဆောင်တော့မည်ဟု အမေရိကန်နှင့် နယူးဇီလန်နိုင်ငံ တို့၏ ကာကွယ်ရေးဝန်ကြီးများက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ တိုးတက်လာစေရန်ဆောင်ရွက်ခြင်း၊ စစ်ဘက်ဆိုင်ရာလေ့ကျင့်ခန်းများ လူသားချင်းစာနာထောက်ထားသည့် အကူအညီပေးရေးများနှင့် အရေးပေါ် တုံ့ပြန်ခြင်းများ စသည်တို့ပါဝင်မည်ဟု ကာကွယ်ရေးဝန်ကြီးများက ရှင်းလင်း ခဲ့ကြသည်။

    အေဒင်ပင်လယ်ကွေ့တွင်ရှိနေသည့် ပင်လယ်ဓားပြရန်ကိုကာကွယ်ရန်နှင့် လာမည့် နှစ်တွင် ဟာဝိုင်ယီတွင်ပြုလုပ်မည့် RIMPAC အမည်ရ ကမ္ဘာ့အကြီးဆုံး ရေတပ်ဆိုင်ရာစစ်ရေးလေ့ကျင့်မှုများတွင် ပူးပေါင်းပါဝင်ရန်အတွက် စစ်သင်္ဘောတစ်စင်းကို စေလွှတ်ရန် နယူးဇီလန်က စီစဉ်ထားသည်။

    ထိုကဲ့သို့ စစ်ဘက်ဆိုင်ရာဆက်ဆံရေးများ တိုးမြှင့်ဆောင်ရွက်မှုမှာ အာရှ-ပစိဖိတ်ဒေသအတွင်း တရုတ်နိုင်ငံ၏ သြဇာကြီးမားလာမှုကို မိုပိုဂရုစိုက်လိုသော အမေရိကန်၏ မဟာဗျူဟာတစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။
    Ref: CNY


    ………………………………….
    ကမ္ဘာ့ဘဏ်၏ စီးပွားလုပ်ရန်အကောင်းဆုံး နိုင်ငံများစာရင်းတွင် စင်ကာပူနှင့် ဟောင်ကောင်တို့ ထိပ်ဆုံးတွင်ရှိနေ

    ကမ္ဘာ့ဘဏ်မှ ယမန်နေ့က ထုတ်ပြန်ခဲ့သော စီးပွားရေးလုပ်ရန်အကောင်းဆုံး နိုင်ငံများစာရင်းတွင် စင်ကာပူနှင့် ဟောင်ကောင်နိုင်ငံတို့မှာ ထိပ်ဆုံး၌ ရှိနေသည်ဟု သိရသည်။

    အရှေ့တောင်အာရှ၏ ကုန်လှောင်ရုံနှင့် ဘဏ္ဍာရေးအချက်အချာ ဖြစ်သော စင်ကာပူနိုင်ငံမှာ ထိုစာရင်းတွင် ၈နှစ်ဆက်တိုက် ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပြီး နယူးဇီလန်၊ အမေရိကန်နှင့် ဒိန်းမတ်နိုင်ငံတို့မှာ ထိဆုံးငါးနေရာတွင် ရှိနေသည်။

    ကမ္ဘာ့နိုင်ငံပေါင်း ၁၈၉ နိုင်ငံရှိ စီးပွားရေးအခြေအနေများအား လေ့လာကာ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး အာဖရိကနိုင်ငံများဖြစ်သည့် ချဒ်နိုင်ငံနှင့် လစ်ဗျားတို့မှာ အနိမ့်ဆုံးတွင်ရှိနေသည်။

    ပြီးခဲ့သည့် နှစ်က အဆင့် ၉၁ နေရာတွင် ရှိခဲ့သည့်တရုတ်နိုင်ငံမှာ ယခုနှစ်တွင် ၅ ဆင့် ထပ်မံလျော့ကြခဲ့ပြီး အဆင့် ၉၆ သို့ ရောက်ရှိခဲ့သည်။
    Ref: CNY

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]

  • အောက်တိုဘာ- ၂၉ အားကစားသတင်းများ

    အောက်တိုဘာ- ၂၉ ၂၀၁၃
    M-Media

    ကိုယ်တိုင်ရေး အထုပ္ပတ္တိတွင်ပါဝင်သော အငြင်းပွားဖွယ် ရေးသားမှုများနှင့် ပတ်သက်ပြီး ဖာဂူဆန် ကာကွယ်

    မန်ယူအသင်း၏ ဂန္တ၀င်နည်းပြဖြစ်သူ ဖာဂူဆန်က ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ၎င်း၏ ကိုယ်တိုင်ရေး အထုပ္ပတိအား ကာကွယ်ခဲ့ပြီး၊ ထိုစာအုပ်မှာ မန်ယူအသင်း၏ ပရိတ်သတ်များ အတွက် ရည်ရွယ်၍ ရေးထားခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

    ထိုစာအုပ်ထဲတွင် ဖာဂူဆန်က မန်ယူအသင်း၏ အ၀တ်လဲခန်းအတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနှင့် ပတ်သက်ပြီး ဝေဖန်ရေးသားထားသကဲ့သို့ ပြိုင်ဘက် လီဗာပူးလ်အသင်း၏ ကစားသမားများဖြစ်ကြသည့် စတီဗင်ဂျရတ်နှင့် ဟန်ဒါဆင်တို့ကို ဝေဖန်ထားချက်များလည်း ပါဝင်သည်။

    ထို့ကြောင့် လီဗာပူးလ်အသင်း၏ နည်းပြ ရော်ဂျာကလည်း ၎င်း၏ အသင်းအား ဖာဂူဆန်၏ ရေးသားချက်များမှာ ယုံကြည်ရလောက်ခြင်း မရှိဟု ပြန်လည်ချေပခဲ့သည်။

    Salford မြို့ရှိ Lowry ကဇာတ်ရုံတွင်ပြုလုပ်ခဲ့သည့် အထုပ္ပတ္တိစာအုပ် အရောင်းမြှင့်တင်ရေး အခမ်းအနားတွင် ပရိတ်သတ် ၁၇၀၀ ကျော်ရှေ့၌ ၎င်း၏စာအုပ် အတွင်း ရေးသားချက်များနှင့် ပတ်သက်ပြီး ဖာဂူဆန်က ယခုကဲ့သို့ ကာကွယ် ပြောဆိုသွားခဲ့သည်။

    “ကျွန်တော်ဒီစာအုပ်ကို ရေးခဲ့တာဟာ ပရိတ်သတ်တွေ အတွက်ပါ။ အချို့ဆုံးဖြတ်ချက်တွေကို ကျွန်တော် ဘာ့ကြောင့်ချခဲ့တာလည်းဆိုတာ သူတို့ နားလည်အောင်လို့ပါ။ (ဒီစာအုပ်ဟာ) မီဒီယာတွေအတွက် မဟုတ်ပါဘူး”

    ထို့ပြင် လူကြိုက်အများဆုံး၊ မျှော်လင့်ချက် အများအပြားရှိနေသည့် ကမ္ဘာ့အကြီးဆုံးကလပ် မန်ယူအသင်း၏နည်းပြအလုပ်မှာ မည်မျှခက်ခဲ့ကြောင်း လူအများနားလည်နိုင်ရန် ရည်ရွယ်ရေးသားခြင်းဖြစ်သည်ဟု ဖာဂူဆန်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref:Mirror

    Alex-Ferguson-2488415

    ………………………………….
    အာဆင်နယ်အသင်းမှာ အင်္ဂလိပ်ဘောလုံးလောကကို တစ်ဖန်ပြန်၍ စိုးမိုးနိုင်သည်ဟု ပီတစ်ပြော

    နည်းပြ အာဆင်ဝင်းဂါးမှာ အာဆင်နယ်အသင်း၏ ဂုဏ်တက်ဖွယ်ရာ ခေတ်သစ်တစ်ခုကို တည်ဆောက်နေသည်ဟု အာဆင်နယ်အသင်း၏ ကွင်းလယ် လူဟောင်း ပီတစ်က ပြောကြားလိုက်သည်။

    ထို့ပြင် အာဆင်နယ်အသင်းမှာ မကြာမီ ကစားရမည့် ကပီတယ်ဝမ်း ဖလားပြိုင်ပွဲတွင် ပြိုင်ဘက်အသင်းအား ကျော်ဖြတ်နိုင်မည်ဖြစ်ပြီး ယခုနှစ်ရာသီတွင် အောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိလိမ့်မည်ဟုယုံကြည်နေကြောင်း၊ ယခုနှစ်ရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းပြည့် တော့မည့် အာဆင်ဝင်းဂါးမှာ အသင်းသို့ မီဆု အိုဇေးလ်ရောက်ရှိလာပြီးနောက် ပိုင်း အသင်းတွင် ဆက်လက်ရှိနေလိ့မ်မည်ဖြစ်ကြောင်း ပီတစ်ထည့်သွင်းပြောကြားခဲ့သည်။

    “အောင်မြင်မှုတွေက နောက်ထပ်အောင်မြင်မှုတွေကို ယူဆောင်လာမှာပါ။ ဒါပေမယ့် အခုအချိန်မှာ အာဆင်နယ်အသင်းအနေနဲ့ ဖလားတစ်လုံးရရှိဖို့ ပိုအရေးကြီးပါတယ်။ ရပြီဆိုရင်တော နောက်ထပ် အောင်မြင်မှုတွေ ပေါင်းထည့်နိုင်မှာပါ”

    Ref:Mirror

    ………………………………….

    ပီအက်စ်ဂျီအသင်းမှာ မိမိထက်ပိုအရေးကြီးသည်ဟု အီဗရာဟီမိုဗစ်ဆို

    မိမိတစ်ဦးတည်းအောင်မြင်မှုထက် ပီအက်စ်ဂျီအသင်း၏ အောင်မြင်မှုက ပို၍ အရေးကြီးပြီး၊ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ထက် အသင်းအနေဖြင့် ဆုဖလားများမရမည်ကို ၎င်းအနေဖြင့် ပိုမိုစိုးရိမ်ကြောင်း ပီအက်စ်ဂျီအသင်း၏ တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ပြောကြားခဲ့သည်။

    ဖီဖာမှ ယနေ့တွင်ကြေညာမည်ဖြစ်သည့် အဆိုပါဆုအတွက် ဇကာတင် ၂၃ ယောက်စာရင်းတွင် အီဗရာဟီမိုဗစ်မှာပါဝင်နေပြီး ပြင်သစ်မီဒီယားအများစုက ပြီးခဲ့သည့်လေးနှစ်ဆက်တိုက် ရရှိခဲ့သည့် မက်ဆီအားကျော်လွှားကာ အီဗရာဟီမိုဟစ်ရရှိနိုင်သည်ဟု အသားပေးဖော်ပြနေကြသည်။

    သို့သော်လည်း အသက် ၃၂ နှစ်အရွယ်ရှိ မိုဗစ်က ပီအက်စ်ဂျီအသင်း ရလဒ်ကောင်းများရရှိရန်အတွက် ၎င်းအနေဖြင့် ပြင်းပြင်းထန်ထန် လေ့ကျင့်နေခြင်းဖြစ်ကြောင်း၊ အသင်းတွင်ကစားရသည်ကိုပျော်ရွှင်ပြီး အသင်းအတွက် အများကြီးပေးဆပ်သွားမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

    ——————————————-

    အင်တာရှိ ၎င်း၏အနာဂတ်အား လာမည့်လတွင် ဆုံးဖြတ်မည်ဟု မိုရက်တီဆို

    အင်တာမီလန်အသင်းအား အင်ဒိုနီးရှားသူဌေး အဲရစ် သိုဟီရ် ၀ယ်ယူခဲ့ပြီးသော်လည်း အသင်းဥက္ကဌအဖြစ်ဆက်လက်ရှိနေမည်ဟု စောစောပိုင်းကပြောဆိုခဲ့သော်လည်း၊ သိုဟီရ်က မိုရက်တီ၏ အနာဂတ်အတွက် လာမည့်လတွင် ဆုံးဖြတ်မည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။

    အင်တာအသင်း၏ ရှယ်ယာအများစုအား သိုဟီရ်က ယခုလအစောပိုင်းတွင် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအသင်းဥက္ကဌ မိုရက်တီ၏အနာဂတ်နှင့် ပက်သက်၍

    “အသင်းမှာရှိတဲ့ မိုရက်တီရဲ့အနာဂတ်အတွက် ကျွန်တော်တို့ ဆွေးနွေးမှုတစ်ခု ပြုလုပ်သွားမှာပါ။ အဲဒီဆွေးနွေးပွဲမှာ အသင်းနဲ့ပက်သက်ပြီး ရေရှည်အစီအစဉ်တွေအကြောင်းကိုလည်း ဆွေးနွေးသွားမှာပါ” ဟု သိုဟီရ်က Republika သတင်းစာသို့ပြောကြားခဲ့သည်။

    ထို့ပြင် လူငယ်ကစားသမားများအတွက် တဖြည်းဖြည်းလုပ်ဆောင်မည်ဖြစ်ပြီး၊ ပထမအသင်း ကစားသမားများအတွက် စေ့စပ်စွာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိုဟီရ်က ထပ်လောင်းပြောကြား သွားခဲ့သည်။

    —————————————-

    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]

  • အိမ်ထောင်ရှိလျှက် ဖောက်ပြန်လိုသူများ အတွက် ရည်ရွယ်ထားသော Dating ဆိုက်တစ်ခုကို စင်ကာပူပိတ်ပင်

    အိမ်ထောင်ရှိလျှက် ဖောက်ပြန်လိုသူများ အတွက် ရည်ရွယ်ထားသော Dating ဆိုက်တစ်ခုကို စင်ကာပူပိတ်ပင်

    အောက်တိုဘာ ၂၉၊ ၂၀၁၃
    M-Media

    106343304

    အိမ်ထောင်ရေးတွင် သစ္စာမဲ့သူများ အသုံးပြုကြသည့် ကမ္ဘာ့လူကြိုက်အများဆုံး Dating ၀ဘ်ဆိုက်တစ်ခုကို စင်ကာပူအာဏာပိုင်များက ပိတ်ပင်လိုက်သည်ဟု သိရသည်။

    အဆိုပါ ၀ဘ်ဆိုက်မှာ နိုင်ငံပေါင်း ၃၀ နီးပါးတွင် အိမ်ထောင်ရှိလျက် ဖောက်ပြန်လိုသောသူများအား တွဲဖက်ပေးသော ဆိုက်တစ်ခုဖြစ်ပြီး ဂျပန်နှင့် ဟောင်ကောင်နိုင်ငံမှ စတင်ကာ ယခုနှစ်အတွင်း အာရှဒေသတွင် လူကြိုက်များသော ဆိုက်တစ်ခုဖြစ်လာနေသည်။ စင်ကာပူနိုင်ငံတွင် ထိုဝဘ်ဆိုက်အား လာမည့်နှစ်တွင် လွှင့်တင်ရန်ရှိနေပြီး ထိုအစီအစဉ်နှင့်ပက်သက်၍ အစိုးရအနေဖြင့် မူလက မည်သည့် ကြားဝင်မှုမျိုးမှ ပြုလုပ်ခြင်းမရှိခဲ့ပေ။

    သို့သော်လည်း စင်ကာပူ လူမှုဆက်ဆံရေးဝန်ကြီး ချန်ချွမ်ဆင်းက ထိုကဲ့သို့သော ၀ဘ်ဆိုက်သည် အပြာဇာတ်ကားများနှင့် မဂ္ဂဇင်းများကို ပိတ်ပင်ထားသည့် စင်ကာပူနိုင်ငံအတွင်း ကိုယ်ကျင့်တရားများကို ပျက်ပြားစေလိမ့်မည်ဟု ပြောကြားခဲ့သည်။

    စင်ကာပူနိုင်ငံသားများကလည်း ၀န်ကြီး၏ပြောကြားချက်ကို လက်ခံခဲ့ကြပြီး  အဆိုပါ ၀ဘ်ဆိုက်ကို ပိတ်ပင်ရန်အတွက် ပြုလုပ်သော အွန်လိုင်း လှုပ်ရှားမှုတွင် လူပေါင်း ၂၅၀၀၀-ကျော်က ပါဝင်ခဲ့ကြသည်။ ထို့ကြောင့် တာဝန်ရှိသူများက နိုင်ငံ၏ ရုပ်သံလွှင့်ခွင့် ဥပဒေအရ ထိုဝဘ်ဆိုက်အား ပိတ်ပင်ရန် အမိန့်ပေးခဲ့သည်။

    ထိုဝဘ်ဆိုက်အား ဂျပန်နိုင်ငံတွင် လွှင်တင်ခဲ့စဉ်က ပထမလေးရက်တွင်ပင် လူပေါင်း ၂၃၀၀၀၀ ၀င်ရောက်ကြည့်ရှုခဲ့ကြပြီး ၇၀၀၀၀ ကျော်မှာ အဖွဲ့ဝင်ခဲ့ကြသည်။ ဟောင်ကောင်တွင်လည်း ထိုဝဘ်ဆိုက်မှာ လူအများအပြား ၀င်ရောက်ကြည့်ရှုခြင်းကိုခံခဲ့ရသည်။

    Ref : foreignpolicy

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]

  • ဒေါ်အောင်ဆန်းစုကြည်၏ ဘီဘီစီ မှတ်ချက်အပေါ် သဘောထား ကွဲ (By ဧရာဝတီ)

    အောက်တိုဘာ-၂၉ ၂၀၁၃
    ဆမန်သာ မိုက်ကယ်
    ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြပါသည်။

    source : http://burma.irrawaddy.org/news/2013/10/29/50186.html

    _65532289_d3slornf

    မြန်မာနိုင်ငံတွင် မွတ်ဆလင်များကို ဦးတည်ချက်ထားသည့် လူမျိုးဖြုတ် သတ်ဖြတ်မှုများ မရှိကြောင်း ငြင်းဆိုလိုက်ပြီး ဗုဒ္ဓ ဘာသာဝင်များ ကြားတွင်လည်း ဘာသာရေးပဋိပက္ခနှင့် တင်းမာမှုများကြောင့် ကြောက်ရွံ့မှုများကို ခံစားခဲ့ရသည်ဟု ပြောခဲ့ခြင်းအတွက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် လူသိများသည့် ဒေါ်အောင်ဆန်းစုကြည် အပေါ် လူ့အခွင့်အရေး ဆောင်ရွက်သူများနှင့် ဘာသာရေး ခေါင်းဆောင်များ၏ ဝေဖန်ပြောဆိုမှုနှင့် ထောက်ခံမှုများ အမျိုးမျိုး ရှိနေသည်။

    ဘီဘီစီ သတင်းဌာနနှင့် ယခင်အပတ် ကြာသပတေးနေ့က ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုတွင် ဒေါ်အောင်ဆန်းစုကြည် က လူဦးရေ ၁၄၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည့် ဆူပူအကြမ်းဖက်မှုသည် ဗုဒ္ဓဘာသာဝင်များကြားတွင်လည်း မွတ်ဆလင်များကဲ့သို့ အကြောက် တရားကို ခံစားခဲ့ရသဖြင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

    “ဒါဟာ လူမျိုးဖြုတ် သတ်ဖြတ်မှုမဟုတ်ပါဘူး။ နှစ်ဘက်လုံးမှာ ဖြစ်ပေါ်ခဲ့တဲ့ ကြောက်ရွံ့မှုကြောင့်လို့ ထင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ အနေနဲ့ နားလည်ထားဖို့ လိုအပ်တာက ကြောက်ရွံ့မှုကို မွတ်ဆလင်တွေပဲ ခံစားရတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ ဘက်မှာလဲ တူတူပါပဲ။ ဟုတ်ပါတယ်။ မွတ်ဆလင်တွေဟာ ပစ်မှတ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေဟာ လည်း ပဋိပက္ခတွေဆီကို တွန်းပို့ ခံခဲ့ရပါတယ်။ နှစ်ဘက်လုံးမှာ ကြောက်ရွံ့မှုတွေ ရှိနေတယ်။ ဒါဟာ အားလုံးကို ဒုက္ခတွေဆီ ပို့ဆောင်လိုက်တဲ့ အကြောင်းတရားပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

    ယမန်နှစ်က စတင်ဖြစ်ပွားခဲ့သော မွတ်ဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်း မပြုခဲ့သည့် အတွက် ဝေဖန်ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က “မွတ်ဆလင် အင်အားနဲ့ ပတ်သက်လို့ ကမ္ဘာ့ မွတ်ဆလင် အင်အားဟာ အရမ်းကြီးမားတယ် ဆိုတဲ့ အမြင်တစ်ခု ရှိနေပါတယ်။ ကမ္ဘာ့နေရာတိုင်းမှာ ဒီအမြင် ရှိနေပါတယ်။ ကျမတို့ နိုင်ငံမှာလည်း တူတူပါပဲ။ ဒီအမြင် ရှိနေပါတယ်” ဟု ပြောသည်။

    မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်တွင် ယမန်နှစ် ဇွန်လ နှင့် အောက်တိုဘာလတွင် နှစ်ကြိမ် အထိဖြစ်ပွားခဲ့သော ပဋိပက္ခများပြီး ကတည်းက ဆင်းရဲ ညစ်ပတ်သော ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရသည့် မွတ်ဆလင်များနှင့် ပတ်သက်၍ မေးမြန်းသည့်အခါ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘာသာဝင်များသည်လည်း စစ်အုပ်ချုပ်ရေး အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တွေ့ကြုံခံစားခဲ့ရ သည်ဟု ဆိုသည်။

    “အကြောင်း အမျိုးမျိုးကြောင့် တိုင်းပြည်ကို စွန့်ခွာသွားရတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးရှိပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် ဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးရှိပါတယ်။ သူတို့ထဲက အမြောက်အများကို ထိုင်းနိုင်ငံမှာ တွေ့နိုင်ပါ တယ်။ ကမ္ဘာအနှံ့မှာ ပြန့်ကြဲရောက်ရှိနေတာကိုလည်း တွေ့ရပါလိမ့်မယ်။ ဒါဟာ ကျမတို့ခံစားခဲ့ရတဲ့ ဒုက္ခတွေနဲ့ အာဏာရှင်စနစ် ရဲ့ ရလဒ်ပါ။ ကျမထင်ပါတယ်။ အာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာနေခဲ့ရမယ်ဆိုရင် လူတွေက တယောက်ကို တယောက် ယုံကြည်ဖို့ကို မသင်ကြားနိုင်တော့ဘူး။ အာဏာရှင် စနစ်ဟာ မယုံကြည်မှုနဲ့ သံသယ တွေပြည့်နေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်” ဟု ဆိုပြီး အကြမ်းဖက် ဆူပူမှုများ၏ လက်သည်တရားခံများကို ဖော်ထုတ် အရေးယူပေးရန်လည်း အစိုးရကို သူက တောင်းဆို လိုက်သည်။

    “ကျမတို့ အတိုက်အခံ အဖွဲ့ဝင်တွေကို ဘယ်လိုခံစားရသလဲ၊ ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်မှာလဲ ဆိုတဲ့ မေးခွန်းတွေမေး နေမယ့်အစား မြန်မာနိုင်ငံရဲ့ လက်ရှိ အစိုးရကို သူတို့ရဲ့ မူဝါဒက ဘယ်လိုလဲ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လောက် ခရီး ရောက်နေပြီလဲ၊ ဘယ်လိုဖြေရှင်းဖို့ ရည်ရွယ်ထားသလဲ ဆိုတာမေးသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ဟာ အစိုးရ တရပ် လုပ်ဆောင်ရမယ့် ဒီလို ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရမယ့် နေရာမှာရှိမနေဘူး ဆိုတာ ရှင်တို့ သိသင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာတလွှားသို့ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်နေသည့် ဘီဘီစီ ရုပ်မြင်သံကြား၏ အမေးအဖြေ ကဏ္ဍတွင် ပြောကြားခဲ့သည်။

    ဥရောပ ခရီးစဉ် အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်အပတ် အင်္ဂါနေ့က ပြင်သစ်သို့ သွားရောက်ပြီး ၁၉၉၀ ခုနှစ်ကတည်းက ရရှိခဲ့သော်လည်း လက်ခံယူနိုင်ခြင်း မရှိခဲ့သည့် ဆာခါရော့ဗ် လူ့အခွင့်အရေးဆုကို လက်ခံရယူခဲ့သည်။

    တိုက်ဆိုင်စွာပင် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အိုဟေး တောမတ်စ် ကင်တားနားက မွတ်ဆလင်ဆန့်ကျင်ရေး သဘောထားများသည် မြန်မာနိုင်ငံကို အာဏာရှင်စနစ်မှ အသွင်ကူးပြောင်းရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ခြိမ်းခြောက်နေသည်ဟု သတိပေးခဲ့သည်။

    “ရခိုင်ပြည်နယ်ရဲ့ အခြေအနေက မြန်မာနိုင်ငံက မွတ်ဆလင်ဆန့်ကျင်ရေးဟာ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို အကြီးမားဆုံး တားဆီး ခြိမ်းချောက်နေမှုတွေထဲက တခုဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ပြသနေပါတယ်။” ဟု ကုလသမဂ္ဂ လူ့ အခွင့် အရေး အထူးကိုယ်စားလှယ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှ လူ့အခွင့်အရေးနှင့် သက်ဆိုင်သော တတိယ ကော်မီတီသို့ တင်ပြခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်၏ ဘီဘီစီ အင်တာဗျူးအပေါ်လည်း တိုက်ရိုက် ဝေဖန်တုန့်ပြန်ခဲ့ကြသည်။  လန်ဒန်မြို့ရှိ The Daily Telegraph သတင်းစာမှ နိုင်ငံခြားရေးရာ သတင်းထောက်ချုပ် ဒေးဗစ်ဘလဲက “ဒီလိုမျိုး ရေးရလိမ့်မယ်လို့ ကျနော် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ ဒါပေမယ့် ဒီမနက် BBC ရဲ့ Today အစီအစဉ်မှာ အောင်ဆန်းစုကြည် ဒီလိုပြောတာ ကြားလိုက်ရတော့ ကျနော် အရမ်းတုန်လှုပ်သွားပါတယ်။ ပဋိပက္ခတွေမှာ ထိခိုက်ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံက လူနည်းစု မွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး နားလည်ရခက်တဲ့ သူ့သဘောထားက စိတ်ပျက်စရာပါ” ဟု သတင်းစာ ၀က်ဘ်ဆိုက်ပေါ်တွင် မှတ်ချက်ပေးခဲ့သည်။

    သမ္မတဦးသိန်းစိန်၏ အစိုးရ အုပ်ချုပ်ရေး စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်အထိ စစ်အာဏာရှင်၏ အတိုက်အခံအဖြစ် ရပ်တည်ပေးဆပ်ခဲ့သည့်အတွက် တိုင်းသူပြည်သား အများစု၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်အပေါ် စာနာနားလည်ပေးနိုင်သော မြန်မာများလည်း ရှိနေပါသည်။

    မြန်မာနိုင်ငံ၏ ပထမဆုံးသော လူ့အခွင့်အရေးဆိုင်ရာ ဂျာနယ်၏ အယ်ဒီတာ တဦးက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများကို ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်သင့်သည်ဟု ပြောသော်လည်း ၂၀၁၅ ခုနှစ်တွင် သမ္မတ ဖြစ်လာဖို့ မျှော်လင့်နေသည့် အချိန်တွက် တဘက်ဘက်ကို မျက်နှာသာပေးခြင်းမှ ရှောင်လွှဲဖို့ ဆုံးဖြတ်လိုက်သည့် အပေါ် နားလည်နိုင်ပါသည်ဟု  ဆိုသည်။

    “သူက သံတမန်နည်းကျကျ ပြောသွားတာပါ။ သူက ဗုဒ္ဓဘာသာဝင် လူများစုရဲ့ မဲတွေကို အဆုံးရှုံး မခံနိုင်ဘူး။ နောက်ပြီး သူက အရင်နှစ်က ပဋိပက္ခတွေမှာ ဓားစာခံဖြစ်ခဲ့တဲ့ မွတ်ဆလင်တွေကိုလည်း ထိခိုက်နစ်နာမှု မဖြစ်စေချင်ပါဘူး” ဟု ရန်ကုန်မြို့တွင် အခြေစိုက်သည့် Myanmar Knowledge Society က မကြာသေးမီကမှ ထုတ်ဝေဖြန့်ချိခဲ့သော Human Rights and Democracy ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးဝေယံဘုန်း ကပြောသည်။

    ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများတွင် တာဝန်ရှိနေသော တရားခံများကို ဖော်ထုတ်အရေးယူရန်အတွက် အစိုးရဖက် က လုံလောက်သော တာဝန်ယူမှု မရှိခဲ့ဟု ပြောဆိုမှုကို သူကလည်း သဘောတူသည်။

    “မတူညီတဲ့ ဘာသာရေး အသိုင်းအ၀ိုင်းတွေကြားမှာ အမုန်းစကားတွေ ပြန့်ပွားနေတာကို ရပ်တန့်စေဖို့နဲ့ ဟန်ချက်ညီမျှမှုကို ထိန်းသိမ်းပေးဖို့ အစိုးရမှာ အပြည့်အ၀ တာဝန်ရှိပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ အရပ်ဖက်အဖွဲ့ အစည်းတွေကပဲ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးကြဖို့ ဦးစီးလုပ်နေရသေးတယ်။ အစိုးရဘက်ကတော့ ဒီကိစ္စကို ဖွင့်ဟပြောဖို့ အရမ်းဝန်လေးနေတုန်းပဲ။ ကျနော်တို့ လေ့လာကြည့်ခဲ့သလိုဆိုရင် လုံခြုံရေးတပ်ဖွဲ့တွေဟာ ဘာမှ မလုပ်ခဲ့ကြဘူး။ မွတ်ဆလင်တွေကို လူစုလူဝေးနဲ့ အကြမ်းဖက်တိုက်ခိုက်ဖို့ လုပ်နေတဲ့ အချိန်မှာတောင် မတားဆီးနိုင်ခဲ့ကြပါဘူး” ဟု ဦးဝေယံဘုန်း ကပြောသည်။

    “သူ ဒီထက်ပိုပြီး ပြောသင့်တယ်လို့ ကျနော်ထင်တယ်။ ဒီအကြောင်းအရာကို ရောက်လာတဲ့အခါ အထူးသဖြင့် မွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှု အကြောင်းတွေနဲ့ ပတ်သက်ရင် ပြောသင့်သလောက် မပြောဘူး” ဟု သူက ထပ်ပြောသည်။

    မြန်မာနိုင်ငံမှ ထင်ရှားသည့် ဒီမိုကရေစီရေးလှုပ်ရှားမှု အဖွဲ့တခုဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးပြုံးချိုကလည်း အစိုးရ၏ ၀တ္တရားနှင့် ပတ်သက်၍ ထောက်ပြသည့် အချက်ကို ထောက်ခံသည်။

    “ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအာဏာပိုင်တွေနဲ့ တိုက်ရိုက်ဆက်ဆံ ဆောင်ရွက်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေကို အကြံပေး ချင်ပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။ သူ၏ အမြင်များသည် အဖွဲ့အစည်း၏ အမြင်ဟု မယူဆရန်လည်း ဦးပြုံးချိုက ဆိုသည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို လူမျိုးဖြုတ် သုတ်သင်ရေး အဖြစ် ဖော်ပြခြင်း မပြုရန်လည်း သူက တောင်းဆိုလိုက်သည်။ အမေရိကန် အခြေစိုက် လူ့ အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ယမန်နှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ယခုနှစ် အစောပိုင်းက အစီရင်ခံစာ တစောင်ထုတ်ပြန်ခဲ့ရာတွင် ဤသို့ ရည်ညွှန်းဖော်ပြခဲ့သည်။

    “လူမျိုးဖြုတ် သုတ်သင်ခြင်း” ဟုသော အသုံးအနှုံးကို မည်သည့်အတွက်ကြောင့် လက်မခံနိုင်ရပါသနည်းဟု မေးသည့် အခါ ဦးပြုံးချိုက “ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ဖက်လုံးက အကြမ်းဖက်ခဲ့ကြတယ်။ ဒီပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရပ်တန့် ဖြေရှင်းနိုင်ဖို့ အတွက် လူတိုင်းကြိုးစားသင့်ပါတယ်” ဟု ပြောသည်။

    ယမန်နှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများသည် သမ္မတ ဦးသိန်းစိန် အစိုးရ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအပေါ်တွင် အဓိကကျသည့် ထိုးနှက်မှုများ ဖြစ်လာသည်။ လူပေါင်း ၁၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ၎င်းတို့ထဲမှ အများစုမှာ ရိုဟင်ဂျာဟု ခေါ်ကြသည့် မွတ်ဆလင်များ ဖြစ်ကြသည်။ မွတ်ဆလင် မိသားစု အများအပြားသည် မြန်မာနိုင်ငံအတွင်းတွင် မျိုးဆက်နှင့် ချီ၍ နေထိုင်ခဲ့ကြသော်လည်း ၎င်းတို့ကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန် အစိုးရက ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမ၀င် လာရောက်နေထိုင်သူများ ဖြစ်သည်ဟု သတ်မှတ်ထားခဲ့သည်။

    မွတ်ဆလင် ဆန့်ကျင်ရေး သဘောထားများသည် ပြီးခဲ့သည့် နှစ်အတွင်းတွင် ကြီးထွားပျံ့နှံ့လာခဲ့ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း၊ အရှေ့ပိုင်း နှင့် အနောက်မြောက်ပိုင်းတို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ရသည်။ ယခုနှစ် စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်း အစောပိုင်းကလည်း မြန်မာနိုင်ငံ အနောက်ပိုင်း သံတွဲမြို့အနီးတွင် အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပေါ်ခဲ့သေးသည်။ ယခုတကြိမ် အကြမ်းဖက်မှုများ တွင် ပစ်မှတ်အထားခံရသူများမှာ ရိုဟင်ဂျာများ မဟုတ်ဘဲ နိုင်ငံသား အဖြစ် သတ်မှတ်ခြင်းခံထားရသော ကမန်တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဖြစ်သည်။

    ဗုဒ္ဓဘာသာ ဘုန်းကြီးများ ပညာသင်ကြားရေးကို ကူညီထောက်ပံ့ပေးနေသော ရန်ကုန် အခြေစိုက် ဗုဒ္ဓဘာသာ အဖွဲ့တခုမှ ခေါင်းဆောင် တဦးဖြစ်သော ဦးကြည်ထွေးက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကာလ အတောအတွင်း ဘာသာရေး တင်းမာမှုများ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

    “ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ကျနော် မှတ်ချက်များများ မပေးချင်ပါဘူး။ အခြေခံအားဖြင့်တော့ သဘောတူပါတယ်” ဟု နှစ်စဉ် ကိုရင်များ အတွက် စာမေးပွဲများ ကျင်းပပေးပြီး ဗုဒ္ဓဘာသာ စာပေပြန့်ပွားရေးကို ဆောင် ရွက်နေသော ရှင်သာမဏေ ဓမ္မဗိမ္မာန် သာသနာ့ဝန်ဆောင် အဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဦးကြည်ထွေးက ပြောသည်။

    “ဒါပေမယ့် ပြဿနာတွေရဲ့ အရင်းအမြစ်နဲ့ ပတ်သက်လို့တော့ နည်းနည်းပြောချင်ပါတယ်။ အရင်တုန်းက ဆိုရင် မြန်မာ နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေ လက်တွဲပြီး ငြိမ်းချမ်းစွာနဲ့ နှစ်ပေါင်း ရာနဲ့ချီပြီး အတူတကွ နေလာခဲ့ကြပါတယ်။ ပြဿနာက မွတ်ဆလင်တွေရဲ့ ခေတ်သစ် အဆုံးအမတွေနဲ့ လုပ်ရပ်တွေကြောင့်ပါ။ သူတို့က အရမ်းကို ရန်လိုလာကြပြီး ဗုဒ္ဓဘာသာဝင်တွေက သည်းမခံနိုင်တော့တဲ့ အခြေအနေကို ရောက်လာပါတယ်” ဟု သူက ဆိုသည်။

    “အစိုးရ အနေနဲ့ အပြန်အလှန်လေးစားမှုကို အခြေခံတဲ့ မူဝါဒတခု ခိုင်ခိုင်မာမာ ချမှတ်ဖို့ လိုအပ်ပါတယ်။ စီးပွားရေးကို ကောင်းမွန်လာအောင် ပြုပြင်ပေးဖို့လဲ လိုပါတယ်။ ဒုတိယ အရေးအကြီးဆုံးနဲ့ အမြန်ဆုံးလုပ်ဆောင်ရမှာကတော့ နယ်စပ်ကို လုံခြုံအောင် လုပ်ဖို့ပါပဲ။ တရားမ၀င် နိုင်ငံခြားသားတွေ ထပ်ပြီး ၀င်မလာနိုင်အောင် လုပ်ရပါမယ်” ဟုလည်း ဦးကြည်ထွေး ကပြောသည်။

    ထိုအချိန်တွင် ရိုဟင်ဂျာအရေး လှုပ်ရှားသူများကမူ ဒေါ်အောင်ဆန်းစုကြည်၏ စကားနှင့် ပတ်သက်၍ “လုံးဝ အဓိပ္ပါယ်မရှိ” ဟု ဆိုသည်။

    “နိုဘယ်ငြိမ်းချမ်းရေးဆုရှင်က မြန်မာနိုင်ငံက မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေကို “ကြောက်ရွံ့မှု” ကြောင့် ဖြစ်ရတယ်လို့ ဖွင့်ဆိုသွားတာ လုံးဝ အဓိပ္ပါယ် မရှိပါဘူး။ ရိုဟင်ဂျာတွေနဲ့ မြန်မာမွတ်ဆလင်တွေပဲ သားကောင်ဖြစ်ရတဲ့ မြန်မာနိုင်ငံက အကြမ်းဖက်မှု ပဋိပက္ခတွေဟာ အမြဲတမ်း တဖက်သတ် ဖြစ်ခဲ့ပါတယ်” ဟု Arakan Rohingya Union ၏ ညွှန်ကြားရေးမှူးချုပ် ဝါကာအူဒင်က ယခင်အပတ်က ထုတ်ပြန်ကြေညာခဲ့သည်။

    ရိုဟင်ဂျာအရေး ဆောင်ရွက်နေသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တခုဖြစ်သည့် Arakan Project မှ ဒါရိုက်တာ ခရစ်စ်လေးဝါးကလည်း ဒေါ်အောင်ဆန်းစုကြည်သည် မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ပိုမိုတာဝန်ယူ ပြောကြားပေးရန် တောင်းဆိုသည်။ “တာဝန်ရှိမှုနဲ့ ပတ်သက်ပြီး အစိုးရ အပေါ်မှာ ပုံချဖို့က လွယ်ပါတယ်။ ဒါပေမယ့်လည်း အတိုက်အခံတွေနဲ့ NLD အပါအ၀င် တာဝန်ရှိသူတွေ အားလုံးဟာ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်းမှာ အမြစ်တွယ်နေတဲ့ မွတ်ဆလင် မုန်းတီးရေး စိတ်ဓာတ်တွေကို ဖြေရှင်းပေးနိုင်ဖို့ အတွက် အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်” ဟု သူကပြောသည်။

    မြန်မာ မွတ်ဆလင် အစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဝင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကို လူမျိုးဖြုတ် သုတ်သင်ရေးဟု မသတ်မှတ်နိုင်ဟု ဆိုလျှင်ပင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူသောင်းနှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရခြင်းမှာ အလွန်ရှင်းလင်းစွာ သိနိုင်ကြောင်း ပြောသည်။ “မဖြေရှင်းရသေးတဲ့ ပြဿနာက ရှိနေတုန်းပါပဲ” ဟု သူကပြောသည်။ အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ လိုသည်ဆိုသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုကို သဘောတူသည်ဟုလည်း သူက ဆက်ပြောသည်။

    သို့သော်လည်း  စစ်အုပ်ချုပ်ရေးကာလအတွင်း တွင် ဗုဒ္ဓဘာသာဝင်များသည်လည်း ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် သွားရောက်နေထိုင်ခဲ့ရသည်ဟု အတိုက်အခံခေါင်းဆောင်က တုန့်ပြန်ခဲ့သည့် အပေါ်တွင် စိတ်ပျက်မိသည်ဟုလည်း ဦးမျိုးဝင်းက ဆိုသည်။

    “မွတ်ဆလင်တွေ ဒုက္ခတွေ အများကြီး ခံစားခဲ့ရတယ်လို့ သူပြောမယ်လို့ ကျနော်က မျှော်လင့်ထားခဲ့တာ” ဟု သူက ပြောသည်။ “တကယ်လည်း မြန်မာ မွတ်ဆလင် အများအပြားဟာ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ခဲ့ပါတယ်။ လူ့အဖွဲ့အစည်းထဲမှာလည်း အခြေတကျ ပေါင်းစည်းမိသားပါ။ ဒါက လက်ရှိကာလရဲ့ အခြေအနေလည်း ဖြစ်ပါတယ်”  ဟု ဦးမျိုးဝင်းက ပြောဆိုခဲ့သည်။