News @ M-Media

Blog

  • စစ်ကောင်စီက အရပ်သားများအပေါ် သတ်ဖြတ်နေမှု ဆင်ခြေပေး၍မရဟု စင်ကာပူနှင့် မလေးရှားပြော

    စစ်ကောင်စီက အရပ်သားများအပေါ် သတ်ဖြတ်နေမှု ဆင်ခြေပေး၍မရဟု စင်ကာပူနှင့် မလေးရှားပြော

    မတ် ၂၄၊ ၂၀၂၁
    M-Media

    -အရပ်သားတွေအပေါ် စစ်ကောင်စီက အကြမ်းဖက်နေမှုကို ဘာဆင်ခြေမှ ပေးလို့မရဘူးလို့ မလေးရှားနဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားလိုက်ပါတယ်။

    မလေးရှားကို ရောက်ရှိနေတဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်ဟာ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဟီရှာမွတ်ဒင် တွန် ဟူစိန်နဲ့​ မ​နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံက ပြဿနာမှာ ပါဝင်ပတ်သက်သူတွေအားလုံး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းတယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “မြန်မာနိုင်ငံက အခြေအနေတွေအတွက် မလေးရှားနဲ့ စင်ကာပူ နှစ်နိုင်ငံစလုံးက အလွန်အမင်း စိုးရိမ်မိပါတယ်။ ဒါဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်ပါ။ လက်နက်မဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုကို ဆင်ခြေပေးလို့မရဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”

    မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စကို ပြင်ပက ဝင်ရောက်စွက်ဖက်တာမျိုး မရှိသင့်ဘူးလို့ ယုံကြည်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “ဒါပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံအနေနဲ့ ဒီထက်ပိုကောင်းတဲ့အခြေအနေနဲ့ ထိုက်တန်တဲ့ မြန်မာပြည်သူတွေကို အကောင်းဆုံး ကူညီပံ့ပိုးမှုတွေပေးဖို့ ကျွန်တော်တို့ အဆင်သင့်ရှိပါတယ်”

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံဥက္ကဌဖြစ်တဲ့ ဘရူနိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကိုလည်း သွားရောက်ဖို့ ရှိနေပါတယ်။

    Ref: Malay Mail

  • စစ်ကောင်စီမှ အကြီးအကဲနှစ်ဦးနှင့် တပ်မ ၂ ခုကို အမေရိကန်က အမည်ပျက်စာရင်းသွင်း

    စစ်ကောင်စီမှ အကြီးအကဲနှစ်ဦးနှင့် တပ်မ ၂ ခုကို အမေရိကန်က အမည်ပျက်စာရင်းသွင်း

    မတ် ၂၃၊ ၂၀၂၁
    M-Media

    -စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေး၀န်ကြီးဌာနက အကြီးအကဲနှစ်ဦးနဲ့ စစ်တပ်က တပ်မနှစ်ခုတို့ကို အမေရိကန် ဘဏ္ဏာရေးဌာနက အမည်ပျက်စာရင်း သွင်းလိုက်ပါတယ်။
    ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး နဲ့ မြန်မာ စစ်တပ်ရဲ့ တပ်မ ၃၃ နဲ့ ၇၇ တို့ ဖြစ်ပါတယ်။ ဒီဗိုလ်ချုပ်နှစ်ဦးနဲ့ တပ်မ နှစ်ခုဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်မှုမှာ အဓိက တာ၀န်ရှိသူတွေ ဖြစ်ပါတယ်။
    အမေရိကန်အစိုးရဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ သူတို့ပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားပါတယ်။
    “အာဏာသိမ်းခေါင်းဆောင်တွေ၊ အကြမ်းဖက်မှု ကျူးလွန်သူတွေကို အရေးယူသွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိက၀တ်ကို ဆက်လက်စောင့်ထိန်းသွားမယ်ဆိုတာ ဒီကနေ့ပိတ်ဆို့မှုကနေ ခိုင်မာတဲ့သတင်းစကား ပေးလိုက်တာ ဖြစ်ပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။
    ပိတ်ဆို့ခံရသူတွေဟာ အမေရိကန်မှာ ပိုင်ဆိုင်မှုရှိရင် ခေတ္တ အသိမ်းခံရမှာဖြစ်ပြီး၊ အမေရိကန်နိုင်ငံသားတွေကိုလည်း သူတို့နဲ့ ဆက်ဆံမှုမလုပ်ဖို့ တားမြစ်မှာ ဖြစ်ပါတယ်။
    တပ်မ ၃၃ နဲ့ ၇၇ တို့ဟာ ပြည်သူတွေကို တရားလက်လွတ် ပစ်ခတ်သတ်ဖြတ်နေတယ်လို့ အမေရိကန် ဘဏ္ဏာရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    “ဒီအဖွဲ့တွေဟာ ထရပ်ကားတွေကိုစီးပြီး ပြည်သူတွေရဲ့ နေအိမ်တွေအပါအ၀င် မြင်မြင်သမျှကို ကျည်အစစ်တွေနဲ့ တရားလက်လွတ် ပစ်ခတ်တဲ့ ဗီဒီယိုတွေကို တွေ့ရပါတယ်”
    ခြေမြန်တပ်မ ၃၃ နဲ့ ၇၇ တို့ဟာ တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်မှုတွေကြောင့် အရင်ကတည်းက နာမည်ဆိုးရှိတဲ့ တပ်ဖွဲ့တွေ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုကြောင့် အမေရိကန်က ပိတ်ဆို့အရေးယူမှုလုပ်ထားတဲ့ တပ်မ ၂ ခုမှာ တပ်မ ၃၃ ပါ၀င်ပါတယ်။
    ဥရောပသမဂ္ဂကလည်း အာဏာသိမ်းစစ်ကောင်စီက အဖွဲ့၀င် ၁၁ ဦးကို မနေ့က ပိတ်ဆို့မှုတွေ ထပ်လုပ်ခဲ့ပါတယ်။
    Ref: Reuters

  • ဝီဂါများအပေါ် ညှင်းပမ်းမှုအတွက် တရုတ်ကို မဟာမိတ်နိုင်ငံများက ပူးပေါင်း အရေးယူ

    ဝီဂါများအပေါ် ညှင်းပမ်းမှုအတွက် တရုတ်ကို မဟာမိတ်နိုင်ငံများက ပူးပေါင်း အရေးယူ

    မတ် ၂၃၊ ၂၀၂၁
    M-Media

    -ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေအတွက် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ ကနေဒါတို့က တရုတ်အာဏာပိုင်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပူးတွဲလုပ်ဆောင်ခဲ့ပြီး ကန်သမ္မတသစ် ဘိုင်ဒန်လက်ထက်မှာ တရုတ်အပေါ် နိုင်ငံတကာနဲ့ပေါင်းပြီး ပထမဆုံး အရေးယူမှုလည်း ဖြစ်ပါတယ်။

    မဟာမိတ်နိုင်ငံတွေပေါင်းပြီး တရုတ်အပေါ် သံတမန်နည်းလမ်းနဲ့ ဖိအားပေးရေး ဘိုင်ဒန်အစိုးရရဲ့ စီမံကိန်းမှာ အခုပိတ်ဆို့မှုဟာ ပထမခြေလှမ်းလည်း ဖြစ်ပါတယ်။ အမေရိကန်အစိုးရ အကြီးတန်းတာဝန်ရှိသူတွေက တရုတ်နဲ့ ဆက်နွယ်တဲ့ ကိစ္စတွေအတွက် ဥရောပအစိုးရတွေနဲ့ နေ့စဉ် ဆက်သွယ်ဆွေးနွေးမှု လုပ်ဆောင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “နိုင်ငံတကာအသိုင်းအဝိုင်းက ရှုတ်ချနေပေမယ့် တရုတ်အစိုးရဟာ ရှင်ကျန်းမှာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက် ကျူးလွန်နေဆဲပါ” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်က ဥရောပ၊ နေတိုးအဖွဲ့တို့နဲ့ အစည်းအဝေးမလုပ်ခင် ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

    ကနေဒါနိုင်ငံခြားရေးဝန်ကြီးကတော့ တရုတ်အစိုးရက ဦးဆောင်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ စနစ်တကျ ကျူးလွန်နေတယ်ဆိုတာ ခိုင်မာတဲ့အထောက်အထားတွေက ပြသနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ရှင်ကျန်းပြည်နယ်က ဝီဂါနဲ့ အခြားလူမျိုးစု စုစုပေါင်း ၁ သန်းလောက်ကို တရုတ်အစိုးရက အကျဉ်းစခန်းတွေထဲမှာ ထည့်ထားပြီး အဓမ္မ လုပ်အားခိုင်းစေတာ၊ သားကြောဖြတ်တာ၊ ညှပမ်းနှိပ်စက်တာ စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဘာသာရေး၊ လူမျိုးရေးနဲ့ ယဉ်ကျေးမှု အမှတ်သညာတွေပျောက်အောင် ဆောင်ရွက်နေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ၊ မီဒီယာတွေက ဖော်ထုတ်ခဲ့ကြပါတယ်။

    တရုတ်အစိုးရက ဒီစွပ်စွဲချက်တွေကို ငြင်းပါတယ်။

    ပြည်နယ်အစိုးရအကြီးအကဲ၊ ပြည်သူ့လုံခြုံရေးအကြီးအကဲ၊ အကြီးတန်းတာဝန်ရှိသူအပါအဝင် ရှင်ကျန်းပြည်နယ် အစိုးရအဖွဲ့က လူ ၄ ဦးကို အမေရိကန်၊ ဥရောပ၊ ဗြိတိန်နဲ့ ကနေဒါတို့က တနင်္လာ​နေ့မှာ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာပါ။

    ရှင်ကျန်းက ညှင်းပမ်းနှိပ်စက်မှုတွေကို ရပ်တန့်ရေး မိမိတို့ တောင်းဆိုတယ်လို့ ကနေဒါ၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ ပူးတွဲကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ဂြိုဟ်တုပုံရိပ်တွေ၊ မျက်မြင်သက်သေတွေ၊ တရုတ်အစိုးရကထုတ်တဲ့ စာရွက်စာတမ်းတွေအရ ညှင်းပမ်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်ဆိုတာကို တွေ့ရတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးတွေက ဆိုပါတယ်။

    တရုတ်ကလည်း ဥရောပ အာဏာပိုင်တွေအပေါ် ပိတ်ဆို့အရေးယူတာတွေ လုပ်ခဲ့ပါတယ်။ ဥရောပက လွှတ်တော်အမတ်တွေ၊ သံတမန်တွေ၊ အသင်းအဖွဲ့တွေနဲ့ သူတို့ရဲ့ မိသားစုတွေ ပါဝင်ပြီး သူတို့နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေ တရုတ်နဲ့ ဆက်ဆံတာကို ပိတ်ပင်တယ်လို့လည်း ဆိုပါတယ်။

    ဩစတေးလျနဲ့ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြားလူနည်းစုတွေ လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်ခံနေရတယ်ဆိုတဲ့ ခိုင်မာတဲ့ သတင်းတွေကို ကြားရတဲ့အတွက် အလွန်အမင်း စိုးရိမ်မိကြောင်း၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန်တို့ရဲ့ ပိတ်ဆို့အရေးယူမှုကို ကြိုဆိုကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: Reuters

  • ဖိလစ်ပိုင်နှင့် အငြင်းပွားနေသည့် ကျွန်းအနီးတွင် တရုတ်သင်္ဘော ၂၀၀ ကျော် ရောက်ရှိ

    ဖိလစ်ပိုင်နှင့် အငြင်းပွားနေသည့် ကျွန်းအနီးတွင် တရုတ်သင်္ဘော ၂၀၀ ကျော် ရောက်ရှိ

    မတ် ၂၂၊ ၂၀၂၁
    M-Media

    -တောင်တရုတ်ပင်လယ်က အငြင်းပွားနေတဲ့ ကျွန်းအနီးမှာ တရုတ်သင်္ဘော ၂၀၀ ကျော်လောက်ကို တွေ့ရပြီး ဒါဟာ ရေကြောင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တာဖြစ်တယ်လို့ ဖိလစ်ပိုင်က ပြောကြားလိုက်ပါတယ်။

    Julian Felipe Reef လိုခေါ်တဲ့ ကျွန်းနားမှာ မတ်လ ၇ ရက်နေ့လောက်ကတည်းက ငါးဖမ်းသင်္ဘောပေါင်း ၂၂၀ လောက် ရောက်နေတဲ့အကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က သတင်းပို့တာလို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီသင်္ဘောတွေကို တရုတ်စစ်တပ်က လေ့ကျင့်ပေးထားတဲ့ ရေကြောင်း ပြည်သူ့စစ်အဖွဲ့က မောင်းနှင်လာတာလို့ ဆိုပါတယ်။

    “ကျူးကျော်မှုကို ရပ်တန့်ဖို့၊ ရေကြောင်းဥပဒေ ချိုးဖောက်ကာ ကျွန်တော်တို့ရဲ့ အချုပ်အခြာပိုင်နက်ကို ကျူးကျော်လာတဲ့ ဒီသင်္ဘောတွေကို ချက်ခြင်းပြန်ခေါ်ဖို့ တိုက်တွန်းပါတယ်” လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒဲလ်ဖင် လော်ရန်ဇာနာက ပြောပါတယ်။

    ဖိလစ်ပိုင်ရေတပ်နဲ့ လေတပ်တို့ဟာ အဲဒီနေရာကို လှည့်လည်ကင်းထောက်ပြီးဖြစ်သလို၊ သံတမန်ရေးအရ သင့်လျော်တဲ့ ကန့်ကွက်မှုတွေ လုပ်ဆောင်ဖို့အတွက် တွေ့ရှိချက်တွေကို အစိုးရထံ ပေးပို့ထားတယ်လို့ ဖိလစ်ပိုင်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ကြေငြာချက် ထုတ်ပြန်ပါတယ်။

    Julian Felipe Reef ကျွန်းကို တရုတ်က Whitsun Reef လို့ ခေါ်တာပါ။

    တရုတ်ဟာ တောင်တရုတ်ပင်လယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို သူတို့ပိုင်တယ်လို့ ပြောကြားထားပြီး ထိုင်ဝမ်၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူးနိုင်းတို့နဲ့ ပိုင်နက်အငြင်းပွားနေတာ ဖြစ်ပါတယ်။

    Ref: Reuters

  • ပြည်သူကိုနှိပ်စက်မှုအတွက် စစ်ခေါင်းဆောင် ၁၁ ဦးကို ဥရောပက ထပ်မံ ပိတ်ဆို့ အရေးယူမည်

    ပြည်သူကိုနှိပ်စက်မှုအတွက် စစ်ခေါင်းဆောင် ၁၁ ဦးကို ဥရောပက ထပ်မံ ပိတ်ဆို့ အရေးယူမည်

    မတ် ၂၂၊ ၂၀၂၁
    M-Media

    -စစ်အာဏာသိမ်းမှုနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုမှာ ပါဝင်တဲ့ စစ်ခေါင်းဆောင် ၁၁ ဦးကို ဥရောပသမဂ္ဂက အရေးယူသွားမယ်လို့ သမဂ္ဂရဲ့ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲ ဂျိုးဆပ် ​ဘော်ရဲလ်က ပြောကြားလိုက်ပါတယ်။

    နိုင်ငံတစ်ဝှမ်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဥရောပသမဂ္ဂဟာ ၂၀၁၈ ခုနှစ်ကတည်းက လက်နက်ရောင်းချမှု ပိတ်တာအပါအဝင် မြန်မာစစ်တပ်အ​ပေါ် အရေးယူမှုတွေ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

    အခုလုပ်မယ့် ပိတ်ဆို့မှုအသစ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဥရောပသမဂ္ဂက​ ပြုလုပ်တဲ့ အထူးခြားဆုံး အရေးယူမှု ဖြစ်လာမှာပါ။ အရေးယူခံရမယ့် စစ်ခေါင်းဆောင် ၁၁ ဦးရဲ့ အမည်စာရင်းကို ဒီနေ့လုပ်မယ့် သမဂ္ဂအစည်းအဝေးအပြီး ထုတ်ပြန်မှာ ဖြစ်ပါတယ်။

    “မြန်မာနိုင်ငံနဲ့ပတ်သက်ရင် အာဏာသိမ်းမှုနဲ့ ဆန္ဒပြသူတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုမှာ ပါဝင်တဲ့ လူ ၁၁ ဦးကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲ ဂျိုးဆပ်ဘော်ရဲလ်က ပြောပါတယ်။

    ဥရောပသမဂ္ဂရဲ့ အခုပိတ်ဆို့မှုဟာ စစ်ခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အဓိက ပစ်မှတ်ထားမှာ ဖြစ်ပါတယ်။

    Ref: Nikkei Asia