News @ M-Media

Blog

  • တူရကီဒရုန်းကို ပြိုင်ဘက် ဆော်ဒီအာရေဗျက ဝယ်ယူရန် ကမ်းလှမ်း

    တူရကီဒရုန်းကို ပြိုင်ဘက် ဆော်ဒီအာရေဗျက ဝယ်ယူရန် ကမ်းလှမ်း

    မတ် ၁၇၊ ၂၀၂၁
    M-Media

    -မိမိတို့နိုင်ငံက ထုတ်လုပ်တဲ့ ဒရုန်းလေယာဉ်တွေကို ဝယ်ယူဖို့ ဆော်ဒီအာရေဗျက ကမ်းလှမ်းထားတယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပြီး ဒါဟာ တင်းမာမှုဖြစ်နေတဲ့ နှစ်နိုင်ငံ ပြေလည်မှုလမ်းစလည်း ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ် အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဆော်ဒီဂျာနယ်လစ် ကမားလ် ကာရှိုဂျီ အသတ်ခံရမှုအတွက် ဆော်ဒီနဲ့ တူရကီတို့အကြား တင်းမာမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီသတ်ဖြတ်မှုကို ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က စီစဉ်တာလို့ အမေရိကန်နဲ့ တူရကီတို့က စွပ်စွဲထားတာပါ။

    မနေ့က သတင်းစာရှင်းလင်းပွဲမှာတော့ အာဒိုဂန်က ဆော်ဒီဟာ တူရကီထုတ် ဒရုန်းတွေကို ဝယ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ပိုင်နက်ပြဿနာရှိနေတဲ့ ဂရိနဲ့ ဆော်ဒီက စစ်ရေးလေ့ကျင့်ဖို့ စီစဉ်ထားတာကိုတော့ အာဒိုဂန်က ရှုတ်ချပါတယ်။

    “ဆော်ဒီဟာ ဂရိနိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်တယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဆီကနေ လက်နက်တပ်ဒရုန်းတွေဝယ်ဖို့ ကမ်းလှမ်းထားတယ်။ ဒီပြဿနာကို အရှုပ်မခံဘဲ အေးအေးဆေးဆေးရှင်းဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”

    ပြီးခဲ့တဲ့နှစ်က ၆ ပတ်တာကြာမြင့်ခဲ့တဲ့ အဇာဘိုင်ဂျန်-အာမေးနီးယားစစ်ပွဲမှာ တူရကီထုတ် Bayraktar TB2 ဒရုန်းတွေက နာမည်ကြီးလာတာပါ။ အာဇာဘိုင်ဂျန်ဟာ အစ္စရေးနဲ့ တူရကီထုတ် ဒရုန်းတွေအပါအဝင် အဆင့်မြင့်နည်းပညာတွေနဲ့ အာမေနီးယားကို အနိုင်ယူခဲ့ပြီး လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေအရင်က ဆုံးရှုံးခဲ့ရတဲ့ နယ်မြေအချို့ကို ပြန်သိမ်းနိုင်ခဲ့ပါတယ်။

    Bayraktar TB2 ဒရုန်းတွေကို ဆီးရီးယားနဲ့ လစ်ဗျားတို့က စစ်ပွဲတွေမှာလည်း အသုံးပြုနေပါတယ်။

    ဆော်ဒီအာရေဗျကတော့ ဒရုန်းထုတ်လုပ်တဲ့ Vestel ကုမ္ပဏီကနေ နည်းပညာဆိုင်ရာ လွှဲပြောင်းသုံးစွဲခွင့် ရရှိထားပြီး ကိုယ်ပိုင်ဒရုန်း ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။

    တူရကီနဲ့ ဆော်ဒီအာရေဗျတို့ဟာ လစ်ဗျားစစ်ပွဲနဲ့ မြေထဲပင်လယ်အရှေ့ပိုင်းက နယ်မြေအငြင်းပွားမှုတွေမှာ ဆန့်ကျင်ဖက်အဖွဲ့တွေကို ထောက်ခံအားပေးနေတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကုန်စျေးနှုန်း ဆက်တိုက်မြင့်တက်နေမှု ပြည်သူများကို ထိခိုက်နိုင်ဟု WFP သတိပေး

    ကုန်စျေးနှုန်း ဆက်တိုက်မြင့်တက်နေမှု ပြည်သူများကို ထိခိုက်နိုင်ဟု WFP သတိပေး

    မတ် ၁၆၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက် စားသောက်ကုန်နဲ့ လောင်စာဆီစျေးနှုန်း မြင့်တက်လာမှုကြောင့် အခြေခံလူတန်းစားတွေအတွက် အခက်အခဲ ဖြစ်လာလိမ့်မယ်လို့ ကုလရဲ့ ကမ္ဘာ့စားနပ်ရိက္ခာစီမံကိန်း WFP က ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီအစပိုင်းကတည်းက ရန်ကုန်မြို့မှာ စားသောက်ကုန်စျေးတွေ ကြီးမြင့်လာခဲ့တာဖြစ်ပြီး စားအုန်းဆီက ၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ WFP က ဆိုပါတယ်။ ဖေဖော်ဝါရီနှောင်းပိုင်းမှာတော့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆန်စျေးက ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

    နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က တစ်ချို့ဒေသတွေမှာ ဆန်စျေးဟာ ၃၅ ရာခိုင်နှုန်းအထိ တက်လာတာမျိုး ရှိနေပြီး အနောက်ဖက် ရခိုင်ပြည်နယ်မှာ ဆီစျေးနဲ့ ပဲစျေးတွေ သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ WFP ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း လောင်စာဆီစျေးနှုန်းက ၁၅ ရာခိုင်နှုန်းမြင့်တက်လာကာ၊ စားသောက်ကုန်စျေးနှုန်းတွေလည်း နောက်ထပ် မြင့်တက်လာနိုင်တယ်လို့ WFP က သတိပေးခဲ့ပါတယ်။

    “ဘဏ်လုပ်ငန်း ရပ်လုနီနီးဖြစ်နေတာ၊ ငွေကြေးလှည့်ပတ်မှု နှေးကွေးသွားတာ၊ ငွေသားထုတ်ယူမှုကို ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ်တာတွေကြောင့် စားသောက်ကုန်နဲ့ လောင်စာဆီစျေးတွေ တက်လာတာပါ”

    WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် စတီဖင် အန်ဒါဆန်က စျေးနှုန်းတွေတက်နေတာဟာ စိုးရိမ်စရာကောင်းပြီး ဒီလို ဆက်ဖြစ်နေတယ်ဆိုရင် အဆင်းရဲဆုံးလူတန်းစားတွေ ဝမ်း၀ဖို့ အလွန်အခက်တွေ့လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနနဲ့ မေးမြန်းမှုကို အာဏာသိမ်းစစ်ကောင်စီက မဖြေခဲ့ပါဘူး။

    WFP ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ မြန်မာနိုင်ငံက လူပေါင်း ၃ သိန်း ၆ သောင်းကျော်ကို ကူညီပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံဟာ တစ်ချိန်က အာရှရဲ့ စပါးကျီလို့ တင်စားခံခဲ့ရပေမယ့် ဗိုလ်ချုပ်ကြီးနေဝင်း ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ဆိုရှယ်လစ်လမ်းစဉ်ကို ဖော်ဆောင်ခဲ့တာကြောင့် အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံအဖြစ်ကို ရောက်ရှိသွားခဲ့ပါတယ်။

    Ref: Reuters

  • “ကာကွယ်ပေးရန် တာဝန်” (သို့) R2P

    ရေးသားသူ- ဦးဦးမှော်ဆရာ

    China map

    ၂၀၀၅ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မျက်နှာစုံညီထိပ်သီးအစည်းအဝေးမှာ တက်ရောက် လာတဲ့ နိုင်ငံခေါင်းဆောင် အားလုံး သဘောတူချမှတ်ခဲ့တဲ့ မူဘောင်တစ်ရပ်ရှိပါတယ်။

    နိုင်ငံအသီးသီးက ကိုယ့်နိုင်ငံသားတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု ၊ လူမျိုးရေးသန့်စင်မှု၊ လူသားဖြစ်မှုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု စတဲ့ ရာဇဝတ်မှုကြီးတွေကနေ ကာကွယ်ပေးရမယ့်တာဝန် ရှိတယ်။ ဒီတာဝန်ရဲ့ဘောင်ထဲမှာ ရာဇဝတ်မှုတွေကို ကာကွယ်တားဆီးဖို့အပြင် ဒီလိုဖြစ်ပွားလာအောင် လှုံ့ဆော်နေတာတွေကိုပါ သင့်လျော်တဲ့နည်းလမ်း၊ လိုအပ်တဲ့နည်းလမ်းတွေနဲ့ ကာကွယ်တားဆီးပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ အစိုးရက ဒီလိုအကြမ်းဖက် သတ်ဖြတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ အကာကွယ်မပေးရင်ဖြစ်စေ၊ ကာကွယ်ပေးနိုင်စွမ်း မရှိတဲ့အခါဖြစ်စေ ဒီလို ကျူးလွန်ခံနေရသူတွေကို ကာကွယ်ပေးဖို့တာဝန်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တာဝန်ဖြစ်သွားပါတယ်။

    ဒီအခါမှာ နိုင်ငံတကာအသိုင်းအဝိုင်းက ကုလသမဂ္ဂမှတဆင့် သက်ဆိုင်ရာအစိုးရကို ပူးပေါင်းပါဝင် ဆောင်ရွက်မယ်။ ဒါပေမဲ့ အစိုးရက ကာကွယ်ပေးဖို့ သိသိသာသာ ပျက်ကွက်တယ်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကုလသမဂ္ဂပဋိဉာဉ်စာတမ်း အခန်း(၇)ပါ မူတွေအတိုင်း ဆုံးဖြတ်ချက်တွေ ထပ်မံ ချမှတ်မယ်..။ ကုလသမဂ္ဂပဋိဉာဉ် အခန်း(၇)ပါ အချက်တွေအရ ကုလသမဂ္ဂမှ တဆင့် သံတမန် လမ်း ကြောင်း၊ လူသားခြင်း စာနာထောက်ထားရေး အကူအညီပေးမှု နဲ့ အခြားငြိမ်းချမ်းတဲ့နည်းလမ်းတွေသုံးပြီး ဒီလိုလူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေကနေ ကာကွယ်ပေးရမယ့်တာဝန် ရှိပါတယ်။

    ဒီလိုလုပ်ဆောင်ရာမှာ ထိရောက်မှု မရှိဘူးဆိုရင်တော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတဆင့်သင့်တော်တဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကိစ္စရပ် တစ်ခုချင်းစီအလိုက် ဆက်လက် လုပ်ဆောင်ပါလိမ့်မယ်။ အဲဒီအဆင့်မှာတော့ နိုင်ငံတော်အစိုးရကို ဒီလိုပဋိပက္ခတွေကို ိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ စွမ်းရည်မြှင့်လာစေဖို့ လုပ်ဆောင်တာတွေ ပါဝင်သလို၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးကို အထူးသံတမန်အဖြစ် စေလွှတ်တာမျိုးလည်း ပါဝင်ပါတယ်။ ဒါက ကနဦးအခြေအနေတွေမှာလုပ်တဲ့ ပုံစံကိုပြောတာပါ။

    ကုလသမဂ္ဂပဋိဉာဉ် အခန်း(၇)ပါ အချက်တွေကို အကျဉ်းချုပ်ဖေါ်ပြရရင် –

    ပိုဒ်ခွဲ(၃၉) – အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ထိခိုက်လာရင် လုံခြုံရေးကောင်စီမှ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ရန်။

    အပိုဒ်ခွဲ(၄၀) – ဒီလိုအရေးယူဆောင်ရွက်မှုတွေကို သက်ဆိုင်ရာအဖွဲ့အစည်း/ပါတီတွေက လိုက်နာမှု ရှိစေရေးကို လုံခြုံရေးကောင်စီက ကြီးကြပ်စောင့်ကြည့်မယ်။

    အပိုဒ်ခွဲ(၄၁) – တကယ်လို့သာ လုံခြုံရေးကောင်စီမှ စစ်ရေးနည်းလမ်းမဟုတ်ဘဲ တခြားထိရောက်နိုင်မယ့် နည်းလမ်းတွေကို တင်ပြလာပါက ဒီနည်းလမ်းတွေ သုံးပြီး လုပ်ဆောင်ဖို့ ကုလသမဂ္ဂမှာတင်ပြမယ်။ ဒီနည်းလမ်းတွေထဲမှာစီးပွားရေးအရ အဆက်အဆံ ဖြတ်တောက်တာ၊ ကြေးနန်းနဲ့စာပို့ လုပ်ငန်း၊ ရေဒီယို နဲ့တခြား ဆက်သွယ်မှု အ၀၀ကို ဖြတ်တော်တာမျိုးအပြင် သံတမန်တွေကို ပြန်ခေါ်တာမျိုးလည်း ပါဝင်ပါတယ်။

    အပိုဒ်ခွဲ(၄၂) – တကယ်လို့ ဒီနည်းလမ်းတွေကလည်း ထိရောက်မှု မရှိဘူးလို့ ယူဆရရင်တော့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြည်း၊ ရေ၊ လေစစ်အင်အားကို အသုံးပြုခွင့်ရှိပါတယ်။

    အပိုဒ်ခွဲ (၄၃) – (၅၁)ထိကတော့ စစ်အင်အားသုံးအရေးယူမှုနဲ့ပက်သက်လို့ ပြောထားတာတွေဖြစ်ပါတယ်။ အဲဒီမှာဘယ်လိုပုံစံနဲ့ အရေးယူမယ်၊ စစ်အင်အား၊ ငွေကြေး၊ လက်နက်ကိရိယာ၊ ကြည်း၊ ရေ၊ လေသယ်ယူပို့ဆောင်ရေး စစ်သုံးယာဉ်၊ လေကြောင်းအသုံးပြုခွင့် .. စတဲ့အသေးစိတ် အချက်အလက်တွေပါ ပါတယ်။ ဒါ့အပြင် နိုင်ငံစုံတပ်ဖွဲ့ကို လက်နက်ကိုင် တန်ပြန် တိုက်ခိုက်မှုနဲ့ ကြုံရပါက မိမိကိုယ်ကို ခုခံကာကွယ်တဲ့အနေနဲ့ (self-defence) တုန့်ပြန် တိုက်ခိုက်ခွင့် ရှိတယ်လို့ ဖေါ်ပြထားတယ်။

    ဒါဟာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးရဲ့သဘောတူညီမှုနဲ့ အတည်ပြုခဲ့တဲ့ မူဝါဒတစ်ရပ်ဖြစ်ပြီး အဲဒီမူဝါဒကို “ကာကွယ်ပေးရန် တာဝန်” (R2P) လို့ ခေါ်ပါတယ်။ အမှန်တော့ ဒီလိုလုပ်ဆောင်သင့်တယ်လို့ ယူဆလာကြတာက၂၀၀၅ ကမှ စခဲ့တာတော့ မဟုတ်ပါဘူး။ အစကတည်းကလည်းကုလသမဂ္ဂပဋိဉာဉ်မှာ ဒီသဘောတရားမျိုး ပါဝင်ပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ `အချုပ်အခြာ အာဏာ´ဆိုတဲ့အယူအဆနဲ့ ထပ်တိုက်ဖြစ်နေတဲ့အတွက် လက်တွေ့ကျင့်သုံးမှုအပိုင်းမှာ အားနည်းခဲ့ပါတယ်။ ဒါပေမဲ့ ရဝန်ဒါမှာဖြစ်ပွားခဲ့တဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေအပြီးမှာတော့ ၁၉၉၅ လောက်မှာ ဒီအယူအဆကို ပိုပြီး အသံကျယ်ကျယ် ပြောလာကြပါတယ်။

    R2P မူအရ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဘယ်လို တာဝန်ယူမှုတွေ ရှိသလဲဆိုတာ ပြန်ကြည့်ရင် အဓိကသုံးပိုင်း တွေ့ရပါတယ်။

    (၁) အဓိကအကျဆုံး ဦးစားပေး တာဝန်က အကြမ်းဖက်သတ်ဖြတ်မှုတွေကနေ ဂျီနိုဆိုက်အဆင့်ထိ မရောက်စေရန် အပြည့်အ၀ ကာကွယ်ပေးဖို့ပဲ ဖြစ်တယ်။

    (၂) အဲဒီပဋိပက္ခတွေက ရပ်တန့်မသွားဘဲ ပိုဆိုးလာမယ်ဆိုရင် တုန့်ပြန်အရေးယူဖို့ တာဝန်ရှိတယ်။ ဒီလို တုန့်ပြန်ဆောင်ရွက်ရာမှာ အနိမ့်ဆုံးအဆင့် ကျူးကျော်ဝင်ရောက်စွက်ဖက်မှုကိုသာ လုပ်ဆောင်နိုင်တယ်။ ဒီလိုစွက်ဖက်ရာမှာ စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းမှုမပါ ပါဘူး။ စစ်အင်အားသုံးပြီး အရေးယူဖြေရှင်းတာ ကိုတော့ လုံးဝဥသုံ လိုအပ်လာတဲ့ (Absolutely necessary) အခါမှသာ ခွင့်ပြုပါတယ်။

    (၃) ဒီလို အရေးယူမှုတွေ လုပ်ဆောင်ပြီးနောက်မှာ ပြန်လည်ထူထောင်ပေးရန် နဲ့ နှစ်ဖက် လူ့အဖွဲ့အစည်းကို ပြန်လည် သင့်မြတ်လာအောင် လုပ်ပေးရန် တာဝန်ရှိတယ်။

    The International Crisis Group က အတိအလင်းဆိုထားတာကတော့ – လူ့အသက်ပေါင်းမြောက်များစွာ သတ်ဖြတ်ခံရခြင်း၊ လူမျိုးရေး သန့်စင်မှုပြုလုပ်ခြင်း၊ အဓမ္မမောင်းနှင်ထုတ်ခြင်း၊ အကြမ်းဖက်ခြင်း နဲ့ မုဒိမ်း ကျင့်တဲ့လုပ်ရပ်ကို လက်နက်သဖွယ်အသုံးချခြင်း .. စတဲ့လုပ်ရပ်ဆိုးတွေကို အစိုးရကိုယ်တိုင်က ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်နေရင် (သို့) ဒီလုပ်ရပ်ဆိုးတွေကို လျစ်လျူရှုထားရင် (သို့)အရေးယူဆောင်ရွက်နိုင် စွမ်းမရှိရင် (သို့) Failed state လို့ခေါ်တဲ့ ကျရှုံးနိုင်ငံအဆင့်ရောက်သွားလို့ တားဆီးထိန်းကွပ်မဲ့သူ မရှိ တော့တဲ့ အခြေအနေမျိုးမှာဆိုရင် .. နိုင်ငံတကာ အသိုင်းအဝိုင်း က ကြားဝင်ဖြေရှင်းမှုတွေ လုပ်လာပါလိမ့်မယ်။ သို့သော်ကျနော် အသေအချာပြောလိုတာက နိုင်ငံတကာမှ စစ်အင်အားသုံးကြားဝင်ဖြေရှင်းမှု (Military Intervention)ကို နောက်ဆုံးရွေးချယ်စရာ နည်းလမ်းအဖြစ်သာ သတ်မှတ်ထားတာဖြစ်ပြီး၊

    အပေါ်မှာပြောခဲ့တဲ့ အခြေအနေတွေ အားလုံးရှိနေတဲ့ အပြင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ကနဦးကြားဝင်ဆောင်ရွက်မှုတွေ တစ်ခုမှ မအောင်မြင်တော့တဲ့ အခါမှသာ ချွင်းချက် မရှိလက်ခံတာပါ။ ဒီအခါမှာ စစ်ရေး အင်အားသုံးကြားဝင်ဆောင်ရွက်ခွင့်ကို တရားဝင်ချမှတ်နိုင်တဲ့ အဖွဲ့အစည်းကတော့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီပဲ ဖြစ်ပါတယ်။

    ၂၀၁၄ ခုနှစ် ဧပြီလတွင် M-Media တွင်ဖော်ခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။

  • တတိယမြောက် ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေးကို အီရန်က လူသားများတွင် စမ်းသပ်

    တတိယမြောက် ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေးကို အီရန်က လူသားများတွင် စမ်းသပ်

    မတ် ၁၆၊ ၂၀၂၁
    M-Media

    -တတိယမြောက် ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေး Fakhravac ကို လူသားတွေမှာ စတင်စမ်းသပ်နေပြီလို့ အီရန်က ကြေငြာပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာနှောင်းပိုင်းမှာ လုပ်ကြံခံလိုက်ရတဲ့ နျူသိပ္ပံပညာရှင် မိုရှန် ဖာကရီဇာဒါကို ဂုဏ်ပြုတဲ့အနေနဲ့ Fakhravac လို့ အမည်ပေးထားတာပါ။ ဖာကရီဇာဒါဟာ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရေးအဖွဲ့တစ်ခုကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

    Fakhravac ကိုဗစ်ကာကွယ်ဆေး လူသားတွေမှာ စတင်စမ်းသပ်ထိုးနှံမှု အခမ်းအနားကို ဒီကနေ့ မြို့တော်တီဟီရန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ကာကွယ်ရေးဝန်ကြီး အမီရန် ဟာတာမီ၊ ကျန်းမာရေးဝန်ကြီး စအီဒ် နာမာကီနဲ့ ဖာကရီဇာဒါရဲ့ မိသားစုဝင်တွေ ဒီအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

    ဖာကရီဇာဒါရဲ့သားဖြစ်သူ ဟာမဒ် ဖာကရီဇာဒါက မိမိဆန္ဒအလျောက် ဒီကာကွယ်ဆေးကို ထိုးနှံခဲ့ပါတယ်။

    အီရန်ရဲ့ ပထမဦးစားပေး ကိုဗစ်ကာကွယ်ဆေးဟာ COVIran Barekat ဖြစ်ပြီး လက်ရှိမှာ အလုံးရေ ၃ သန်းထုတ်လုပ်မှု စတင်နေပြီလို့ အီရန် ကိုဗစ်ကာကွယ်ဆေးစီမံကိန်း Setad ရဲ့ အကြီးအကဲ မိုဟာမက် မွခ်ဘာရ်က ပြောပါတယ်။ အခုနွေရာသီကုန်ရင် အလုံးရေ ၁၅ သန်းလောက် ထုတ်လုပ်ဖို့ အီရန်က စီစဉ်နေပါတယ်။

    ကနဦးစမ်းသပ်မှုတွေအရ Barekat ကာကွယ်ဆေးဟာ ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ အီရန်အာဏာပိုင်တွေက ​ပြောပါတယ်။ တနင်္လာနေ့မှာ အဆင့် ၂ စမ်းသပ်မှု စတင်ခဲ့ပြီး သိပ်မကြာခင်မှာ အဆင့် ၃ စမ်းသပ်မှုနဲ့ပေါင်းကာ နိုင်ငံအတွင်းက လူသောင်းချီကို ထိုးပေးမှာ ဖြစ်ပါတယ်။

    အီရန်ဆေးသုတေသနကုမ္ပဏီ Pasteur Institute of Iran နဲ့ ကျူးဘားနိုင်ငံတို့ ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကိုလည်း လူသားတွေမှာ စတင်စမ်းသပ်ခဲ့ပြီး အလုံးရေ ၁ သိန်း မှာယူခဲ့ပါတယ်။

    နောက်ထပ် အီရန်ဆေးဝါးလုပ်ငန်း Razi Vaccine and Serum Research Institute က ထုတ်တဲ့ Razi COV-Pars ကိုလည်း လူသားတွေမှာ စမ်းသပ်ဖို့ စီစဉ်နေပါတယ်။

    ၂၀၂၀ အစောပိုင်း ကိုဗစ် စတင်ပြန့်နှံချိန်ကစလို့ အီရန်မှာ သေဆုံးသူ ၆၁၀၀၀ ရှိခဲ့တာပါ။ လက်ရှိမှာ နိုင်ငံရပ်ခြားက ကိုဗစ်ကာကွယ်ဆေးတွေကို တင်သွင်းပြီး ထိုးပေးတာမျိုးတွေကိုလည်း အီရန်က လုပ်ဆောင်နေပါတယ်။

    Ref: Aljazeera

  • လှိုင်သာယာစက်ရုံဖျက်ဆီးသူများကို အရေးယူရန်နှင့် လျော်ကြေပေးရန် တရုတ်အစိုးရ တောင်းဆို

    လှိုင်သာယာစက်ရုံဖျက်ဆီးသူများကို အရေးယူရန်နှင့် လျော်ကြေပေးရန် တရုတ်အစိုးရ တောင်းဆို

    မတ် ၁၅၊ ၂၀၂၁
    M-Media

    မတ် ၁၅၊ ၂၀၂၁
    M-Media

    -မနေ့က လှိုင်သာယာမှာ တရုတ်နိုင်ငံပိုင် စက်ရုံတွေ ဖျက်ဆီးခံရမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက်အရေးယူဖို့၊ ပျက်ဆီးမှုအတွက် လျော်ကြေးပေးဖို့ မြန်မာနိုင်ငံကို တိုက်တွန်းတယ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်သတင်းစာ Global Times မှာ မနေ့က ရေးသားလိုက်ပါတယ်။

    တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ စစ်ရုံတွေကို ဆိုးသွမ်းသူတွေက ဖျက်ဆီး၊ လုယက်၊ မီးရှို့ခဲ့ကြပြီး ဒါတွေကို စနစ်တကျ စီစဉ်လုပ်ဆောင်တာလို့လည်း အယ်ဒီတာ့အာဘော်က ရေးပါတယ်။

    ဆိုရှယ်မီဒီယာမှာ တရုတ်စက်ရုံတွေကို တိုက်ခိုက်ဖို့ လှုံ့ဆော်တာတွေရှိပြီး ဒါတွေကို ဥပဒေအရ အရေးယူရမယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံက လက်ရှိအခြေအနေမှာ တရုတ်အစိုးရက ထဲထဲဝင်ဝင် ဝင်ရောက်စွက်ဖက်တာ မရှိဘဲ ဥပဒေအရ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်ရေး အစွမ်းကုန်ကြိုးစားပေးနေကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးနီးပါးကလည်း ဒီလို ရပ်တည်ချက်မျိုးနဲ့ပဲ မြန်မာ့အရေးကို တုန့်ပြန်ဆောင်ရွက်နေကြောင်း ဘယ်အဖွဲ့က အာဏာရရ မြန်မာနိုင်ငံဟာ တရုတ်နဲ့ မိတ်ဖက်ဆက်ဆံရေးကို ထိန်းသိမ်းထားကြောင်း ထည့်သွင်းရေးသားထားပါတယ်။

    ပြီးခဲ့တဲ့လ မြန်မာနိုင်ငံမှာ အခြေအနေ ရုတ်တရက် ပြောင်းသွားပြီးတဲ့နောက် စစ်အာဏာသိမ်းမှုကို ရှုတ်ချဖို့ စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူဖို့ အမေရိကန်က မိမိတို့ကို ပြောခဲ့ပေမယ့် မိမိတို့ရဲ့ ရပ်တည်ချက်နဲ့ မကိုက်ညီတဲ့အတွက် လက်မခံဘူးလို့ ဆိုပါတယ်။

    ဒါ့အပြင် တရုတ်နိုင်ငံဟာ ဒေသအတွင်းမှာ အင်အားအတောင့်တင်းဆုံး တိုင်းပြည်ဖြစ်ပြီး အခြားတိုင်းပြည်တွေ မိမိတို့ပြည်တွင်းရေးကို မိမိတို့ကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်မှုကို အလေးထားကြောင်း၊ ရေရှည်မှာ ဒီမူဝါဒက အိမ်နီးချင်းနိုင်ငံတွေ အချုပ်အခြာအာဏာတည်တံရေးအတွက် အရေးပါကြောင်း Global Times က ထည့်သွင်းရေးသားထားပါတယ်။ မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးဟာ တရုတ်က သူတို့အပေါ် ​အားပေးထောက်ခံတာကို မျှော်လင့်ပေမယ့် တရုတ်နိုင်ငံက မိမိတို့ရဲ့မူဝါဒနဲ့ အကျိုးစီးပွားကို သွတ်သွင်းလိုက်တာမျိုးဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ရေရှည် ဆန္ဒနဲ့ ကိုက်ညီမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ တစ်ချို့လူတွေက တရုတ်နိုင်ငံကို ကြားဝင်ဖြေရှင်းစေချင်ပေမယ့် ဒီအတွက် သူတို့မှာ ဘာအကြောင်းပြချက်မှ မရှိကြောင်း၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြဿနာကို ဖြေရှင်းရေးမှာ တရုတ်နိုင်ငံပိုင်စက်ရုံတွေ ဓားစာခံ လုပ်ခံရတာကို ဘယ်တော့မှ ခွင့်ပြုသွားမှာမဟုတ်ကြောင်းလည်း အယ်ဒီတာ့အာဘော်မှာ ထည့်သွင်းရေးသားထားပါတယ်။

    အာရှတိုက်မှာ ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်ကို မြန်မာနိုင်ငံကလည်း ကျင့်သုံးကြောင်း၊ မြန်မာနိုင်ငံက မတူညီတဲ့ တိုင်းရင်းသားလူမျိုးစုတွေအကြားမှာ ရှုပ်ထွေးတဲ့ ဆန့်ကျင်ဖက်သဘောထားတွေ ရှိပြီး နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရင် မနှစ်မြို့စရာကောင်းတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ကြောင်း၊ တရုတ်နဲ့ မြန်မာနိုင်ငံတို့ နယ်နမိတ်ချင်း နီးကပ်နေတာကြောင့် တရုတ်အစိုးရက မြန်မာပြည်တွင်းရေး ဝင်စွက်ရင် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အိပ်မက်ဆိုးဖြစ်လာမှာဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်သတင်းစာက ထောက်ပြထားပါတယ်။

    လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို တရုတ်က ကြားဝင်ဆောင်ရွက်ပေးစေချင်တဲ့ မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံရဲ့ ရေရှည်အချုပ်အခြာအာဏာကို ထည့်သွင်းစဉ်းစားဖို့ မေတ္တာရပ်ခံကြောင်းလည်း အယ်ဒီတာ့အာဘော်က ဆိုပါတယ်။

    အနောက်နိုင်ငံတွေကိုလည်း Global Times က ဝေဖန်ပြစ်တင်ထားပါတယ်။ လက်ရှိမှာ NLD ပါတီကို ထောက်ခံအားပေးနေတဲ့ အနောက်နိုင်ငံတွေဟာ ရိုဟင်ဂျာကိစ္စမှာ NLD ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာလည်း နိုင်ငံတကာအသိုင်းအဝိုင်းမှာ သိသိသာသာ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာပြည်သူတွေ ပြည်တွင်းပြဿနာကို မိမိတို့ဖာသာ ဖြေရှင်းပိုင်ခွင့်ကို တရုတ်နိုင်ငံက အလေးထားပြီး အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေဘောင်အတွင်းကနေ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့အတွက် အားပေးတယ်လို့ ဆိုပါတယ်။

    တရုတ်နိုင်ငံကို ရည်ရွယ်ချက်ရှိရှိ အသရေဖျက်သူတွေ၊ တရုတ်စက်ရုံတွေကို တိုက်ခိုက်ဖို့ လှုံဆော်သူတွေဟာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံရဲ့ ဘုံရန်သူတွေဖြစ်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးကိုပေးရမယ်လို့ နိဂုံးချုပ်ထားပါတယ်။

    Ref: Global Times