News @ M-Media
Blog
  • ပါလက်စတိုင်းတို့ ဖြစ်ရပ်မှန် ရုပ်ရှင် အော်စကာဆုအတွက် ဆန်ကာတင် စာရင်းဝင်ခဲ့
    ဖေဖော်ဝါရီ ၂၂၊၂၀၁၃
    M-Media
    Palestinian Film Nominated for Oscars
    လန်ဒန်။     ။ အစ္စရေး-ပါလစ္စတိုင်း နယ်မြေခြား စစ်ဆေးရေး ဂိတ်ရှိ နေ့စဉ်ဖြစ်ပျက်မှု အခြေအနေများကို ရိုက်ကူးခဲ့သူ ပါလစ္စတိုင်း ဒါရိုက်တာ သည် အော်စကာဆုအတွက် ဆန်ကာတင် စာရင်းဝင်ခဲ့ပြီး၊ သူ၏ တကယ့်အဖြစ်အပျက်အား ရိုက်ကူးတင်ဆက်မှုသည်  ပထမဆုံးသော ပါလစ္စတိုင်းအဖြစ်မှန် ဇာတ်ကားဖြစ်ပြီး ယခုကဲ့သို့ ဆန်ကာတင် စာရင်းဝင်ခြင်းသည် တိုင်းပြည်အတွက် ဂုဏ်ယူဖွယ်ရာ ပင်ဖြစ်သည်။
    “‘ကျွန်တော်အထင်ကတော့ ဒီဇာတ်ကားဟာ ပါလစ္စတိုင်းတို့ရဲ့တကယ့်အခြေအနေဖြစ်ပြီး နိုင်ငံရေးဇာတ်ကားဖြစ်ပါတယ်” ဟု ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာ Emad Burnat က ဖေဖော်ဝါရီလ (၂၂) ရက်နေ့က BBC သို့ ပြောကြားခဲ့ပါသည်။
    “ဒီဇာတ်လမ်းက ကျွန်တော့်ဘ၀ တကယ့်အဖြစ်အပျက်နဲ့ ပါလစ္စတိုင်းပြည်သူများ၏ တကယ့်လက်ရှိအခြေအနေတွေပါ၊ ဒီရုပ်ရှင်က လူတွေအများကြီးကို ပြောင်းလဲစေပါလိမ့်မယ် ၊ ပြီးတော့ ဒီရုပ်ရှင်ကြောင့် လူတွေလည်း ပြောင်းလဲသွားကြ လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု သူက ဆိုပါသည်။
    Burnat ၏ “Five Broken Cameras” ရုပ်ရှင်သည် ပြီးခဲ့တဲ့ (၈၅) ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် ဆန်ကာတင်စာရင်းဝင် အကောင်းဆုံး ဖြစ်ရပ်မှန်ဇာတ်လမ်းများအနက်မှ တစ်ခု အပါအ၀င်ဖြစ်ခဲ့ပါသည်။
    ဇာတ်လမ်းအကျဉ်း
    နဂိုမူလ ပါလစ္စတိုင်းပိုင် နယ်မြေဖြစ်ပြီး (ယခု အစ္စရေးတို့ မတရားကျုးကျော် သိမ်းပိုက်ထားသော) ဂျော်ဒန်မြစ် အနောက်ပိုင်း ဒေသ West Bank ရှိ အစ္စရေး စစ်ဆေးရေးဂိတ်နှင့် အနီးဆုံးသော Bil’in ကျေးရွာနေထိုင်သူ Burnat သည် (၂၀၀၅) ခုနှစ်မှ စ၍ ဤဖြစ်ရပ်မှန်များအား မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။ပါလစ္စတိုင်းတို့၏ စိုက်ပျိုးရေး ဒေသအား မတရားသဖြင့် တားဆီးကာရံထားပါသည်။  Bil”n ရှိ ပါလစ္စတိုင်းနေထိုင်သူများသည်  ထိုလယ်ယာမြေဒေသ ပြန်လည် ရရှိရေးအတွက် သောကြာနေ့တိုင်း ဆန္ဒပြတောင်းဆိုနေကြပါတယ်။”ကျွန်တော့်သား အငယ်ဆုံးလေးရဲ့ ကလေးဘ၀ကို အစပြုပြီး ဒီဇာတ်လမ်းကို စခဲ့ပါတယ်၊ ပါလစ္စတိုင်း ဆန္ဒပြသူများ ရဲ့ စိုက်ပျိုးမြေပြန်လည်ရရှိရေး လှုပ်ရှားမှုတွေ အားလုံးကို နှစ်ပေါင်းများစွာ ရိုက်ကူးခဲ့ရတာပါ ” ဟု Burnat က ဆိုပါသည်။
    အကျိုးဆက်များ
    Burnat ရိုက်ကူးပြီး နှစ်အတော်ကြာအတွင်း အစ္စရေး ရုပ်ရှင် ဒါရိုက်တာ Guy Davidi နဲ့ ဆက်သွယ်ပြီး ၊ ၄င်းက တွဲဖက်ဒါရိုက်တာအဖြစ် Burnat  အားကူညီခဲ့ပါသည်။
    Burnat ရဲ့ ရိုက်ချက်များသည် တကယ့် ပုံမှန် အဖြစ်အပျက်များအား ရိုက်ပြခြင်းပဲ ဖြစ်ပါသည်။
    ရုပ်ရှင်ထဲမှာ အစ္စရေးတို့၏ ပစ်ခတ်မှုကြောင့် Burnat ရဲ့ အခင်ဆုံးသူငယ်ချင်းအပါအ၀င် ပါလစ္စတိုင်းတွေ အများကြီး သေဆုံးကြပါ သည်။
    “ကျွန်တော့် ကင်မရာ ငါးခုလည်း လက်နက်ကိုင် အစ္စရေးတွေကြောင့် ပျက်စီးကုန်ပါတယ်၊ အစ္စရေးစစ်သား တစ်ယောက်က ကျွန်တော့်ကို အနီးကပ်ပစ်တာပါ၊ ကျည်ဆန်နှစ်တောင့် ဟာဆိုရင် ကင်မရာအိတ်နဲ့ မှန်ဘီလူးကြားထဲမှာပါ၊ ဒီကင်မရာက ကျွန်တော့်အသက်ကို ကယ်လိုက်သလိုပါပဲ ၊ Bil’n ရဲ့ ကျွန်တော့်အိမ် က စားပွဲပေါ်မှာ ကျိုးနေတဲ့ ကင်မရာငါးလုံးရော အဲ့ဒီကျည်ဆန်နှစ်တောင့်ပါ တင်ထားပါတယ် ” ဟု သူက ဆိုပါသည်။
    ဒီဇါတ်လမ်းသည် ဆန်ကာတင်စာရင်း ၀င်နေတာပါ။ အော်စကာဆု ရ သည် ဖြစ်စေ ၊ မရသည်ဖြစ်စေ တကယ့် ဖြစ်ရပ်မှန်များကို ရိုက်ပြနိုင်ခဲ့တာပါ။
    ထို့ကြောင့် ကမာ့္ဘတရားရေးခုံရုံးက နေ ဤ စိုက်ပျိုးမြေဒေသ အား ပါလစ္စတိုင်းဒေသခံများ ပြန်လည်ရရှိရေး အတွက် အစ္စရေးအစိုးရကို ဖိအားပေးနေလျက်ရှိပြီး ယခုလို တရားမ၀င် အတားအဆီး အကာအရံများ အတွက်လည်း သေချာသော လမ်း အမှတ်အသားများ ပြုလုပ်ဖို့ သတ်မှတ်လိုက်ပါပြီ။
    ဒီရုပ်ရှင် ဆန်ကာတင် စာရင်းဝင်ခြင်းသည် ပြီးခဲ့သော နိုဝင်ဘာလအတွင်း ကုလသမဂ္ဂ က ပါလစ္စတိုင်းနိုင်ငံအား လေ့လာသူနိုင်ငံအဖြစ် သတ်မှတ်ပြီးနောက်တွင် ဖြစ်သည်။                    ။
  • အမေရိကန် ကျောင်းသားများအတွက် အစ္စလာမ်အကြောင်း သိကောင်းစရာ သီတင်းပတ် ပြပွဲပြုလုပ်
    ဖေဖော်ဝါရီ ၂၅ ၊ ၂၀၁၃
    M-Media
    GVSU0727_SU_C_^_SUNDAY
    ကိုင်ရို။ ။အစ္စလာမ်သာသနာ၊ အစ္စလာမ့်ယဉ်ကျေးမှုနှင့် ပက်သက်၍ အမေရိကန် ကျောင်းသားများ ပိုမိုသိရှိလာစေရန် အခွင့်အရေးတစ်ခုပေးခြင်းဖြင့် နားလည်မှုလွဲမှားခြင်းများ လွင့်ပျောက်သွားစေရန်အတွက် ‘နားလည် သဘောပေါက်မှု သီတင်းပတ်’(awareness week) တစ်ခုကို အနောက် မီချီဂန်ရှိ ဂရန်းဗာလီ စတိတ်(Grand alley State) တက္ကသိုလ်မှ မွတ်စလင် ကျောင်းသူ၊ ကျောင်းသားများက ဖေဖော်ဝါရီ ၂၅ရက် တနင်္လာနေ့တွင် စတင်ပြုလုပ်ခဲ့သည်။
    “ပတ်ဝန်းကျင်နဲ့ ဆက်သွယ်ဖို့၊ ပြီးတော့ ကမ္ဘာပေါ်ကအကြီးဆုံး ဘာသာတရားကို ကိုယ်စားပြုတဲ့ ကျောင်းသားအုပ်စုအကြောင်း သူတို့ကိုပြောပြဖို့ ဒီ သီတင်းပတ်ဟာ အကောင်းဆုံး ကိရိယာပါပဲ။ နောက်ပြီး မွတ်စလင်ကျောင်းသားများ အစည်းအရုံး (Muslim Students’ Association (MSA)) က ကျောင်းသားတွေဟာ ဆော်ဒီအာရေဗျ၊ ဆီးရီးယား၊ ပါကစ္စတန်နဲ့ အမေရိကန်နိုင်ငံတွေက လာကြတယ်လို့ သိရတာဟာ စိတ်ဝင်စားစရာပါ။” ဟု အဆိုပါတက္ကသိုလ်ရှိ အာရဗီဘာသာစကားနှင့် အစ္စလာမ့်ရေးရာ (Arabic and Islamic studies) ပါမောက္ခဖြစ်ပြီး၊ မွတ်စလင်ကျောင်းသားများ အစည်းအရုံး၏ အကြံပေးဖြစ်သူ ဆီဘက်စတီယန် မိုက်ဆယ် (Sebastian Maisel) က ဆိုသည်။
    ထို သီတင်းပတ်တွင် ကဗျာရွတ်ဆိုခြင်း၊ အစ္စလာမ့်မှပြောသည့် အမျိုးသမီးအခွင့်ရေးနှင့် ပက်သက်သည့် ဟောပြောပို့ချချက်များ အပါအ၀င် ကျောင်းသူ၊ ကျောင်းသားများ အစ္စလာမ်အကြောင်း နားလည်သိရှိမှု တိုးတက်စေရန် ရည်ရွယ်သည့်အစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး ပေါ့ပေါ့ပါးပါး ဖြစ်စေရန် လူရွှင်တော်တစ်ဦးကိုလည်း ဖိတ်ခေါ်ထားသည်ဟု သိရသည်။
    “ဒီအစီအစဉ်တွေ၊ လှုပ်ရှားမှုတွေမှာ တက္ကသိုလ်မှာရှိတဲ့ မွတ်စလင်နိုင်ငံ ပေါင်းစုံက ကျောင်းသူ၊ ကျောင်းသားတွေ အတူတကွ ပါဝင်ဆာင်ရွက်သွားမှာပါ။” ဟု မိုက်ဆယ်က ထပ်လောင်းပြောကြားသည်။
    တရားဝင် စာရင်းကောက်ယူမှုမရှိသော်လည်း အမေရိကန်နိုင်ငံတွင် အစ္စလာမ်ဘာသာဝင် ၆ သန်းမှ ၈ သန်းအထိရှိမည်ဟု ခန့်မှန်းရပြီး အမေရိကန်အများစုမှာ အစ္စလာမ်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်များ အကြောင်း အနည်းငယ်သာသိရှိသည်ဟု စစ်တမ်းများက ဆိုသည်။
    သို့သော်လည်း လူထုဆန္ဒကောက်ယူမှုများအရ အမေရိကန်မွတ်စလင်အများစုမှာ တိုင်းပြည်အပေါ်တွင် သစ္စာစောင့်သိသူများဖြစ်ကြပြီး ၎င်းတို့၏အနာဂတ်နှင့် ပက်သက်၍ အကောင်းမြင်သူများဖြစ်သည်ဟု သိရသည်။
    စစ်မှန်သော အစ္စလာမ်
    အစ္စလာမ်၏ အဓိကမဏ္ဍိုင်များနှင့်ပက်သက်၍ ကျောင်းသူ၊ ကျောင်းသားများ သိရှိစေရန် အထူးဟောပြောပို့ချချက် တစ်ခုကိုလည်း ထို သီတင်းပတ်အတွင်း ပြုလုပ်သွားမည်ဖြစ်သည်။
    “လူတွေအနေနဲ့ အသစ်အဆန်းတစ်ခု ရရှိမယ်လို့ ကျနော်မျှော်လင့်ပါတယ်။ တကယ်လို့ အရင်က အစ္စလာမ်နဲ့ပက်သက်ပြီး ဆိုးရွားတဲ့အတွေးအမြင်တွေ ရှိခဲ့မယ်ဆိုရင် ဒီ အစီအစဉ်က သူတို့ရဲ့စိတ်ကို ပြောင်းလဲနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။” ဟု တက္ကသိုလ် မွတ်စလင်ကျောင်းသားများအစည်းအရုံး၏ ဥက္ကဌဖြစ်သူ ဇီယာနာ ခိုဒေါ(Zeana Khodor) က ဆိုသည်။
    အဆိုပါ သီတင်းပတ်ကို အမေရိကန်ကျောင်းသားများအား အစ္စလာမ်၏ သွန်သင်မှုအစစ်အမှန်များကို မိတ်ဆက်ပေးရန် အခွင့်အရေးတစ်ခုအဖြစ် အစည်းအရုံး၏ အကြံပေး မိုက်ဆယ်က ရှုမြင်လေသည်။
    “ကျောင်းသူ၊ ကျောင်းသားတွေ ဒါမှမဟုတ် လူ့အဖွဲ့အစည်းကလူတွေဟာ ဘယ်လိုမီဒီယာ ပုံစံမျိုးကနေမဆို သတင်းတွေ နားထောင်ရတဲ့အခါ (အဲဒီသတင်းတွေဟာ) အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေ၊ ဗုံးခွဲမှုတွေကို မီးမောင်းထိုးပြပြီး အစ္စလာမ်ကို လိုရာဆွဲပုံ ဖော်ထားတာမျိုးသာ ဖြစ်ပါတယ်။” ဟု ဆိုသည်။
    အစ္စလာမ်နားလည် သဘောပေါက်မှု သီတင်းပတ်က တက္ကသိုလ်ပရ၀ုဏ်အတွင်း မတူကွဲပြားမှုများကို ဖော်ပြရာရောက်မည်ဟု မိုက်ဆယ်က ဆိုသည်။
    “ဒါက အနောက်မီချီဂန်မှာရှိတဲ့ ကျနော်တို့လူ့အဖွဲ့အစည်းဟာ တစ်သားတည်းဖြစ်တယ်ဆိုတဲ့ နားလည်မှုမျိုးရှိတယ်ဆိုတာကို မြင်စေပါတယ်။ ပြီးတော့  ဒီ တက္ကသိုလ်ပရ၀ုဏ်ဟာ အယူဝါဒ ဘယ်လောက်များများကို ကိုယ်စားပြုထားတယ်ဆိုတာ ကျောင်းသားတွေ တအံတသြ သိရှိစေပါတယ်။”
    အမေရိကန်များအကြား အစ္စလာမ်၏ ပုံရိပ်အမှန်ကို ဖော်ပြရန် အမေရိကန် မွတ်စလင်များက လှုပ်ရှားမှုအများအပြားကို ပြုလုပ်ခဲ့ကြသည်။
    မွတ်စလင်အများစု ယုံကြည်လိုက်နာကြသည့် ဂျီဟတ်၏ အဓိပ္ပါယ်အစစ်အမှန်ကို ရှင်းပြသည့် လှုပ်ရှားမှုတစ်ခုကိုလည်း မွတ်စလင်တက်ကြွလှုပ်ရှားသူများက ချီကာဂိုမြို့တွင် ပြုလုပ်ခဲ့ကြသည်။ နောက်ပိုင်းတွင် ထို လှုပ်ရှားမှာ ဆန်ဖရန်စစ္စကိုနှင့် ၀ါရှင်တန် ဒီစီမြို့များသို့လည်း ပျံနှံသွားခဲ့လေသည်။
    Ref: OnIslam
  • ၈၈ ခေါင်းဆောင် ကိုမြအေး တို့အဖွဲ့နှင့် မန္တလေးမြို့ခံ မွတ်စလင်များ တွေ့ဆုံခဲ့ခြင်း။
    ဖေဖော်ဝါရီ ၂၅ ၊ ၂၀၁၃
    မောင်မောင် (ရွှေကရဝိတ်)
    IMG_8377
    ( ၂၁.၂.၂၀၁၃ ) ရက်နေ့က ကိုမြအေး အပါအဝင် ၈၈ ခေါင်းဆောင် လေးဦးနဲ့ မန္တလေးက Edu Zone မှာတွေ့ဆုံဖြစ်ခဲ့ပါတယ်။ တွေ့ဆုံဖို့ ဖိတ်ကြားခံရလို့ သွားလိုက်တာပါ။ ဘာအကြောင်းတွေ ပြောကြမယ် ဆွေးနွေးကြမယ်ဆိုတာ မသိခဲ့ပါဘူး။ ညနေခင်း ဘုရားဝတ်ပြုချိန်နဲ့တိုက်ဆိုင်နေတော့ အခမ်းအနားကို ၁၅မိနစ်လောက် နောက်ကျပြီးမှ ရောက်သွားတဲ့အခါ အခမ်းအနားစတင်ပြီး ကိုမြအေး စကားပြောနေပါပြီ။ အခမ်းအနားဟာ ဘာခေါင်းစဉ်နဲ့ ပြုလုပ်တယ်ဆိုတာ မသိခဲ့ပါဘူး။
    ဒါပေမဲ့ ကိုမြအေးပြောနေတဲ့စကားအရတော့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ လူများစု ဗုဒ္ဓဘာသာ ဝင်များက လူနည်းစု အစ္စလာမ်ဘာသာဝင်များအပေါ် အထင်အမြင် လွဲမှားနေမှုများကို ဖြေဖျောက်-ပပျောက်စေဖို့ – အစ္စလာမ် ဘာသာဝင်တွေ ဘာလုပ်သင့်တယ်ဆိုတာကို လာရောက်ဆွေးနွေးတာလို့ ကျွန်တော် သဘောပေါက်မိပါတယ်။ ကိုမြအေးနဲ့အတူ အခြား ဗုဒ္ဓဘာသာဝင် ၈၈ ခေါင်းဆောင် သုံးယောက်ကလည်း သူတို့ရဲ့အမြင်တွေကို ဝင်ရောက် ဆွေးနွေးတင်ပြကြပါတယ်။
    ဒီနေရာမှာ အခမ်းအနားကိုတက်ရောက်လာသူများမှလည်း ရှုထောင့်ပေါင်းစုံမှ ဝင်ရောက် ဆွေးနွေးကြပါတယ်။ ပြောခဲ့ ဆိုခဲ့ကြတဲ့ အသံဖိုင်တွေ ရှိပေမဲ့ အသေးစိတ်ကို ရေးပြ မနေတော့ပါဘူး။ အဲ့ဒီအခမ်းအနားမှာ ကျွန်တော် ပတ်သက်ခဲ့တာလေးတွေကိုပဲ တင်ပြလိုပါတယ်။ အထက်မှာ ကျွန်တော်တင်ပြခဲ့သလိုပဲ လူနည်းစုတွေက လူများစု အမြင်ကြည်လင် စိတ်တိုင်းကျအောင် ဘယ်လိုနေ သင့်ထိုင် သင့်တယ် ဆိုတာကို ဆွေးနွေးကြတဲ့ပွဲပါ။
    ကိုမြအေးကပြောတယ် “ ဗလီတွေထဲမှာ မြေအောက်ခန်းတွေ၊ စစ်စခန်းတွေရှိတယ် ဆိုတဲ့ စွပ်စွဲပြောဆိုခံနေရ တာတွေကို ကျွန်တော်တို့ဘက်က ရှင်းလင်းရမယ် ” တဲ့။
    မလိုအပ်ပါဘူးခင်ဗျာ – အခုစွပ်စွဲပြောဆိုသလို ဗလီထဲမှာ မြေအောက်ခန်းတွေနဲ့စစ်စခန်းတွေကို တည်ဆောက် ထားတာမျိုး မရှိဘူးဆိုတာ ဗုဒ္ဓဘာသာဝင်တွေ တော်တော်များများ သိကြပါတယ်။ ဗလီတွေကိုဆောက်လုပ်တဲ့ အချိန် ပြင်ဆင်တဲ့ အချိန် ကြွေပြားကပ်တဲ့ အချိန်တွေမှာ ဗုဒ္ဓဘာသာဝင် လက်သမား ပန်းရံတွေနဲ့ပဲ လုပ်ကြကိုင်ကြ ပြင်ကြဆင်ကြတာပါ။ သူတို့တစ်တွေ ဗလီထဲမှာ နေရာအနှံ့သွားလာမြင်တွေ့နေတာပဲ –  ဘာရှိတယ် ဘာမရှိဘူးဆိုတာ လူတိုင်းသိနိုင်တဲ့ ကိစ္စတခုပါ –  သာသနာရေးဦးစီးဌာနကလူတွေ- စည်ပင်သာယာကလူတွေ -ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကလူတွေ – ရဲတပ်ဖွဲ့ဝင်တွေ အားလုံး ဗလီထဲမှာဘာရှိတယ် ဘာမရှိဘူး သိနေကြပါတယ်။ ဒီကနေ့ ဗလီတွေမှာ မြေအောက်ခန်းတွေ စစ်စခန်းလို ပုံစံမျိုးတွေ ဆောက်ထားတယ်တို့ – စစ်သင်တန်းပေးတယ်တို့ ပြောနေတာတွေဟာ မဟုတ်မမှန် မတရား စွပ်စွဲပြောဆိုမှု သက်သက်သာဖြစ်ကြောင်း ထင်ရှားပါတယ်။ ဒီလိုမဟုတ်မမှန် စွပ်စွဲပြောဆိုနေတဲ့ အခြေအမြစ်မဲ့ စကားမျိုးကို အရေးအရာ ထားပြီးဖြေရှင်းနေဖို့ လိုအပ် ပါသလား။ မလိုအပ်ပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူများ – အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ သစ္စာဆိုထား သူများဘက်က ရှင်းကြပါစေ။ လိုအပ်ရင် စွပ်စွဲပြောဆို သူတွေကိုပါခေါ်ယူပြီး ကြိုက်တဲ့ ဗလီထဲကို ဝင်ရောက် စစ်ဆေးနိုင်တာပဲ မဟုတ်လား။ ကျွန်တော်တို့က ဘယ်သူ့ကိုခေါ် ရှင်းပြနေစရာလိုမလဲ –  ကျွန်တော်တို့က ခေါ်ယူရှင်းပြတော့လဲ တရားဝင်မှာလား။
    နောက်တစ်ခု  …..  မွတ်စလင်မ်အမျိုးသမီးများ ခေါင်းမြီးခြုံခြင်း နဲ့အမျိုးသားများ အကျီရှည်ဝတ်ခြင်း၊ မုတ်ဆိတ်ထားခြင်းတွေဟာ မြန်မာ့ဝတ်စား ဆင်ယင်ပုံတွေနဲ့ ကွဲပြားနေခြင်း ဖြစ်ပါတယ် လို့ ကိုမြအေးက အဓိက ဇောင်းပေးပြောဆို သွားပါတယ်။ “ ဒါတွေဟာ လူများစု ဗုဒ္ဓဘာသာဝင်တွေ စိတ်တိုင်းမကျစရာ – အထင်အမြင် လွဲမှားစရာတွေ ဖြစ်နေတဲ့အတွက် မြန်မာပြည်မှာနေရင် မြန်မာလိုပဲ ဝတ်စားသင့်တယ်  ” လို့တင်ပြသွားပါတယ်။
    IMG_8434
    ဒီနေရာမှာ အဲ့ဒီအခမ်းအနားကိုတက်ရောက်လာတဲ့ အစ္စလာမ် သာသနာ့ပညာရှင်လူငယ် မုဖ်သီ အွမ်မာရ် ရဲ့ အလွန်သဘာဝကျစွာ ဆွေးနွေးသွားတာကို တင်ပြလိုပါတယ်။
    “ ကျွန်တော်တို့ အစ္စလာမ်ဘာသာမှာ သီးခြားဝတ်စုံဆိုတာ မရှိပါဘူး – သီးခြားဝတ်စား ဆင်ယင်ရမယ်လို့ သတ်မှတ်ထားတာလည်း  မရှိပါဘူး – သို့သော်လည်း ကျွန်တော်တို့ဟာ ကျွန်တော်တို့ သာသနာရဲ့ ဦးစီးရှေ့ဆောင် မဟာတမန်တော်မြတ်ကို ချစ်ခင်လေးစားကြည်ညိုမှုတွေကြောင့် မဟာတမန်တော်ရဲ့ ဝတ်စား ဆင်ယင်မှုပုံဟန်ကို အတုခိုး ဝတ်ဆင်ကြပါတယ်။ တရားတော်က သတ်မှတ်ပြဌာန်းချက်အရ မုတ်ဆိတ်ထားကြပါတယ်။ ဒီအကျီရှည်ဟာ အိန္ဒိယအမျိုးသားတွေ ဝတ်တဲ့ပုံစံနဲ့သာ တစ်ထပ်တည်းတူနေတာ မဟုတ်ပါဘူး – ရှေးဟောင်း တရုတ်လူမျိုးများ ဝတ်ဆင်လေ့ရှိကြတဲ့ အင်္ကျီနဲ့လည်း ဆင်တူပါတယ် – ဒီအင်္ကျီဟာ မဝတ်မနေရ ပြဌာန်းချက် မဟုတ်ပေမယ့် …. ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ လွတ်လပ်မှု အခွင့်အရေးအရ ကျွန်တော်တို့ဝတ်ဆင်ကြတာ မှန်ပေမယ့် – ကျွန်တော် တစ်ခုမေးလိုပါတယ် -လူများစုနဲ့ပြေပြေလည်လည်ရှိဖို့ အတွက် – ပြဿနာရှာနေတာတွေ စွပ်စွဲပြောဆိုနေတာတွေ ရန်ရှာနေတာတွေ ပြီးသွားမယ်ဆိုရင် ဒီအင်္ကျီတွေကို ကျွန်တော်တို့ စွန့်လွှတ်ပစ်လိုက်ပါ့မယ် –  အစိုးရက အကျီရှည် မဝတ်ရလို့သာ အမိန့်ပေးလိုက်ပါ – နိုင်ငံတော်အစိုးရရဲ့ အမိန့်ကိုနာခံဖို့က ကျွန်တော်တို့သာသနာက သွန်သင်ထားပြီးသားဖြစ်ပါတယ်  ” –  လို့သဘောရတဲ့ စကားတွေပြောသွားခဲ့ပါတယ်။
    ကျွန်တော့်အနေနဲ့တော့ အထက်ကပြောသွားတဲ့ သာသနာ့ပညာရှင် ညီငယ်ရဲ့စကားကို အကြွင်းမဲ့ထောက်ခံ တယ်။ မြန်မာနိုင်ငံမှာ စစ်အစိုးရဟာ နှစ်ပေါင်းများစွာ တိုင်းသူပြည်သားအားလုံးကို ဖိနှိပ်ထားခဲ့တယ်။ဒီအထဲမှာ လူနည်းစု အစ္စလာမ်ဘာသာဝင်တွေဟာ အထူးနှိပ်ကွပ်ခြင်းခံခဲ့ကြရတယ်။ လူတိုင်းရဲ့ရင်ထဲမှာ စစ်အစိုးရကို မခံချင်တဲ့စိတ် – မကျေနပ်တဲ့စိတ် – တော်လှန်လိုတဲ့စိတ် -ပုန်ကန်လိုတဲ့စိတ်တွေ ရှိနေကြတယ်။ ၈၈ အရေးအခင်းကြီးက သက်သေပါပဲ – နိုင်ငံနဲ့အ၀ှမ်း လူမျိုးစုံ ဘာသာပေါင်းစုံဟာ စစ်အစိုးရကို ရတတ်သမျှ နည်းပေါင်းစုံနဲ့ တော်လှန်ရေး ဆန့်ကျင်မှု ၊ ပုန်ကန်မှုတွေ လုပ်ခဲ့ကြတယ်။ အပြင်းအထန် နှိပ်ကွပ်ခြင်းကိုတစ်ပြည်လုံး ခံခဲ့ကြရတယ် – အဲ့ဒီအချိန်မှာ ကိုယ်ထိလက်ရောက် တော်လှန်ရေး မလုပ်နိုင်တဲ့သူတွေ – မလုပ်ရဲတဲ့သူတွေက သူတို့ရဲ့ စစ်အစိုးရအပေါ်ဆန့်ကျင်မှုကို မိမိတို့နဲ့သက်ဆိုင်ရာ ဘာသာရေးအပေါ် လေးစားလိုက်နာခြင်းတွေနဲ့ ပြသကြတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဘုရားတရားဘက်ပိုလိုက်စားလာကြသလို အချို့ကျတော့ သာသနာ့ဘောင်ဝင်ပြီး သင်္ဃန်းစည်းသွားကြတယ်။ ထိုနည်းတူစွာပဲ အစ္စလာမ်ဘာသာဝင်တွေ ဘာသာရေးဘက်ကို ပိုမိုချဉ်းကပ်သွားကြတယ်- အကျီရှည်တွေဝတ်လာကြတယ် – ဘာသာရေး အရ မုတ်ဆိတ်တွေထားလာကြတယ်။ အဓိကကတော့ စစ်အစိုးရဆန့်ကျင်ရေးစိတ်ကနေ မြစ်ဖျားခံလာတာပါဘဲ။ ဒီဖက်ခေတ်မှာရောက်တဲ့အခါကျမှ အမြင်တွေစောင်းပြီး အပြစ်တင်စရာတွေ ဖြစ်သွားတာကတော့ ဝမ်းနည်းစရာပါ။
    နောက်တစ်ခုရှိတာက –  စစ်အစိုးရလက်ထက်မှာ တိုက်ပုံအကျီဝတ်တဲ့ မြန်မာလိုနေတဲ့ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေကို ဘာလှုပ်ရှားမှုမှ ခွင့်မပြုခဲ့ဘူး။ အံ့သြစရာကောင်းတာက အကျီရှည်ဝတ် မုတ်ဆိတ်ထားပြီး လှုပ်ရှားတဲ့ အဖွဲ့အစည်းကိုတော့ လုပ်ပိုင်ခွင့်တွေအများကြီးပေးခဲ့တာ ထင်ထင်ရှားရှားတွေခဲ့ရတယ်။ တိတိကျကျပြောရရင် တဗလိဂ် လို့ခေါ်တဲ့  အပတ်စဉ်- လစဉ်-နှစ်စဉ် ခရီးထွက်ပြီး သာသနာရေးကျင့်ကြံတဲ့ အဖွဲ့ကို အထူးအခွင့်အရေးတွေ ပေးခဲ့ကြတယ်။ ကြိုက်တာလုပ်ကြ – တိုင်းနဲ့ပြည်နယ် ကြိုက်တဲ့နေရာမှာ အခမ်းအနားတွေလုပ်ကြ- လူတစ်သိန်း နှစ်သိန်း စုချင်တယ် ဆိုလည်း စုကြ။ ခရီးတွေသွားလာနိုင်ဖို့ ရထားလက်မှတ်တွေကို ပါမစ်တွေနဲ့အစုလိုက် အပြုံလိုက် ရောင်းပေးတယ် – ကျန်တဲ့ ပုံမှန် နေ့စဉ်ခရီးသွားတွေ ဒုက္ခရောက်ကြတယ် ။ အဲ့ဒီတော့မှ … တွေ့လား ၊ ဒီကုလားတွေကြောင့် မင်းတို့ဒုက္ခရောက်ရတာ – ကုလားတွေ ဘယ်လို အခွင့်အရေးယူသလဲ ကြည့်ကြ။ မြန်မာပြည်ကို ဒီလိုကုလားတွေ အများကြီးရောက်လာပြီး – ကုလားပြည်ဖြစ်သွားလိမ့်မယ် – ဆိုတဲ့စကားလုံးတွေနဲ့ အမျိုးသားရေးဝါဒအပေါ် မှားယွင်းတဲ့အမြင်တွေ – အတွေးတွေ ဝင်သွားအောင် နှိုးဆွပေးခဲ့တယ်။ ဒါကို အဲ့ဒီအဖွဲ့ကလူတွေကလည်း နားမလည်ကြဘူး မသိတတ်ကြဘူး မမြင်ကြဘူး – တွေ့တယ်မဟုတ်လား ငါတို့လုပ်ရပ် – ငါတို့လမ်းစဉ် မှန်ကန်နေလို့ စစ်အစိုးရ ကတောင် ခွင့်ပြုရတယ် ဆိုပြီး စိတ်ကြီးဝင်ကုန်ကြတယ်။
    စစ်အစိုးရက မြန်မာပြည်သူပြည်သားအချင်းချင်း အိုးမည်းသုတ် သွေးခွဲနေတာကိုတော့ မမြင်ကြဘူး။ အဲ့ဒီအဖွဲ့ဝင်တွေဟာ ကျန်တဲ့ ဘာသာဝင်တွေကို မဆိုထားနဲ့၊ အစ္စလာမ်ဘာသာဝင်အချင်းချင်းနဲ့တောင် အနေအထိုင် အပြောအဆို ဝတ်ပုံစားပုံတွေ၊ အပြုအမူတွေ ကွာဟကုန်တယ်။ သူတို့အဖွဲ့ကလွဲပြီးတော့ ကျန်တဲ့ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေ လှုပ်ရှားမှု လုပ်ခွင့် မပေးတော့ – လူ့သဘောသဘာဝအရ လှုပ်ရှားပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းထဲကို လူတွေစုပြုံရောက် လာကြပါလေရော – လူမျိုးတိုင်း – ဘာသာတိုင်းမှာ ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူလဲရှိတယ် – စည်းကမ်း ရှိသူတွေ ရှိသလို စည်းကမ်းမဲ့သူတွေလည်း ရှိတယ် – ယဉ်ကျေးသိမ်မွေ့တဲ့သူတွေရှိသလို  အပြောအဆို အနေအထိုင်ကအစ မိုက်ရိုင်းတဲ့သူတွေလည်း ရှိကြတာပဲ။ ဒီလိုနဲ့ လှုပ်ရှားခွင်းရတဲ့အဖွဲ့ အုပ်စုထဲမှာ လူစုံတက်စုံ ပါလာတော့တယ်။ အချို့အချို့သောသူတွေရဲ့ တွေးခေါ်မျှော်မြင်မှု အားနည်းတာ – ဆင်ခြင်တုံတရား မရှိတာတွေကြောင့် ယဉ်ကျေးမှုခြင်း ထိပ်တိုက်တွေ့ကုန်တယ် – ဘာသာအချင်းချင်း သဟဇာတ မဖြစ်တာတွေ ပွင့်ထွက်ပေါ်ပေါက်လာရတယ်။ ကျွန်တော်မြင်တာကတော့ ဒီပြဿနာဟာ ခေတ် – စံနစ်ရဲ့ ပြဿနာပါ၊
    ဒီကနေ့ ပွင့်လင်းလွတ်လပ်လာတာသာ တကယ်မှန်မယ်ဆိုယင်  ကျွန်တော်တို့ ပြည်သူတွေအားလုံး ပုံမှန်ဖြစ်သွားမှာပါဘဲ။ ရွေးချယ် လှုပ်ရှားစရာ အဖွဲ့အစည်းတွေလည်း ပေါများလာပါလိမ့်မယ် – တစ်နေရာထဲ စုပြုံနေတာ လျော့ပါးသွားပါလိမ့်မယ်။ မိမိတို့ အပြုအမူ အလေ့အကျင့် တစ်ခုကြောင့် မိမိတို့နဲ့အတူ တစ်မြေတည်းနေ – တစ်ရေတည်းသောက် -အေးအတူ ပူအမျှ နေထိုင်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထဲမှာ ဘယ်လိုထင်မြင်ရတယ် -ဘယ်လိုခံစားနေရတယ် ဆိုတာတွေကို သိလာကြရင် – နားလည်လာကြရင် – အချင်းချင်းထိန်းကျောင်းမှုနဲ့ အားလုံး အဆင်ပြေသွားကြမှာပါ။ လက်ရှိအချိန်မှာတော့ ဒီအခြေအနေတွေကို နားလည်သဘောပေါက်အောင် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများ မှ ပုဂ္ဂိုလ်တွေအနေနဲ့ တဗလိဂ် အဖွဲ့ရဲ့ တာဝန်ရှိသူတွေကို ရှင်းလင်းဖျောင်းဖျသင့်ပါတယ်။ ကျွန်တော်ကတော့ ဒီပြဿနာဆိုတဲ့ဟာကို ဖြေရှင်းဖို့ ဒီလောက်လေးပဲ လုပ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။
    နောက်တစ်ခု ကိုမြအေး တင်ပြတာက- “ ဗလီတွေကနေ- ဗုဒ္ဓဘာသာမြန်မာ အမျိုးသမီးများကို လက်ထပ်ယူကြဖို့ဆော်သြတယ် – ဆရာဝန်သမီးယူရင် ဘယ်လောက် – စစ်ဗိုလ်သမီးယူရင် ဘယ်လောက် ထောက်ပံ့မယ်ဆိုတာတွေဟာ လုံးဝ မဟုတ်မမှန်တဲ့အတွက် မဟုတ်မမှန်ကြောင်း အများကို ရှင်းလင်းပြရမယ် ”  လို့ပြောပါတယ်။
    ဒီလိုမဟုတ်မမှန် စိတ်ကူးပေါ်ရာ ရမ်းသန်း စွပ်စွဲတိုင်း – အခြေအမြစ်မဲ့ အပြစ်တင်တိုင်း လိုက်ရှင်းနေရရင် – ဒီလို ရှင်းရတဲ့ အလုပ်ကို တစ်သက်လုံးလုပ်လို့ပြီးမှာ ဟုတ်တော့ပါဘူးဗျာ။ ဒီစကားဟာ တရားမဝင် ဖြန့်ချိနေတဲ့ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး စာအုပ်  “အမျိုးပျောက်မှာ စိုးကြောက်စရာ ” ထဲက စကားလုံးတွေပါ။ ကျွန်တော်တို့ရဲ့ညီအစ်ကိုတော်တွေက ဆိုရှယ်မီဒီယာမှာရော – ပုံနှိပ်မီဒီယာပေါ်မှာပါ အကြိမ်ကြိမ်ရှင်းပြီးသား – ခြေခြေမြစ်မြစ်ရှင်းထားပြီးသားတွေပါ – ဘာမှနောက်ထပ်ပြောနေရမယ့် ကိစ္စ မဟုတ်ပါဘူး။
    အဲ့ဒီနောက်တော့ ကိုမြအေးက အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ ဗုဒ္ဓဘာသာဝင်များနဲ့ပူးပေါင်းပြီး – နိုင်ငံတော် တည်ဆောက်ရေးတွေမှာ တက်တက်ကြွကြွ ပါဝင်ကြဖို့ – နိုင်ငံတော် ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူဖြစ်အောင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားဖို့ မှာကြားပါတယ်။ ပြဿနာကို မီးထွန်းရှာနေတဲ့သူတွေဟာ လူနည်းစုကလေးသာ ဖြစ်ပါတယ် – ရဟန်းသံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေအများစု ဟာ ငြိမ်းချမ်းစွာနေလိုကြတဲ့ သူတွေဖြစ်ကြပါတယ် ဆိုတဲ့အကြောင်း ပြောပြသွားပါတယ်။
    သိတာပေါ့ဗျာ – ငြိမ်းငြိမ်းချမ်းချမ်းနေလိုကြတဲ့ ရဟန်းသံဃာတွေ – လူပုဂ္ဂိုလ်တွေအများစုရှိနေလို့သာ ဒီတိုင်းပြည်ကြီး ဒီလိုအေးအေးချမ်းချမ်းနေလို့ရနေတယ်ဆိုတာကို ကျွန်တော်တို့ သိပ်သိတာပေါ့။ ကျွန်တော်တို့ မန္တလေးမှာ အစ္စလာမ်ကို ဘက်ပေါင်းစုံကနေ ပြဿနာရှာနေတဲ့ ဆရာတော် တစ်ပါတည်း ရှိလို့သာပေါ့ – များများ မဟုတ်ဘူး – အဲ့ဒီဆရာတော်လိုမျိုး သုံးပါးလောက် ရှိကြည့်လိုက် -မန္တလေးမြို့ ပျက်သွားတာကြာလှပြီ။ ကျွန်တော်တို့က သဘောထားပျော့ပြောင်းတဲ့ ထေရ်ကြီးဝါကြီး သံဃာတော်ကြီးများထံ ချဉ်းကပ်သြဝါဒခံပြီး ဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးရေးကိုဆောင်ရွက်နေသလို ၊ အစ္စလာမ်ဘာသာအပေါ်မှာ သဘောထားတင်းမာပါတယ် ဆိုတဲ့ ဆရာတော်ဦးဝီရသူ တို့လို ဆရာတော်ကြီးများနဲ့လည်း ဘာသာပေါင်းစုံချစ်ကြည်ရေး – ငြိမ်းချမ်းရေးတွေ လုပ်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လုပ်တဲ့ အခမ်းအနားတွေဟာ – ကျွန်တော်တို့လုပ်တဲ့ အစီအစဉ်တွေဟာ – ဒေသခံ တာဝန်ရှိသူတွေရဲ့ တားဆီးခြင်းကို ခံရပါတယ် – တစ်ခါတစ်ရံ တားဆီးတာထက်ဆိုးတာက ….. ပွဲမိန့်ပေးပြီး အချိန်နီးကပ်ကာမှ ပါမစ် ပြန်ရုပ်သိမ်းတာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေဟာ ပြဿနာကို ထပ်ဆင့်ပွားများလာအောင် မကြီးကြီးလာအောင် ဖော်ဆောင်သလိုဖြစ်နေပါတယ်။
    ဒီနေရာမှာ စောစောက ဆွေးနွေးတင်ပြသွားတဲ့ သာသနာ့ပညာရှင် မုဖ်သီ အုမ်မာရ် ရဲ့စကားလေးကို ပြန်ကိုးကားချင်ပါတယ်။ “ဆရာကြီးဦးရာဇတ် – ဆိုပြီး မြန်မာနိုင်ငံသမိုင်းမှာ ပြောင်မြောက်စွာ ပေါ်ထွက်လာတာဟာ -ဗိုလ်ချုပ်အောင်ဆန်း လို ခေါင်းဆောင်ကောင်းရှိလို့” ဆိုတဲ့စကားပါ။ သိပ်ကို မှန်ကန်တဲ့စကားပါ။ လူတစ်ယောက် – ပုဂ္ဂိုလ်တစ်ဦးရဲ့ အစွမ်းအစကို ပြနိုင်ဖို့ဆိုတာဟာ လုပ်ပိုင်ခွင့် – လုပ်နိုင်ခွင့် ရှိဖို့ လိုအပ်ပါတယ်။ ဆရာကြီးဦးရာဇတ်ဟာ သူတိုင်းပြည် အပေါ်မှာ စေတနာရှိသလောက် – သူ့ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် -တိုင်းပြည်ကိုချစ်နိုင်ခွင့်ကို ဗိုလ်ချုပ်အောင်ဆန်း လို ခေါင်းဆောင်က ပေးခဲ့လို့သာ – ဒီအခွင့်အရေး ရခဲ့တာပေါ့။ စစ်အစိုးရခေတ် ဗိုလ်ချုပ်ကြီးတွေလိုမျိုး ဆိုရင် ဆရာကြီးဦးရာဇတ် ဘာမှလုပ်ပိုင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ကိုမြအေးတို့အဖွဲ့ကို ကျွန်တော့် အတွေ့အကြုံလေးတင်ပြဖြစ်ပါတယ်။
    လွန်ခဲ့တဲ့ ၁၆-၂-၂၀၁၃  ရက်နေ့က မြမန္တလာဟိုတယ်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းတို့နဲ့ တွေ့ဆုံခွင့်ရခဲ့တုန်းက အပြန်အလှန်ပြောဆို ဖြစ်ခဲ့တာလေးတွေကိုပါ။ ဝန်ကြီးဦးအောင်မင်းကို ကျွန်တော်က ယနေ့မြန်မာနိုင်ငံထဲမှာ ပြန့်ပွားနေတဲ့ (Hate Speech) တွေကို တားမြစ် ပေးဖို့ တင်ပြခဲ့ပါတယ်။ မဟုတ်မမှန် လုပ်ကြံစကားတွေ – မဖွယ်မရာစွပ်စွဲချက်တွေနဲ့ အမုန်းတရားတွေဟောပြော ဖြန့်ဝေနေတာတွေကို နိုင်ငံတော်အစိုးရက တားဆီးပေးသင့်ပါတယ် -နိုင်ငံတော် မဟာသံဃာ့နာယက ဆရာတော်ကြီးများကို ဒီဟောပြောချက်တွေကို ဟန့်တားပေးပါမည့်အကြောင်း လျှောက်ထားသင့်ပါတယ် – လို့ပြောလိုက်တော့ …….. ဝန်ကြီးဦးအောင်မင်းရဲ့အဖြေက ကျွန်တော့်ကို တော်တော် အံ့အားသင့်သွားစေခဲ့ပါတယ်။
    ဝန်ကြီးဦးအောင်မင်းအဖြေပေးခဲ့တာက  “ဟုတ်တယ် – မွတ်စလင်နိုင်ငံတွေက ကျွန်တော်တို့ကို ပရက်ရှာတွေ တော်တော်ပေးတယ်။ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် မရှိဘူးဆိုပြီးတော့  တဲ့။ ကျွန်တော် ပြန်ပြောလိုက်တယ်  —  ဆူးလေ ဘုရားနားကို လာကြည့်ပါ – ဘုရားရယ် – ဗလီရယ် – ချာ့ခ်ျရယ် – ဘာသာစုံတွေရဲ့ကျောင်းဂန်တွေ တစ်နေရာထဲမှာ – အေးအေးချမ်းချမ်းတည်ရှိနေနိုင်တာဟာ ဘယ် နိုင်ငံမှာရှိလဲ – ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲ ဒါမျိုးရှိတယ် – ခင်ဗျားတို့နိုင်ငံမှာ ကျွန်တော် ဘုရားလာတည်မယ်-  ရမလား လို့ ပြန်မေးလိုက်တယ်  ” တဲ့ ခင်ဗျား။
    ကျွန်တော်တင်ပြတာကတခြား – သူဖြေတာက တလွဲ။ ကျွန်တော် တော်တော်စိတ်ပျက်သွားမိတယ်။ ဒါနဲ့ ကျွန်တော်လည်း ဝန်ကြီးကို ပြန်လည် ရှင်းလင်းတင်ပြမိတယ်။
    “ဝန်ကြီးဦးအောင်မင်းခင်ဗျား ။ ကျွန်တော်ပြောတဲ့စကားအဓိပ္ပါယ်ကို ဝန်ကြီးသဘောမပေါက်ဘူးထင်ပါတယ်။ ကျွန်တော်ပြန် ရှင်းပြပါရစေ —- ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာ  အစ္စလာမ် ဘာသာကိုဆန့်ကျင်တဲ့ စာရွက်စာတမ်းတွေဟာ ဆိုရှယ်မီဒီယာမှာရော – ပုံနှိပ်မီဒီယာမှာပါ ပျံ့နှံနေပြီး တရားပွဲတွေမှာ ဟောပြောနေတာတွေအထိ တွေ့နေရပါတယ်  ”  ဆိုတော့ ဝန်ကြီးက “  မရှိပါဘူး ” တဲ့ဗျာ။ ကျွန်တော်က  “ ဟာ – ဝန်ကြီးရယ်။ ရှိပါတယ်ခင်ဗျာ ။ လူသိရှင်ကြားပါ။ ဂျာနယ်တွေထဲမှာပါပါတယ် ။ ကရင်ပြည်နယ်မှာ၊ မွန်ပြည်နယ်မှာ၊ တာချီလိတ်မှာ၊ ဧရာဝတီတိုင်းမှာ နေရာအနှံ့ ထင်ထင်ရှားရှားဖြစ်နေတာပါ- ရန်ကုန်မြို့လည်ခေါင်မှာ  တရားပွဲတွေလုပ်ပြီး ဟောပြောနေသလို – မန္တလေးမှာလဲ မြို့အနှံ့ မွတ်စလင်မ်ဆန့်ကျင်ရေးစာရွက်စာတမ်းတွ ဝေနေပါတယ် ” ဆိုတော့ ဝန်ကြီးဦးအောင်မင်းက လက်ခံလိုပုံ မရပေမဲ့ ဝန်ကြီးဦးစိုးသိန်းက “ဟုတ်ပါတယ်။ ဖြစ်နေပါတယ် ” လို့ လှမ်းပြောလိုက်တော့မှ မငြင်းတော့ပါဘူး။ ဒါနဲ့ ကျွန်တော်က ဆက်ပြီးတော့ “ ဒီကိစ္စတွေကို သက်ဆိုင်ရာ တာဝန်ရှိသူများကနေ တားဆီးပေးစေချင်ပါတယ် –ီစာရွက်တွေဝေတာ တရားတွေဟောတာဟာ  ကျွန်တော်တို့အတွက်တော့ ပြဿနာမရှိပါဘူး –  ကျွန်တော်တို့ အရေထူနေပါ ပြီ။  ကျွန်တော်တို့မှာ ငြိမ်းချမ်းစွာနေလိုကြတဲ့ ရဟန်းသံဃာတွေ – လူထုတွေ အများကြီးရှိနေပါတယ် ။  ဒါပေမဲ့ ဒီဟောပြောချက်တွေ – ကြော်ငြာချက်တွေဟာ မြန်မာပြည်ထဲတင် ပျံနှံ့ကုန်တာမဟုတ်ပါဘူး။ နိုင်ငံတကာ မီဒီယာတွေကတဆင့် – အင်္ဂလိပ်ဘာသာပြန်ပြီး တစ်ကမ္ဘာလုံးကို ပြန့်ပွားနေပါတယ်။ ဒီလိုတစ်ကမ္ဘာလုံးကို ပျံ့ကုန်တော့ မွတ်စလင်မ်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် (ဘာသာရေး လွတ်လပ်ခွင့်မရှိဘူးလို့)ဝေဖန်  –  ဒီလိုပြောဆိုဝေဖန်တော့ – မင်းတို့မွတ်စလင်မ် နိုင်ငံတွေက တို့နိုင်ငံကိုဖိအားပေးတယ် ဆိုပြီး ကျွန်တ်ာတို့ မွတ်စလင်မ်တွေကိုပဲ ပြန် အပြစ်မြင် –  ဖြစ်ရလို့ပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ပုံရိပ်ကိုလည်း ထိခိုက်စေတဲ့ကိစ္စမို့ပါ  ”  လို့  ရှင်းပြတောင်းဆိုခဲ့ရပါတယ်။
    ဒါပေမဲ့လည်း  ဝန်ကြီးများဖက်ကနေ တတ်နိုင်သမျှ တားဆီးဟန့်တားပေးပါ့မယ် ဆိုတဲ့ အဖြေ မရခဲ့ပါဘူး။ အဆိုပါ ကိစ္စတွေဟာ လွတ်လပ်တဲ့ သတင်း မီဒီယာခေတ် ရောက်လာလို့ပဲ ဖြစ်ရသယောင်ယောင် ….. ဒါတွေကို တားဆီးလိုက်ရင်ပဲ မီဒီယာ လွတ်လပ်ခွင့်ကို ထိပါးသွားတော့မယောင်ယောင် ပြောကြားသွားခဲ့ပါတယ်။ “  သူတို့က Hate Speech  တွေပြောရင်  ခင်ဗျားတို့ဖက်က Love Speech တွေ များများပြောပေါ့ဗျာ။ ခင်ဗျားတို့ ပြောခွင့်ရဖို့ ဝန်ကြီးချုပ် ဦးရဲမြင့်ကိုလည်း တင်ပြပေးပါ့မယ်” ဆိုတာလောက်ပဲ အဖြေရခဲ့ပါတယ်။ တကယ်ဆိုရင် လွတ်လပ်စွာပြောဆိုခွင့်  ဆိုတာထဲမှာ-ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိပါးဆန့်ကျင်ပြောဆိုလို့ မရပါဘူး။ အခုလို ဘာသာရား တစ်ခုခုကို မုန်းတီးလာအောင်- မဟုတ်မမှန် စွတ်စွဲပြောဆိုရေးသားဟောပြောမှုတွေဟာ ဖွဲ့စည်းပုံအခြခံဥပဒေကို ဆန့်ကျင်နေတာ အထင်အရှားပဲ ဖြစ်ပါတယ်။ တာဝန်ရှိသူ အစိုးရအနေနဲ့ မဖြစ်မနေ ဟန့်တား အရေးယူရမယ့်ကိစ္စသာ ဖြစ်ပါတယ်။ ကျွန်တော်တင်ပြတောင်းဆိုတဲ့အထဲမှာ အရေးယူဖို့ မပါပါဘူး။ ဒါပေမယ့် ဝန်ကြီးမင်းများက ဘာမှ လုပ်မပေးခဲ့ပါဘူး။ လုပ်ပေးပါ့မယ် လို့လည်း ကတိမပေးခဲ့ပါဘူး။
    အဲ့ဒီတော့ ကိုမြအေးတို့အဖွဲ့နဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ  ကျွန်တော်က ဒီအဖြစ်အပျက်ကို ထောက်ပြပြီးတော့ …  “ငြိမ်းချမ်းရေး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ကြိုးပမ်းအား ထုတ်တဲ့ နေရာမှာ – လူနည်းစုတွေ အားထုတ်တာထက် – လူများစုက အားထုတ်တာ ပိုမို ထိရောက်ပါတယ်။ ဒါကြောင့် လူများစုကလည်း ကြိုးပမ်း အားထုတ်ကြဖို့လိုအပ်ပါလိမ့်မယ်။ ဒီလိုပါပဲ – တိုင်းသူပြည်သားတွေက ကြိုးပမ်းအားထုတ်တာထက် – အစိုးရကိုယ်တိုင်က ကြိုးပမ်းအားထုတ်တာ ပိုမိုထိရောက်ပါတယ်။  ကြိုးပမ်းအားထုတ်ဖို့ အစိုးရမှာ အဓိက တာဝန်ရှိနေပါတယ်။
    ကိုမြအေးတို့အဖွဲ့ဟာ အစိုရအဖွဲ့ဝင်လူကြီးများကို လက်လှမ်းမှီပါတယ်၊ အစိုးရအဖွဲ့ဝင်တွေကို Educate လုပ် ပေးကြပါ။ တာဝန်ရှိတာတွေကို ပြောပြပေးကြပါ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့မြို့/နယ်မှာ ကျွန်တော်တို့ အတိုင်းအတာနဲ့  ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးရေး လုပ်ငန်းရပ်တွေကို ယခင်ကလည်း လုပ်ဆောင်ခဲ့ပါတယ် – လက်ရှိလည်း ကြိုးစားနေကြသလို – သဟဇာတ အဖွဲ့ကြီးကို လူမျိုးစုံ ဘာသာစုံပါဝင်ပြီး ဖွဲ့စည်းနိုင်ဖို့အတွက် ဆရာတော်ကြီးများသြဝါဒ ခံယူလျက် ပြင်ဆင်နေကြပါတယ်။ နောက်နောင်လည်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်  ” လို့ တင်ပြဖြစ်ခဲ့ပါတယ်။
    ** မောင်မောင် (ရွှေကရဝိတ်) ၏ FB စာမျက်နှာတွင် ဖော်ပြချက်ကို ခွင်ပြုချက်တောင်းခံပြီး M-Media တွင်ဖော်ပြပါသည်။
  • လူ့အခွင့်အရေး ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုညီညီမှ ဦးကိုကိုကြီးကို ဝေဖန်
    ဖေဖော်ဝါရီလ ၂၅ရက်၊၂၀၁၃
    M-Media
    သတင်း- ဇာဇာလှိုင်
    ဖေဖော်ဝါရီလ ၂၃ရက်နေ့က ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ငြိမ်းချမ်းမူ တည်ဆောက်ရေးကွန်ရက် (P.C.N) ကို ဖေဖော်ဝါရီလ(၁)ရက်နေ့၊၂၀၁၃ခုနှစ်က စတင်ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။
     ပြည်ထောင်စူ မြန်မာနိုင်ငံသားများ၏ စွမ်းရည်တည်ဆောက်မူ (Capacity Building)၊ ပညာရေး နှင့်ဘ၀နေထိုင်မူ အဆင့်အတန်းမြှင့်တင်ပေးရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုဖွား အချင်းချင်း ချစ်ကြည် ရင်းနှီးသော ဆက်ဆံမူများ တည်ဆောက်ရန်ဖြစ်ကြောင်း၊တရားဥပဒေ စိုးမိုးရေး၊တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်တူ အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည်။
    အဆိုပါ ကွန်ရက်တွင် အတက်ပညာရှင်၊အသိပညာရှင်များ ၊IT ပညာရှင်များ စသည့်တို့က ညီညွှတ်ရေးကို ဦးတည်စေမည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ရှေ့ရူမည့် သူတွေအားလုံးမှ ၎င်းငြိမ်းချမ်းမူ တည်ဆောက်ရေး ကွန်ရက်ကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    လုပ်ငန်းစဉ်များမှာ လူမူစီးပွားရေး(Social Economy)၊ လူ့အခွင့်အရေး(Human Rights)၊သတင်းနှင့် ပြန်ကြားရေး (Information and Media)၊ ပညာရေး(Education) စသည့် ခေါင်းစဉ်များ ပါဝင်ကြောင်း သိရသည်။
    HJ-NyiNyi
    ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံးပြန်လည် ပြုပြင်ပေးရန်အတွက် တကိုယ်တော် ဆန္ဒပြနေသည့် လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေး လှုပ်ရှားသူများ ကွန်ရက်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုညီညီ (ဇန်နဝါရီလ ၈ ရက် ၂၀၁၃)
    Photo Credit => myanmarmuslim.net
    အဆိုပါ  အခမ်းအနားသို့ တက်ရောက်လာသူများထဲမှ ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်သော ကိုညီညီအား လူ့အခွင့်အရေးနှင့် ပတ်သက်၍ M-Media မှ မေးမြန်းဖြစ်ခဲ့ပါသည်။
    “၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအ၀င် ဒီမိုကရက်သစ် အင်အားစု အချို့က ခေါင်းဆောင် အချို့က လူ့အခွင့်အရေး၊ အများစုအခွင့်အရေး၊ လူနည်းစု အခွင့်အရေး တော်တော်လေး အားနည်းတယ်။လူ့အခွင့်အရေးသာ မရှိဘူးဆိုရင် ဦးကိုကိုကြီး အပါအ၀င် ဘယ်သူမှ ခေါင်းဆောင်ဖြစ်လာမှာ မဟုတ်ပါဘူး။စစ်အာဏာရှင်ရဲ့ ဖိနှိပ်မူ ယန္တရား အောက်မှာ လူ့အခွင့်အရေးကသာ အကာအကွယ် မပေးခဲ့ဘူးဆိုရင် ယနေ့ဖြစ်ပေါ်နေတဲ့ ဦးကိုကိုကြီးဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ အာဏာရှင် ယန္တရားအောက်မှာ ၀ါးမျိုခြင်းကို ခံရမှာ ဖြစ်တယ်”
    “တစ်ကမ္ဘာလုံးက စံအဖြစ်သတ်မှတ်ထားတဲ့ လူ့အခွင့်အရေးကို မျက်ကွယ်ပြုပြီး ခေတ်မမှီတော့တဲ့ အစွန်းရောက် အမျိုးသားရေး ၀ါဒကိုပဲ သွားမယ်ဆိုလို့ရှိရင် ဦးကိုကိုကြီး အနေနဲ့ ကမ္ဘာသမိုင်းမှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့တဲ့ အာဏာရှင် ရာဇ၀တ်သားတွေနဲ့ အတူတူပဲ ဖြစ်မှာပဲ”
    “ရခိုင်အရေးကိစ္စနှင့် ပတ်သက်ပြီး ဦးကိုကိုကြီးရဲ့ ရပ်တည်ချက်က ကျွန်တော်ကြားဖူးတဲ့ တရုတ် ပုံပြင်လို ဖြစ်နေပြီ။အဲဒီ ပုံပြင်လေးက တစ်ခါတုန်းက တရုတ်ပြည်မှာ ရှိတဲ့ ဘုရင်တစ်ပါးက နဂါးကို အရမ်းချစ်တယ်။ဘုရင်ကြီး ပြောတဲ့ စကားတိုင်းမှာ နဂါးကို ဘယ်လို ချစ်တဲ့အကြောင်း၊ဘယ်လို တန်ဖိုးထားတဲ့ အကြောင်း၊နဂါးနဲ့ ပတ်သပ်တဲ့ ပုံတိုပတ်စ၊ကဗျာ၊လင်္ကာများကိုလည်း ရွတ်ဆိုလေ့ရှိတယ်။သူ့ ပန်းခြံထဲ၊သူ့အိမ်ထဲမှာလဲ နဂါးရုပ်၊ခန်းစီးလိုက်ကာ ကအစ နဂါးရုပ်တွေနဲ့ အလှဆင်ထားတယ်။တစ်နေ့ ဘုရင်ကြီးရဲ့ နန်းတော်ထဲကို တကယ့် နဂါးအစစ် တစ်ကောင် ၀င်လာတယ်။အဲဒီအခါကြတော့ သူ့ရဲ့ အိမ်ဖန်စောင့်တွေက “ငါတို့ ဘုရင်ကြီးက နဂါးကို အရမ်းချစ်တယ်၊သူက နဂါးနဲ့ ပတ်သပ်လာရင် အရမ်းတန်ဖိုးထားတယ်၊အဲဒါကြောင့် ငါတို့ ဘုရင်ကြီးဆီ နဂါးကို လွှတ်ပေးလိုက်မယ်”ဆိုပြီး လွှတ်ပေးလိုက်ကြတယ်။နဂါးက ဘုရင်ကြီး အိပ်ခန်းထဲကို ၀င်သွားတဲ့ အချိန်မှာ ဘုရင်ကြီးက ဆောက်တည်ရာမယ့် ကြောက်လန့်တကြား အော်ဟစ်ပြီး ဒီနဂါးကြီးကို သတ်ပစ်ဖို့ အစောင့်တွေကို ခေါ်တယ်။ “ဘုရင်ကြီးက အရမ်းချစ်တယ်လို့ ခဏခဏပြောတဲ့အတွက်ကျွန်တော်တို့ လွှတ်ပေးလိုက်တာပါ” လို့ပြန်လျှောက်တင်ကြတယ်။ ဘုရင်ကြီးက“ငါက အရုပ်ကိုပဲ ချစ်တာ၊တကယ့် အစစ်ကို ချစ်တာ မဟုတ်ဘူး၊အခု ချက်ချင်း သတ်ပစ်လို့ အမိန့်ပေးလိုက်တယ်”
    “တစ်ချိန်တုန်းက လူ့အခွင့်အရေးကိုပဲ တန်ဖိုးထားကြောင်း တဖွဖွ ပြောခဲ့တဲ့ ဦးကိုကိုကြီးဟာ အခု လူ့အခွင့်အရေးနှင့် ပက်ပင်းတိုးတဲ့ အချိန်ကြတော့မှ လူ့အခွင့်အရေးက အရေးမကြီးတော့ဘူး အမျိုးသားရေး အမြင်နဲ့ တပ်မတော်နှင့် ပူးပေါင်းပြီး တိုက်ဖျက်ရမယ် ဆိုတော့ ဦးကိုကိုကြီးတို့ လူ့အခွင့်အရေးကို တန်ဖိုးထားတယ်၊ချစ်တယ် ဆိုတာ ပုံပြင်ထဲက ဘုရင်ကြီးလိုပါပဲလား လို့သတိရမိပါတယ်။ ဦးကိုကိုကြီးက ဒီမိုကရက်တစ်လား? နေရှင်နယ်လစ်လား? ဆိုတာလေး တစ်ခုပဲမေးချင်ပါတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။
  • သာကေတ ဘာသာရေး စာသင်ကျောင်းနှင့် ပတ်သက်၍ ပြည်တွင်းမီဒီယာ အချို့မှ သတင်းမှားများ ဖော်ပြခဲ့
    ဖေဖော်ဝါရီလ ၂၅ရက်၊၂၀၁၃
    M-Media
    သတင်း-  ဇာဇာလှိုင်
    the voice
    သာကေတမြို့နယ်၊၃ရပ်ကွက် ရန်ပြေ ဘာသာရေးစာသင်ကျောင်းနှင့် ပတ်သက်၍ ပြည်တွင်းမီဒီယာအချို့မှ တစ်ဘက်သတ် သတင်းအမှားများ ဖော်ပြခဲ့ကြောင်း၊ ဗလီဆောက်လုပ်နေသည်ဟူ၍ လည်းကောင်း၊ ဆိုရှယ်မိဒီယာများတွင် စာသင်ကျောင်းတွင် မြေအောက်ခန်း တည်ဆောက်နေသည်ဟု လုပ်ကြံဝါဒဖြန့်သည်များကိုလဲ တွေ့ရှိခဲ့ရပါသည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ သတင်းမှန် သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။
    • ဦးသန်းတင်(နာယက)        -၀၉ ၇၃၀၁၅၄၁၈
    • ဦးလှရွှေ (ဥက္ကဌ)        -၀၉ ၄၉၂၅၃၁၉၄
    • ဦးတင်ဝင်း(အတွင်းရေးမှူး)    -၀၉ ၄၅၀၀၂၃၇၇၈
    wontarnu
    မြေအောက်ခန်းဆိုတာ မဟုတ်ကြောင်း၊ ဗလီဆောက်တယ်ဆိုတာ မဟုတ်ကြောင်း သတင်းအမှားဖြစ်ကြောင်း ဆရာတော် ဦးပဏ္ဏ၀ံသကိုယ်တိုင် စာနယ်ဇင်းသမားများကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်းသတင်းဖတ်ရန်။  http://goo.gl/2vUQOE
    13224_207135972766170_1069192109_n