News @ M-Media

Blog

  • လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွါးစေရန် လုပ်ကြံမှုများ ဖန်တီးခွင့် မပြုသင့်

    ဖေဖော်ဝါရီ ၂၇ ၊ ၂၀၁၃
    M-Media

    Amb. Ufuk Gokcen နှင့် ဘန်ကီမွန်း
    Amb. Ufuk Gokcen နှင့် ဘန်ကီမွန်း

    အစ္စလာမ့်ရေးရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ Organization of Islamic Cooperation – OIC ရဲ့ ကမ္ဘာ့ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်နဲ့သံအမတ်ဖြစ်သူ Amb. Ufuk Gokcen က ဒီလိုထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

    “  ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခ လုပ်ရပ်တွေဟာ လူများစု ဗုဒ္ဓဘာသာဝင်နဲ့လူနည်းစု မွတ်စ်လင်မ်တွေအကြား ဘာသာရေးထိပ်တိုက်တွေ့မှု မဟုတ်ဘ၊ဲ ရိုဟင်ဂျာ လူနည်းစုဆီကိုသာရှေ့ရှုနေတဲ့ မကျေနပ်ချက်၊ အငြိုးအာဃာတ အကျိုးဆက်လို့ဆိုပြီး ကျွန်တော့် အမြင်ဖြစ်သွားခဲ့ရတယ်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ကမန် မွတ်စ်လင်မ် အိမ်ခြေများကို ဦးတည်ဖျက်ဆီးမှု၊ ကရင်ပြည်နယ် အတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီးတွေရဲ့ မွတ်စ်လင်မ် ဆန့်ကျင်ရေး လှုံ့ဆော်ချက်တွေကို ကြားလိုက်ရချိန်မှာ အရေးပေါ်အခြေအနေရောက် လာတော့မလားဆိုပြီး ကျွန်တော် စိုးရိမ် ပူပန်သွားခဲ့တယ်။ အဲ့ဒီနောက် ရန်ကုန်မြို့ရဲ့ မွတ်စ်လင်မ် ဘာသာရေး ကျောင်းငယ်တစ်ခုကို ဗုဒ္ဓဘာသာဝင် အယောက် ၃၀၀ က တိုက်ခိုက်ဖျက်ဆီးတဲ့သတင်း၊ အပတ်စဉ်ထုတ်ဂျာနယ် တစ်စောင်ကနေ ဘုန်းကြီးတစ်ပါးရဲ့ မီးလောင်ရာလေပင့် ကြုံးဝါးချက် သတင်းတွေ ထပ်မံ ရရှိလိုက်တဲ့အခါမှာတော့ ကျွန်တော့်ရဲ့ ကနဦးကောက်ချက် အပေါ် ပြန်လည် သုံးသပ်ဖို့ ဖြစ်လာရပါပြီ  ”

    ဒီလိုဖြစ်ရပ်မျိုးက မြန်မာတစ်နိုင်ငံတည်း ဖြစ်နေတာ မဟုတ်ပါဘူး။ လတ်တစ်လောကာလ သီရိလင်္ကာမှာလည်း အစွန်းရောက် ဗုဒ္ဓဘာသာဝင်တို့ရဲ့ Bodu Bala Sena ပါတီက မွတ်စ်လင်မ်ဆန့်ကျင်ရေးဖြစ်လာအောင် စည်းရုံး လှုံ့ဆော်ဆန္ဒပြနေကြတယ်။ အဲ့ဒီဆန္ဒပြသူတွေ ကိုင်စွဲထားတဲ့ ဆောင်ပုဒ်နဲ့ကြွေးကြော်သံတွေက အစွန်းရောက် ရခိုင်ဗုဒ္ဓဘာသာဝင်တွေအသုံးပြုခဲ့ကြတဲ့ အသုံးအနှုန်းနဲ့ တစ်ထပ်တည်းဖြစ်နေပါတယ်။ “ မွတ်စ်လင်မ် အကြမ်းဖက်သမားတွေက ဗုဒ္ဓဘာသာဝင် လူမျိုးတွေအပေါ် ခြိမ်းချောက်မှုတွေ လုပ်နေကြလို့ ဘုန်းကြီးတွေအနေနဲ့လည်း တိုက်ခိုက်ဖို့ အသင့် ရှိနေကြပြီ  ” ဆိုတဲ့ အဓိပ္ပါယ်လမ်းကြောင်းပါဘဲ။

    ”  Buddhist Fury: Religion and Violence in Southern Thailand.  – ဆိုတဲ့အမည်နဲ့ Michael K. Jerryson ရေးခဲ့တဲ့ စာအုပ်က ကျွန်တော့်ကို တော်တော် စိတ်ဝင်တစားဖြစ်စေခဲ့တယ်။ အဲ့ဒါက ထိုင်းနိုင်ငံတောင်ပိုင်း ဘာသာရေး-နိုင်ငံရေး ရောထွေး ပဋိပက္ခထဲ ပါဝင်ခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများရဲ့ အခန်းကဏ္ဍအကြောင်း ဖြစ်ပါတယ်။ အဲ့ဒါနဲ့ ကျွန်တော်က ကမ္ဘာ့တစ်ဝှန်းမှာရှိတဲ့ ဗုဒ္ဓဘာသာ ထိပ်တန်းခေါင်းဆောင်တစ်ချို့ဆီကို အိတ်ဖွင့်ပေးစာတစ်စောင်ရေးပို့ပြီး၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စ်လင်မ်တွေအပေါ် ဆန့်ကျင် အကြမ်းဖက်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ မေတ္တာတရားရှေ့ထားစေလိုကြောင်း နဲ့သူတို့သဘောထား အမြင်တွေ ဖော်ပြပေးဖို့ တိုက်တွန်းခဲ့ပါတယ်။  အခြေအနေ ရှုပ်ထွေးလာတာနဲ့အမျှ အဲ့ဒီ ဗုဒ္ဓဘာသာ ခေါင်းဆောင်များက ငြိမ်းချမ်းရေးနဲ့စာနာရေး ဖိတ်ခေါ်သံတွေကို အဲ့ဒီနိုင်ငံတွေထဲက ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းတွေဆီ ဆက်လက် ပို့ဆောင်သွားကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ ” လို့ သူက ပြောပြပါတယ်။

    မွတ်စ်လင်မ်တွေဟာ လူနည်းစုသာဖြစ်နေလင့်ကစား မြန်မာ၊ ထိုင်း နဲ့ သီရိလင်္ကာမှာရှိတဲ့ ဗုဒ္ဓအစွန်းရောက်အားလုံးက မွတ်စ်လင်မ်တွေကို မိမိတို့နိုင်ငံသား အစိတ်အပိုင်း တစ်ရပ်အဖြစ် မပါဝင်အောင် ဆန့်ကျင်ပယ်ချသွားဖို့ အတွေးအခေါ် ၀င်နေကြပါတယ်။ လူနည်းစု မွတ်စ်လင်မ်တွေကို ၀ိုင်းကြဉ်ဖို့ကြိုးစားနေကြတဲ့  လူငယ်ပိုင်းတွေလည်း ပါဝင်နေတဲ့ အဲ့ဒီ ဖယ်ထုတ်ရေး ၀ါဒီတွေကြောင့် အစွန်းရောက် အင်အားစုကို တန်ပြန်ဆန့်ကျင်ဖို့လို မလိုဆိုတာ စဉ်းစားကြဖို့ အချိန်တန်ပါပြီ။ အနောက်အာဖရိက ကနေ အရှေ့တောင်အာရှအထိ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းများအပေါ် ခြိမ်းချောက်မှုတွေ ကြီးထွားနေရတဲ့အဓိကအချက်ကို သုံးသပ်ကြဖို့ အရေးကြီးနေပါပြီ။

    မြန်မာနိုင်ငံကပြဿနာကိုကြည့်ယင် ရခိုင်ပြည်နယ်အတွင်း အစုလိုက်အပြုံလိုက် ဖျက်ဆီးသောင်းကျန်းမှုကြောင့် မွတ်စ်လင် ဒုက္ခသည်ပေါင်း တစ်သိန်းနှစ်သောင်းအထိ ကြောက်ခမန်းလိလိ ထွက်ပေါ်ခဲ့ရတယ်။ သို့တိုင်အောင် မြန်မာအစိုးရကတော့ မဆိုစလောက် လုံခြုံရေးကိုသာ ပေးခဲ့ပြီး၊ ယခုအချိန်အထိ ပြဿနာရဲ့မူလဇစ်မြစ်ကို မထုတ်ဖော်သေးပါဘူး။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းအနေနဲ့လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ၊ အချင်းချင်းပြန်လည် သင့်မြတ်ရေးဖော်ဆောင်ပေးမှုတွေကို ပြည့်ပြည့်၀၀ လုပ်ခွင့် မပေးခဲ့ကြပါဘူး။

    ကမ္ဘာ့ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomás Ojea Quintana က မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၁၆ ရက်မှာ ရောက်ရှိခဲ့တယ်။  ရခိုင်ပြည်နယ် ပဋိပက္ခပြဿနာ မီးတောက်ဟာ မြန်မာနိုင်ငံရဲ့အခြားသော ဒေသတွေဆီကိုလည်း ကူးစက်တောက်လောင်နေပြီ။  မြန်မာနိုင်ငံထဲက လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်ကို အမြစ်လှန်ပြီးပြုပြင်ပြောင်းလဲဖို့ မဖြစ်မနေ လိုအပ်နေပြီလို့ နောက်ဆုံး အနေအထားကို သူက လေ့လာသုံးသပ်ခဲ့ပါတယ်။ လူ့အဖွဲ့အစည်းဝင်တွေထဲမှာ ဒေါသ၊ အာဃာတ၊ အယုံအကြည် ကင်းမဲ့မှု၊ စိုးရိမ်ပူပန်မှု အစရှိတဲ့ ခံစားချက်တွေကို  တွေ့မြင်ရကြောင်း သတိပေးခဲ့ပါတယ်။ ဒီအခြေအနေပေါ်မူတည်ပြီး လူ့အဖွဲ့အစည်းခေါင်းဆောင်များ အကြား အပြန်အလှန်လေးလေးစားစား ဆွေးနွေးအဖြေရှာရေး၊ ပညာရေး နဲ့ ပြည်တွင်း မီဒီယာတွေရဲ့ကျင့်ဝတ်သိက္ခာ ကဏ္ဍများအပေါ် အထူးအလေးထားဖို့လိုတယ်လို့လည်း ပြောဆို လိုက်ပါတယ်။ မွတ်စ်လင်မ် ဒုက္ခသည်စခန်းတွေဆီ လူသားချင်းစာနာမှု အထောက်အပံ့ ပြည့်ပြည့်၀၀ရောက်ရှိရေး ပြဿနာ ရှိနေကြောင်း၊   မွတ်စ်လင်မ် ဒုက္ခသည် စခန်းတစ်ချို့မှာ ဆေးဝါးကုသထောက်ပံ့ရေး မဆောင်ရွက်နိုင်အောင် ဗုဒ္ဓဘာသာဝင် ရခိုင်အသိုင်းအ၀ိုင်းများက  ခြိမ်းချောက်တာ အနှောင့်အယှက်ပေးတာကိုလည်း နိုင်ငံတကာနဲ့ပြည်တွင်း ကျန်းမာရေး ၀န်ဆောင်ပေးသူများက ရင်ဆိုင်နေရကြောင်း  ထောက်ပြပြောဆိုလိုက်ပါတယ်။

    မြန်မာအစိုးရက ပြည်တွင်းအစွန်းရောက်သမားတွေရဲ့အသံကိုနားယောင်ပြီးတော့ OIC ရဲ့ကြားဝင်ကူညီမှုကို လက်မခံလိုက်တာဟာ – ရိုဟင်ဂျာမွတ်စလင်မ်နဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး နှစ်ဖက်စလုံး ရရှိခံစားကြရမယ့်   –  OIC အဖွဲ့ဝင်နိုင်ငံတွေ၊ NGO အဖွဲ့တွေရဲ့ လူသားချင်းစာနာ ထောက်ပံ့မှုများကို ပစ်ပယ်ရာရောက်သွားခဲ့ပါတယ်။

    မစ္စတာ ကင်တာနား၊  HRW လို လူ့အခွင့်အရေးအဖွဲ့တို့ရဲ့အရေးပေါ်အစီရင်ခံစာများ ထွက်နေခဲ့တဲ့တိုင် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက E.U., U.S. နဲ့ ASEAN အဖွဲ့ဝင်တွေအတိုင်း မြန်မာပြည်အပေါ်ပိတ်ဆို့ရေးလျှော့ချဖို့ကိုသာ ဆန္ဒရှိနေကြတယ်။ ဒါဟာ ရိုဟင်ဂျာနဲ့အခြား လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေက မြန်မာနိုင်ငံတွင်း ဒီမိုကရေစီဖော်ဆောင်ရေးအတွက် မိမိတို့ရဲ့တိုက်တွန်းကြိုးပမ်းနေမှု ၊ ပြီးတော့ မိမိတို့ရဲ့စီးပွားရေးဈေးကွက်ချဲ့ထွင်ခြေကုပ်ယူမှု ကို ပျက်ပြားသွားစေနိုင်တယ် လို့ အချို့က တွက်ဆထားကြလို့ဖြစ်ပါတယ်။

    ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှာပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရမယ့် ထိပ်ဆုံးနိုင်ငံအဖြစ် စုံညီစွာ ဆုံးဖြတ်ခဲ့တယ်။ ဒါ့အပြင် ညီလာခံထုတ်ပြန်ချက် ၂၂ ပိုဒ်မှာ ၃ ပိုဒ်က ကုလသမဂ္ဂရဲ့စိုးရိမ်မကင်းမှုကို ဖော်ပြထားခဲ့ပါတယ်။

    မြန်မာနိုင်ငံထဲမှာ မကြုံစဖူးအပြောင်းအလဲတွေကတော့ အချိန်တိုအတွင်း မြေကြီးလက်ခတ်မလွဲ ဖြစ်ပေါ်လာမှာပါ။ ဒါပေမယ့် ရိုဟင်ဂျာလူမျိုးစုရဲ့ ကိစ္စအပါအ၀င် လူအခွင့်အရေးစိန်ခေါ်ချက်အများအပြားအတွက် အဖြေမထွက်သေးတာ အမှန်ပါဘဲ။ မြန်မာနိုင်ငံပေါ်ထားရှိတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ကြိုးရှည်ရှည်လှန်ဝါဒ ဘယ်လိုလဲဆိုတာ အချိန်က အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။

    Ref:http://www.huffingtonpost.com/amb-ufuk-gokcen/formation-of-buddhist-muslim-fault-line-should-not-be-allowed_b_2774240.html

  • “ခင်ဗျားတို့ ပြောတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး” (ကဗျာ- M-Media Blog ကဏ္ဍ)

    မတ်လ-၃၊ ၂၀၁၃
    M-Media
    အိမ်ဝေးသူ (KZ)
    zz

    ပြည်သူလူထု အလိုချင်ဆုံးက
    ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ရွှေနိုင်ငံတော်ကြီး
    ခင်ဗျားတို့ ပေးနေတာတွေက
    အဆုံးမသတ်နိုင်သေးတဲ့ လူမျိုးရေး ပဋိပက္ခ…။

    ပြည်သူလူထု မျှော်မှန်းနေတာက
    စည်းလုံးညီညွတ်တဲ့ မြန်မာနိုင်ငံတော်ကြီး
    ခင်ဗျားတို့ သယ်ဆောင်လာတာက
    တိုက်ပုံဝတ် လူသတ်သမားများရဲ့ မင်းမဲ့စရိုက်…။

    ပြည်သူလူထု တမ်းတနေတာက
    ထမင်းရေ ချောင်းစီး၊ မောင်းတီးပြီးလှူနိုင်စွမ်းတဲ့ တိုင်းပြည်
    ခင်ဗျားတို့ မီးမြှိုက်ပေးနေတာက
    လယ်သမားတွေကို ထမင်းတစ်နပ်ပဲ စားကြပါစေဆိုတဲ့ ဆင်းရဲမွဲတေမှု…။

    ပြည်သူလူထု လိုချင်တာက
    ဝိဇ္ဖ၊သိပ္ပ ပညာရပ်တွေ ထွန်းကားတဲ့ ခေတ်မှီ နိုင်ငံတော်
    ခင်ဗျားတို့ အလကား ဝေနေတာက
    အနာဂတ်သေဆေးနဲ့ မျှော်လင့်ချက်ပျောက်ဆေး…။

    ပြည်သူလူထု ငံ့လင့်နေတာက
    လူမျိုးစုံ ချစ်ကြည်ရေးနဲ့ အတူယှဉ်တွဲ နေထိုင်ရေး
    ခင်ဗျားတို့ လှုံ့ ဆော်နေတာက
    ပြည်သူလူထု ပြိုကွဲပျက်စီးရေးနဲ့ ရာသက်ပန်နာလန် မထူနိုင်ရေး…။

    ပြည်သူလူထုရဲ့ အိပ်မက်က
    တည်ကြည်ပြီး ဂုဏ်သိက္ခာသမာဓိနဲ့ ပြည့်စုံတဲ့ သမ္မတစနစ်
    ခင်ဗျားတို့ လုပ်ဆောင်နေတာက
    အဂတိတရားပြန်ပွားရေးနဲ့ လာဘ်ပေးလာဘ်ယူ ထွန်းကားရေး…။

    အကြောက်ဆိုတဲ့ တရားတစ်ခုနဲ့ 
    ကျောသပ်ထားချင်တဲ့
    လူယောင်ဆောင်ထားတဲ့ ဝံပုလွေတစ်အုပ်ကြောင့်
    ကျုပ်တို့ ပြည်သူတွေရဲ့ 
    မသေနိုင်သေးတဲ့… အတိတ်ဆိုးတွေ
    မသေသင့်သေးတဲ့…ပစ္စုပ္ပုန်တွေနဲ့ 

    အသေစောတဲ့…အနာဂတ်တွေအတွက်
    ငိုချင်းချရုံကလွဲလို့ …ဘာများလုပ်နိုင်ဦးမှာလဲ
    ငိုချင်းချရုံကလွဲလို့ ….ကျုပ်တို့ဘာများတတ်နိုင်ဦးမှာလဲဗျာ…။။။

     

    အိမ်ဝေးသူ (KZ)

  • လတ်တလော မငြိမ်မသက်မှုတွေ အပေါ် ရွှေဝါရောင် ဆရာတော် ဦးဇင်း ဂျောင်းဂျောင်းရဲ့ အမြင်

    မတ်လ ၂ရက်၊ ၂၀၁၃
    M-Media

    Ashin Issariya
    ဟိန္ဒူဘာသာဝင်များရဲ့ ဒေပါဝါလီနေ့ အခမ်းအနားတွင် ဦးဇင်းဂျောင်းဂျောင်းအား ဟိန္ဒူခေါင်းဆောင်များနှင့် အတူတွေ့ရစဉ်
    Photo Credit- Ashin Issariya FB

    ယနေ့ဖြစ်ပေါ်နေတဲ့ မငြိမ်မသက်မှုတွေ နဲ့ပတ်သက်ပြီး ဆရာတော်ဦးက္ကုဿရိယ (ဦးဇင်း ဂျောင်းဂျောင်း)  ရဲ့အမြင်ကို M-Media မှ သွားရောက်မေးမြန်း လျှောက်ထား ခဲ့ပါတယ်။

    “ဒီကိစ္စတွေ ဖြစ်ပေါ်လာတာဟာ တရားဥပဒေစိုးမိုးမှု မရှိသေးလို့ဖြစ်တယ်။ အခုချိန်မှာ မှားတဲ့လူအပေါ်လည်း အရေးမယူနိုင်သေးဘူး။ ဒီကနေ့ မွတ်စလင်တွေကို လုပ်တာမပြောနဲ့ ဧရာဝတီတိုင်း မအူပင်မြို့ နယ် မလက်တိုကျေးရွာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကိုတောင် ဆူပူအကြမ်းဖက်သူတွေက ပြန်လုပ်နေတဲ့ အနေထားမှာရှိတယ်။ တရားဥပဒေစိုးမိုးရေး တာဝန်ကိုယူထားတဲ့ရဲကို လုပ်သွားတဲ့လူတွေကိုတောင် အခုထိ အရေးမယူသေးပါဘူး။ မြန်မာတိုင်းရင်းသား လူမျိုးအချင်းချင်း အခုလိုဖြစ်နေတာတွေကိုလည်း ဒီတိုင်းကြည့်နေတာလို့ မြင်ပါတယ်။

    အခြားနိုင်ငံတွေမှာ ဒီလိုလုပ်လို့ရလား၊ ဟိုလိုလုပ်လို့ရလားလို့ မပြောပါနဲ့ ဒီနိုင်ငံက ဘာသာပေါင်းစုံ မှီတင်းနေထိုင်တဲ့ နိုင်ငံပါ။ တရားဥပဒေတွေရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း နည်းတာကိုတွေ့ရတယ်။ ဆူပူမှုတွေမှာ ပါဝင်တဲ့ သံဃာတော် အနည်းစုဟာ အတုတွေလား အစစ်လား ဆိုတာပြောရခက်ပါတယ်။ ဦးဇင်း အနေနဲ့ ပြောချင်တာ တစ်ခုကတော့ ဆူပူအုံကြွမှုတွေကို အရေးယူတာမျိုး မလုပ်ဘူးဆိုရင် တစ တစ နိုင်ငံနဲ့ တစ်ဝှမ်း ရောင့်တက်လာပြီး ဆူပူအုံကြွမှုတွေ ဖြစ်လာနိုင်ပါတယ်။ ၈၈ တုန်းကလို မလွှဲရှောင်သာလို့ အာဏာပြန်လည် လွှဲပြောင်းရယူလိုက်ရပါတယ် ဆိုပြီး အခုလက်ရှိ အရပ်သားအစိုးရကနေ စစ်တပ်က အာဏာရယူပြီး နောက်ကြောင်းပြန်လှည့် သွားမယ်ဆိုရင် တိုင်းပြည်အတွက် ဘယ်လောက် နှစ်နာလိုက်မလဲ ဆိုတာကို အားလုံးစဉ်းစားကြဖို့ လိုပါတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။

     

  • မင်္ဂလာတောင်ညွှန့် သပြေကုန်းရပ်ကွက်တွင် ပြုလုပ်မည့် စာပေဟောပြောပွဲ

    မတ်လ၊ ၂ ၊ ၂၀၁၃
    M-Media

    P5280001

    စာပေချစ်မြတ်နိုးသူများ ကြီးမှူးကျင်းပသော စာပေဟောပြောပွဲ ကို မတ်လ (၃)ရက်နေ့တွင် သပြေကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်တွင် ကျင်းပပြုလုပ်ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

    ဟောပြောမည့် ဆရာများမှာ ချစ်ဦးညို၊ မင်းကိုနိင်၊ ဇာဂနာ တို့ဖြစ်ကြောင်းသိရသည်။ ယခုနှစ်ပိုင်းအတွင်း စာပေဟောပြောပွဲများကို နယ်မြိုများတွင်သာမက ရန်ကုန်မြို့လယ် မြို့နယ်များတွင် ရပ်ကွက်အလိုက် ခပ်စိတ်စိတ် ပြုလုပ်လာကြောင်း တွေ့ရသည်။

  • တောင်ကိုရီးယား သမ္မတနိုင်ငံ နှင့် အစ္စလာမ်သာသနာ

    မတ်လ၊ ၂ ၊ ၂၀၁၃
    M-Media
    ကမ္ဘာ့နိုင်ငံများမှ မွတ်စလင်များ ကဏ္ဍ

    တောင်ကိုရီးယားသမ္မတနိုင်ငံ နှင့် အစ္စလာမ်သာသနာ

    flag  ကိုရီးယားစစ်ပွဲပြီးသည့်နောက် မကြာမီပင် တောင်ကိုရီးယားနိုင်ငံသည် အစ္စလာမ့်အယူဝါဒနှင့် စတင်ထိတွေ့ခဲ့သည်။ ထိုအချိန်မှစ၍ မွတ်စ်လင်မ် လူဦးရေမှာ တစ်စစဖြင့် တိုးတက်များပြားလာကြ၏။ ကိုးရီးယားလူမျိုး သာမက အခြားနွယ်ဖွားတို့ပါဝင်နေသော မွတ်စ်လင်မ်လူ့အဖွဲ့အစည်းသည် ဆိုးလ်မြို့တော်တွင် အဓိကအခြေပြုနေပြီး ၄င်း၌ ၂၀ ရာစုလက်ရာ ဗလီဝတ်ကျောင်းတော်ကြီး တစ်ခု ရှိသည်။ ထိုကျောင်းတော်အား မလေးရှား အစ္စလာမ့် သာသနာပြု လုပ်ငန်းနှင့်အခြား အစ္စလာမ်နိုင်ငံများမှ ရန်ပုံငွေဖြင့် ၁၉၇၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။

    ကိုရီးယားတိုင်းရင်းသား မွတ်စ်လင်မ်တို့သည် လူဦးရေသုံးသောင်းထက် မပိုသေး။ တောင်အာရှ၊ အရှေ့အလယ်ပိုင်း(အီရတ်)၊ အင်ဒိုနီးရှား၊ မလေးရှားမှ ရွှေ့ပြောင်းလုပ်သားတို့သည် ၁၉၉၀ နှင့် ၂၀၀၀ နှစ်များအတွင်း ရောက်ရှိလာသည်။ ယင်းရွှေ့ပြောင်း လုပ်သားတို့အများစုမှာ မွတ်စ်လင်မ်များဖြစ်ကြပြီး တောင်ကိုရီးယား၌ အခြေစိုက်နေထိုင် သူများလည်း ရှိသည်။ ထိုသူများကိုပါထည့်တွက်ပါက စုစုပေါင်း မွတ်စ်လင်မ် လူဦးရေပမာဏသည် ၃၅၀၀၀ ထက်မနည်း ရှိနေပြီဖြစ်သည်။

    မြောက်ကိုရီးယားနိုင်ငံတွင် အစ္စလာမ်နှင့်ပတ်သက်၍ ထူးခြားထင်ရှားမှု မရှိလှချေ။ (မွတ်စ်လင်မ်များ မရှိသလောက်ဟု ယူဆရသည်)။ သာသနာ့ရေးရာ သီးသန့်လှုပ်ရှားဆောင်ရွက်ချက်များကို ဟုတ်တိပတ်တိ ဟူ၍ မတွေ့ရသောကြောင့် ဖြစ်သည်။

     ကနဦးပိုင်းက သမိုင်းကြောင်း
    အေဒီ ၇ ရာစုအလယ် နောက်ပိုင်းကာလများအတွင်း ခလီဖဟ်နယ်မြေမှ မွတ်စ်လင်မ် ကုန်သည်များသည် တရုတ်ပြည်သို့ဖြတ်သန်း သွားရောက်ရာ လမ်းရှိ ကိုးရီးယားပိုင်နက်သုံးခုအနက် တစ်ခုဖြစ်သော စီလာနှင့် အဆက်အသွယ် ရှိခဲ့ကြသည်။ အေဒီ ၇၅၁ ခုနှစ်တွင် Goguryeo  မျိုးနွယ်မှဆင်းသက်သူ  Gao Xianzhi ဆိုသူ တန်မင်းဆက်၏ တရုတ်ဗိုလ်ချုပ်တစ်ဦးသည် အဗ္ဗာစစ်ခလီဖဟ်အား ဆန့်ကျင်သည့် Talas စစ်ပွဲကို ဆင်နွှဲသည်။ သို့သော် အနိုင် မရခဲ့ချေ။ အရှေ့အာရှထွက်သမိုင်းကျမ်း မဟုတ်သော အေဒီ ၉ ရာစုအလယ်မှ Ibn Khurdadbih ရေးသားပြုစုခဲ့သည် General Survey of Roads and Kingdoms  စာအုပ်၌ ကိုးရီးယားအကြောင်းဖော်ပြချက်ကို အစောဆုံး တွေ့ရသည်။

    Masjid-Al-Fatah-Pusan-Korea1
    ပူဆန်မှ အစ္စလာမ်ဝတ်ကျောင်းတော်

    အေဒီ ၉ ရာစုမတိုင်မီက “ စီလာဒေသပေါင်းစည်းရေး ” ကာလအတွင်း  ကိုးရီးယားသို့ ပါးရှန်းနှင့်  အာရဗ် ရေကြောင်းခရီးသည်များ၊ ကုန်သည်များနှင့်အတူ အစ္စလာမ်သာသနာရောက်ရှိခဲ့ကြောင်း ထင်ရှားသည်။ အေဒီ ၉ ရာစုမှ ပါးရှန်းမွတ်စ်လင်မ် စွန့်ဦးဖွေရှာသူနှင့်ပထ၀ီဝင်ဗေဒပညာရှင် Ibn Khurdadhbih အပါအ၀င် မြောက်များစွာသော မွတ်စ်လင်မ်ပထ၀ီဝင်ဆရာများ၏အဆိုအရ ယင်းခရီသွားကုန်သည်အမြောက်အများတို့သည် ကိုးရီးယားဒေသ၌ ဓားမဦးချ အခြေစိုက်ကာ မွတ်စ်လင်မ်ရွာများ တည်ဆောက်နေထိုင်ခဲ့သည်ဟု ဆိုထား၏။ ထိုအခြေချနေထိုင်သူများအနက် အီရတ်မှ လာသူများ မနည်းလှကြောင်း အချို့မှတ်တမ်းများက ဖော်ပြသည်။ အခြားမှတ်တမ်းအချို့ကမူ ၄င်းတို့မှာ အာလာဝီ ရှီအဟ် ဂိုဏ်းခွဲမှ လူပေါင်းများစွာတို့သည် ကိုးရီးယားဒေသတွင် အခြေစိုက်ခဲ့သည်ဟု သုံးသပ်ထားသည်။ စီလာ၌ရှိသော အရှေ့အလယ်ပိုင်းသားမွတ်စ်လင်မ်လူ့အဖွဲ့အစည်းအတွင်း ပါးရှန်းလူမျိုးတို့၏စရိုက်သဘာဝများ ထင်ရှားစွာရှိခဲ့သည်ဟု အခြားဖော်ပြမှုက ဆိုသည်။ နောင်သောအခါ မွတ်စ်လင်မ်အမြောက်အများမှာ ကိုးရီးယားတို့နှင့် သွေးနှောခဲ့ကြသည်။ မွတ်စ်လင်မ်ကမ္ဘာနှင့် အဆက်ပြတ်နေသည့် ကိုရီးယား၏နယ်မြေအနေအထားကြောင့် အချို့မှာ ဗုဒ္ဓဘာသာသို့ လည်းကောင်း၊ အချို့မှာ နတ်ကိုးကွယ်မှုဝါဒသို့လည်းကောင်း ကူးပြောင်းသွားကြသည်။

    မွတ်စ်လင်မ်ကမ္ဘာနှင့် ကိုရီးယားကျွန်းဆွယ်အကြား ကုန်သွယ်ရေးဆက်စပ်မှုမှာ Goryeo မင်းဆက် အောင်နိုင်စိုးမိုးခဲ့သည့် ၁၅ ရာစုနှစ် တစ်လျှောက်၌ ပြန်လည် သက်ဝင်လာသည်။ ဆက်လက်၍ အာရှအလယ်ပိုင်းနှင့် အရှေ့ဖျားပိုင်းမှ မွတ်စ်လင်မ် ကုန်သည် အများအပြားတို့ ကိုရီးယားတွင် အခြေချနေထိုင်ပြီးနောက်  မွတ်စ်လင်မ် မိသားစုများ ပေါက်ဖွားလာကြသည်။ Toksu  ကျေးရွာမှ ကိုရီးယားမူရင်းတိုင်းရင်းနွယ်တစ်ခုဖြစ်သည့် Chang မိသားစုကြီးက မိမိတို့မှာ မွတ်စလင်မ် အဆက်အနွယ်များဖြစ်ကြကြောင်း ထုတ်ဖော်ပြောဆိုသည်။ တရုတ်ပြည်မှ တရုတ်မွတ်စ်လင်မ် (ဟွေလူမျိုးစု) အနွယ်အချို့ကလည်း Goryeo မင်းဆက်ကာလ၌  ထပ်မံရောက်ရှိ နေထိုင်မှု ဖြစ်လာသည်။ ၁၁၅၄ ခုနှစ်၊ အာရဗ်လူမျိုး ပထ၀ီဝင်ဗေဒပညာရှင်ကြီး Muhammad al-Idrisi ရေးဆွဲသော Tabula Rogeriana. အမည်ရှိ ကမ္ဘာ့မြေပုံတွင် ကိုရီးယားဒေသကို ထည့်သွင်းထားကြောင်း တွေ့ရသည်။ ရှေးအကျဆုံး ကိုးရီးယားမြေပုံမှာ အစ္စလာမ့်ပထ၀ီ ဆရာများ၏ကြိုးပမ်းမှုများမှ အနောက်တိုင်းဒေသ ဆိုင်ရာ အချက်အလက်များအားဖြင့် ရေးဆွဲထားခြင်းဖြစ်သည်။

    Korea-Seoul-Itaewon-Seoul_Central_Mosque
    ဆိုးလ်မြို့မှ ဗလီဝတ်ကျောင်းတော်

    ဥဂါးရ်လူမျိုးစုတို့နှင့်လည်း အလွန်ရင်းနှီးစွာ ပတ်သက်ခဲ့သော သာဓကအချို့ရှိနေသည်။ ကိုရီးယားစကားရှိ အစ္စလာမ့်အသုံးအနှုန်း၌ ဟိုးကျို /ဟွေကျောက် (회교, 回敎) ဟူ၍ တွေ့ရသည်။ ၄င်းမှာ ဥဂါးရ်လူမျိုးစုအမည်၏ရှေးအသုံးဖြစ်သည့် ဟွေဟွေ့ (回紇),  ဟူသော တရုတ်ဝေါဟာရမှ ဆင်းသက်သည်။ Goryeo ခေတ်နှောင်းပိုင်းအတွင်း Gaeseong နေပြည်တော်၌ ဗလီဝတ်ကျောင်းတော်များစွာ ရှိခဲ့သည်။ ကိုးရီးယား၌ မွန်ဂိုများ အုပ်စိုးစဉ်ကာလ တစ်လျှောက်တွင်လည်း မွန်ဂိုတို့သည် ဥဂါးရ်တို့အား အထူး အားထားခဲ့ရသည်။ ဥဂါးရ်တို့၏ စာပေစကား နှင့်အတွေ့အကြုံများက ကုန်သွယ်ရေး နယ်ပယ်များ၌ သြဇာလွှမ်းမိုးနေသဖြင့် မွန်ဂိုအင်ပါယာကျယ်ပြန့်ရေးအတွက် အသုံးချနိုင်သောကြောင့်ဖြစ်သည်။ ကိုရီးယားတိုင်းရင်း မျိုးနွယ်စုများအနက် အပြီးပိုင် အခြေချနေထိုင်ခဲ့သည့် ဥဂါးရ်တို့မှ ဆင်းသက်ပေါက်ဖွားသည့် မျိုးစု ၂ စု အနည်းဆုံးရှိနေသည်။

    ကိုရီးယားသို့ရွှေ့ပြောင်းလာသော ဗဟိုအာရှသားတစ်ဦးသည် King Chungnyeol ထံသို့ ဆက်သထိမ်းမြားစေခဲ့သော မွန်ဂိုမင်းသမီး၏ ကိုယ်ရံတော် ဖြစ်သည်။ ထိုသူ၏ မူလအမည်မှာ ဆမ်ဂါ ဖြစ်သော်လည်း ကိုရီးယားကို အမိမြေဟုသတ်မှတ်လိုက်သည့်နောက် Jang Sunnyong   ဟူသည့် ကိုရီးယား အမည်ကို ခံယူခဲ့သည်ဟု  Goryeo  သမိုင်းမှတ်တမ်းများက ဆိုသည်။ Jang  သည် ကိုးရီးယားသူနှင့်လက်ဆက်ခဲ့ပြီး သူ၏မျိုးနွယ်မှာ Deoksu Jang ဟူ၍ အမည်တွင်လာသည်။ ရာစုနှစ်များစွာ ထိုမျိုးဆက်ထဲမှ များပြားလှသည့် အရာရှိကြီးများ၊ ကွန်ဖြူးရှပ် ၀ါဒ ပညာရှင်များ ထွန်းပေါ်ခဲ့သည်။ မျိုးဆက် ၂၅ ဆက်ရောက်သည့်အခါတွင် သူ၏မျိုးရိုးစဉ်ဆက် ကိုရီးယားလူမျိုးမှာ ပမာဏ သုံးသောင်းအထိ ဖြစ်လာသည်။ ၄င်းတို့၏ ဘိုးဘေးကြီး Jang Sunnyong မှာ ကိုးရီးယား လူမျိုးစစ်စစ် မဟုတ်ကြောင်း ကိုလည်း သိမှတ် လက်ခံကြသည်။ ၄င်းသည် အာရဗ်မွတ်စ်လင်မ်တစ်ဦးဟု အများစုက ယူဆထားသည်။ သို့ရာတွင် ယင်း မျိုးနွယ်စု၏အစဉ်အလာဓလေ့ထုံးတမ်းများ၌ အစ္စလာမ့်ယဉ်ကျေးမှုဆိုင်ရာအထောက်အထားကိုမူ မတွေ့ရချေ။ အလားတူ စွာ နောက်ထပ် ဗဟိုအာရှသား တစ်ဦး၏ဖြစ်စဉ်လည်း ရှိ၏။  ဥဂါးရ် လူမျိုးဟုယူဆရသော Seol Son အမည်ရှိ ဗဟိုအာရှသားတစ်ဦးသည် မွန်ဂိုတို့၏ ယွမ်မင်းဆက်နှောင်းပိုင်း ဗောင်းထုပ်နီတော်လှန်ရေး – Red Turban Rebellion ဖြစ်ပွားစဉ် ကိုရီးယားသို့ ထွက်ပြေးရောက်ရှိလာသည်။ သူလည်း
    ကိုးရီးယားသူနှင့် အိမ်ထောင်ကျကာ Gyeongju Seol ဟူသော မျိုးရိုးအမည်ကိုခံယူခဲ့ရာ ယခုအခါ သူ့မျိုးဆက်ဦးရေသည် ၂၀၀၀ ကျော်ရှိသော်လည်း ၄င်းတို့အတွင်း မွတ်စ်လင်မ့် အငွေ့အသက်များကို ထူးထူးခြားခြား မတွေ့မြင်ရချေ။

    Joseon ခေတ်ဦးပိုင်းတွင် တရုတ်ရိုးရာပြက္ခဒိန်များအစား ထူးခြားမှန်ကန်မှုရှိသော အစ္စလာမ့် ပြက္ခဒိန်ကို အစားထိုးလက်ခံလာကြသည်။ ၁၅ ရာစုနှစ်၊ Joseon Dynasty မင်းဆက်၊ Sejong the Great ဘုရင် လက်ထက်တွင် ကိုးရီးယားနိုင်ငံတွင် အစ္စလာမ့်နက္ခတ်ဗေဒနှင့် တရုတ်နက္ခတ် ပညာနှစ်ရပ်ကိုပေါင်းစပ်၍ ကိုးရီးယားဘာသာ စကားဖြင့် ပြန်ဆိုထားသည့် သင်ရိုး – Huihui Lifa ကို သင်ကြားစေခဲ့သည်။ ထိုဘာသာရပ်မှာ ၁၉ ရာစုဦးပိုင်းအထိ အစဉ်အလာကြီးခဲ့သည်။

    သို့တစေ ကိုရီးယားနိုင်ငံ၏ နယ်မြေဒေသ နှင့် နိုင်ငံရေးအနေအထားမှာ ထီးတည်းဖြစ်နေသဖြင့်  Joseon ခေတ်ကာလအတွင်း အစ္စလာမ်မှာ ပျောက်ကွယ် တိမ်ကောသွားခဲ့ပြီး ၂၀ ရာစုအတွင်းမှာမှ ပြန်လည် ထိတွေ့ပေါ်လွင်လာခြင်းဖြစ်သည်။ သို့သော် Manchuria နယ်၌ အခြေချနေထိုင်ခဲ့သော ကိုရီးယားတို့သည် အစ္စလာမ်နှင့် ထပ်မံထိစပ်မှုရှိရာမှ လက်ရှိခေတ်ကာလ၏ ပထမဆုံး ကိုရီးယားမွတ်စလင်မ်များ ဖြစ်လာသည်ဟု ဆိုသည်။

    ကိုရီးယားတိုင်းရင်းမွတ်စ်လင်မ်တို့၏ ရှေးဦးမှတ်တမ်း၌ ၄င်းတို့သည် Manchuria နယ်တွင် ၁၉ ရာစုကပင် ကိုယ်ပိုင် မွတ်စ်လင်မ် လူ့အစုအဝေးကြီး တစ်ရပ်အဖြစ် ထင်ထင်ရှားရှား ရပ်တည်နေပြီဖြစ်ကြောင်း ဖော်ပြသည်။ ၄င်းတို့သည် အဓိကအားဖြင့် Manchuria နယ်ရှိ မြို့ကြီးများ၌ အခြေချနေထိုင်ခဲ့ကြသော ဗဟိုအာရုကုန်သည်မျိုးဆက်များ ဖြစ်ကြသည်။ အစ္စလာမ်သာသနာကို ပထမဆုံးလက်ခံ သက်ဝင်ကြသော တိုင်းရင်း ကိုရီးယားများ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကိုးရီးယားစစ်ပွဲပြီးသည့်နောက်မှာမှ ကိုရီးယားတွင် အစ္စလာမ်သည် သိသာစွာ ဖွံ့ဖြိုးကြီးထွားလာသည်။ စစ်အတွင်းဝယ် ကိုးရီးယားတို့ကို လာရောက်ကူညီခဲ့သည့် တူရကီစစ်ကူအားဖြင့် အစ္စလာမ် နှင့် ကိုးရီးယား နီးစပ်လာခဲ့ချိန်ကတည်းက ကိုရီးယား၌ အစ္စလာမ်သည် ဖြည်းဖြည်းနှင့်မှန်မှန် ဖွံ့ဖြိုး ကြီးထွားလျက် ရှိနေပေသည်။ နယ်ခံတိုင်းရင်း ကိုရီးယားမွတ်စ်လင်မ်တို့ဦးရေမှာလည်း အတန်အသင့် တိုးပွားလာခဲ့သည်။

    ၂၀ ရာစုမှ တစ်ကျော့ပြန် ထိတွေ့မှု

    ginseng
    အီရတ်စစ်မျက်နှာသို့ သွားရောက်တာဝန် ထမ်းဆောင်ကြသော ကိုရီးယားစစ်သား ၃၇ ယောက် အစ္စလာမ် သာသနာသို့ ကူးပြောင်းဝင်ရောက်လာစဉ် (၂၀၀၄ ခုနှစ် မေလ)

    korea soldierကိုရီးယားစစ်ပွဲအတွင်း တူရကီနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂမှ တာဝန်ပေးချက် အရ တောင်ကိုးရီးယားသို့ စစ်ကူ တပ်သားများစွာ စေလွှတ်ခဲ့သည်။ ၄င်းကို တူရကီပေါင်းကူး တပ်ဖွဲ့ Turkish Brigade ဟု ခေါ်ကြသည်။ ၄င်းတို့သည် စစ်မြေပြင်၌ ပါဝင်တိုက်ခိုက်သလို လူသားချင်းစာနာမှု လုပ်ငန်းများ၊ စစ်ဒဏ်ခံမိဘမဲ့ ကလေးသူငယ် ကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း ကြီးစွာ ပံ့ပိုးကူညီခဲ့ကြ၏။ စစ်မက်ကာလပြီးဆုံး၍ မရှေးမနှောင်းတွင် တူရကီအချို့သည် ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲဝင်များ အဖြစ် တောင်ကိုရီးယား၌ စခန်းချကြရသောအခါ ကိုရီးယားတို့ထံ အစ္စလာမ် အကြောင်း ဖြန့်ချိပို့ချကြသည်။ ၁၉၅၅ ခုနှစ်တွင် လက်ဦး မွတ်စ်လင်မ်သစ်လွင်တို့မှ ကိုရီးယားမွတ်စ်လင်မ် ရပ်ဝန်းကိုထူထောင်၍ ဗလီဝတ်ကျောင်းတော် တစ်ခုကို ပထမဆုံး တည်ဆောက်နိုင်ခဲ့ကြသည်။ ကိုရီးယား မွတ်စ်လင်မ်လူ့အဖွဲ့အစည်း ကြီးထွားလာသည်၌  ၁၉၆၇ ခုနှစ်တွင် ကိုးရီးယား မွတ်စ်လင်မ်သမဂ္ဂ ဖြစ်ပေါ်လာ၏။

    မျက်မှောက်ကာလ

    ၁၉၆၂ ခုနှစ်တွင် ဆိုးလ်မြို့တော်၌် ဗလီဝတ်ကျောင်းကြီးတစ်ခုတည်ဆောက်ရန် မလေးရှားအစိုးရမှ အမေရိကန်ဒေါ်လာ ၃၃၀၀၀ ကူညီပံ့ပိုးသည်။ သို့ရာတွင် ငွေကြေးဖောင်းပွမှုပြဿနာကြောင့် အစီအစဉ် လွဲချော် ရပ်တန့်ခဲ့ရသည်။ တောင်ကိုးရီးယား သမ္မတနိုင်ငံသည် အရှေ့အလယ်ပိုင်း တိုင်းပြည်များနှင့် စီးပွားရေး မိတ်ဖက်များဖြစ်လာသော ၁၉၇၀ နှစ်များတွင်မှ အစ္စလာမ်သာသနာ အပေါ် တိမ်းညွှတ်မှု ပြန်လည်ခေါင်းထောင်လာသည်။ ဆော်ဒီအာရေဗျသို့ သွားရောက် အလုပ်လုပ်နေသည့် ကိုရီးယားအချို့ အစ္စလာမ်ကို လက်ခံသက်ဝင်ခဲ့ပြီး၊ လုပ်သက်စာချုပ် သက်တမ်းစေ့၍ ကိုးရီးယားသို့ ပြန်လာရာတွင် တိုင်းရင်းမွတ်စ်လင်မ် ဦးရေများစွာကို ကျားကန်ပေးခဲ့ကြသည်။ နောက်ဆုံးတွင် ဆိုးလ်မြို့တော်၏ Itaewon ဆင်ခြေဖုံး အရပ်ဝယ် ဆိုးလ်ဗဟိုမြို့မ ဗလီကြီးအား ၁၉၇၆ ခုနှစ်၌ အပြီးသတ် တည်ဆောက်နိုင်ခဲ့သည်။ ယခုအခါ Busan, Anyang, Gwangju, Jeonju, Daegu နှင့်  Kaesong မြို့များတွင်လည်း ဗလီဝတ်ကျောင်းတော်များ ရှိနေလေပြီ။

    halal shop
    တောင်ကိုရီးယားမှ ဟလာလ် စားသောက်ကုန် အရောင်းဆိုင်တခု

    ကိုရီးယားအစ္စလာမ်တက္ကသိုလ်အကြီးအမှူး Lee Hee-Soo (Yi Hui-su) ၏အဆိုအရ တောင်ကိုးရီးယား သမ္မတနိုင်ငံ၌ စာရင်းရ မွတ်စ်လင်မ် ဦးရေမှာ လေးသောင်းခန့် ရှိပြီး၊ အစ္စလာမ့်နည်းကျ ပီပြင်စွာ ဘ၀တည်ဆောက်နေသူ များမှာ တစ်သောင်းခန့်ရှိသည် ဟု သိရှိရသည်။

    “ မင်းသား စုလ်တာန်ဗင်န်အဗ်ဒုလ်အဇီးဇ် ပင်မကျောင်း ” အမည်ဖြင့် အစ္စလာမ်အခြေခံပညာကျောင်း တစ်ကျောင်းကို ကိုရီးယား မွတ်စလင်မ်များ၏ သာသနာ့ပညာ အထောက်အကူ အတွက် ၂၀၀၉ ခုနှစ်၊ မတ်လ တွင် တရားဝင်ကျောင်း တစ်ကျောင်းအဖြစ် မိမိတို့မှ ဖွင့်လှစ်ရန်ကြိုးပမ်းခဲ့ကြောင်း ကိုရီးယားမွတ်စ်လင်မ်ဖောင်ဒေးရှင်းက ဆိုသည်။ ယဉ်ကျေးမှုစင်တာတစ်ခု၊ အလယ်တန်းကျောင်းများသာမက တက္ကသိုလ်ဖွင့်လှစ်နိုင်ရေးအထိ စီစဉ်ထားသည်။ ဆိုးလ်၌ ဆော်ဒီအာရေဗျ၏ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်သူ Abdullah Al-Aifan မှ ယင်းဖောင်ဒေးရှင်းအား ဆော်ဒီအာရေဗျ အာဏာပိုင်အစိုးရ ကိုယ်စား အမေရိကန်ဒေါ်လာ ငါးသိန်း လှူဒါန်းခဲ့သည်။

    ထိုကျောင်း မတည်ထောင်မှီက “စုလ်တာန်ဗင်န်အဗ်ဒုလ်အဇီးဇ် မဒ်ရဆဟ် ” အမည်ဖြင့် ၁၉၉၀ နှစ်များအတွင်း ကလေးငယ်များကို အရဗီ၊ အင်္ဂလိပ်နှင့် အစ္စလာမ့်ယဉ်ကျေးမှု သင်ကြားပေးနိုင်ရေးအတွက် ဆောင်ရွက်လည်ပတ်ခဲ့သည်။

    မိမိတို့၏ မတူကွဲပြားသော ဘ၀နေဟန်က လူ့အဖွဲ့အစည်းရှိ အခြားသူများထက် တမူထူးခြားနေခြင်းမျိုး မရှိဟု ကိုးရီးယား မွတ်စ်လင်မ် များစွာမှ ပြောကြားသည်။  သို့သော်ငြား ၂၀၀၁ ခုနှစ်၊ ၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှု၏နောက်တွင် မလိုလားခံရမှုများရှိလာကြောင်း သူတို့မှ ခံစားမိသည်ဟု ဆိုကြသည်။ ကိုရီးယားနိုင်ငံ၏ ရုပ်သံဌာနတစ်ခုဖြစ်သော Arirang TV မှလည်း အိမာမ် Hak Ap-du ( ဟပ်က် အဗ်ဒူးဟ် ) နှင့် ကိုးရီးယားရှိ အစ္စလာမ်အကြောင်းကို ၉ မိနစ်စာ အစီရင်ခံတင်ဆက်မှု ပြုလုပ်ပေးခဲ့သည်။

    Ref: http://en.wikipedia.org/wiki/Islam_in_Korea မှ ဖော်ပြချက်ကို M-Media မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

    wiki update date (2-3-2013)

    Sources

    •     Baker, Don (Winter 2006). “Islam Struggles for a Toehold in Korea”. Harvard Asia Quarterly. Retrieved 2007-04-23.
    •     Kwon, Young-pil. (1991). Ancient Korean art and Central Asia: Non-Buddhist art prior to the 10th century. Korea Journal 31(2), 5-20.
    •     Lee, Hee-Soo. (1991). Early Korea-Arabic maritime relations based on Muslim sources. Korea Journal 31(2), 21-32.